ရွှေရောင်သဲတိမ်တိုက် ရတနာ(၂)
Vol. 7 Ch. 101
သေသေချာချာကြည့်လျှင် တောင်နံရံထောင့်ရှိ လှိုဏ်ဂူတစ်ခုကို တွေ့ရှိနိုင်
သော်လည်း အဝင်ဝကို သစ်ပင်နွယ်ပင်များဖြင့် ဖုံးအုပ်ထားတာကြောင့် အလွယ်တကူမမြင်နိုင်ပေ။
"ဝိညာဉ်ရေးရာ အနှစ်သာရရဲ့အရင်းအမြစ်က အတွင်းထဲမှာ” အိုက်က ဂူကိုညွှန်ပြပြီး ပြောလိုက်သည်။
လင်းရှန်က ခေါင်းညိတ်ပြပြီး ခြေလှမ်းအနည်းငယ် အမြန်လျှောက်လိုက်သည်။
ခဏစဉ်းစားပြီးနောက် သူက ရပ်လိုက်ကာ လမ်းပြအဆောင်ကို ထုတ်လိုက်သည်။ သူက ထိုအရာကို ဂူဆီသို့ ညွှန်ပြပြီး ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်သည်။
အဆောင်က သူ့ဘာသာသူ မီးလောင်သွားသည်။
လမ်းပြအဆောင်၏အမည်တွင် "လမ်းပြခြင်း" ဟူသော စကားလုံးပါရှိသော်လည်း ၎င်းကို လမ်းပြရန်အတွက် အသုံးချမရပေ။ ယင်းအစား ၎င်းက ပတ်ဝန်းကျင်ရှိ ဝိညာဉ်များ သို့မဟုတ် နတ်ဆိုးများ၏ အန္တရာယ်ရှိသော အငွေ့အသက်ကို ခွဲခြားသိမြင်စေပြီး ရှောင်ရှားနိုင်ဖို့ အသုံးပြုရတာပင်။
အဆောင်မီးလောင်ကျွမ်းသွားသောအခါတွင် ထူးဆန်းသော အတက်အကျတစ်ခု ချက်ချင်းထွက်လာသည်။ အဲ့တာက လင်းရှန်ကို ဗဟိုချက် အနေဖြင့် မီတာ (၁၀၀) အချင်းဝက်အထိ ပျံ့နှံ့သွားပြီး လင်းရှန်၏စိတ်ထဲသို့ အရောင်အဝါ အတက်အကျအားလုံးကို ပို့လွှတ်လိုက်သည်။
ဘာတုံ့ပြန်မှု မရှိခဲ့ပေ။
ဆိုလိုသည်မှာ မီတာတစ်ရာအတွင်း သရဲတစ္ဆေများ၊ ဝိညာဉ်များ၊ နတ်ဆိုးများ မရှိဟု ဆိုလိုတာပင်။
လင်းရှန်ကတော့ သတိရှိနေဆဲဖြစ်သည်။ သူက အိုက်ကို သားရဲသိုလှောင်အိတ်ထဲသို့ ဦးစွာထည့်လိုက်သည်။ ထို့နောက် အတွေးတစ်ခုဖြင့် သူ့ကိုယ်လုံးမှ ကိုယ်ပွါးတစ်ခုကို ခွဲထုတ်ပြီး ဂူဆီသို့ ဂရုတစိုက် လျှောက်သွားလိုက်သည်။
လှိုဏ်ဂူက မကြီးပေ။ အဝင်ဝ နောက်ကွယ်မှာ လူ သုံးယောက်လောက်သာ ယှဉ်သွားလို့ရသည့် လမ်းကြောင်းတစ်ခု ရှိသည်။ နံရံနှစ်ဖက်စလုံးမှာ မြှပ်ထားတဲ့ အမည်မသိ သတ္တုရိုင်းတွေကနေ ဖြာထွက်တဲ့ အလင်းတန်းတွေတော့ ရှိနေသည်။ ဒါကသာ ဂူထဲမှာ တစ်ခုတည်းသော အလင်းရောင်ပင်။
ထိုမီးမှိန်မှိန်သည် လမ်းကြောင်းကို အနည်းငယ် မှုန်ဝါးသွားစေပြီး အလွန်ကြောက်စရာကောင်းလှသည်။
မော့ကြည့်လိုက်တော့ ရှေ့က အမှောင်ထုက ဖိတ်မထားတဲ့ ဧည့်သည် ဝင်လာဖို့ စောင့်နေတဲ့ သားရဲပါးစပ်နဲ့ တူနေသည်။
ကံကောင်းထောက်မစွာပဲ လမ်းကြောင်းသည် မီတာတစ်ရာခန့်သာ ရှိသည်။
၎င်းကို ဖြတ်ကျော်သွားပြီးနောက် ကိုယ်ပွားသည် အတော်လေးကျယ်ဝန်းသော လှိုဏ်ဂူတစ်ခုထဲသို့ ၀င်သွားခဲ့သည်။
ကိုယ်ပွါး အထဲကို ဝင်သွားတော့ ရွှေရောင်အလင်းတန်းများက ချက်ချင်းဆိုသလို စွဲဆောင်လာခဲ့သည်။
ထပ်ကြည့်သောအခါတွင် တောင်နံရံအက်ကွဲကြောင်းများကြားမှ ရွှေခါးပတ်ကဲ့သို့ တောက်ပြောင်နေသော ရွှေရောင်သဲသတ္တုကြောတစ်ခုကို တွေ့လိုက်ရသည်။
မြေပြင်ပေါ်တွင်လည်း ရွှေရောင်သဲများ ပြန့်ကျဲနေသည်။ ၎င်းတို့က ရွှေဒင်္ဂါးပြားများကဲ့သို့ တောက်ပနေပြီး အမှောင်ဂူထဲတွင် အလွန်
မျက်စိစူးစေသည်။
"အဲဒါက..."
လင်းရှန်သည် သူ့ကိုယ်ပွါးကို ရှေ့သို့အနည်းငယ် ဆက်လှမ်းစေပြီး ရွှေသဲတစ်ပိုင်းကိုယူကာ စစ်ဆေးလိုက်သည်။
"ဒါက ရွှေရောင်သဲတိမ်တိုက် ရတနာမလား”
ရွှေရောင်သဲတိမ်တိုက် ရတနာသည် ဝိညာဉ်ရေးရာသဲ အမျိုးအစားဖြစ်သည်။
ဝိညာဉ်ရေးရာသဲသည် ဒြပ်စင်ငါးပါး၏ ကြွယ်ဝသောဝိညာဉ်ရေးရာ အနှစ်သာရများပါရှိသည့် တွင်းထွက်သဲကို ခေါ်တာဖြစ်ပြီး ၎င်းကို အမျိုးမျိုး အသုံးပြုကြသည်။
သက်ဆိုင်ရာ ကျင့်ကြံနည်းစနစ်များပေါ်တွင် အသုံးပြုနိုင်သည်။
အစွမ်းထက်သော ရတနာများနှင့် လက်နက်များကို သန့်စင်ရန်လည်း အသုံးပြုနိုင်သည်။
ကျင့်ကြံသူ သခင်တွေ ဖြတ်ကျော်ကြတဲ့အခါမှာတောင် အထူးဝိညာဉ်ရေးရာသဲကို
အနည်းငယ် ပမာဏလောက်သာ အသုံးပြုကြသည်။
ဝိညာဉ်ရေးရာသဲသည် အလွန်စျေးကြီးသည်။
အနိမ့်ဆုံးအဆင့် ဝိညာဉ်ရေးရာသဲပင် တူညီသောအလေးချိန်ရှိသည့်ရွှေထက် များစွာစျေးကြီးသည်။
ရွှေရောင်သဲတိမ်တိုက် ရတနာသည် နူးညံ့သော်လည်း သံအနက်ကဲ့သို့ မာကျောသည်။ ၎င်းတွင် သဘာဝအတိုင်း သတ္တုစွမ်းအင်များ ပါရှိပြီး မှော်လက်နက်များစွာကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ ပြောစရာမလိုအောင် အလွန်တန်ဖိုးရှိသည်။
ရွှေရောင်သဲတိမ်တိုက်ကို စုဆောင်းပေးပါ ဟူသော မစ်ရှင်တစ်ခု ရှိနေသည်။
အဲ့တာကတော့ မစ်ရှင်ခန်းမမှာပင်
ရွှေရောင်သဲတိမ်တိုက် ၅ ကီလိုဂရမ်က သာမန်အရည်အသွေးအမှတ် ၁ခုနဲ့ ညီမျှသည်။
သူ့ရှေ့ရှိ သတ္တုသွေးကြောသည် အရှည်ငါးမီတာမှ ခြောက်မီတာသာရှိပြီး အနံတစ်မီတာ ရှိသော်လည်း ရွှေရောင်သဲတိမ်တိုက် ၁၅၀မှ ၂၀၀ကီလိုဂရမ်ထိကို အလွယ်တကူ တူးဖော်နိုင်သည်။
အဲ့ထက်တောင် ပိုလျှင် ပိုနိုင်သည်။
အနည်းဆုံးတော့ လင်းရှန်သည် သာမန် အရည်အသွေးအမှတ် ၃၀မှ ၄၀ထိ ရအောင် ယူဆောင်သွားမည်ဖြစ်သည်။ အဲ့တော့ သူက ဘယ်လိုလုပ် မပျော်ဘဲ နေမလဲ။
"ငါချမ်းသာတော့မယ်”
လင်းရှန်သည် လှိုဏ်ဂူအပြင်ဘက်တွင် အသက်ပြင်းပြင်းရှူကာ
စိတ်အားထက်သန်နေမှုကို လျှော့ချထားရသည်။ လှိုဏ်ဂူကို ဂရုတစိုက် စုံစမ်းစစ်ဆေးဖို့ကိုတော့ သူ၏ကိုယ်ပွါးများကို စေလွှတ်ထားခဲ့သည်။
အနီးတစ်ဝိုက် မြေပြင်ပေါ်တွင် ခြေရာ များစွာရှိနေသည်။ ပုံသဏ္ဍာန်အရ ယုန်ခြေရာတွေပင်။
ဂူထောင့်မှာလည်း သားရဲမစင်တချို့ ပြန့်ကျဲနေခဲ့သည်။
ထိုမှလွဲ၍ အခြားသဲလွန်စများ မရှိခဲ့ပေ။
ဤအရာသည် ဘယ်သူမှ မတွေ့သေးသော ရတနာသိုက်ဖြစ်ကြောင်း သိသာသည်။
"ဒီမှာ ရွှေရောင်သဲတိမ်တိုက်တွေ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ။"
လင်းရှန်က သက်ပြင်းချလိုက်သည်။
အိုက်ကြောင့်သာ မဟုတ်ရင် ဒီဂူကို ရှာတွေ့မှာ မဟုတ်ပေ။
လှိုဏ်ဂူထဲသို့ ဝင်ပြီးနောက် လင်းရှန်သည် သူ၏ကိုယ်ပွားကို ထုတ်လိုက်ပြီး မြေပြင်မှ သဲအချို့ကို မကောက်ယူမီ အကြိမ်အနည်းငယ် အပြန်ပြန်အလှန်လှန် ကြည့်နေသည်။
၎င်းသည် ကြီးမားသော အတုံးအခဲမဟုတ်သော်လည်း ဝိညာဉ်ရေးရာနှင့် ပြည့်
နေသည်။ ၎င်းသည် ချောမွေ့လွန်းပြီး ရှင်သန်နေသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်စေသည်။
"ကောင်းတယ်၊ အဲဒါက သာလွန်အဆင့်ရှိတဲ့ရွှေရောင်သဲတိမ်တိုက်ပဲ"
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်ရေးရာသဲကို အထူးကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လက်နက်ဖြင့် တူးဖော်ရန် လိုအပ်ပြီး ထိုမှသာ ၎င်း၏ ဝိညာဉ်ရေးရာ အနှစ်သာရကို ထိခိုက်မှု မဖြစ်စေမှာပင်။ လင်းရှန်သည် သဲသတ္တုကြောကို ရှာတွေ့မည်ဟု မျှော်လင့်မထားသောကြောင့် ထိုကိရိယာကို မပြင်ဆင်ခဲ့ပေ။ သူသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရွှေရောင်သဲများကိုသာ ဦးစွာ ဖယ်ထုတ်ပြီး ကျောင်းသို့ ပြန်သွားကာ ကိရိယာအားလုံးကို စုဆောင်းပြီးမှ ပြန်လာဖို့ ပြင်ဆင်ခဲ့သည်။
"ကံကောင်းတာက ဒီနေရာက အတော်လေးကို ကွယ်နေတာ ။ ဒီဂူကို ဘယ်သူကမှ မတွေ့လောက်ဘူး။"
လင်းရှန်သည် သူ့ဘာသာ ရေရွတ်လိုက်သည်။
မထင်မှတ်ပဲ သူပြောပြီးသည်နှင့် အပြင်မှ ခြေသံများကြားရပြီး အသံအက်အက် တစ်ခုထွက်လာသည်။
"ဒီမှာ ဂူတစ်ခုရှိတယ်။"
နောက်ထပ် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီနေရာက တော်တော်ကို ကွယ်နေပုံရတယ်။ ကောင်းတယ်။ ရက်အနည်းငယ်လောက် ဒီမှာနေပြီးတော့ အပြင်မထွက်နဲ့။ ဘယ်သူမှမတွေ့မိအောင် နေ”
"ဒီမှာ ဘယ်လောက်ကြာကြာ နေရမှာလဲ"
"ဘာတွေ လောနေတာလဲ? ငါတို့က မင်းကို ကတိပေးထားတာပဲလေ။ မင်းကို နဂါးမြို့တော်ကိုပြန်ဝင်လို့ ရအောင်လုပ်ပေးမှာလေ။ ဒါပေမယ့် ကိုယ်ခံပညာတည်မြဲရေးစံအိမ်က မကြာသေးခင်ကမှ တစ်ခုခုကို စီစဉ်နေပုံရတယ်။ အထက်အရာရှိတွေက ငါတို့ကို ပစ်မှတ်ထားနေတယ်လို့ သံသယရှိနေတာမလို့ လောလောဆယ်တော့ စိတ်ဆိုးမာန်ဆိုး မလုပ်နဲ့အုံး။ ဒါပြီးရင် မင်းကို အထောက်အထားအသစ်တစ်ခု စီစဉ်ပေးပြီး မြို့ထဲ ဝင်လို့ရအောင်လုပ်ပေးမယ်”
"မင်း စကားကို တည်မယ်လို့ ငါမျှော်လင့်တယ်”
"စိတ်မပူပါနဲ့။ မင်းကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်ဆီကိုသာ လွှဲပြောင်းပေးမဲ့ အတွေးရှိရင် မင်းမြို့ထဲကို ဝင်နိုင်ဖို့ ငါတို့ အတော်အားစိုက်ထုတ်ခဲ့မှာ မဟုတ်ဘူး။" အေးစက်စက်နဲ့ အသံက ပြောသည်။
နက်နဲသော အသံက လှောင်လိုက်သလိုပင်
"သွေးဝိညာဉ်ဆေးလုံးတွေကို သန့်စင်ဖို့ ကျင့်ကြံသူတွေကို တိတ်တဆိတ် အသုံးပြုနေတယ်လို့ ငါကြားခဲ့တယ်”
သွေးဝိညာဉ်ဆေးလုံး
လင်းရှန် အံ့သြသွားသည်။
ဒီလူနှစ်ယောက်က လောင်ရီနဲ့ ကြံရာပါတွေ ဖြစ်နိုင်လား။
သူ အံဩသွားတဲ့အချိန်မှာပဲ အေးစက်စက်အသံကို ဆက်လက်ကြားလိုက်ရသည်။
"စိတ်မပူပါနဲ့၊ ငါတို့က ကိုယ့်လူတွေကို ဆေးသန့်စင်ဖို့ မသုံးပါဘူး။ ပြီးတော့ ငါတို့နဲ့ပူးပေါင်းပြီး အလှူငွေတွေ အများကြီးထည့်ထားသရွေ့ မင်းသွေးဝိညာဉ်ဆေးလုံးကို စမ်းသုံးကြည့်နိုင်တယ်။ ဟီးဟီး... “
နက်နဲသောအသံသည် ငြင်းဆန်ခြင်းမရှိသော်လည်း သူ့အသက်ရှူသံက အနည်းငယ် ပိုလေးလံလာသည်။
သွေးဝိညာဉ်ဆေးလုံးများက သူ့အတွက် ဆွဲဆောင်မှုရှိနေသည်မှာ သိသာသည်။
သေမျိုး တတိယအဆင့်တွင်ရှိနေဆဲကျင့်ကြံသူများအတွက် ဆေးလုံး၏ အရင်းအမြစ်ကို ဂရုမစိုက်သရွေ့ သွေးဝိညာဉ်ဆေးလုံးသည် အလွန်အဖိုးတန်ပြီး အာဟာရဖြစ်မည်မှာ သေချာသည်။
ခဏအကြာတွင် နက်နဲသောအသံက "ကောင်းပြီ၊ မင်းရဲ့သတင်းကို ဒီကနေ စောင့်နေမယ်”
"ကောင်းပြီ ဒါဆို..."
အေးစက်သောအသံသည် တုန်လှုပ် ချောက်ချားဖွယ် အသံဖြင့် ပြတ်တောက်သွားသည်။
မြွေတစ်ကောင်က လျှာကို ပွတ်နေသလိုပင်
လင်းရှန် နားမလည်နိုင်ခင်မှာ ဂူအပြင်ဘက်ကနေ ဒေါသတကြီးထွက်လာတဲ့အသံကို သူကြားလိုက်ရသည်။
"ဂူထဲမှာ တစ်ယောက်ယောက်ရှိတယ်”
သူစကားပြောပြီးသည်နှင့် မြေပြင်ကို အကြေးခွံများနဲ့ ပွတ်တိုက်နေသကဲ့သို့ စူးစူးရှရှအသံတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်။
တစ်စက္ကန့်မပြည့်မီတွင် အနက်ရောင် အရိပ်တစ်ခုက ဂူထဲသို့ ပြေးဝင်လာသည်။
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် လင်းရှန်သည် ထိုအရာကို လျင်မြန်စွာ မြင်လိုက်ရသည်။ ရေပုံးကဲ့သို့ ထူထဲပြီး အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသော စပါးအုံးမြွေကြီးဖြစ်သည်။
ရွှီ ရွှီ
အနက်ရောင်စပါးအုံးသည် လှိုဏ်ဂူအတွင်းမှ လင်းရှန်ကို လျှင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ မဆိုင်းမတွပင် သွေးဆာနေသော ပါးစပ်ကိုဖွင့်ကာ ခုန်ပေါက်လိုက်သည်။
လင်းရှန်၏နှာခေါင်းထဲသို့ ချက်ချင်းပင် ငါးနံ့သင်းသင်းလေး ဝင်လာသည်။
သူ့အမူအရာက အေးစက်သွားပြီး လေပွေကဲ့သို့ နေရာမှ ထွက်သွားသည်။
နောက်တစ်စက္ကန့်တွင် အနက်ရောင်စပါးအုံးသည် အမြောက်ကျည်ကဲ့သို့ ဂူ၏ ကျောက်နံရံပေါ်သို့ ပြုတ်ကျသွားသည်။ ပေါက်ကွဲသံနှင့်အတူ နံရံသည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲသွားပြီး မရေမတွက်နိုင်သော သဲနှင့် ကျောက်စရစ် အပိုင်းအစများက မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသည်။
အနက်ရောင်စပါးအုံးသည် လင်းရှန်ကို ဆက်လက်တိုက်ခိုက်ခြင်းမပြုမီ ၎င်း၏ခေါင်းကိုသာ ခါယမ်းလိုက်သည်။
"တိုးတက်ခြင်းအဆင့် ဝိညာဉ်ရေးသားရဲ”
လင်းရှန်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နဲ့ပင်။
ဤ အနက်ရောင် စပါးအုံးသည် ယခင်က သူသတ်ခဲ့ဖူးသော ကျားထက် သန်မာသည်။
ကံကောင်းထောက်မစွာပဲ စပါးအုံးကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ဂူထဲဝင်ဖို့ကျ ကြီးလွန်းသဖြင့် အလိုရှိသလောက် လွတ်လွတ်လပ်လပ် မတိုက်ခိုက်နိုင်ပေ။ အဲ့တာက ၎င်း၏ လှုပ်ရှားမှုများကို အဟန့်အတားဖြစ်စေခဲ့သည်။
အပြင်မှာ ရန်သူနှစ်ယောက်ရှိသေးတာကြောင့် လင်းရှန်က မနှောင့်နှေးပေ။ သူသည် သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်ကို တိုက်ရိုက်ပြောင်းလဲခဲ့သည်။ စပါးအုံးကြီး အရှိန်လျှော့သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ၎င်းနောက်မှ လှည့်ပတ်ကာ ခုန်ချလိုက်သည်။ သူသည် လက်ဖဝါးကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ၎င်းက ပြင်းထန်စွာ တိုက်ခတ်သွားသော လေလှိုင်းတစ်ခုထက် ပိုနေသည်။
ဘုန်း
စပါးအုံးသည် အချိန်မီ မရှောင်နိုင်ဘဲ ဦးခေါင်းကို ထိမှန်သွားခဲ့သည်။
ကျောက်တုံးများကို ဖြိုခွဲနိုင်လောက်အောင် ခိုင်ခံ့သော အကြေးခွံများသည် အရည်ပျော်ခြင်း၏ ရှေ့တွင် တိုဟူးကဲ့သို့ နုနယ်သွားသည်။ ပြင်းထန်သော အပူချိန်ကြောင့် အကြေးခွံများ ချက်ချင်း အရည်ပျော်ပြီး မီးလောင်ကျွမ်းကာ တောက်လောင်နေသော ဝိညာဉ်ရေး ရာအနှစ်သာရသည် စပါးအုံးနက်၏ ခေါင်းထဲသို့ ဝင်သွားသည်။
စပါးအုံးကြီး၏ ဦးခေါင်းပတ်လည်ရှိ အကြေးခွံများသည် ချက်ချင်းပေါက်ကွဲသွားပြီး သွေးမှုန်များက လေထဲတွင် ပြည့်လျှံကာ ဂူကို အနီရောင် ဆေးဆိုးထားလိုက်သလိုပင်။
ဧရာမစပါးအုံးမြွေကြီးသည် ကြိမ်ဖန်များစွာ လှုပ်ယမ်းပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ မလှုပ်မယှက်နဲ့ အသက်မဲ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ
လင်းရှန်၏ စိတ်ထဲတွင် အချက်အလက်များစွာ ပေါ်လာသည်။ ဒါဟာ အရည်ပျော်ခြင်းကို နားလည်သဘောပေါက်တာပင်။
ထို့အပြင် အချက်အလက်သိပ်သည်းဆသည် ယခင်ထက် နှစ်ဆလောက် များသည်။
သူက မျက်နှာပြင်ကို ဆင့်ခေါ်လိုက်ပြီး အရည်ပျော်ခြင်းက "ကျွမ်းကျင်အဆင့် ၈၆%" မှ "အထူးကျွမ်းကျင့်အဆင့် ၁%" သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
တခဏချင်းမှာပဲ သူ့ရဲ့ ကျင့်ကြံမှုက ၁၅% တိုးလာလေ၏
လင်းရှန်က ဝမ်းသာသွားသည် ။
ထိုအချိန်တွင် လူနှစ်ယောက်က ရုတ်တရက် ဂူထဲသို့ ပြေးဝင်လာသည်။
စပါးအုံးကြီး၏ ဦးခေါင်းက မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသောအခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။
သူတို့ထဲက တစ်ယောက်က လင်းရှန်ကို ထိတ်လန့်စွာ ကြည့်ပြီး ဒေါသကြောင့် အံကြိတ်လိုက်သည်။
"ဒီခွေးကောင်က ဘယ်ကလာတာလဲ။ သူက ငါ့ရဲ့ အကြွေးခွံ့နက် စပါးအုံးမြွေကို ဘယ်လိုသတ်ရဲတာလဲ။"