← Chapters

ဖိတ်ခေါ်မှု

Vol. 16 Ch. 213

ဖိတ်ခေါ်မှု

Vol. 16 Ch. 213

ဝေ့ဝူယင်ထံမှ လျော်ကြေးအဖြစ် သူမ လက်ခံရရှိထားသည့် ဆေးများ ပင်လျှင် လာမည့်နှစ် အနည်းငယ် အတွင်း နယ်စားကြီးကျိုး၏ အဆင့်ကို ရောက်ရှိရန် လုံလောက်သည်။ ထာဝရ မင်းသားလေး ဆိုသော နောက်ခံကို ပိုင်ဆိုင် ပြီးသည့်နောက်တွင် တစ်ခါက ဒူးတုန်အောင် ကြောက်ခဲ့ရသည့် နယ်စားကြီးကျိုးကိုပင် သေးနုပ်သည်ဟု သူမ ခံစားလာရသည်။

ချန်းရှောင်ဝေ့သည် ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် ရှေ့သို့ တက်လာရင်း ပြက်သိကာ လေးစားမှုဖြင့် မဆိုသလောက်‌လေး ဦးညွှတ်လိုက်သည်။ ယုံကြည်ချက်များ မည်သို့ပင် ပြောင်းလဲစေကာမူ တမန်တော်သည် နယ်စားကြီးကျိုးကို အပြည့်အဝ ကိုယ်စားပြုနေဆဲ ဖြစ်ရာ သူမ အ‌နေဖြင့် ဝတ္တရား အတိုင်း ပြုမူရန် လိုအပ်သည်။

“ချန်းမျိုးနွယ်စု ခေါင်းဆောင် ချန်းရှောင်ဝေ့က တမန်တော်ကို နှုတ်ဆက်ပါတယ်”

တမန်တော်က ပျော်ရွှင်မှု၊ ‌ဒေါသထွက်မှု မည်သည့် ခံစားချက်ကိုမျှ ပြသခြင်း မရှိချေ။ သူက ချန်းရှောင်ဝေ့ကို ထူးမခြားနားစွာ ကြည့်လိုက်ရင်း...

“ခေါင်းဆောင်ချန်း... နယ်စားကြီးက မင်းနဲ့ အဂ္ဂိရတ် တိုက်ပွဲ အနိုင်ရတဲ့လူကို ခုည သူ့နန်းတော်ဆီ အလည်လာရောက်ဖို့ ဖိတ်ခေါ်လိုက်တယ်”

ပြောပြီးသည်နှင့် သူက လက်ထဲရှိ သွေးရောင် စာလိပ်ကို ချန်းရှောင်ဝေ့ထံ ပစ်ပေးလိုက်သည်။ ထို့နောက်တွင် ချန်းရှောင်ဝေ့၏ တုန့်ပြန်မှုကိုပင် မစောင့်တော့ပဲ ခြေတစ်ချက် စောင့်ကာ ကောင်းကင်သို့ ခုန်တက်လိုက်၏။ အရိပ်နက် သိမ်းငှက်ကြီးက အလိုက်သင့်ပင် သူ့ကို ဆီးကြိုကာ ကျောထက် သယ်ပိုးလိုက်သည်။ မကြာခင်မှာပင် သိမ်းငှက်တစ်ကောင်နှင့် လူတစ်ယောက်သည် မိုးကုပ်စက်ဝိုင်း အနားသတ်ဆီ တိုးဝင်သွားလေတော့၏။

အားလုံးက တိုတိုတုတ်တုတ်ပင် ပြီးသွားခဲ့၏။ သို့သော်လည်း ထိုအရာက ဘေးနားတွင် ရှိနေသည့် လူများကို အတွေးပေါင်းစုံ ဝင်စေခဲ့သည်။

ဤသို့ဆိုလျှင် အဂ္ဂိရတ် တိုက်ပွဲ၌ အနိုင်ရရှိသွားသည့် မျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်က ချန်းမျိုးနွယ်စုတွင် ခိုအောင်းနေသည်လား။ မင်းသား ရွှယ်ယုနှင့် မင်းသမီး ရွှယ်ရီဖေးတို့ ဤနေရာသို့ ရောက်နေရသည့် အကြောင်းရင်းက သူ့ကြောင့်လား။

သွေးရောင် စာလိပ်ကို ကိုင်ရင်း ချန်းရှောင်ဝေ့က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ မည်မျှ လေးစားမှု ကင်းမဲ့ လိုက်သနည်း။ သူမ၏ အပေါ်နှုတ်ခမ်းဘယ်ဘက်ခြမ်းသည် အထင်အမြင်သေးခြင်း၊ ရှုတ်ချခြင်းနှင့် စိတ်ပျက်ခြင်းအနည်းငယ်ဖြင့် လှုပ်ယမ်းသွားသည်။ ထိုလုပ်ရပ်က မောက်မာကာ အထက်စီး ဆန်လွန်းသည်။ နယ်စားအဆင့် မဆိုထားနှင့် လက်ရှိ သွေးပန်းပဲဖို ဧကရာဇ်ရွှယ်ထျန်း ပင်လျှင် ကောင်းကင် ဧကရာဇ်ဝေ့အား ထိုကဲ့သို့ ဆက်ဆံရန် အဆင့်အတန်း မမှီချေ။

သို့သော်လည်း တစ်ဖက်လှည့်မှ တွေးကြည့်ရလျှင် နယ်စားကြီးကျိုးသည် သတင်းအချက်အလက် စုံစုံလင်လင် ရရှိထားသည့်ပုံ မပေါ်ချေ။ အဂ္ဂိရတ် တိုက်ပွဲတွင် အနိုင်ရရှိသူမှာ ကောင်းကင်အရှင်ဝေ့ ဖြစ်ကြောင်းကိုသာ သိရပါက ယခုကဲ့သို့ မောက်မာစွာ ဆင့်ခေါ်မည့် အစား ကိုယ်တိုင် ရိုကျိုးစွာ ရောက်ရှိလာကာ တွေ့ခွင့်ပေးရန် ခြံရှေ့တွင် ဒူးထောက်နေလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ ဧည့်သည်တော် စံအိမ်အတွင်းတွင်...

ဝေ့ဝူယင်သည် မျက်လုံးကို ဖွင့်ကာ တဖြည်းဖြည်း ဝေးကွာသွားသည့် အရိပ်နက် သိမ်းငှက်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ စိတ်ပျက်မှု အရိပ်အယောင် အချို့ ပေါ်လာခဲ့၏။

“ငါးမျှားချိပ်ကို ငါးသေးသေးလေးတွေပဲ လာဟပ်နေပါလား... ရွှယ်ထျန်းက ဘယ်မှာလဲ”

သူက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သူသည် အစီအစဥ်ကို ရွှယ်ထျန်းနှင့် အတူ စတင်ရန် စဥ်းစား ထားခဲ့ခြင်း ဖြစ်သည်။

“ရွှယ်ရီဖေး... ကောင်းချီးခံ... သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး...”

သူ မျက်လုံးကို ပိတ်လိုက်ရင်း စိတ်နှစ်ခုအား သုံးလျှက် တွက်ချက် သုံးသပ်မှု အနည်းငယ် ပြုလုပ်လိုက်သည်။ တစ်ခဏအကြာ၌ သူ၏ မျက်နှာထက်ရှိ စိတ်ပျက်မှု အရိပ်အယောင်များက ပျောက်ကွယ်သွားကာ အပြုံးတစ်ခု အထိုးထိုး နေရာယူ လာသည်။

“ဒါက နည်းနည်းတော့ အန္တရာယ်များတယ်...”

သူ၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးသည် အမျိုးမျိုးသော အကာအရံများကို ထိုးဖောက်ကာ ကောင်းကင်အလွှာအထက်ရှိ ဟင်းလင်းပြင် ဂိတ်တံခါးဆီ ရောက်ရှိသွားသည်။ ထိုနေရာတွင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ကာကွယ်စောင့်ရှောက်သူ နေထိုင်နေပေသည်။

အနန္တဧကရာဇ်ဂိုဏ်းသည် ကုန်းမြေတိုက်ကြီးများ၏ တည်ငြိမ်အေးချမ်းရေး အတွက် ကာကွယ် ‌စောင့်ရှောက်သူများကို ခန့်အပ် တာဝန်ပေးထားသည်။ ဝိညာဥ် နတ်မိမယ် ရှန်းလင်သည် အနန္တကုန်းမြေတိုက်ကြီး အတွက် ဂိုဏ်းမှ ရွေးချယ်ထားသည့် စောင့်ရှောက်သူ ဖြစ်သည်။

ဝှစ်...

ဝိညာဥ်အင်အား ကြိုးမျှင် တစ်ခုသည် ဝေ့ဝူယင်၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာကာ ကောင်းကင်ဆီ ပျံတက်သွား၏။ ၎င်းသည် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ စောင့်ရှောက်သူ အတွက် သတင်းစကား တစ်ခုအား ယူဆောင်သွားပေသည်။

သတင်းစကားအား စေလွှတ်ပြီးသည်နှင့် ဝေ့ဝူယင်၏ မျက်လုံးများက ရွေ့လျားသွားကာ ရွှယ်ရီဖေး ရှိနေသည့် အဆောက်အုံဆီ လှမ်းကြည့်လိုက်၏။ အတွေးတစ်ခုက စိတ်ထဲတွင် ရှိနေခဲ့ပြီး ထိုအရာကို သူ လက်တွေ့ အကောင်အထည် ဖော်လိုနေခဲ့သည်။ အကယ်၍ ထိုအရာ အလုပ်မဖြစ်ခဲ့လျှင်ပင် အနည်းဆုံးတော့ ပြည်တန်သည့် ရတနာ တစ်ပါးကို သူ၏ နံဘေးတွင် ထားရှိနိုင်ပေလိမ့်မည်။

...

ကောင်းကင်ရှိ သွေးပန်းပဲဖို မျှော်စင် အတွင်း၌...

အသက်လတ် လူတစ်ဦးသည် ကြယ်တာရာ ကျောက်တုံး တစ်ခုကို ကိုင်ကာ တင်ပျဥ်ချိတ် ထိုင်နေခဲ့သည်။ သန့်စင်သော ကြယ်တာရာ အမတေများသည် သူ၏ လက်များမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်း ဖြည်းညင်းစွာ စီးဝင်နေသည်။

သူ့နာမည်က ချီလန်း ဖြစ်ပြီး သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ စောင့်ရှောက်သူ ဖြစ်သည်။ သူ တိတ်တဆိတ် ကျင့်ကြံနေစဥ်တွင်ပင် ဝိညာဥ်အင်အား တစ်ခုက မျှော်စင်၏ အကာအကွယ်များကို ထိုးဖောက်ကာ သူ့ထံ ရောက်ရှိလာခဲ့သည်။

ခရက်...

သူ၏ အမူအရာက သတိအပြည့် ဖြစ်သွားကာ မျက်လုံးများမှာ တိုက်ပွဲဝင်လိုစိတ်များနှင့် ပြည့်နှက်သွား၏။ ကြယ်တာရာ အမြုတေကို ခန္ဓာကိုယ် တစ်ခုလုံးဆီ ဝန်းရံရင်း သူ ဝိညာဥ်အင်အား အနားသို့ တိုးကပ်လိုက်သည်။  သို့သော်လည်း ထိုအရာက သတင်းစကား တစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရရာ သူ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

“ကောင်းကင်ဧကရာဇ်ဝေ့ဆီကပဲ...”

သူ နှုတ်ခမ်းကို တစ်ချက် ကိုက်ရင်း ရေရွတ်လိုက်၏။ လွန်ခဲ့သည့် နှစ်နှစ်ခန့်၌ ဝေ့ဝူယင်၏ လက်ထောက် စုမေ့သည် သူ့ထံသို့ ရောက်ရှိလာကာ သဘော တူညီမှု တစ်ခု ရယူခဲ့သည်။ သူမဘက်မှ ကမ်းလှမ်းခဲ့သော အရာများက အလွန် မက်မောဖွယ် ကောင်းပြီး သူ တစ်သက်လုံး စိတ်ကူးမယဥ်ခဲ့ဖူးသည့် အခွင့်အလမ်းများပင် ပါဝင်နေသည်။

သို့သော်လည်း အပြန်အလှန် အနေဖြင့် သူ့ဘက်က ပြန်လည် ပေးဆပ်ရမည့် အရာများလည်း ရှိပေသေးသည်။ ဂိုဏ်း၏ စည်းကမ်းများကို မဖောက်ဖျက်သေးသ၍ သူ ဝေ့ဝူယင်၏ အမိန့်ကို လိုက်နာရပေလိမ့်မည်။ ပထမ၌ သူ ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း နောက်ဆုံး၌ လက်ခံခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။

ဤသို့ဖြင့် သူသည် ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်လာခဲ့သည်။ ဝေ့ဝူယင်ထံမှ လာသည့် ပထမဆုံး အမိန့်က သူ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ပြုလုပ်သမျှ ကိစ္စများကို တစ်နှစ် မပြည့်မချင်း မှတ်တမ်း မတင်ရန်နှင့် ဂိုဏ်းဆီသို့ အစီရင် မခံရန် ဖြစ်သည်။ ထိုအရာက ဂိုဏ်း၏ စည်းမျဥ်းများကို တိုက်ရိုက် ချိုးဖျက်ခြင်း မဟုတ်ရာ ရှာဖွေ တွေ့ရှိလျှင်ပင် သူ အပြစ်ပေး ခံရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုအမိန့်ထံမှ ဝေ့ဝူယင်၏ ရည်ရွယ်ချက် တစ်ချို့ကို သူ ရိပ်မိခဲ့ပေသည်။

ဝိညာဥ်အင်အားအတွင်း ပါဝင်နေသည့် သတင်းစကားကို နားထောင်ပြီးနောက် သူ၏ နှလုံးသားက အနည်းငယ် အေးခဲသွားသည်။ ဝေ့ဝူယင်မှာ ထိုကဲ့သို့သော လူဖြစ်လိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။ သို့သော်လည်း သူ မနှောင့်‌နှေးရဲပါချေ။ ဝေ့ဝူယင်အား ဆန့်ကျင်ပါက သူ၏ ရာထူး၊ အဆင့်အတန်း၊ မိသားစု၊ မျိုးဆက် တစ်ခုလုံးပင် ပျက်စီးသွားနိုင်သည်။ မဟာဝင်ရိုး အဖွဲ့နှင့် ကျိမျိုးနွယ်သည် မျက်မှောက်ခေတ်၌ အကောင်းဆုံးသော ဥပမာ ဖြစ်သည်။

“သူ့ဆန်စားထားမှတော့ ရဲရတော့မှာပေါ့လေ”

သူ နှလုံးသားထဲမှ ခပ်တိုးတိုး ရေရွတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်လိုက်၏။ ထို့နောက် မျှော်စင်မှ ထွက်ခွာကာ ရွှယ်တိုင်းပြည် တော်ဝင်မြို့တော် ရှိရာဆီသို့ ဦးတည် ပျံသန်းသွားလေတော့သည်။

...

ချန်းရှောင်ဝေ့သည် ဝေ့ဝူယင်၏ စံအိမ်အပြင်ဘက်၌ ရပ်နေခဲ့၏။

“ကောင်းကင် ဧကရာဇ်ဝေ့... ကျွန်မ အရှင့်အတွက် စာတစ်စောင် လက်ခံ ရထားပါတယ်”

ဝေ့ဝူယင် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ထို့နောက် သူက ချန်း‌ရှောင်ဝေ့ကို တည်ငြိမ်စွာပင် ပြုံးပြရင်း ပြောလိုက်၏။

“ငါ သိပါတယ်... သွားကြစို့...”

သူက လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ မျက်နှာထက်တွင် မျက်နှာဖုံး တစ်ခု ပေါ်လာခဲ့၏။ ချန်းရှောင်ဝေ့မှာ ဝေ့ဝူယင်၏ တုန့်ပြန်မှုကိုကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ နယ်စားကြီးကျိုး၏ ဆင့်ခေါ်မှုကို ဝေ့ဝူယင် ငြင်းလိမ့်မည်ဟု သူမ ကျိန်းသေ တွေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်ကိုယ်တိုင်က လက်ခံနေပြီ ဖြစ်ရာ သူ့တွင် အကြံအစည် တစ်ခုခု ရှိ၍ ဖြစ်ရပေလိမ့်မည်။

ရွှစ်...

ချန်းရှောင်ဝေ့ လေတစ်ချက် ချွန်လိုက်ရင်း သူမ၏ အရိပ်နက် သိမ်းငှက်ကို ဆင့်ခေါ်လိုက်တော့၏။ သိပ်မကြာခင်မှာပင် မီရာ ငါးဆယ်မျှ ကြီးမားသည့် ထိုသားရဲကြီးသည် စံအိမ်ရှေ့ မြက်ခင်းပြင် ရှိရာဆီသို့ ဆင်းသက်လာသည်။

ဝေ့ဝူယင်တို့ နှစ်ယောက် ကျောထက်သို့ ရောက်သည်နှင့် ၎င်းသည် အတောင်ပံများကို အရှိန်ပြင်းစွာ ခပ်ရင်း ကောင်းကင်ဆီ ပျံတက်လိုက်တော့၏။ ထိုခရီး၌ ချန်းရှောင်ဝေ့သည် ချန်းမျိုးနွယ်၏ အခြား အကြီးအကဲများကို ချန်ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ နယ်စားကြီးကျိုးတို့ မည်သည့် အရာများ ကြံစည်နေကြောင်း မသိသည့်တိုင် သူမ ဝေ့ဝူယင် အပေါ် အပြည့်အဝ ယုံကြည်မှု ရှိပေသည်။

ဟူး...

တိမ်တိုက်အကြားသို့ ရောက်ရှိသည်နှင့် ဝေ့ဝူယင်သည် သူ၏ အရှိန်အဝါများကို ထပ်မံ ဖုံးကွယ်ခြင်း မပြုပဲ ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပင် အဆင့်မြင့် အဂ္ဂိရတ် ပညာရှင်များတွင်သာ ရှိနိုင်သည့် အငွေ့အသက်နှင့် ရောင်ဝါတို့က  ပေါက်ကွဲ ထွက်ပေါ်လာကာ မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာ ရှစ်ခုသို့ ပျံ့နှံ့သွားလေတော့သည်။

ရွှယ်ရီဖေး၏ ဘေးနားရှိ အဘိုးအိုသည် မျက်မှောင်ကြုတ်ရင်း ကောင်းကင်သို့ မော့ကြည့်လိုက်၏။ အပြင်ပန်း အမူအရာက တည်ငြိမ်သည့်တိုင် သူ၏ နှလုံးသားက အရှိန်ပြင်းစွာ တုန်ရီနေသည်။

“အရည်အသွေးမြင့်မားလိုက်တဲ့ အဂ္ဂိရတ် စွမ်းအင်တွေ...”

သူသည် ထိုမျှ သန့်စင်သည့် အဂ္ဂိရတ် အရောင်အဝါကို အဂ္ဂိရတ် ဝိညာဥ် ပိုင်ဆိုင်ထားသူများတွင်ပင် မတွေ့ မမြင်ဖူးချေ။ သူ၏ မှုန်ရီရီ မျက်ဝန်းများတွင် များစွာသော အရိပ်အယောင်များက ဖြတ်ပြေးသွားလေသည်။

“သူက တကယ့်ကို ကောင်းကင် ဧကရာဇ်ဝေ့ပဲ...”

အနန္တဧကရာဇ် ကြယ်တာရာ ပိုင်နက် တစ်ခုလုံးတွင် ထာဝရ မင်းသားလေး တစ်ယောက်တည်းသာလျှင် ထိုကဲ့သို့ အရည်အသွေး မြင့်မားသည့် အဂ္ဂိရတ် စွမ်းအင်ကို ပိုင်ဆိုင်နိုင်ပေသည်။

“ကျွန်မ အတွေးက အတိအကျပဲ...”

လှပသည့် ရွှယ်ရီဖေးက မတ်တပ်ရပ်ကာ လမ်းလျှောက်လိုက်၏။ သူမ၏ ဟေဇယ်မျက်လုံးများက တဖြည်းဖြည်း ဝေးကွာသွားနေသည့် အရိပ်နက် သိမ်းငှက်၏ အရိပ်နက် သိမ်းငှက်ကို လှမ်းကြည့်နေခဲ့သည်။ သူမသည် မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ ဝေ့ဝူယင် ဖြစ်ကြောင်း စတင် ခန့်မှန်းခဲ့သူ ဖြစ်သော်လည်း ယခုမတိုင်ခင် အချိန် အထိ တစ်ရာရာခိုင်နှုန်း မသေချာခဲ့ချေ။

ကောင်းကင် ဧကရာဇ်ဝေ့မှာ သူ၏ အဂ္ဂိရတ် အရှိန်အဝါကို ထုတ်ဖော်ပြသခဲ့သော်လည်း ယခုအချိန်ထိ မျက်နှာဖုံး တပ်ထားဆဲ ဖြစ်သည်။ သူက ဘာကို ကြံစည်နေသနည်း။ ရွှယ်ရီဖေး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူမ၏ နှလုံးသားထဲတွင်မူ မသေချာ မရေရာမှုများစွာက ကြီးစိုးလျှက်...။

“သူတို့က သွေးပြာစံအိမ်တော်ကို ဦးတည်နေတာ...”

အဘိုးအိုက မှတ်ချက်ပြုရင်း ရွှယ်ရီဖေးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ ဘာလုပ်မည်ကို သူ ကိုယ်တိုင် ပင်လျှင် မခန့်မှန်းတတ်ချေ။

အကယ်၍ သူမ ဝေ့ဝူယင်ကို ချဥ်းကပ်နေသည့် အကြောင်းကို ယွမ်လုံရှီသာ သိပါက မည်ကဲ့သို့ ဖြစ်မည်နည်း။ ကောင်းကင်ဧကရာဇ်ဝေ့မှာ ချောမောသည့် မိုးကျ‌ရွှေကိုယ် တစ်ဦး အဖြစ် နာမည် ကြီးသူ ဖြစ်သည်။ ထို့အပြင် သူမမှာလည်း လှပခြင်းတွင် ပြိုင်ဘက်ကင်းသည့် နတ်မိမယ်လေး တစ်ယောက် ဖြစ်သည် မဟုတ်ပါလော။ အကယ်၍ သူတို့ နှစ်ယောက်သာ ညိသွားပါက...

အဘိုးအို ရွှယ်ရီဖေးကို တားဆီးရန် ဟန်ပြင်လိုက်စဥ်မှာပင် ရွှယ်ယုမှာ သူ၏ နောက်လိုက်နောက်ပါများကို ခြံရံကာ ဝေ့ဝူယင် သွားရာ အရပ်သို့ စတင် ထွက်ခွာနေခဲ့ပြီ ဖြစ်သည်။ သူတို့ သာလျှင် မက အခြားလူများ အားလုံးမှာလည်း ဝေ့ဝူယင် ဖော်ထုတ်ခဲ့သည့် အရှိန်အဝါကို တွေ့မြင်ခဲ့ရကာ နောက်သို့ လိုက်ကြည့်ရန် သားရဲများ ပေါ်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

“ကျွန်မတို့လည်း သွားကြမယ်...”

ရွှယ်ရီဖေးက နှုတ်ခမ်းကို အနည်းငယ် ကိုက်ရင်း ပြောလိုက်လေ၏။

***

All Chapters