တိုက်ခိုက်မှု
Vol. 16 Ch. 215
အထက်စီး ဆန်လှသော လေသံနှင့် အသုံးအနှုန်းတို့ကြောင့် နယ်စားကြီးကျိုး၏ မျက်နှာတွင် ဒေါသ အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော်လည်း သူမ၏ စကားလုံးများမှ တစ်ဆင့် သူ တစ်စုံတစ်ရာကို သတိထားလိုက်မိ၏။
အဂ္ဂိရတ် အရှင်...
ထိုမျက်နှာဖုံးတပ် ပုဂ္ဂိုလ်က အဂ္ဂိရတ် အရှင် တစ်ယောက်မျှသာလား။ ထိုယုံကြည်ချက် ပိုမို ခိုင်မာလာသည်နှင့် အမျှ သူ၏ မျက်လုံးများက ဒေါသအလင်းများဖြင့် ပူလောင်စွာ တောက်ပလာသည်။
အဂ္ဂိရတ် အရှင် တစ်ယောက်က ထိုမျှ မောက်မာရဲသည်ပေါ့။ သူ တုန့်ပြန်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်၏ အသံက ဖော်ရွေစွာ ထွက်ပေါ်လာသည်။
“တွေ့ရတာ ဝမ်းသာပါတယ် နယ်စားကြီးကျိုး...”
သို့သော်လည်း တစ်ချိန်တည်း၌ ဝိညာဥ်အင်အားက ရိုင်းစိုင်းသော စကားလုံး အချို့ကို သယ်ဆောင်ကာ နယ်စားကြီးကျိုး၏ နားစည်သို့ ရိုက်ခတ်သွားသည်။ ထိုစကားကို နားထောင်ပြီးနောက် နယ်စားကြီးကျိုး၏ မျက်လုံးများက အံ့အားသင့်ခြင်း၊ ဒေါသဖြစ်ခြင်းများနှင့် ပြည့်နှက်သွားသည်။
“နယ်စားကြီးကျိုး... ကျုပ် ခင်ဗျားကို တွေ့ချင်နေတာ ကြာပါပြီ...”
အပြင်ပန်း စကားလုံးများက ချိုသာမှုများနှင့် ပြည့်နှက်နေသလောက် လျှို့ဝှက်စွာ ပို့လွှတ်နေသည့် ဝိညာဥ် အာရုံ စကားလုံးများကမူ နယ်စားကြီးကျိုး၏ ဒေါသအား ပေါက်ကွဲထွက်အောင် မီးစာသဖွယ် မြှင့်တင်ပေးနေသည်။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း၌ နယ်စားကြီးကျိုး၏ ဒေါသက အဆပေါင်း များစွာ ပိုမို မြင့်တက်လာနေခဲ့၏။
မင်းသား ရွှယ်ယု အပါအဝင် များစွာသော လူအုပ်ကြီးမှာ ပေါက်ကွဲမတတ် ဒေါသများနှင့် ပြည့်နှက်နေသည့် နယ်စားကြီးကျိုးကို ကြည့်ကာ နောက်သို့ ဆုတ်လိုက်မိကြသည်။ မျက်နှာဖုံးတပ် အဂ္ဂိရတ် အရှင်က ဖော်ရွေ နှိမ့်ချစွာ ဆက်ဆံနေသည့်တိုင် နယ်စားကြီးကျိုးမှာ အဘယ်ကြောင့် ဒေါသထွက်နေရသနည်း။
“သူက နယ်စားကြီးကျိုးကို ဝိညာဥ်အာရုံနဲ့ ဆက်သွယ်ပြောနေတယ်”
ရွှယ်ရီဖေးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမသည် ထိုအရာကို ဝိညာဥ် စွမ်းအင် ဖြာထွက်မှုကြောင့် သတိထားမိခြင်း မဟုတ်ပဲ ဆက်စပ်စဥ်းစားဖြင့် သိရှိလိုက်ခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် ချိုသာသော စကားလုံးများဖြင့် နှုတ်ဆက် သက္ကာရ ပြုနေသည်။ သို့သော်လည်း ဆန့်ကျင်ဘက်ပင် နယ်စားကြီးကျိုးမှာမူ ပို၍သာ ဒေါသထွက်လာနေခဲ့သည်။ ထိုအဖြစ်အပျက်ကို ဆက်စပ်ကြည့်ရပါက ဝိညာဥ် အာရုံဖြင့် ပြောဆိုနေခြင်းမှ လွဲ၍ အခြား အကြောင်းပြချက် မရှိတော့ချေ။
“ဝိညာဥ်အာရုံနဲ့ ပြောနေတာ...”
ဘေးနားရှိ အဘိုးအိုက သူမအား အံ့အားသင့်ဟန်နှင့် ကြည့်လိုက်၏။ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်သည့် သူပင်လျှင် ထိုအချင်းအရာကို သတိထားမိခြင်း မရှိချေ။ ထိုကလေးမ၏ ဉာဏ်ရည် ထက်မြက်မှုကား လက်ဖျားခါလောက်အောင် တော်လွန်းသည်။
နယ်စားကြီးကျိုး၏ ဒေါသများ အမြင့်ဆုံး အရှိန်အဟုန်သို့ ရောက်ရှိသွားသော အခိုက်၌ ဝေ့ဝူယင်က သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။
“ငါတို့ ထိုင်ပြီး တစ်ခုခု သောက်ကြမလား...”
တုန့်ပြန်မှုက သူ မျှော်လင့်ထားသည့် အတိုင်းပင်။
“မင်း ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ရဲမက်တွေ ဘာလုပ်နေကြတာလဲ... ဒီခွေးမသားကို ဝိုင်းသတ်ကြစမ်း”
နယ်စားကြီးကျိုးက ဒေါသတကြီး အော်ဟစ်ရင်း နောက်လိုက်များကို အမိန့်ပေးလိုက်၏။ ချက်ချင်းပင် သောင်းချီသော သားရဲများနှင့် စစ်သည်တော်များမှာ ကောင်းကင်သို့ မြင့်တက်လာကာ ချီလက်နက်များကို ထုတ်ဖော် လိုက်ကြသည်။
မျက်နှာဖုံးနောက်၌ ဝေ့ဝူယင်က ညင်သာစွာ ပြုံးလိုက်၏။ သို့သော်လည်း အပြင်ပန်းတွင်မူ သူက မယုံကြည်နိုင်သော လေသံမျိုးဖြင့် နယ်စားကြီးကျိုးကို မေးလိုက်သည်။
“နယ်စားကြီးကျိုး... ဒါခင်ဗျား ဘာလုပ်တာလဲ”
ဝေ့ဝူယင်၏ လေသံက အားနည်းဟန်၊ အကူအညီ ကင်းမဲ့ဟန်တို့ဖြင့် ပြည့်နှက် နေသည်။ များစွာသော ပရိသတ်များမှာ ထိုလေသံမှ တစ်ဆင့် မျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်၏ ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။
သူ၏ သရုပ်ဆောင်မှုက အလွန် ပိရိလှရာ အများစုက သူ၏ စကားလုံးများကို ယုံကြည်ကြပေသည်။ ချန်းရှောင်ဝေ့၏ အမိန့်ပေးမှုနှင့် အတူ အရိပ်နက် သိမ်းငှက်မှာ နောက်သို့ ဆုတ်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း အတောင်ပံ မခတ်နိုင်သေးခင်မှာပင် နယ်စားကြီးကျိုးက အော်ဟစ်ကာ လက်သီးကို ဆန့်ထုတ်၍ ထိုးနှက်လိုက်သည်။ ထိုတိုက်ခိုက်မှုမှာ အလွန် ပြင်းထန်လှပြီး ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ ဆိုပါက ချက်ချင်းပင် သွေးမြူအဖြစ် ပေါက်ကွဲ သွားလိမ့်မည် ဖြစ်သည်။
ဘုန်း...
ချန်းရှောင်ဝေ့က ကြယ်တာရာ စွမ်းအင်များကို ထုတ်လွှတ်ရင်း နယ်စားကြီးကျိုး၏ လက်သီးချက်ကို ခုခံလိုက်၏။ သူမ၏ မျက်လုံးများက သုန်မှုန်နေကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“နယ်စားကျိုး... ရှင်က အသေသတ်ဖို့ အထိ ရည်ရွယ်နေတာပဲ... ကျွန်မတို့ ရှင့်ကို ဘာလုပ်မိလို့လဲ”
ထိုအရာကား မင်းသား ရွှယ်ယု အပါအဝင် အနောက်ရှိ ပရိသတ်များ အားလုံး သိချင်နေကြသော မေးခွန်း တစ်ခု ဖြစ်သည်။ သို့သော်လည်း နယ်စားကြီးကျိုးက ထိုအရာများကို ဂရုစိုက်ဟန် မရပဲ သူ၏ လူများကိုသာ ကြမ်းတမ်းစွာ အမိန့်ပေး လိုက်သည်။
“ဘာစောင့်နေတာလဲ... သတ်ကြစမ်း”
“ကွက်တိပဲ...”
ဝေ့ဝူယင် စိတ်ထဲတွင် မှတ်ချက်ချလိုက်၏။ နယ်စားကြီးကျိုး၏ တိုက်ခိုက်မှု ပျက်စီးသွားသွားချင်းပင် ချန်းရှောင်ဝေ့က အရိပ်နက် သိမ်းငှက်ကို ထိန်းချုပ်ရင်း နောက်သို့ လျှင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း...
သွေးပြာခြံဝန်း၏ သောင်းချီသော စစ်သည်တော်များသည် ချန်းရှောင်ဝေ့၏ နောက်မှ ထပ်ချပ်မကွာ လိုက်လာကြ၏။ သူတို့အထဲရှိ မည်သူကမှ ကြယ်တာရာ အမြုတေ အဆင့်တွင် ရှိမနေသည့်တိုင် အစွမ်းထက်သည့် ဝိညာဥ် ဝင်္ကပါများ၊ ကြယ်တာရာ အစီအရင်များကို ကိုင်ဆွဲထားရာ အလွန် လျှင်မြန်နေသည်။
နယ်စားကြီးကျိုးသည် သူ၏ လူများကို သည်အတိုင်း လွှတ်မထားချေ။ သူက လေတစ်ချက် ချွန်လိုက်ရာ ခရမ်းရောင် အတောင်ပံများကို ပိုင်ဆိုင်ထားသည့် ကြယ်အဆင့် လင်းယုန်တစ်ကောင် ကောင်းကင်တွင် ပေါ်လာခဲ့၏။ နယ်စားကြီးကျိုး ကျောထက်သို့ ရောက်သည်နှင့် လင်းယုန်ငှက်မှာ ခရမ်းရောင် ဟာရီကိန်း မုန်တိုင်း တစ်ခုသဖွယ် လွင့်ထွက်သွားသည်။
ဝှစ်...
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ၎င်းသည် ချန်းရှောင်ဝေ့၏ အရိပ်နက် သိမ်းငှက်ကို ကျော်တက်သွားကာ အရှေ့မှ ပိတ်ရပ်လိုက်၏။ ချန်းရှောင်ဝေ့မှ မည်သို့မှ မတတ်နိုင်တော့ရာ အရိပ်နက် သိမ်းငှက်ကို ရပ်တန့်ရန် အမိန့်ပေး လိုက်ရတော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
တစ်ခဏအတွင်းမှာပင် နယ်စားကြီးကျိုး၏ တပ်ဖွဲ့ အားလုံးမှာလည်း ဝေ့ဝူယင်တို့ကို မှီလာကာ အဘက်ဘက်မှ ဝန်းရံ လိုက်ကြ၏။ ဝေ့ဝူယင်က ဆန်းကြယ်သော လေသံနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“လုံလောက်ပြီ”
ရုတ်ချည်းပင် ချန်းရှောင်ဝေ့၏ ထိတ်လန့်ဟန် ရနေသည့် ပုံစံက တည်ငြိမ်သွားသည်။ သူမက သနားခြင်း၊ လှောင်ပြောင်ခြင်း အငွေ့အသက်တို့ ပြည့်ဝနေသော မျက်ဝန်းများဖြင့် နယ်စားကြီးကျိုးကို လှမ်းကြည့် လိုက်၏။ ဝေ့ဝူယင် ဘာပြောခဲ့သည်ကို သူမ မသိသော်လည်း နယ်စားကြီးကျိုး မကြာခင် အသက်ပေးရတော့မည် ဖြစ်ကြောင်းကိုတော့ သူမ ရိပ်မိပေသည်။
ဝေ့ဝူယင်၏ ခန့်ညားသော ရုပ်သွင်ကို ငေးကြည့်ရင်း သူမမှာ ထိတ်လန့်မှု တစ်ခုကို ခံစားလိုက်ရ၏။ ထိုပုဂ္ဂိုလ်၏ အစီအစဥ်တွင် ကြီးကျယ် ခမ်းနားလှပါသည် ဆိုသော နယ်စားကြီးကျိုး ပင်လျှင် နယ်ရုပ်တစ်ရုပ်သာ အဆင့်သာ ရှိပေသည်။
သားရဲများနှင့် လူအုပ်ကြီးမှာ စိတ်ဝင်စားမှု အပြည့်ဖြင့် နောက်မှ လိုက်လာကြ၏။ သူတို့သည် ကီလိုမီတာ ဒါဇင်ချီ အကွာအဝေးတွင် ရပ်ရင်း ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်စား နေကြသည်။ မင်းသား ရွှယ်ယုနှင့် မင်းသမီး ရွှယ်ရီဖေးတို့သည်လည်း ထိုလူအုပ်ထဲ၌ ပရိသတ်များ အဖြစ် ရှိနေကြ၏။
“သူက အဲဒါကို ရည်ရွယ်ချက် ရှိရှိ လုပ်နေတယ်လို့ ရှင်ထင်လား... ဒါမှမဟုတ် သူနဲ့ နယ်စားကြီးကျိုး ပူးပေါင်းပြီး ကျွန်မတို့ အတွက် ပြဇာတ်တစ်ခု ကပြနေတာလား”
ရုတ်တရက် ရွှယ်ရီဖေးက မေးလိုက်၏။ သူမ၏ စိတ်ထဲတွင် ဖြစ်နိုင်ချေ များစွာ ရှိနေသော်လည်း ဘယ်တစ်ခုကမှ ရာနှုန်းပြည့် သေချာ မနေခဲ့။ ဝေ့ဝူယင် လှုပ်ရှားနေသည့် ပုံစံက ခန့်မှန်းရန် ခက်ခဲလှပြီး ဦးတည်ချက် ကင်းမဲ့နေသယောင်ပင် ထင်ရသည်။
အဘိုးအိုက သွေးပြာခြံဝန်း စစ်သည်တော်များ၏ ဝန်းရံမှု အလယ်၌ ရှိနေသော ဝေ့ဝူယင်ကို လှမ်းကြည့်ရင်း ခေါင်းခါလိုက်သည်။
“ငါလည်း မခန့်မှန်းနိုင်ဘူး...”
သူက မည်သည်ကို ကြိုးစားနေသနည်း။ နယ်စားကြီးကျိုးကို သတ်ဖြတ်ရန် အကြောင်းပြချက် တစ်ခု ရှာဖွေ နေသည်လား။ သို့သော်လည်း ထိုအရာက အဓိပ္ပာယ် မရှိလှချေ။ သူသာ နယ်စားကြီးကို အမှန်တကယ် သတ်ချင်ပါက သူ၏ အဆင့်အတန်း၊ ကြွယ်ဝမှုတို့ကို အသုံးပြု၍ လုပ်ကြံသူ တစ်ယောက် ငှားလျှင်ငှား၊ မငှားလျှင်လည်း သွေးပန်းပဲဖို ဧကရာဇ်အား နယ်စားကြီးကျိုးကို ဖယ်ရှားရန် အမိန့်ပေးလိုက်ရုံသာ ဖြစ်သည်။ အဘယ်ကြောင့် ယခုလို အပင်ပန်းခံရန် လိုအပ်မည်နည်း။
ထိုအချိန်တွင်ပင် ဝေ့ဝူယင်က နားမလည်နိုင်သော လေသံဖြင့် အော်ဟစ်လိုက်၏။
“နယ်စားကျိုး... ကျုပ် ခင်ဗျားကို ဘာမှ မလုပ်ခဲ့ဘူး... ဘာလို့ ကျုပ်ကို သတ်ဖို့ ကြိုးစားနေရတာလဲ”
သူ၏ လေသံထဲ၌ အကူအညီ ကင်းမဲ့မှု၊ ကြောက်ရွံ့မှုများ ပါဝင်နေပြီး ပရိသတ်များမှာလည်း သူနှင့် တပြေးညီပင် ခံစားနေရသည်။
သို့သော်လည်း နယ်စားကြီးကျိုးမှာမူ ရူးသွပ်နေဟန် ရ၏။ သူက တလက်လက် တောက်ပနေသော မျက်ဝန်းများနှင့် ကျားနာ တစ်ကောင် အလား အော်ဟစ်လိုက်သည်။
“အူကြောင်ကြောင် လာလုပ် မနေနဲ့ ခွေးမသား... ရွှယ်တိုင်းပြည်က မင်းရဲ့ သေဆုံးခြင်းကို အာမခံတယ်... မင်း ဒီနေ့ ဘယ်လိုမှ မလွတ်စေရဘူး”
“ရွှယ်တိုင်းပြည်က ကျုပ်ရဲ့ သေဆုံးခြင်းကို အာမခံတယ်... မ... မဟုတ်မှ လွဲရော သွေးပန်းပဲဖိုဧကရာဇ်က ကျုပ်ကို သတ်ဖို့ ခင်ဗျားကို အမိန့်ပေးထားတာလား”
ဝေ့ဝူယင်က အလွန် အံ့သြနေသော ပုံစံဖြင့် ရေရွတ်လိုက်သည်။ သူ၏ လေသံက မကျယ်သည့်တိုင် မရေမတွက်နိုင်သော ပရိသတ်များ ကြားရန် အတွက် လုံလောက်ပေသည်။
နယ်စားကြီးကျိုးမှာ စိတ်ရှည်မှု ကုန်ဆုံးသွားဟန် ရ၏။ သူသည် ကြယ်အဆင့် လင်းယုန်ငှက်ကို စီးနင်းရင်း ဝေ့ဝူယင်တို့ အနားသို့ တမုဟုတ်ချင်း ရောက်ရှိလာသည်။
ချန်းရှောင်ဝေ့မှာ ထိတ်လန့်သွား၏။ ထိုအမြန်နှုန်းကား သူမထက်ပင် ငါးဆခန့် အထိ ပိုမိုသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် နယ်စားကြီးကျိုးက လက်သီးကို ဆုပ်ကာ ထိုးနှက်လိုက်လေတော့သည်။
ကြယ်တာရာ ကျင့်စဥ်... မဟာ လက်သီး....
ဘုန်း...
ကြယ်တာရာ အင်အားများနှင့် ဖွဲ့စည်းထားသည့် လက်သီး ပုံရိပ်ကြီးသည် တောင်ငယ် တစ်လုံး၏ အရွယ်အစားနှင့် အတူ ဝေ့ဝူယင်တို့ အပေါ် ကျဆင်းလာသည်။ ထိုလက်သီးအတွင်း ပါဝင်သော စွမ်းအင် ပမာဏမှာ တောင်တစ်လုံးကိုပင် ဖျက်ဆီးရန် လုံလောက်ပေသည်။
ပရိသတ်များထံမှ ကြောက်ရွံ့သော အာမေဋိတ်သံများ ထွက်ပေါ်လာ၏။ နယ်စားကြီးကျိုးက လျှို့ဝှက် ဆန်းကြယ်သည့် အဂ္ဂိရတ် ပညာရှင်ကို အမှန်တကယ်ပင် သတ်ဖြတ်ရန် ရည်ရွယ်နေသည်လား။ လူတိုင်း၏ မျက်လုံးများထဲမှ သံသယမှာ ပိုမို ခိုင်မာလာလေ၏။
ဘုန်း... ဘုန်း... ဘုန်း...
ချန်းရှောင်ဝေ့သည် ကိုယ်ပိုင် ကြယ်တာရာ အင်အားကို ဖြန့်ကျက်ကာ အကာအကွယ် အလွှာများ ဖြန့်ကျက်လိုက်၏။ သို့သော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ထိုအလွှာအားလုံးက တစ်ခုပြီး တစ်ခု ပေါက်ကွဲ ထွက်ကုန်ကာ လက်သီးမှာ ပိုမို နီးကပ်လာ၏။
“မကောင်းတော့ဘူး...”
ဝေ့ဝူယင်တွင် အစီအစဥ် တစ်ခုခု ရှိကြောင်း သိရှိထားသည့်တိုင် သူမမှာ မကြောက်ရွံ့ပဲ မနေနနိုင်အောင် ဖြစ်နေခဲ့သည်။ ကျင့်ကြံခြင်း အဆင့်များ အကြား၌ ကွာခြားမှုက အလွန် ကြီးမားလွန်းလှသည်။ ထိုအတွေ့အကြုံကို ယနေ့၌ သူမ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရပေသည်။
ဝှစ်...
ရုတ်တရက် ငွေရောင်အလင်း တစ်ခုမှာ လက်သီး၏ အရှေ့၌ ဖျတ်ခနဲ ပေါ်လာခဲ့၏။
ဘုန်း...
***