← Chapters

သွေးပြာစံအိမ်ပိုင်ရှင်

Vol. 16 Ch. 214

သွေးပြာစံအိမ်ပိုင်ရှင်

Vol. 16 Ch. 214

အဘိုးအိုမှာ ရွှယ်ရီဖေးကို တားဆီးမည့် စကားလုံးများအား ပြန်လည် မြိုချလိုက်၏။ အကယ်၍ ဖြစ်နိုင်လျှင် သူကိုယ်တိုင်လည်း ဝေ့ဝူယင်၏ မျက်နှာသာပေးမှု တစ်ခုကို လိုချင်နေသည်။ လက်ရှိ အသက်နှင့် ကျင့်ကြံခြင်း အခြေခံ အရ သူ၏ ဘဝ သက်တမ်းမှာ အကန့်အသတ်သို့ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့်သို့ ခြေချနိုင်မှသာလျှင် လူ့လောကကြီးတွင် ဆက်လက် ရှင်သန်နိုင်ပေလိမ့်မည်။

သူ သက်ပြင်းတစ်ချက် ချကာ ခေါင်းအား ခါယမ်းလိုက်၏။ ထို့နောက် ရွှယ်ရီဖေးကို ကြယ်တာရာ အင်အားဖြင့် မကာ ကောင်းကင်သို့ ပျံတက်လိုက်လေတော့သည်။ သူတို့ လေးရက်တိုင်တိုင် စောင့်ကြည့်ခဲ့သည့် ချန်းမျိုးနွယ်၏ ခြံဝန်းမှာမူ နောက်တွင် တဖြည်းဖြည်း ဝေး၍ ကျန်ရစ်ခဲ့တော့သည်။

....

မိနစ် အနည်းငယ်ကြာ ပျံသန်းပြီးနောက်... ချန်းရှောင်ဝေ့သည် စပ်စုလိုစိတ်ဖြင့် နောက်ကို လှည့်ကြည့်လိုက်၏။ ထိုအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူမကို ပါးစပ် အဟောင်းသား ဖြစ်သွားစေ၏။ မိုးကုပ်စက်ဝိုင်း အဆုံး၌ မရေမတွက်နိုင်သော မိုးပျံသားရဲများမှာ ဗျိုင်းအုပ်ကြီး တစ်အုပ်အလား သူမတို့၏ နောက်မှ တသီတစ်တန်းကြီး လိုက်လာနေခဲ့သည် မဟုတ်ပါလား။

ထိုအရာက အလွန် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သူမ တုန်ရီစွာဖြင့် ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်၏။ ထိုအရာအားလုံးက သူ ထုတ်လွှတ်လိုက်သည့် အရှိန်အဝါ တစ်ခုတည်းကြောင့် ဖြစ်လာခဲ့ခြင်းလော။

ဝေ့ဝူယင်မှာမူ ထိုလူအုပ်အား စိတ်မဝင်စားချေ။ သူက တိတ်တဆိတ်ပင် ကျင့်ကြံခြင်း အခြေခံကို အကဲခတ် နေခဲ့သည်။ ကြယ်တရာ ပင်လယ်ဆေးပြား သုံးထောင်ကို စားသုံးပြီးနောက်၌ သူ၏ ကြယ်တာရာ ဝိညာဥ် တစ်ခုချင်းစီမှာ ခြောက်ဆမျှ ပိုမို ကျယ်ပြန့်လာခဲ့သည်။ စိတ်၊ ရုပ်၊ ဝိညာဥ်တို့အား မြှင့်တင်ခြင်းကလည်း ကြယ်တာရာ အင်အား၏ အရည်အသွေးကို များစွာ ပိုမို တိုးတက်စေခဲ့သည်။

ထိုအကြောင်းရင်း အားလုံးကြောင့် သူ၏ ကြယ်တာရာ အင်အားမှာ လွန်ခဲ့သော ရက်အနည်းငယ်ကထက် အဆ နှစ်ဆယ်မျှ ပိုမို တိုးပွားလာခဲ့လေသည်။  ထိုအရာက မယုံကြည်နိုင်လောက်သည့် တိုးတက်မှုမျိုး ဖြစ်သည်။ သို့သော်လည်း အရာအားလုံးတွင် အကန့်အသတ် ကိုယ်စီ ရှိကြောင်း ဝေ့ဝူယင် သတိမလစ်ပါချေ။

သူ အတွေးထဲ နစ်မြောနေချိန်တွင် နောက်မှ လိုက်နေသည့် အရိပ်များမှာ ပိုမို၍ပင် များပြားလာနေခဲ့၏။ ထိုအထဲ၌ ဆယ်မီတာမှ မီတာငါးဆယ် အထိ ရှိမည့် အမျိုးမျိုးသော မိုးပျံသားရဲများ ပါဝင်နေသည်။ ရွှယ်ယု ပင်လျှင် မင်းသားတစ်ပါး အဆင့်အတန်း၊ ဂုဏ်သရေ အားလုံးကို စွန့်ပစ်ကာ ထိုလူအုပ်ကြီး အတွင်း၌ ပါဝင်လျှက် ရှိသည်။

ကြီးမားသည့် အရိပ်နက် သိမ်းငှက်ကြီး တစ်ကောင်ထက်၌ အန့်ကဲ၊ အန့်ပိုင်ယုနှင့် အန့်ဖေးကျင်းတို့ ရှိနေခဲ့၏။ သူတို့သည် အခြားလူများ ကဲ့သို့ပင် ဘာမှန်း မသိပဲ လူစည်ကား သဖြင့် လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။

“ဘိုးဘိုး... ဟိုငှက်ကြီးပေါ်က လူက သမီးတို့ကို ကယ်ခဲ့တဲ့ လူမလား... သူက ဘာလုပ်နေတာလဲ”

အန့်ဖေးကျင်းက ဝေ့ဝူယင်တို့ စီးနင်းနေသည့် အရိပ်နက် သိမ်းငှက်ကို လက်ညိုးထိုးရင်း မေးလိုက်သည်။ သူမ၏ လေသံက အပြစ်ကင်းစင်ကာ ချစ်စဖွယ် ကောင်းနေ၏။

အန့်ကဲမှာ ပါးစပ်ကို ဖွင့်လိုက်လိုက်၏။ ချန်းရှောင်ဝေ့နှင့် မျက်နှာဖုံးတပ် ပညာရှင်တို့အား နယ်စားကြီးကျိုး ဆင့်ခေါ်သည့် သတင်းကိုတော့ သူ ကြားပြီး ဖြစ်သည်။ သူ စကားလုံး စီနေစဥ်တွင် အန်ပိုင်ရုက ဝင်ရောက် အဖြေပေး လိုက်သည်။

“မမ အထင်တော့ သူက ပရိသတ်တွေကို ဖိတ်ခေါ်နေတာ ဖြစ်လိမ့်မယ်”

“ပရိတ်သတ်...”

အန့်ကဲမှာ မျက်မှောင်ကြုတ်သွား၏။ လျှို့ဝှက် ဆန်းကြယ်သည့် ထိုအဂ္ဂိရတ် ပညာရှင်သည် ကြောက်မက်ဖွယ်ကောင်းသည့် ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ကာ နောက်မှ လူတစ်သီတစ်တန်းကြီး လိုက်ပါစေခြင်းကို ဖြစ်စေခဲ့သည်။ ထိုအရာက ရည်ရွယ်ချက် တစ်ခုနှင့်လော။ သူက အဘယ်ကြောင့် ပရိသတ်ကို လိုအပ်သနည်း။

ချန်း‌ရှောင်ဝေ့မှာ ပိုမို များပြားလာသည့် သားရဲများကို ကြည့်ရင်း ပိုမို စိုးရိမ်လာ၏။

“ကောင်းကင်အရှင်ဝေ့... ကျွန်မ... ကျွန်မတို့ အဆင်ပြေပါ့ မလား”

ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်သည်။ မျက်နှာဖုံးအောက်ရှိ သူ၏ မျက်လုံးများမှာမူ တဖိတ်ဖိတ် တောက်ပနေ၏။ သူက စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် သုံလွှာ လက်စွပ်ထဲမှ ဆက်သွယ်ရေး သလင်းကျောက်က လင်းလက် လာခဲ့လေသည်။ သူ ဝိညာဥ်အာရုံကို လက်စွပ်ထဲ စေလွှတ်ကာ စာကို လက်ခံလိုက်ည်။ ထိုအရာက ကျူးဟိုင်ထံမှ ဖြစ်၏။

စာကို ဖတ်ရှုပြီးနောက် မျက်နှာဖုံးနောက်ရှိ သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူ စိတ်ထဲမှ ကိုယ့်ကိုယ်ကို ကျိန်ဆဲ လိုက်မိ၏။

“သူ ထွက်သွားပြီ... အင်းလေ... ငါ ကိုယ်တိုင်က သုံးနှစ်လောက် အချိန်ဆွဲလိုက်တာကိုး...”

အာဏာရှင် အဖွဲ့သား ကျူးဟိုင်သည် ဒဏ္ဍာရီလာ ငွေရောင်ဝံပုလွေ၏ သွေးမျိုးဆက် တစ်ယောက် ဖြစ်ပြီး သူ၏ ခြေရာခံနိုင်စွမ်းမှာ အလွန် ကျော်ကြားသည်။  သူသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူမ၏ ရနံ့ ရရှိကာ နောက်မှ လိုက်ခဲ့သည်။ သို့သော်လည်း ထိုရနံ့က ရှေးဟောင်း ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုတွင် အဆုံးသတ်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ကြည့်ရသည်က သူမ ထွက်ခွာသွားခဲ့ပုံ ရသည်။

ကျူးဟိုင်၏ အဆိုအရဆိုလျှင် သူမမှာ လွန်ခဲ့သည့် ငါးလခန့်တည်းက ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။

“ရှေးဟောင်း ဟင်းလင်းပြင် ဂိတ်တံခါး...”

ထိုအရာအား နောက်မှ စုံစမ်းရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ သူ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စုမေ့နှင့် ကျူးဟိုင်ထံ မတူညီသည့် အမိန့်များ ပေးပို့လိုက်သည်။

ကျိုးဟိုင် အတွက် အမိန့်ကား...

“သွေးပြာ စံအိမ်တော်ကို လာခဲ့... ငါ လက်သည်းနဲ့ အစွယ်တွေ လိုတယ်”

ဟူ၍ပင်...။

အမျိုးမျိုးသော နှောင့်နှေးမှုများကြောင့် အာဏာရှင် နှစ်ယောက်ထဲမှ တစ်ယောက်ကို သူ လက်လွှတ် လိုက်ရချေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဒုတိယမြောက် ရည်ရွယ်ချက်ဖြစ်သည့် “ရွှယ်တိုင်းပြည်အား သိမ်းပိုက်ရန်” ကိုသာ အပြည့်အဝ အာရုံစိုက်ရပေတာ့မည်။

ရွှယ်တိုင်းပြည်အား သိမ်းပိုက်ရန်မှာ လွယ်မယောင်နှင့် ခက်သော ကိစ္စတစ်ခု ဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်းသည် သွေးပန်းပဲဖို ဒေသခံများအား လေးစားသည့် အနေဖြင့် ဧကရာဇ်ကို ကိုယ်တိုင် ‌‌ရွေးချယ်ခွင့် ပြုထားသည်။ ရွှယ်တိုင်းပြည်ကို တိုက်ခိုက်ခြင်းက အနန္တဧကရာဇ်ဂိုဏ်း၏ စည်းမျဥ်းများကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်သည်။ သူသည် ကောင်းကင် ဧကရာဇ် တစ်ပါး ဆိုသော်လည်း ထိုအရာက စည်းပျက်ကမ်းပျက် နေနိုင်သည်ဟု မဆိုလိုချေ။

သို့ဖြစ်ရာ ခြေတစ်လှမ်းချင်းစီကို သေချာ ဂရုစိုက်ရန် လိုအပ်သည်။ သူ့အနေဖြင့် ဧကရာဇ် ဖြစ်မလာနိုင်သည့်တိုင် ကြိုးဆွဲ ဧကရာဇ် တစ်ယောက်ကို ခန့်အပ်ခြင်းဖြင့် တိုင်းပြည်အတွင်းရှိ ရင်းမြစ်များအား စီမံခန့်ခွဲခွင့် ရရှိလာပေလိမ့်မည်။ ရွှယ်တိုင်းပြည်သည် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ နှစ်ဆယ် ရာခိုင်နှုန်းကိုသာ သိမ်းပိုက်ထားနိုင်သည့်တိုင် ထိုနယ်မြေထဲတွင် ခုနစ်ဆယ် ရာခိုင်နှုန်းသော ကြွယ်ဝ ချမ်းသာမှုများနှင့် ရင်းမြစ်များ ရှိနေပေသည်။

မကြာခင်မှာပင် ဆယ်ဧကခန့် ကျယ်ဝန်းမည့် ကြီးကျယ်ခမ်းနားသည့် ခြံဝန်းကြီး တစ်ခုမှာ အဝေးတွင် ပေါ်လာခဲ့၏။ ထိုအရာကကား နယ်စားကြီးကျိုး၏ စံအိမ်တော် တည်ရှိရာ သွေးပြာ ခြံဝန်းပင် ဖြစ်လေသည်။ နယ်စားကြီးကျိုးသည် လက်ရှိ သွေးပန်းပဲဖို ဧကရာဇ်၏ ညာလက်ရုံး ဖြစ်သလို အယုံကြည်ရဆုံး လက်ထောက် တစ်ယောက်ဟုလည်း ဆိုနိုင်ပေသည်။

စူးစမ်းလိုစိတ်ဖြင့် နောက်မှ လိုက်လာသော လူအုပ်ကြီးမှာ တုန်လှုပ် ချောက်ချား သွားကြသည်။ နယ်စားကြီးကျိုးသည် ပေါ့သေးသေး ပုံရိပ်တစ်ခု မဟုတ်ချေ။ သူ၏ ကျင့်ကြံခြင်း အဆင့်က သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် ထိပ်ဆုံး၌ ရပ်တည်နေသူ ဖြစ်သည်။ သူသည် ရက်စက်မှု၊ ပြတ်သားမှုတို့ကြောင့် အလွန် ကျော်ကြား၏။

ရွှယ်ယုက မျက်မှောင်ကြုတ် လိုက်သည်။

“ငါတို့နောက်ကို လူတွေ ဒီလောက်ထိ လိုက်လာလိမ့်မယ်လို့ ထင်မထားဘူး... အလည်လာတာ သက်သက် ဆိုရင်တောင် ဘယ်သူက ယုံတော့မှာလဲ”

မရေမတွက်နိုင်သော လူများနှင့် သောင်းချီသော သားရဲများ အတူတကွ ချီတက်လာခြင်းက အထင်အမြင် လွှဲမှားမှုများကို ဖြစ်ပေါ် စေနိုင်စွမ်း ရှိသည်။ ထို့အပြင် သူသည် တပ်ဦး၌ ရှိနေခဲ့ပေသည်။

သူသည် မင်းသားတစ်ပါး ဖြစ်သော်လည်း သူ၏ အဆင့်အတန်းနှင့် သြဇာသက်ရောက်မှုတို့က နယ်စားကြီးကျိုးအောက် လျော့နည်းသည်။ ထိုကျားမြီးကို သွားဆွဲလျှင် သူ့ကဲ့သို့ မင်းသား တစ်ပါး ပင်လျှင် ခြိမ်းခြောက် ခံရနိုင်သည်။ နောက်သို့ ပြန်ဆုတ်လိုသည့် ဆန္ဒတစ်ခုမှာ သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာ၏။ သွေးပြာခြံဝန်း ပိုပို ကြီးမားလာသည်နှင့် အမျှ ထိုဆန္ဒက ပိုမို ပြင်းထန်လာသည်။

သူ ဆုံးဖြတ်ချက် ချရန် ဟန်ပြင်လိုက်စဥ်မှာပင် ချန်းရှောင်ဝေ့က သူမ၏ အရိပ်နက် သိမ်းငှက်ကို ရပ်တန့်လိုက်သည်။ ထိုအခါ နောက်မှ လိုက်လာသည့် သားရဲများမှာလည်း လိုက်လံ ရပ်တန့်လိုက်ကြ၏။ သို့သော်လည်း အချို့သားရဲများမှာမူ အချိန်မှီ အရှိန်မသတ်နိုင်ကြရာ အရှေ့ရှိ သားရဲများအား ဝင်ရောက် တိုက်မိလေတော့သည်။

ကံမကောင်းသည့် ကျင့်ကြံသူ တစ်ယောက်မှာ သားရဲ တစ်ကောင်၏ တောင်ပံနှင့် တိုက်မိကာ သွေးမြူ အဖြစ်ပင် ပေါက်ကွဲသွားလေသည်။ အကျိုးဆက် အနေဖြင့် သူစီးလာသည့် သားရဲမှာ ထိန်းချုပ်မှု လွတ်သွားပြီး အောက်ပိုင်းမှ ပျံသန်းလာသည့် အခြား သားရဲများထံ ပြုတ်ကျသွား၏။ တစ်ခဏအတွင်းမှာပင် သားရဲနှင့် လူအုပ်ကြီးမှာ ပေါက်ကွဲသံများ၊ အော်ဟစ်သံများ ဆူညံသည့် ပရမ်းပတာ အခြေအနေ တစ်ခုဆီသို့ ကျရောက်သွားသည်။

ထိုအချိန် သွေးပြာခြံဝန်း အတွင်း၌...

နယ်စားကြီးကျိုး အပါအဝင် လူတိုင်းလိုလိုမှာ အပြင်ဘက်ရှိ ပရမ်းပတာ အခြေအနေကို သံသယ ရှိစရာ မလိုအောင်ပင် သတိပြုမိခဲ့ပြီး ဖြစ်သည်။ များစွာသော စစ်သည်တော်များသည် ခြံဝန်း၏ နေရာအနှံ့၌ နေရာယူထားကာ တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထား၏။ အကယ်၍ ထိုလူအုပ်ကြီးသာ နယ်စားကြီးကျိုးကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဆိုပါက သူတို့ အသက်ကို စွန့်ကာ ကာကွယ်ရပေလိမ့်မည် ဖြစ်သည်။

နယ်စားကြီးကျိုးသည် အိုမင်းခြင်း၏ အရိပ်အယောင်များ သမ်းနေသည့် လူလတ်ပိုင်း တစ်ယောက် ဖြစ်သည်။ သူ၏ မျက်ဝန်းများက မှုန်မှိုင်းနေကာ၊ အနက်ရောင် ဆံပင်များက ဖျော့တော့စ ပြုနေ၏။ သူ၏ ကျင့်ကြံခြင်းမှာ ဤကုန်းမြေတိုက်ကြီးတွင် အလွန် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဟု ဆိုနိုင်သည့်တိုင် သူ၏ အသက်မှာလည်း တစ်ထောင်ကျော်သည် အထိ အလွန် ကြီးမြင့်လှချေပြီ။

သူသည် ကိုယ်ရံတော်များစွာ ခြံရံလျှက် သွေးပြာခြံဝန်း အပြင်သို့ လမ်းလျှောက်ထွက်လာကာ မှုန်မှုန်မှိုင်းမှိုင်း မျက်ဝန်းများဖြင့် အပြင်ဘက်ရှိ ရုန်းရင်းဆန်ခတ် အခြေအနေကို ကြည့်လိုက်သည်။ မျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်နှင့် ချန်းရှောင်ဝေ့တို့ကို မြင်သောအခါ သူ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။

"ထူထဲလိုက်တဲ့ အဂ္ဂိရတ် အရောင်အဝါ… သူက အထွတ်အထိပ် အဂ္ဂိရတ် အရှင် တစ်ယောက်လား… ဒါမှမဟုတ် အဂ္ဂိရတ် ဧကရာဇ် တစ်ပါးလား"

စတင် သတင်းကြားခဲ့ရသည့် အချိန်မှ စတင်၍ သူသည် ကင်းထောက်များ စေလွှတ်ကာ ထိုအဂ္ဂိရတ် ပညာရှင် အကြောင်း စုံစမ်းစေခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ အဂ္ဂိရတ် ဧကရာဇ် တစ်ပါး ဖြစ်ကြောင်း ကောလဟလများစွာ ကြားသိခဲ့ရသော်လည်း သူ့အနေဖြင့် မသေချာခဲ့ချေ။ အဂ္ဂိရတ် ဧကရာဇ်များမှာ သုံးလွှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင်ပင် အလွန့်အလွန် ရှားပါးသော ဖြစ်တည်မှုများ ဖြစ်သည်။

ရွှယ်ယု၊ ရွှယ်ရီဖေးတို့နှင့် ခြားနားစွာပင် နယ်စားကြီးကျိုးသည် မျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင် မည်သူ ဖြစ်ကြောင်းကို ရှာဖွေ မတွေ့ခဲ့ချေ။ အကယ်၍ ထိုပုဂ္ဂိုလ်မှာ ဝေ့ဝူယင် ဖြစ်ကြောင်းကိုသာ သိပါက သူ၏ သဘောထားနှင့် ဆက်ဆံပုံမှာ  ဆန့်ကျင်ဘက် ပြောင်းလဲ သွားကောင်း သွားပေလိမ့်မည်။

မည်သို့ပင် ဆိုစေ… အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဩဇာသက်ရောက်မှုချင်း နှိုင်းယှဉ်ရပါက သူသည် ကောင်းကင် ဧကရာဇ် တစ်ပါးထက် တစ်ဒါဇင် နီးပါးခန့် ပိုမို နိမ့်ကျသည် မဟုတ်ပါလား။

အကယ်၍ မောက်မာစွာ ပြုမူခဲ့မိသော ထိုဆင့်ခေါ်မှုက သူ့ဘဝ၏ နောက်ဆုံးသော အခိုက်အတန့်များကို ယူဆောင်လာမည်မှန်း  ကြိုသိခဲ့ပါလျှင်…

ဝေ့ဝူယင်၏ မျက်နှာဖုံးအောက်ရှိ မျက်လုံးများက နယ်စားကြီးကျိုးထံ ကျရောက် သွားသည်။ သူ့အတွက်တော့ ထိုပုဂ္ဂိုလ်က ငါးစာ လာဟပ်သည့် အသုံးချခံ အရုပ်တစ်ခုသာသာ ဖြစ်သည်။

ချန်းရှောင်ဝေ့က နယ်စားကြီးကျိုးကို အမြင့်မှ ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက ချန်းခြံဝန်းရှေ့သို့ ရောက်လာခဲ့သည့် တမန်တော် ကဲ့သို့ပင် မောက်မာခြင်းများနှင့် ပြည့်နှက်နေသည်။

"သွေးပြာနန်းတော် ပိုင်ရှင် နယ်စားကျိုး… ရှေ့ကို တိုးလာပြီး အဂ္ဂိရတ် အရှင်ကို ဂါရဝ ပြုစမ်း...”

***

All Chapters