← Chapters

ရေခဲဓားသွားဝိညာဉ်

Vol. 9 Ch. 133

ရေခဲဓားသွားဝိညာဉ်

Vol. 9 Ch. 133

ထိုအချိန်တွင် စံအိမ်တော်၌..

ဟုန်ရင်က ပြန်ရောက်လာပြီဖြစ်ပြီး မုဝမ်အာနှင့် စကားစမြည်ပြော၍ရယ်မောနေချေသည်။

လုချန်ရှန်းကမူ နင်းချန်ရှင်းနှင့်အတူ ပြန်ရောက်လာသည်။ သူ(မ) ရှေ့ကိုတိုးသွားပြီး နှုတ်ဆက်လိုက်သည်။

"ဆရာ"

လုချန်ရှန်းကလည်း ခေါင်းညိတ်ပြလျက် မေးလိုက်သည်။

"ကိစ္စက ဖြေရှင်းပြီးပြီလား"

ဟုန်ရင်ကခေါင်းညိတ်ပြ၍ ပြုံးလိုက်၏။

"ဆရာ့ကျေးဇူးတွေကြောင့်ပါ"

"အိုး.. တတိယဆရာတူမောင်လေးလည်း ပြန်ရောက်နေတာပဲ"

နင်းချန်ရှင်းကမူ ဘာမှမကြားလိုက်သည့်အလား တုံ့ပြန်လာသည်။ သူက ဘေးတစ်ဖက်တွင်ထိုင်ချလိုက်ပြီး တစ်စုံတစ်ခုကိုစဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်ထားလေသည်။

လုချန်ရှန်းက သူ့အစားပြောပေးလိုက်၏။

"ကဲ မင်းရဲ့ဆရာတူမောင်လေးကို အခုတော့ သွားမနှောင့်ယှက်နဲ့ဦး။ သူက တစ်ခုခုကိုစဉ်းစားနေတုန်းမို့"

ဟုန်ရင်လည်း နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

တစ်ခါတစ်ရံတွင် ကျင့်ကြံအားထုတ်မှု၌ မဖြေရှင်းနိုင်သောပြဿနာတစ်စုံတစ်ရာနှင့်ရင်ဆိုင်ရသည့်အခါ သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပင် ပိတ်မိနေတတ်ပေသည်။

သူ သူ(မ)ကိုသတိမထားမိသည်မှာ မဆန်းပေ။

ထိုအချိန်၌ မုဝမ်အာက စာအုပ်ပိုက်လျက်ပြေးလာပေသည်။ သူ(မ)က အပြုံးလေးဖြင့် ပြောလာ၏။

"ဦးလေး... ကျွန်မ ဆေးအသစ်ဖော်စပ်ထားတယ်"

လုချန်ရှန်းလည်း သိချင်စိတ်ဖြင့်လှည့်ကြည့်ပြီး မေးလိုက်မိသည်။

"ဘာဆေးလဲ"

မည်သို့ပင်ဖြစ်စေ သူသည် သူ့ကိုယ်ပိုင်အကြံဉာဏ်ဖြင့် ဆေးဖော်စပ်မွမ်းမံသူဖြစ်သည်။ ဤကမ္ဘာပေါ်ရှိ ဆေးဖော်စပ်နည်းများကို သူ လုံးဝမမြင်ဖူးဟုပင် ဆိုနိုင်သည်။

မုဝမ်အာလျှောက်လှမ်းလိုသော အဂ္ဂိရတ်လမ်းကြောင်းမှာ သူ့အတွေးအခေါ်နှင့် ဆင်တူလှပေသည်။ ထို့ကြောင့် လုချန်ရှန်း စူးစမ်းလိုစိတ်ဖြစ်နေမိခြင်းပင်။

မုဝမ်အာကလည်း တြိဂံပုံစံဆေးတစ်လုံးကိုထုတ်လိုက်သည်။ သူ(မ) သွားပေါ်အောင်ပြုံးလျက် ပြောလာသည်။

"ကျွန်မစမ်းသပ်ကြည့်ပြီးသွားပြီ။ ဒီဆေးကိုသောက်ပြီးသွားရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဝိညာဉ်ရေးရာချီစွမ်းအင်ရဲ့တည်ငြိမ်မှုကို တိုးမြှင့်ပေးနိုင်တယ်"

"ဒါက ဝိညာဉ်ရေးရာချီစွမ်းအင်ရဲ့ပုံစံကို တြိဂံပုံပြောင်းပေးနိုင်သေးတယ်"

"ဒီလိုဆိုရင် ဝိညာဉ်ရေးရာချီစွမ်းအင်ကိုလှုံ့ဆော်ပေးဖို့လိုအပ်တဲ့ ကျင့်စဉ်တချို့နဲ့ သိုင်းကျင့်စဉ်တချို့ကိုသုံးတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချလို့ရတာပေါ့"

လုချန်ရှန်းမှာ ကြက်သေသေသွားရသည်။ သူက ငေးတိငေးမောဖြင့်မေးလိုက်သည်။

"မင်း သင်္ချာပညာရပ်ကိုလည်း သင်ခဲ့သေးတာလား"

အမှန်စင်စစ်ပင် တြိဂံပုံစံ၏တည်ငြိမ်ခိုင်မာမှုက အကြီးဆုံးပင်။

မုဝမ်အာကလည်း သူ့လိုကူးပြောင်းလာသူများဖြစ်နေလေမလား။

မုဝမ်အာက သူ့နှာခေါင်းကိုတရှုံ့ရှုံ့လုပ်၍ ပြောလေသည်။

"ဘာကိုလဲ။ တြိဂံပုံစံရှိတဲ့ပစ္စည်းအကြောင်းကို… ကျွန်မငယ်ငယ်တုန်းက မတော်တဆသိခဲ့ရတာလေ။ အဲဒီနောက်တော့ ဒါကို ကျင့်ကြံရေးအတွက်သုံးပြီး ဆေးဖော်စပ်လို့ရမလားလို့ သိချင်နေခဲ့တာ"

လုချန်ရှန်း : "…"

ဤမိန်းကလေးက အဂ္ဂိရတ်ပညာရပ်တွင် စင်စစ်တော်လွန်းလှသည်ဟု ဆိုရပေမည်။ ဤဆေးက များများစားစားအသုံးဝင်ပုံမပေါ်ပေ။ တကယ်တမ်းတွင် နောက်ဆက်တွဲဆိုးကျိုးကြီးမားသော ကျင့်စဉ်တစ်ခုကို အသုံးပြုသည့်အချိန်မှာ ထိုဆေးက နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချပေးနိုင်လေသည်။ ဤဆေးတစ်လုံးကပင် အလွန်အရေးပါလှပေသည်။ နောက်ဆက်တွဲဆိုးကျိုးများရှိသော ကျင့်ကြံစဉ်များနှင့် သိုင်းကျင့်စဉ်များမှာ ခွန်အားအမြောက်အများကိုကုန်ဆုံးစေသည်။

ဟုန်ရင်က ပြုံး၍ မုဝမ်အာ၏ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။

"ဆရာ.. ဝမ်အာ့ရဲ့အဂ္ဂိရတ်စွမ်းရည်က တကယ်မဆိုးဘူးပဲ။ ဘာလို့ သူ့ကို တပည့်အဖြစ်မသတ်မှတ်သေးတာလဲ"

ဟုန်ရင်တစ်ယောက် မုဝမ်အာကို အတော်သဘောကျနေကြောင်း သိသာလှသည်။ မုဝမ်အာကလည်း ထိုစကားကိုကြားသောအခါ ဟုန်ရင့်ကိုဖက်လိုက်ပြီး တခစ်ခစ်ရယ်မောလေသည်။

"အစ်မဟုန်ရင်… အစ်မကမှအတော်ဆုံးပါနော်"

လုချန်ရှန်းကတော့ မျက်ဆန်လှန်လိုက်မိပြီးပြော၏။

"အခုထိလိုသေးတယ်"

ဤသိုဖြင့် သူသည် သစ်သားကုလားထိုင်ပေါ်ကို ပြန်လှဲချလိုက်သည်။ မုဝမ်အာက နှာမှုတ်၍ စာအုပ်များကိုပွေ့ကာ ကျောက်သားစားပွဲဆီသို့ ပြန်သွားလေတော့သည်။ သူ(မ) စာအုပ်ကို တဖျပ်ဖျပ်လှန်လိုက်သည်။

ဟုန်ရင်ကတော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

ထိုအခိုက်အတန့်တွင် မလှမ်းမကမ်း၌ ပုံရိပ်နှစ်ခုက ဓားပျံများကိုစီးနင်းလာချေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်၏။

"ဆရာတူအစ်ကိုက တာအိုကြင်ဖော်တွေ့သွားပြီလား"

လုချန်ရှန်းခများ နှုတ်ခမ်းကိုတွန့်ကွေးလိုက်မိသည်။ လာနေသူများမှာ ယဲ့ချိုးပိုင်နှင့်မုကျီချင်းတို့ဖြစ်ပေသည်။ ယဲ့ချိုးပိုင်က ရှေ့ကိုလျှောက်လာပြီး မုကျီချင်းကမူ ပတ်ပတ်လည်ရှိလူများကို သတိကြီးကြီးထား၍ကြည့်နေပြီး ယဲ့ချိုးပိုင်း၏အနောက်တွင်ပုန်းနေချေသည်။

မုကျီချင်းမှာ သူ(မ)၏ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့် အမြဲလိုလိုတစ်ယောက်တည်းသာ နေခဲ့သဖြင့် အခြားလူများနှင့်တွေ့ဆုံဖြစ်သည်မှာ ရှား၏။

ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက သူ(မ)သည် လူစုလူဝေးကိုကြောက်တတ်သူပင်။

ယဲ့ချိုးပိုင်က လူတိုင်းကိုမြင်လိုက်ရပြီးနောက် အနည်းငယ်မှင်တက်သွားချေသည်။

"အာ.. ဆရာရော အကုန်လုံးပြန်ရောက်နေကြပြီပေါ့"

ဟုန်ရင်က ရှေ့ကိုလျှောက်လာပြီး အပြုံးလေးဖြင့်ခေါင်းညိတ်ပြလိုက်သည်။

"ဘာလို့လဲ။ ဆရာတူအစ်ကို… ကျွန်မတို့ကိုမိတ်ဆက်မပေးတော့ဘူးလား"

ထိုအချိန်တွင် မုကျီချင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို အဆုံးမဲ့စွမ်းအားတစ်ခုက လွှမ်းခြုံထားသောကြောင့် လေအေးများက စိမ့်ထွက်မလာနိုင်ပေ။ သို့သော် ထိုသို့ဆိုလျှင်ပင်….ဟုန်ရင်ကတော့ အရိုးကွဲလုမတတ်သောအေးစိမ့်မှုကို ခံစားမိနေဆဲပင်။ သူ့ခမျာ ဘာမှမတတ်သာဘဲ တိတ်တိတ်လေးအံ့အားသင့်သွားရလေသည်။

ကြည့်ရသည်မှာ သူ့ဆရာတူအစ်ကိုခေါ်လာသောမိန်းကလေးမှာ မရိုးရှင်းပုံပင်။

ယဲ့ချိုးပိုင်က မုကျီချင်းကိုပြုံးပြလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။

"သူက လျှို့ဝှက်တာအိုကျောင်းတော်ရဲ့ဌာနချုပ်က မုကျီချင်းတဲ့။ သူ့ကို ဒီခေါ်လာတာက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့်ပဲ"

ထို့နောက် သူက လုချန်ရှန်းကိုကြည့်၍ပြောလိုက်သည်။

"ဆရာ ကျွန်တော် သူ့ကိုဆရာ့ဆီအပ်လိုက်ပြီနော်"

လုချန်ရှန်း သူ့နှုတ်ခမ်းကိုတွန့်ကွေးလိုက်မိပြန်သည်။

သူက သူ(မ)ကိုတောင် ဒီနေရာထိရောက်အောင်ခေါ်လာခဲ့ပြီးပြီပဲလေ…

ထို့ပြင် တစ်ချက်ကြည့်ရုံဖြင့် သူတို့နှစ်ယောက်ကြားမှာ ဖြစ်နိုင်ခြေအခွင့်အရေးတစ်ခုရှိနေဟန်တူသည်။

သူ့ဆရာအနေနှင့် လုချန်ရှန်းလည်း ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရချေသည်။ မည်သို့ပင်ဖြစ်စေ သူ ရေခဲဝိညာဉ်ဆေးဝါးကို မည်သို့ဖော်စပ်ရလေမလဲ။ သူ့တွင် ဆေးဖော်စပ်နည်းလည်း မရှိပေ။

ထိုအခိုက်အတန့်တွင် မိုးမခပင်ကြီး၏ မိုးမခသစ်ကိုင်းကြီးက အသာအယာယိမ်းနွဲ့လာပြီး အသံတစ်သံထွက်ပေါ်လာလေသည်။

"သူ့ခန္ဓာကိုယ်ထဲမှာ တခြားအရာတစ်ခုခုရှိနေသလိုပဲ"

ဟင်..

ယဲ့ချိုးပိုင်လည်း မှင်တက်သွားရပြီး မုကျီချင်းကိုကြည့်လိုက်မိသည်။ မုကျီချင်းမှာ စိတ်ရှုပ်ထွေးစွာခေါင်းခါပြလိုက်ပြီး သူ(မ)လည်းမသိကြောင်း အချက်ပြလိုက်သည်။

လုချန်ရှန်းက ရှေ့တိုး၍ သူ့လက်ချောင်းကို မုကျီချင်း၏နဖူးပေါ်တွင်တင်လိုက်၏။ ၎င်းကိုအာရုံခံကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် လေအေးများကိုထုတ်လွှတ်နေသော ရေခဲလောင်ဂျီတွဒ်မျဉ်းများရှိနေကြောင်း သိလိုက်ရသည်။

သူ့ဒန်းထျန်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်မှာ အေးခဲနေချေပြီ။ အလယ်ဗဟိုချက်တွင် ဝိညာဉ်ကိုယ်ထည်တစ်ခုရှိပြီး ဝိညာဉ်ကိုယ်ထည်မှာ ရေခဲပြာရောင်ရှိကာ ၎င်း၏တစ်ကိုယ်လုံးက အေးစက်စက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေ၏။

ထိုအရာသာမက ရေခဲပြာဝိညာဉ်ကိုယ်ထည်၏ဘေးပတ်ပတ်လည်တွင် ခပ်ဖျော့ဖျော့ဓားဆန္ဒတစ်ခုလည်း ရှိနေသည်။ လုချန်ရှန်း စူးစမ်းလေ့လာနေသည်ကို အာရုံခံမိသည့်အလား မြှားပစ်သံကြောင့် လန့်ဖျပ်သွားသောငှက်ငယ်လေးလိုဖြစ်သွားပေသည်။ ဓားဆန္ဒများ တစ်ဟုန်ထိုးမြင့်တက်လာသည်။ ထို့နောက် ရေခဲပြာဓားဆန္ဒတစ်ခုက မုကျီချင်း၏ဒန်းထျန်ထဲမှ ပေါက်ကွဲထွက်လာချေသည်။

လုချန်ရှန်းက သူ့လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားဆန္ဒကိုဖိနှိပ်ထားလိုက်သည်။ ယဲ့ချိုးပိုင်ကလည်း တအံ့တဩပြောလာလေသည်။

"ဆရာ.. ဒါကဘာလဲဟင်"

လုချန်ရှန်းက တိတ်ဆိတ်နေချေသည်။

သူ မဖြေချင်၍မဟုတ်ပါဘဲ သူကိုယ်တိုင်ပင် တကယ်မသိသောကြောင့်ဖြစ်၏။

ငါလည်း တစ်ခါမှမမြင်ဖူးဘူးလို့….

ထိုအချိန်တွင် ဟုန်ရင်ကရှေ့တိုးလာပြီး တည်ငြိမ်နေသောအမူအရာဖြင့် ပြောလာချေသည်။

"ဒါကဓားဝိညာဉ်ပဲ"

"ဥပမာပေးရရင်… မင်းတို့လက်ထဲကလက်နက်တွေအကုန်လုံးက ရတနာတွေပဲ။ ကောင်းကင်ဘုံအထွတ်အထိပ်အဆင့်ပဲဖြစ်နေပါစေ အဲ့ဒါတွေကရတနာသက်သက်ပဲ"

"ဒါပေမဲ့ ရတနာထဲမှာ ဝိညာဉ်တစ်ခုရှိနေတယ်ဆိုရင်တော့ အဲ့ဒါက အသွင်ပြောင်းမှုနဲ့တွေ့ကြုံရမှာဖြစ်ပြီး ဝိညာဉ်ရေးရာလက်နက်တစ်ခုဖြစ်လာလိမ့်မယ်"

"ဝိညာဉ်ရှိတဲ့လက်နက်တစ်ခုက ဝိညာဉ်ရေးရာလက်နက်ပဲ။ သူ့ရဲ့စွမ်းအားကလည်း အကြီးအကျယ်မြင့်တက်လာမှာ"

သို့သော် ဟုန်ရင်နားမလည်နိုင်သောအရာမှာ ဓားဝိညာဉ်က လူတစ်ယောက်၏ဒန်းထျန်ထဲမှာ ဘာကြောင့်စိုက်ဝင်နေသလဲဆိုသည်ကိုပင်။

ထိုအချိန်တွင် မိုးမခပင်ကြီးကပြောလာ၏။

"ဒီဓားဝိညာဉ်ကို ရေခဲဝိညာဉ်အာရုံကြောဖွဲ့စည်းမှုကနေ ထုတ်လွှတ်လိုက်တဲ့ ရေခဲအရှိန်အဝါက တိုက်စားထားလို့ ရေခဲဓားဝိညာဉ်အဖြစ် အသွင်ပြောင်းသွားခဲ့ပြီ"

"ဒီလိုဓားဝိညာဉ်ရဲ့ဖြစ်တည်မှုမျိုးနဲ့ဆိုရင် တစ်ရက်ရက်မှာ ဓားဆန္ဒပေါက်ကွဲထွက်လာရင် သူ့ရဲ့ဒန်းထျန်လည်း လုံးဝပျက်စီးသွားတော့မှာ။ အဲ့ဒီအခါကျရင် ရေခဲဝိညာဉ်အာရုံကြောကလည်း အဲ့ဒါကို ဖိနှိပ်ထားနိုင်မှာမဟုတ်တော့ဘူး"

မုကျီချင်းခမျာ ထိုစကားကိုကြားသော် မျက်နှာပျက်သွားချေသည်။ သူ(မ)မိသားစုထဲရှိလူတိုင်းက သူ(မ)ခန္ဓာကိုယ်ထဲတွင် ဓားဝိညာဉ်ရှိနေသည်ကို သိထားကြသည်။ ထို့ကြောင့်လည်း သူ(မ)က ဓားသိုင်းကျင့်ကြံသူများကို အာရုံစိုက်နေမိခြင်းဖြစ်၏။

ဓားသိုင်းကျင့်ကြံသူများကသာ ဓားဝိညာဉ်ကိုဆွဲထုတ်နိုင်စွမ်းရှိပြီး ၎င်းကို သူတို့၏ဓားများအဖြစ် အဆင့်မြှင့်တင်နိုင်ကြသည်။

ယဲ့ချိုးပိုင် မေးခွန်းထုတ်လိုက်လေသည်။

"စီနီယာလု… ကျွန်မတို့ ဒါကိုဘယ်လိုဖြေရှင်းကြမလဲ"

မိုးမခပင်ကြီးက သူ့သစ်ကိုင်းများကို အသာအယာပွတ်တိုက်လိုက်သည်။

"မင်းရဲ့ဓားကိုသုံးပြီး ဓားဝိညာဉ်နဲ့ပေါင်းစပ်လိုက်ပါ။ မင်း ခံနိုင်ရည်ရှိနေသေးသရွေ့ မင်းရဲ့ဓားသိုင်းတာအိုအတွက် အကျိုးရှိတယ်"

သေချာပေါက်ပင် လုချန်ရှန်းက ဓားဝိညာဉ်နှင့်အလွယ်တကူပေါင်းစပ်နိုင်လေသည်။

သို့သော် ဤသည်မှာ သူ့အတွက် အသုံးမဝင်လှပေ။ ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြ၍ ပြောလာ၏။

"ကျွန်တော်နားလည်ပါပြီ"

ထို့နောက် ယဲ့ချိုးပိုင်က မှော်နက်မိစ္ဆာဓားကိုထုတ်လိုက်လေသည်။ ဤသည်မှာ အစိမ်းရောင်တိမ်တိုက်ဓားသွားပြီးလျှင် သူပိုင်ဆိုင်ထားသမျှထဲတွင် အဆင့်အမြင့်ဆုံးဓားဖြစ်၏။

"အဆင်သင့်ဖြစ်ပြီလား"

ယဲ့ချိုးပိုင်ကခေါင်းညိတ်ပြပြီး တင်ပျဉ်ခွေထိုင်ကာ မှော်နက်မိစ္ဆာဓားသွားကို သူ့ဒူးခေါင်းပေါ်ကိုတင်လိုက်လေသည်။

ထိုအခြင်းအရာကိုမြင်သော် မိုးမခသစ်ကိုင်းတစ်ခုက မုကျီချင်းနှင့်ယဲ့ချိုးပိုင်တို့ကို ဝန်းရံထားလိုက်သည်။

ဓားဝိညာဉ်သည် အန္တရာယ်အငွေ့အသက်ကိုခံစားမိသွားဟန်တူပြီး စတင်သောင်းကျန်းလာလေတော့သည်။

All Chapters