သွေးပန်းပဲဖို ဧကရာဇ် ရွှယ်ထျန်း
Vol. 16 Ch. 217
တိုက်ပွဲ ပြီးဆုံးသွားသည့် စက္ကန့်ပိုင်း အတွင်းမှာပင် ပုံရိပ် နှစ်ခုမှာ ထိုနေရာသို့ ရောက်ရှိလာ၏။ သူတို့သည် အာရုံခြောက်ပါးကို ဖြန့်ကျက်ရင်း ကီလိုမီတာ ဆယ်ဂဏန်းခန့်ကို လေ့လာလိုက်ကြသည်။ သို့သော်လည်း သူတို့ တွေ့ရသမျှက အပျက်အစီးများသာ ဖြစ်နေ၏။ သွေးပြာခြံဝန်းမှ စစ်သည်တော်များ အပါအဝင် များစွာသော သက်ရှိများမှာ ပြန့်ကျဲသေဆုံးနေကြကာ ထိုအထဲတွင် နယ်စားကြီးကျိုးလည်း ပါဝင်နေပေသည်။
“ဟင်း...”
စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်နှက်နေသည့် သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာ၏။ သူကား သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ စောင့်ရှောက်သူ ချီလန်းပင် ဖြစ်လေသည်။
ကျင့်ကြံခြင်း လောက၌ အသက်များသည် လျှင်မြန်စွာ ပျောက်ဆုံးသွားတတ်သလို နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော အင်အားစုကြီးများမှာလည်း တစ်ညတာ အတွင်း ပျက်စီးသွားတတ်သည်။ ကံဆိုးစွာပင် နယ်စားကြီးကျိုးသည် ဝေ့ဝူယင်၏ နယ်ရုပ်တစ်ရုပ် ဖြစ်ခဲ့ရပြီး ရှုပ်ထွေးသော အကြံအစည်များ အကြားတွင် သားကောင် တစ်ကောင်လို အသက်ပေး သွားခဲ့ရသည်။
ချီလန်း၏ နံဘေးတွင်မူ သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ် တစ်ယောက် ရှိ၏။ သူ၏ မျက်ခုံးများက ထူထဲ နက်မှောင်ကာ အသားအရေမှာ အထူးတလှယ် ချောမွတ်ခြင်း မရှိချေ။ သူ၏ ရုပ်ရည် သွင်ပြင်က သာမန်မျှသာ ဖြစ်သော်လည်း ဦးခေါင်းထက်၌ ဆောင်းထားသော သရဖူက သူ၏ အဆင့်အတန်းကို ကွက်ကွက်ကွင်းကွင်းပင် ဖော်ပြနေသည်။ ထိုပုဂ္ဂိုလ်မှာ သွေးပန်းပဲဖို ဧကရာဇ် ရွှယ်ထျန်းမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါတော့မည်နည်း။
ဟူး... ဟူး...
သွေးမြစ်တစ်စင်းသည် ရွှယ်ထျန်း၏ ပတ်လည်တွင် ဝန်းရံကာ စီးဆင်းနေ၏။ သူ၏ သွေးရောင် မျက်လုံးများက ရန်လိုမှုနှင့် ဒေါသတရားတို့ကို သယ်ဆောင်ထားသည်။ နယ်စားကြီးကျိုးသည် သူ၏ နောက်လိုက်တစ်ယောက် ဖြစ်ပြီး သူ့အပေါ် အကြွင်းမဲ့ သစ္စာခံသူလည်း ဖြစ်သည်။ ယခုတွင်မူ ကျွန်အိုကြီးမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရချေပြီ။
ရွှယ်ထျန်း၏ မျက်လုံးများက အဆက်မပြတ် ရွေ့လျားသွားကာ ကျူးဟိုင်ထံ၌ နောက်ဆုံး ရပ်တန့်သွားသည်။ ထိုအခိုက်၌ ကျူးဟိုင်သည် တောင်ထွတ်တစ်ခုပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရပ်နေခဲ့၏။ သူ၏ ရုပ်သွင်က အလွန် ချောမောကာ အင်္ကျီလက်အိုးများမှာ လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေသည်။ သူအား ကြည့်ရသည်က ဘာကိုမှ အမှုထားဟန် မရသည့် သူဌေးသား တစ်ဦး အလားပင်။
ရွှယ်ထျန်းသည် တစ်ချက် ကြည့်ရုံဖြင့်ပင် နယ်စားကြီးကျိုးအား သတ်ဖြတ်ခဲ့သူက ကျူးဟိုင် ဖြစ်ကြောင်း အကဲခတ် လိုက်နိုင်သည်။ မျက်စိတစ်မှိတ်စာ အတွင်းမှာပင် သူသည် မူလနေရာမှ ပျောက်ကွယ်ကာ ကျူးဟိုင်၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ၏ နတ်ဘုရား တစ်ပါး အလား လှုပ်ရှားမှုက များစွာသော ပရိသတ်များကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။
သို့သော်လည်း ယင်းက ကျူးဟိုင်အတွက်တော့ ရယ်စရာ သာသာ ဖြစ်သည်။ သူက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ရွှယ်ထျန်းကို မျက်နှာချင်း ဆိုင်လိုက်သည်။ ထိုသွေးပန်းပဲဖို ဧကရာဇ်သည် သူ သတ်ဖြတ်ခဲ့ဖူးသည့် လူပေါင်းများစွာထက်ပင် ပိုမို အားနည်းပေသည်။
ကျူးဟိုင်သည် ဝေ့ဝူယင် မည်သည့် အရာများကို ကြံစည်နေကြောင် မသိသလို ဂရုလည်း မစိုက်ချေ။ သူ၏ ရည်ရွယ်ချက်က လက်သည်းနှင့် အစွယ်များ ဖြစ်ပေးရန် ဖြစ်ပြီး ထိုဘဝကို သူ ပျော်ရွှင်သည်။ ဝေ့ဝူယင်က သတ်ဆိုပါက သူ သတ်လိမ့်မည် ဖြစ်ပြီး ရပ်ဆိုလျှင်လည်း သူ ရပ်ရပေမည်။ သူ၏ ဘဝက ထိုမျှအထိ ရိုးရှင်းလှ၏။
ရွှယ်ထျန်းမှာ ကျူးဟိုင်၏ တည်ငြိမ်သော အမူအရာကြောင့် မျက်မှောင်ကြုတ်သွားသည်။
“မင်းက ဘယ်သူလဲ...”
တစ်ချိန်တည်း၌ သူသည် ကောင်းကင်ဖိအားကို အသုံးပြုကာ ကျူးဟိုင်အား ဖိနှိပ်ရန် ကြိုးစားလိုက်၏။ ကောင်းကင် အုပ်စိုးသူ တစ်ယောက် အနေဖြင့် သူ ထုတ်လွှတ်လိုက်သော ဖိအားက တောင်တစ်လုံးကိုပင် ချေမွှ ပစ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ကျူးဟိုင်၏ အရှေ့တွင်မူ ထိုအရာက အသုံးမဝင်ခဲ့ချေ။
ကျူးဟိုင်သည် တည်ငြိမ်စွာ ရပ်နေကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်က သူ၏ ကိုယ်ပိုင် ကောင်းကင်ဖိအားနှင့် ချိတ်ဆက်နေသည်။ ၎င်းသည် အလွန်အမင်း ထက်ရှကာ ရွှယ်ထျန်း ထုတ်ဖော်သမျှ ဖိအားအားလုံးကို ဖျက်ဆီး ပစ်နေခဲ့၏။
ရည်ရွယ်ချက်....
ရွှယ်ထျန်း၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်း အငွေ့အသက် အချို့ ပေါ်လာခဲ့၏။ နယ်စားကြီးကျိုး အသတ်ခံရခြင်းမှာ မထူးဆန်းတော့ချေ။
ချီလန်းသည် ခပ်လှမ်းလှမ်းမှ နေ၍ ထိုမြင်ကွင်းကို လှမ်းကြည့်နေ၏။ သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ရွေ့လျားသွားကာ အရိပ်နက် သိမ်းငှက်အပေါ်တွင် ထိုင်နေသည့် ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားသည်။ သူ၏ နှလုံးသားက တဒင်္ဂမျှ တုန်ရီသွား၏။ ဝေ့ဝူယင် မည်သည်ကို ကြံစည်နေကြောင်း သူ မသိသော်လည်း သွေးပန်းပဲဖို ဧကရာဇ် အနေဖြင့် စကားပြော မတတ်ပါက ပျက်စီးဆုံးရှုံးသွားနိုင်ကြောင်းကိုတော့ သူ ကြိုတင် ရိပ်မိပေသည်။
ရွှယ်ထျန်းသည် ချီလန်းကို တစ်ခုခု ပြောစေလိုသော ရည်ရွယ်ချက်ဖြင့် လှမ်းကြည့်လိုက်၏။ သို့သော်လည်း ချီလန်းမှာ ငေးငိုင်ကာ တစ်စုံတစ်ရာကို စဥ်းစားနေဟန် ရသည်။ သူ ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ အကယ်၍ ရွှယ်တိုင်းပြည်၏ ဗဟို သွေးပန်းပဲဖိုမြို့တော်တွင် ဆိုပါက သူ ကျူးဟိုင်ကို မကြောက်ချေ။ ထိုနေရာတွင် သွေးပန်းပဲဖို ဧကရာဇ် အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့သည့် ကြယ်တာရာ အစီအရင် တစ်ခု ရှိပေသည်။ ကြယ်တာရာ အမြုတေ အဆင့်သုံးများပင်လျှင် ကျူးကျော် တိုက်ခိုက်ရန် ကြိုးစားပါက အသက်စွန့်ရ ပေလိမ့်မည်။
သို့သော်လည်း သူသည် သွေးပြာစီရင်စုနယ် အတွင်း ရောက်ရှိနေခဲ့သည်။ ကံကောင်းထောက်မစွာပင် ကျူးဟိုင်က သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ရုတ်သိမ်းကာ သူ့အား စကားပြောလာခဲ့သည်။
“ကျုပ်က ကြေးစား သက်တော်စောင့် တစ်ယောက်ပဲ... နယ်စားကျိုးက ကျုပ်အလုပ်ရှင်ရဲ့ အသက်ကို ခြိမ်းခြောက်ဖို့ ကြိုးခဲ့တယ်... အခကြေးငွေ ယူထားတဲ့ လူတစ်ယောက် အနေနဲ့ အဲဒီ ခြိမ်းခြောက်မှုကို ဖယ်ရှားပေးဖို့ ကျုပ်မှ တာဝန်ရှိတယ်... အဲဒီ တာဝန်အတိုင်း ကျုပ် လုပ်ခဲ့ရုံပဲ... နောက်ပြီး ရွှယ်တိုင်းပြည်ဟာ ကျုပ်အလုပ်ရှင်ကို သတ်ချင်နေတယ်လို့ သူက လူသိရှင်ကြား ကြေညာခဲ့သေးတယ်”
ရွှယ်ထျန်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ ဝေ့ဝူယင်တို့ဘက်သို့ လှမ်းကြည့်လိုက်သည်။ နယ်စားကြီးကျိုးက အဘယ်ကြောင့် ထိုပုဂ္ဂိုလ်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သနည်း။ သူ သိထားသလောက် ဆိုလျှင် နယ်စားကြီးကျိုးသည် အကြောင်းရင်း ခိုင်ခိုင်လုံလုံ မရှိပဲ ဘယ်တော့မှ လုပ်တတ်သူ တစ်ယောက် မဟုတ်ချေ။
သူ ဝေ့ဝူယင်ထံသို့ သွားရောက် စစ်မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ချီလန့်မှာ သူ့အား ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လာ၏။
“ရွှယ်ထျန်း... သူက အနန္တဧကရာဇ်ဂိုဏ်းက လာတဲ့ ကောင်းကင်ဧကရာဇ် ဝေ့ဝူယင်ပဲ... သူက ကုန်းမြေတိုက်ကြီးတွေကို ရှာဖွေဖို့ အပန်းဖြေ ခရီးထွက်နေတာ... ဂရုစိုက်ပြီး ဆက်ဆံ”
ထိုအသံက ရွှယ်ထျန်း၏ စိတ်အား မိုးကြိုးပေါင်းတစ်ထောင် ပစ်ခတ်လိုက်သလို ဂယောင်ချောက်ချား ဖြစ်သွားစေ၏။ အကယ်၍ အခြားတစ်ယောက်သာ ထိုစကားကို ပြောြခင်း ဆိုပါက သူ လုံးဝ ယုံလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချီလန်းမှာ အနန္တဧကရာဇ်ဂိုဏ်းမှ လာသည့် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ကာကွယ်သူ ဖြစ်သည်။
ထို့အပြင် ကျူးဟိုင်၏ တည်ရှိမှုကလည်း ထိုအချက်ကို အတည်ပြုပေးနေသည်။ သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ ရည်ရွယ်ချက် နှစ်ခုအား ပိုင်ဆိုင်ထားသည့် ကြယ်တာရာ အမြုတေ အဆင့်နှစ် တစ်ယောက်ကို အနန္တဧကရာဇ်ဂိုဏ်း အဆင့်မြင့်ပုဂ္ဂိုလ်များမှ လွဲ၍ မည်သူက သက်တော်စောင့် အဖြစ် ငှားယမ်း နိုင်ပါမည်နည်း။
တစ်ခဏအတွင်းမှာပင် သူ့မျက်လုံးများ အတွင်းရှိ ဒေါသနှင့် ပူလောင်ခြင်းတို့မှာ နေထွက်ချိန် နှင်းစက်များ ကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် နယ်စားကြီးကျိုးကို စိတ်ထဲမှ အခါခါ ကျိန်ဆဲလိုက်ရင်း လေးစားသော အမူအရာတစ်ခုကို ဆင်မြန်းလိုက်သည်။ သူသည် သွေးပန်းပဲဖို ဧကရာဇ် တစ်ယောက် ဖြစ်သည့်တိုင် ကိုယ့်အဆင့်အတန်းကို နားလည်သူ ဖြစ်ပြီး ဘယ်တော့မှ အနန္တဧကရာဇ်ဂိုဏ်းမှ အဆင့်မြင့် ပုဂ္ဂိုလ်များကို ခြေရာတိုင်းဝံ့မည် မဟုတ်ချေ။
ရွှယ်ထျန်းသည် ဝေ့ဝူယင်အနားသို့ ပျံသန်းသွားကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် နှုတ်ဆက်လိုက်လေ၏။
“ကောင်း... ကောင်းကင် ဧကရာဇ်ကို ဂါရဝ ပြုပါတယ်”
“ ... “
ဝေ့ဝူယင်မှာ တိတ်ဆိတ်နေ၏။ ထိုအရာကပင် ရွှယ်ထျန်းကို တောင်တစ်လုံး ထမ်းထားရ သကဲ့သို့ ဖိအားများ ခံစားရစေသည်။
သူ့မှာ ငါ့ကို သတ်ဖို့ ရည်ရွယ်ချက် ရှိနေတာလား...
ကျိုးကြောင်းဆီလျော်မှု ရှိသော ကြောက်ရွံ့မှုနှင့် အတူ သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ ဘာစကားတစ်ခွန်းက ထပ်မပြောရဲချေ။ အကယ်၍ စကားတစ်ခွန်း မှားသွားပါက သူသည်လည်း နယ်စားကြီးကျိုး နောက်သို့ လိုက်ကောင်း လိုက်သွားရနိုင်သည်။
ရွှယ်ထျန်း ကြောက်ရွံ့နေချိန်တွင် ချီလန်းက အချိန်ကိုက် ဆက်သွယ်လိုက်ပြန်၏။
“ဝေ့ဝူယင်က ရက်စက်မှုတွေကြောင့် နာမည်ကြီးတယ်နော်... သူ မင်းကို သတ်ဖို့ အရမ်း အခွင့်အရေးများတယ်... ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိတယ်”
ပထမ စကားနှစ်ခွန်းက ရေနစ်သူကို ဝါးကူထိုး သကဲ့သို့ ခံစားရသော်လည်း နောက်ဆုံး စကားတစ်ခွန်းကမူ ကောက်ရိုးတစ်မျှင် ကဲ့သို့ပင်။ သွေးပန်းပဲဖိုဧကရာဇ် တစ်ယောက် အနေဖြင့် ဝေ့ဝူယင် အကြောင်းကို သူ မည်ကဲ့သို့ မကြားဖူးပဲ နေပါမည်နည်း။ ထိုအဂ္ဂိရတ် ဧကရာဇ်ကား ကောင်းကင်နိုဘယ် ဦးဆောင်သည့် အဖွဲ့ကြီး တစ်ဖွဲ့ကိုပင် ရှင်းပစ်ခဲ့ကာ ကြယ်တာရာများကို ကြည့်ရန် တစ်ခုတည်း အတွက် ကောင်းကင်အလွှာကိုပင် အပေါက် ဖောက်ခဲ့သူ ဖြစ်သည်။ သူ မလုပ်ရဲသော အရာ ရှိလိမ့်မည် မထင်ချေ။
“ဘာအခြေအနေလဲ...”
ရွှယ်ထျန်းက မတုန့်ဆိုင်းပဲ ချက်ချင်းပင် ပြန်လည် မေးလိုက်၏။ ထိုကောက်ရိုးတစ်မျှင်ကို သူ့အနေဖြင့် အမိအရ ဆုပ်ကိုင်နိုင်ရန် လိုအပ်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ငါ သူနဲ့ စကားပြောခဲ့သေးတယ်... သူက ဒီအပန်းဖြေ ခရီးအတွင်းမှာ ပျော်ပါးဖို့ လှပတဲ့ အပျိုစင် ကိုယ်လုပ်တော် တစ်ယောက်ကို ရှာဖွေနေတယ် တဲ့... သူ့ရဲ့ အားနည်းချက်က လှပတဲ့ မိန်းကလေးတွေပဲ... ကျိမျိုးနွယ်လို မျိုးနွယ်ကြီး တစ်ခုကိုတောင် မိန်းမ တစ်ယောက် အတွက်နဲ့ သူက ရှင်းပစ်ခဲ့တာ”
ချီလန်းက ဝေ့ဝူယင် ညွှန်ကြားထားသည့် အတိုင်းပင် ရှင်းပြလိုက်သည်။
“လှပတဲ့ ကိုယ်လုပ်တော်... ဘယ်လိုပုံစံမျိုးလဲ”
ရွှယ်ထျန်း၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားကာ ထပ်မေးလိုက်သည်။ သို့သော်လည်း ချီလန်း ပြန်မဖြေရသေးခင်မှာပင် ဝေ့ဝူယင်၏ အသံက ထွက်ပေါ်လာသည်။
“ဧကရာဇ်ရွှယ်... ခင်ဗျားရဲ့ နောက်လိုက်က ကျုပ်ကို ဖြတ်မယ် ဆိုပြီး ရွှယ်တိုင်းပြည်ကိုပါ တိုင်တည် ကျိန်ဆိုခဲ့တယ်... အဲဒါက ခင်ဗျား အမိန့်လား”
ဝေ့ဝူယင်၏ စကားလုံးများက ဝန်ရိုးစွန်း ဒေသမှ လာသည့် လေအလား ရွှယ်ထျန်း၏ ကျောရိုးတစ်ခုလုံးကို တဆတ်ဆတ် တုန်သွားစေ၏။ သူ ပြန်မဖြေနိုင်ခင်မှာပင် ကျူးဟိုင်မှာ ဝေ့ဝူယင်၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ သွေးရောင် မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။
“သခင်... နယ်စားကျိုးက ဒီလူ့ အမိန့်နဲ့ လှုပ်ရှားတာလား... ဒါဆို ကျုပ် သူ့ကိုပါ သတ်ပစ်လိုက်မယ်”
ထိုအခိုက်၌ ဧကရာဇ် ရွှယ်ထျန်း၏ ကြောက်ရွံ့မှုကား အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“မ... မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး ကောင်းကင်အရှင်ဝေ့... မတရား စွပ်စွဲခံရတာပါ”
သူ၏ အသံက တုန်ရီကာ မျက်နှာတစ်ခုလုံးမှာ သွေးမရှိတော့သလိုပင် ဖြူရော်နေသည်။
“ငါက ဘာလို့ မင်းကို ယုံရမှာလဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ သူ့အား ကြည့်လိုက်သည်။ သူ၏ လေသံနှင့် အမူအရာ နှစ်ခုစလုံးက ရွှယ်ထျန်းကို သိသိသာသာပင် ဖော်ပြနေသည်။
ရွှယ်ထျန်းမှာ ဘာပြန်ပြောရမှန်း မသိတော့ပဲ ချီလန်းကို အကူအညီတောင်းသည့် အနေဖြင့် လှမ်းကြည့် လိုက်သည်။ ချီလန်းက သက်ပြင်း တစ်ချက် ချလိုက်ရင်း သူတို့ အနားသို့ ရောက်သည် အထိ ပျံသန်းလာ၏။
“ဧကရာဇ်ရွှယ် ပြောတာ အမှန်ပါပဲ အဂ္ဂိရတ် ဧကရာဇ်ဝေ့... သူ့မှာ အရှင့်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး... နောက်ပြီး သူ ဒီကို ရောက်လာတယ် ဆိုတာကလည်း နယ်စားကျိုးရဲ့ သေဆုံးမှုအတွက် မဟုတ်ပါဘူး... အရှင့်ကို တွေ့ဖို့ သက်သက်ပါပဲ”
ဝေ့ဝူယင်၏ အမူအရာက တွေဝေသွားကာ ချီလန်းကို လှည့်ကြည့်လိုက်သည်။
“ခင်ဗျားပြောတာ အမှန်တွေလား...”
သူ၏ မျက်လုံးများက ချီလန်း လိမ်ပြော၊ မပြော ဆန်းစစ် နေသယောင်ပင်။ ချီလန်းက သေချာဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ကျုပ် လိမ်မပြောရဲပါဘူး”
“ ... “
ဝေ့ဝူယင်မှာ တဒင်္ဂမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူက ရွှယ်ထျန်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
“ခင်ဗျား ကျုပ်ကို ဘာလို့ တွေ့ချင်တာလဲ”
***