← Chapters

ကောင်းကင် အုပ်စိုးသူတို့၏ တိုက်ပွဲ

Vol. 16 Ch. 216

ကောင်းကင် အုပ်စိုးသူတို့၏ တိုက်ပွဲ

Vol. 16 Ch. 216

ဖြစ်ပေါ်လာသော ပေါက်ကွဲမှုသည် အလွန် ပြင်းထန်လှပြီး ခရမ်းရောင် လေပြင်းလှိုင်း တစ်ခုက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော ပရိသတ်များမှာ ထိုလေပြင်းလှိုင်း၏ ရိုက်ခတ်မှု ဒဏ်ကို ခံရကာ ဖရိုဖရဲ လွင့်စဥ် သွားကြ၏။

ကီလိုမီတာ ဒါဇင်ချီ အကွာအဝေးတွင် ရှိနေသည့်တိုင် သူတို့ အားလုံးမှာ ထိုဒဏ်ကို ခံလိုက်ရပေသည်။ မင်းသား ရွှယ်ယုသည် သူ၏ သားရဲထက်မှ လွင့်စဥ်ကာ အခြား သားရဲများနှင့် ဝင်တိုက်မိသွားသည်။ သူ၏ ကိုယ်ရံတော်များသည် အတတ်နိုင်ဆုံး ကာကွယ်ရန် ကြိုးစားကြသည့်တိုင် သူတို့ ကိုယ်တိုင် ပင်လျှင် ဟန်ချက် မထိန်းနိုင်ပဲ ဖြစ်နေခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် ဝတ်ဆင်ထားသည့် တော်ဝင်ဝတ်ရုံမှ အသက်ကယ် ဝင်္ကပါများ အချိန်မီ အသက်ဝင်လာသောကြောင့် တော်သေးသည်။

ဝှစ်...

တော်ဝင်ဝတ်ရုံသည် ရွှယ်ယုကို သစ်ရွက်တစ်ရွက် အလား ပေါ့ပါးစေကာ အန္တရာယ် ကင်းသော နေသော အထိ သယ်‌ဆောင်သွားသည်။

အချို့လူများမှာမူ သူ့လောက် ကံမကောင်းကြချေ။ မြေပြင်သို့ ပြုတ်ကျလျှင် ကျ၊ မကျလျှင်လည်း အခြား သားရဲများနှင့် ဝင်ရောက် တိုက်မိပြီး သွေးမြူများ အဖြစ် ပေါက်ကွဲသွားကြသည်။ တစ်ခဏအတွင်းပင် သေဆုံးမှုမှာ ရာဂဏန်း အထိ ရောက်ရှိသွားသည်။

အဘိုးအိုမှာ နယ်စားကြီးကျိုး၏ မဆင်မခြင် လုပ်မှုအတွက် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲ လိုက်မိသည်။ သူသည် အလျှင်အမြန်ပင် တုန့်ပြန်ကာ ကြယ်တာရာ အင်အားဖြင့် အကာအကွယ် တစ်ခု ဖန်တီးလိုက်သည်။ ထိုအကာအကွယ်သည် သူနှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်ကို လွှမ်းခြုံသွားကာ လေလှိုင်းကို အသာအယာပင် ချိုးဖျက် ပစ်လိုက်၏။

တစ်ချိန်တည်း၌ အဘိုးအိုသည် လက်လှမ်းမှီသမျှ ပတ်ဝန်းကျင်ရှိ လူအချို့ကိုပါ သူတို့ အကာအကွယ် အတွင်း ဆွဲသွင်းလိုက်၏။ သူ သူတော်စင် တစ်ပါး သဖွယ် ပြုမူကာ အသက်များကို ကယ်တင်နေစဥ်တွင် နယ်စားကြီးကျိုးက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“ဘယ်သူလဲ...”

သူ၏ မျက်နှာနှင့် ကိုယ်ဟန် အမူအရာက သတိတရားဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ ချန်းရှောင်ဝေ့သည် အရိပ်နက် သိမ်းငှက်ထက်၌ ထိုင်ရင်း လက်ဖျားများ အေးစက်နေ၏။ သူမသည် နီးကပ်သော သေခြင်းတရားနှင့် အတူ ကြယ်တာရာ အမြုတေ အဆင့်တစ်နှင့် အဆင့်နှစ် အကြားမှ ကွာခြားချက်ကို  မြင်ခဲ့ရသည်။ မည်မျှ ကြီးကျယ်လိုက်သနည်း။ ထိုအခိုက်အတန့်၌ သူမသည် ကိုယ့်ကိုယ်ကို ပုရွက်ဆိတ် တစ်ကောင်လိုပင် ခံစားခဲ့ရသည်။

အမှန်တကယ်အားဖြင့် ထိုအရာက သူမ၏ အမှား မဟုတ်ပါချေ။ သူမ၏ ကျင့်ကြံခြင်း အခြေခံက နယ်စားကြီးကျိုးနှင့် ယှဥ်လျှင် အတော်လေး အားနည်းလှသည်။ ဥပမာအားဖြင့် နယ်စားကြီးကျိုး၏ ဇာတိ ဝိညာဥ် သေမျိုး အဆင့် ခုနစ်သို့ ‌ရောက်ရှိနေချိန်တွင် သူမ၏ ဇာတိ ဝိညာဥ်ကမူ အဆင့်လေးတွင်သာ ရှိသည်။ ထိုအရာက ကြယ်တာရာ အမြုတေ အလွှာကို ရောက်ရှိရန် အဆင့်မှီရုံမျှသာ ဖြစ်၏။ အကယ်၍ ကျင့်ကြံခြင်း အဆင့် တူညီလျှင်ပင် သူမ အနေဖြင့် နယ်စားကြီးကျိုးကို ယှဥ်နိုင်ဖို့ မလွယ်ချေ။

“ဟဟ... အချိန်မီပဲ...”

ထွက်ပေါ်လာသော ပေါ့ပေါ့ပါးပါး ရယ်မောသံကြောင့် နယ်စားကြီးကျိုး၏ မျက်လုံးများက ပိုမို ကျဥ်းမြောင်း သွားသည်။ သန့်ရှင်း ဖြူစင်သော အရောင်အဝါနှင့် အတူ အရပ်ရှည်ရှည်၊ ခြေဖလာ၊ ငွေရောင် ဆံပင်များ ပိုင်ရှင် တစ်ယောက်မှာ သူ၏ အရှေ့တွင် ပေါ်လာခဲ့၏။ ၎င်း၏ သွေးရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ အထင်သေးခြင်း အပြည့်ဖြင့် သူ့အား လှမ်းကြည့်နေခဲ့သည်။

နယ်စားကြီးကျိုး၏ နှလုံးသားက တဒိုင်းဒိုင်း ခုန်သွား၏။ သူ မရည်ရွယ်ပါပဲ အလိုအလျောက်ပင် လက်သီးကို ဆုပ်ကာ ကြယ်တာရာ အင်အားကို လှည့်ပတ်လိုက်မိသည်။

“သခင်... အဆင်ပြေလား...”

ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်သော အခိုက်၌ ကျူးဟိုင်၏ သွေးရေင် မျက်လုံးများက တည်ငြိမ်ကာ လေးစားမှုများနှင့် ပြည့်နှက်သွားသည်။

ဝေ့ဝူယင်က ခေါင်းညိတ် ပြလိုက်၏။ အရိပ်နက် သိမ်းငှက်သည် အလွန် ကြောက်ရွံ့နေဟန် ရကာ ချန်း‌‌ရှောင်ဝေ့၏ အမိန့်ကိုပင် မစောင့်တော့ပဲ ဝေ့ဝူယင်တို့ကို သယ်‌ဆောင်လျှက် ခပ်လှမ်းလှမ်း တစ်နေရာသို့ ပျံသန်းသွားလေတော့သည်။

ကျူဟိုင်သည် ဆုတ်ခွာသွားသည့် ဝေ့ဝူယင်တို့ကို တဒင်္ဂမျှ ငေးကြည့်ပြီးနောက် နယ်စားကြီးကျိုးတို့ ဘက်သို့ ပြန်လှည့်လိုက်လေသည်။

သခင်...

နယ်စားကြီးကျိုးမှာ မျက်မှောင်ကြုတ်နေ၏။ ထိုရှို့ရန်က မျက်နှာဖုံးတပ် အဂ္ဂိရတ် အရှင်၏ လက်ထောက်လော။ သူက လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရာ ကောင်းကင်ရှိ ချီစွမ်းအင်များမှာ မုန်တိုင်းတစ်ခု အလား စုဝေးလာပြီး အောက်ရှိ မြေပြင်ပင်လျှင် တုန်ခါသွားသည်။

ကြယ်တာရာ ကျင့်စဥ်... မဟာ လက်သီး...

သူသည် ကြယ်တာရာ အင်အားများကို သုံးလျှက် အစွမ်းကုန် ထိုးနှက်လိုက်၏။ ချက်ချင်းပင် လေထုထဲ၌ လက်သီး ပုံရိပ်ကြီး ဖြစ်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်နိုင်သည့် စွမ်းအားအား သယ်ဆောင်လျှက် ကျူးဟိုင်ထံ ကျဆင်းသွားတော့သည်။

ကျူးဟိုင်မှာ အေးစက်စက် နှာခေါင်းရှုံ့ကာ လက်ငါးချောင်းကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ သူ၏ လက်သည်းများက အလွန် ထက်မြိသော ဓားများ အလား ရှည်ထွက်လာကာ မီတာတစ်ရာခန့် အထိ ရောက်ရှိသွားသည်။ ၎င်းတို့သည် လက်သီးပုံရိပ်ကို တိုက်ရိုက်ပင် ခြောက်ပိုင်း ပိုင်းပစ်လိုက်၏။

မဟာ လက်သီးမှာ ထိုချောမောသော ရှို့ရန်နှင့် ရင်ဆိုင်ရာ၌ အသုံးမဝင်ကြောင်း မြင်တွေ့လိုက်ရရာ နယ်စားကြီးကျိုး၏ အမူအရာက ပြောင်းလဲသွားသည်။ သူသည် ချက်ချင်းပင် နောက်ထပ် တိုက်ခိုက်မှု တစ်ခုအား ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်၏။

ကြယ်တာရာ ကျင့်စဥ်... ကောင်းကင်သို့ ခြေလှမ်း

ခြေတစ်လှမ်းဖြင့်ပင် သူသည် ကျူးဟိုင်နှင့် နီးကပ်သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ တစ်ချိန်တည်း၌ သူ၏ လက်သည် ချိပ်တံဆိပ် ပုံစံ အမျိုးမျိုး ပြောင်းလဲနေပြီး သေခြင်း၏ ဓားသွားများ ကဲ့သို့ ထက်ရှသော အလင်းလှိုင်းများကို ထုတ်ဖော်နေ၏။

ကြယ်တာရာ ကျင့်စဥ်... အလင်းလှိုင်း

ဘုန်း....

ထိုအလင်းလှိုင်းများက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကျူးဟိုင်ထံ တိုးဝင်သွား၏။ သို့သော်လည်း ပစ်မှတ်သို့ မရောက်ခင်မှာပင် ၎င်းတို့က တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားကာ ပိုမို ကြီးမားသော လှိုင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ကျူးဟိုင်၏ မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်းသွား၏။ သူက နောက်ဆုတ်ရန် ကြံစည်လိုက်သော်လည်း ထိုအလင်းလှိုင်းကြီးက အလွန် လျှင်မြန်လွန်းသည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ၎င်းမှာ သူနှင့် လက်မ အနည်းငယ် အကွာအဝေး အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်နှင့် ကျူးဟိုင်၏ မျက်နှာထက်တွင် မိုက်ရူးရဲဆန်သော အရိပ်အယောင်များ ယှက်သမ်းလာသည်။ သူ ကျယ်လောင်စွာ အော်ဟစ် မာန်သွင်းရင်း လက်သီးချက်များကို တစ်ချက်ပြီး တစ်ချက် ထိုးနှက်လိုက်လေတော့၏။

ကြယ်တာရာ ကျင့်စဥ်... အနန္တ မဟာ လက်သီး...

တစ်စက္ကန့်မျှ အတွင်းမှာပင် သူသည် လက်သီးကိုးချက် တိုင်တိုင် ထိုးခဲ့ပြီး ဖြစ်၏။ လက်သီးချက်များသည် လေထုတွင်ပင် တစ်ခုနှင့် တစ်ခု ပူးပေါင်းသွားကာ အလင်းလှိုင်းကြီးကို တိုက်ရိုက် ရင်ဆိုင်လေ၏။

ဘုန်း...

စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ကြရာ အလွန် ပြင်းထန်လှသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် လှိုင်းတစ်ခု အနေဖြင့် ပျံ့နှံ့ကာ ပတ်ဝန်းကျင် ကီလိုမီတာ ရာချီကို ရိုက်ခတ်သွားလေ၏။ ကံကောင်းမထောက်မစွာပင် ယခုတစ်ကြိမ်တွင်တော့ ပရိသတ်များမှာ ကြိုတင်ပြင်ဆင်ခဲ့ကြပြီး ဖြစ်လေသည်။ မ‌ရေမတွက်နိုင်သော အကာအကွယ် ဝင်္ကပါများနှင့် အစီအရင်များသည် အစီအရီပင် အသက်ဝင်လာကာ လှိုင်းတံပိုးများကို ကာကွယ်ပေး၏။

ဘုန်း... ဘုန်း... ဘုန်း...

ကြယ်တာရာ အမြုတေ အဆင့်နှစ် ကောင်းကင် အုပ်စိုးသူ နှစ်ယောက်မှာ ကောင်းကင်တွင် အဆက်မပြတ်ပင် ဆက်လက် တိုက်ခိုက်နေကြ၏။ ကောင်းကင်နှင့် လေထုအတွင်းရှိ ချီစွမ်းအင်များမှာ ပရမ်းပတာ ဖြစ်နေကာ အောက်ရှိ မြေပြင်မှာလည်း အပျက်အစီးများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲအရှိန်မှာ ပို၍ ပို၍ပင် မြင့်တက် လာနေကာ ဘယ်တော့မှ အဆုံးသတ်တော့မည့်ပုံ မရှိချေ။

သို့သော်လည်း အချိန်တိုင်း၌ နယ်စားကြီးကျိုး၏ နှလုံးသားမှာ ကြောက်ရွံ့မှုများနှင့် တိုး၍ ပြည့်နှက်လာနေခဲ့သည်။ ထိုရှို့ရန်၏ လက်သည်းချက်များက မသေမျိုး တစ်ယောက်နှင့် တိုက်ခိုက်ရသည့် အလား ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူသည် ကျူးဟိုင်၏ တိုက်ခိုက်မှု တစ်ခုချင်းစီကို ခုခံရန် သို့မဟုတ် ပြန်လှန် တိုက်ခိုက်ရန် စက္ကန့်တိုင်း၌ အင်အား အပြည့်ကိုပင် သုံးနေရသည်။

နယ်စားကြီးကျိုး နှုတ်ခမ်းကို ကိုက်လိုက်ရင်း နောက်ဆုတ်ရန် အစီအစဥ် အချို့ ချမှတ်လိုက်သည်။ ထိုအချိန်တွင်ပင် သူ၏ ဆက်သွယ်ရေး သလင်းကျောက်သည် လင်းလက်လာကာ အခြား ကြယ်တာရာ အမြုတေ အဆင့်များထံမှ လာသည့် စာ အမြောက်အများကို လက်ခံရရှိလိုက်သည်။ သူတို့သည် သူ့အား အဘယ်ကြောင့် ယခုကဲ့သို့ ပြုမူရသည်ကို မေးမြန်းနေကြသည်။

နယ်စားကြီးကျိုး အဖြေပြန်ပေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ကျူးဟိုင်မှာ သူ၏ အရှေ့နားသို့ အရိပ်တစ်ခု သဖွယ် ရောက်ရှိလာပြန်၏။

ဟမ်...

သူ၏ ခန္ဓာကိုယ်ထက်တွင် ရည်ရွယ်ချက်များ ပါဝင်နေသည့် ကောင်းကင်ဖိအား တစ်ခုက လာရောက် ရစ်နှောင်နေသည်ကို သတိပြုမိလိုက်ရာ နယ်စားကြီးကျိုး၏ မျက်လုံးများက အပ်နဖား တစ်ခုသဖွယ် ကျဥ်းမြောင်းသွားသည်။ သူ ချက်ချင်းပင် ဝိညာဥ်အင်အားကို ဆန့်ထုတ်ကာ ထိုလွှမ်းမိုးမှုကို ပယ်ဖျက်ရန် ကြိုးစား လိုက်၏။ သို့သော်လည်း ကျူးဟိုင်၏ လက်သီးများကား သူ့ထံသို့ ကျရောက်လာနေခဲ့ချေပြီ ဖြစ်လေသည်။

နယ်စားကြီးကျိုးက လက်တစ်ဖက်ကို ဆန့်ထုတ်လျှက် ကြယ်တရာ အကာအကွယ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ထိုအကာအကွယ်မှာ ကျူးဟိုင်၏ လက်သည်းများကို တစ်စက္ကန့်၏ အပုံ တစ်ရာပုံ တစ်ပုံပင်လျှင် ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။ ချက်ချင်းပင် သွေးမိုးများမှာ‌ နေရာအနှံ့ ပြန့်ကျဲ သွား၏။

အား...

နယ်စားကြီးကျိုးမှာ အော်ဟစ်ရင်း ကောင်းကင် အမြင့်သို့ ဦးတည် ဆုတ်ခွာလိုက်၏။ သူ၏ ဘယ်ဘက် အင်္ကျီလက်အိုးမှာ လေနှင့် အတူ တဖျပ်ဖျပ် လှုပ်ခါရင်း သွေးများနှင့် စေးကပ်နေသည်။ ထိုအခိုက်၌ သူသည် ကျူးဟိုင်နှင့် သူ့အကြား၌ မည်မျှ ကွာခြားကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

ထိုရှို့ရန် မျိုးနွယ်သည် အနီးကပ်တိုက်ပွဲများ အတွက် အထူးလေ့ကျင့်ထားသူ ဖြစ်သည်။ ထို့အပြင် သူသည် အဆင့်တူ ပြိုင်ဘက်တိုင်းကို အနိုင်ပိုင်းရန် လုံလောက်သည့် ရည်ရွယ်ချက် နှစ်ခုကိုလည်း အောင်မြင်ထားသေးသည်။ သူကား ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးတစ်ကောင် ဖြစ်၏။

နယ်စားကြီးကျိုးသည် ဝိညာဥ်အင်အားကို ကောင်းကင်သို့ ထုတ်လွှတ်လျှက် အနန္တဧကရာဇ်ဂိုဏ်းမှ လာသည့် စောင့်ရှောက်သူထံ အကူအညီ တောင်းခံလိုက်သည်။ တစ်ချိန်တည်း၌ သူသည် အလွန် မြန်ဆန်သော အရှိန်ဖြင့် သွေးပန်းပဲဖို မျှော်စင်ဆီသို့ ဦးတည်နေ၏။

သို့သော်လည်း နောက်သို့ လှည့်ကြည့်လိုက်သော အခိုက်၌ ကျူးဟိုင်မှာ သူနှင့် လက်မ အနည်းငယ် အကွာအဝေးတွင် ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ သူ၏ သွေးရောင် မျက်လုံးများက သူ့အား‌ သေလူ တစ်ယောက် ကဲ့သို့ ကြည့်နေခဲ့၏။

နယ်စားကြီးကျိုးမှာ ထိုအကြည့်ကြောင့် မထိန်းချုပ်နိုင်အောင် တုန်လှုပ်သွားခဲ့သော်လည်း မကြာခင်မှာပင် ထိုခံစားချက်က ပျောက်ဆုံးသွားသည်။ ထိုခံစားချက်သာလျှင် မက အရာအားလုံးကို သူ ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်ပေသည်။

ဘုန်း...

ပေါက်ကွဲသံ တစ်ခုနှင့် အတူ သူ၏ အမြင်အာရုံသည် ရုတ်ချည်းပင် အမှောင်ထု တစ်ခုထဲသို့ ကျဆင်းသွား၏။ တစ်ချိန်တည်း၌ သူ၏ အသွေးအသားများက သွေးမြူတစ်ခု အဖြစ် ပေါက်ကွဲသွားကာ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းများမှာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ ပြုတ်ကျသွားသည်။

မနီးမဝေး တစ်နေရာ၌ ဝေ့ဝူယင်သည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စာတစ်စောင် ပို့လိုက်သည်။

“မင်းအလှည့်ရောက်ပြီ...”

***

All Chapters