← Chapters

ကိုယ်လုပ်တော်

Vol. 16 Ch. 218

ကိုယ်လုပ်တော်

Vol. 16 Ch. 218

ရွှယ်ထျန်းက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း စိတ်ထဲတွင် စကားလုံးများ စီလိုက်သည်။

“ဒီလိုပါ ကောင်းကင် ဧကရာဇ်ဝေ့... ဒီနေ့တင်ပဲ ရောင်းရင်းချီလန်း ဆီကနေ အရှင် ကိုယ်လုပ်တော် တစ်ယောက် ရှာနေတယ် ဆိုတဲ့ သတင်း ကြားခဲ့ရပါတယ်... ကျုပ်ဆီမှာ လက်မထပ်ရသေးတဲ့ သမီးတော်တွေ ရှိပါတယ်... အရှင့် ဆန္ဒကို ဖြည့်ဆည်းဖို့ အတွက် သူတို့ထဲက တစ်ယောက်ကို ဆက်သဖို့ ကျုပ်ဘက်က လာရောက် ကမ်းလှမ်းခြင်း ဖြစ်ပါတယ်”

“ဘယ်သူလဲ...”

ဝေ့ဝူယင်က မေးလိုက်၏။ ရွှယ်ထျန်း နဖူးထက်ရှိ ချွေးများကို သုတ်ရင်း ပြန်ဖြေရန် အချိန်ယူနေစဥ်မှာပင် ကျူးဟိုင်က ကြားဖြတ်ကာ ပြောလိုက်သည်။

“သခင်... ဧကရာဇ်ရွှယ်မှာ သမီးတော်တွေ အများကြီး ရှိပေမဲ့ မင်းသမီး ရွှယ်ရီဖေးက အလှဆုံးပဲ... သူ့ကို နေသုံးစင်းနဲ့ လတစ်စင်း ပေါင်းစပ်ထားတာ ထက်တောင် ပိုလှပတယ်လို့ ခိုင်းနှိုင်း ကြတာ ကျွန်တော် ကြားဖူးတယ်... ဒီကုန်းမြေတိုက်ကြီးမှာ သူတစ်ယောက်ပဲ သခင်နဲ့ ထိုက်တန်တယ်”

ကျူးဟိုင်၏ စကားလုံးများက ရွှမ်ထျန်းအား ကျောက်ရုပ်တစ်ရုပ်လို အေးခဲသွားစေသည်။

“သူတော့ မရဘူးလေ...”

ရွှယ်ထျန်းမှာ စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ ထိုသမီးတော်မှာ ယခုနှစ်ပိုင်း အတွင်း၌ သူ့အား ခေါင်းတစ်ခြမ်း ကိုက်စေခဲ့သည့် ပြဿနာအိုး ဖြစ်သည်။

ရွှယ်ရီဖေးနှင့် ပတ်သက်နေသည့် လူငယ်က လုံးဝ သာမန် မဟုတ်ချေ။ သူကား ချီပျစ်ခဲခြင်း အဆင့်ဖြင့်ပင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ပတ်မွှေခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် မကြာသေးခင်ကပင် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့သည်။ ယခုအချိန်၌ သူ မည်မျှ ကြောက်မက်ဖွယ် ကောင်းနေမည်ကို သူ ကိုယ်တိုင်ပင်လျှင် မခန့်မှန်း တတ်ချေ။

“ရီဖေး... သူဆိုရင်တော့ မဆိုးဘူး...”

ရွှယ်ထျန်းထံမှ တုန့်ပြန်မှု တစ်စုံတစ်ရာ မရသေးခင်မှာပင် ဝေ့ဝူယင်က လက်ခံသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်၏။

“ကျုပ် ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ရွှယ်ရီဖေးကို ကိုယ်လုပ်တော် အဖြစ် ခေါ်‌ဆောင်မယ်... မင်္ဂလာပွဲ အခမ်းအနားကို သေချာ စီစဥ်ပါ... သူက မင်းသမီး တစ်ပါး ဖြစ်တဲ့ အတွက် ကျုပ်ဘက်က အကောင်းဆုံး အရာတွေကို ပေးဖို့ လိုတယ်”

ရွှယ်ထျန်းမှာ ငြင်းဆိုချင်နေသော်လည်း ဝေ့ဝူယင် ကိုယ်တိုင်က အတည်ပြနေပြီ ဖြစ်ရာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ မည်သို့ပင် ဆိုစေ ကောင်းကင်ဧကရာဇ်ဝေ့သည် မဟာ သူတော်စင် အင်ပါယာ၏ ကျောထောက်နောက်ခံကိုပင် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရွှယ်ရီဖေးနှင့် ပတ်သက်နေသည့် လူငယ်မှာ မည်မျှပင် အစွမ်းထက်သည် ဆိုစေကာမူ မဟာ သူတော်စင် အင်ပါယာ တစ်ပါးကို‌တော့ ရင်ဆိုင်ဖို့ သတ္တိရှိလိမ့်မည် မထင်ချေ။

“ဒါဆို နောက်သုံးလအကြာမှာ မင်္ဂလာပွဲ ကျင်းပမယ် ဆိုရင်ရော အဂ္ဂိရတ် ဧကရာဇ်ဝေ့...”

ရွှယ်ထျန်းက မေးလိုက်၏။ သေချာ တွေးကြည့်ရပါက ထိုမင်္ဂလာပွဲမှာ နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးရှိသော စီစဥ်မှုတစ်ခု ဖြစ်သည်။ သူသာ နာမည်‌ကျော် အဂ္ဂိရတ် အရှင်ဝေ့၏ ယောက္ခမ ဖြစ်လာပါက ရွှယ်တိုင်းပြည်၏ ရန်စွယ်များ ရှင်းလင်းသွားမည် ဖြစ်သည့် အပြင် ထီးနန်း ခြိမ်းချောက်ခံရမှုများလည်း ပျောက်ကွယ် သွားနိင်သည်။ ထို့အပြင် ကောင်းကင်နိုဘယ် တပည့်များပင်လျှင် သူ့အား လေးလေးစားစား ဆက်ဆံလာပေလိမ့်မည်။

ဝေ့ဝူယင်က သဘောတူကာ သူ့အား စီစဥ်မှု အလုံးစုံ ပြုလုပ်ရန် ခွင့်ပြုလိုက်သည်။ ပြန်လည် ထွက်ခွာခါနီး၌ သူက ရွှယ်ထျန်း၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ သတိပေးလိုက်၏။

“ဘာအလွဲအမှားမှ မရှိစေနဲ့... မဟုတ်ရင်တော့...”

သူ၏ လေသံက ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေ၏။ ချီလန်းက မျက်နှာဖုံးအောက်ရှိ ငွေရောင် တလက်လက် တောက်ပနေသော မျက်လုံးများကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ကောင်းကင်ဧကရာဇ်ဝေ့က ထိုအရာအားလုံးကို ကိုယ်လုပ်တော် တစ်ယောက် ရရှိရန် အတွက် စီစဥ်ခဲ့ခြင်းလော။ တစ်ခုခုတော့ လွဲချော်နေသေး သလို သူ ခံစားလိုက်ရ၏။

မကြာခင်မှာပင် ဝေ့ဝူယင်နှင့် ချန်းရှောင်ဝေ့တို့မှာ အရိပ်နက် သိမ်းငှက်ကို စီးနင်းကာ ထွက်ခွာ သွားကြပြီ ဖြစ်သည်။ ကျူးဟိုင်မှာလည်း ရွှယ်ထျန်း၊ ချီလန်းတို့ကို ကျောခိုင်းကာ ပျောက်ကွယ်သွား၏။ မင်္ဂလာပွဲ တစ်ခု စီစဥ်ခြင်းနှင့် အတူ အရာအားလုံးကား အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။

ရွှယ်ထျန်းက သူ့အား ပံ့ပိုး ကူညီပေးခဲ့မှု အတွက် ချီလန်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ အကယ်၍ ချီလန်းသာ ဤနေရာတွင် မရှိပါက သူ့ဘဝက မည်ကဲ့သို့ အဆုံးသတ်သွားမည်ကို သူ ကိုယ်တိုင် ပင်လျှင် မတွေးဝံ့ချေ။

အဝေးတစ်နေရာ၌ ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။

“သီအိုရီကို လက်တွေ့ စမ်းသပ်နိုင်မယ့် အခွင့်အရေးကတော့ ရလာပြီ.. ငါ ဒီအကြံအတွက် လုံချန်ကို ကျေးဇူးတင်သင့်တယ်”

သို့သော်လည်း သူ့အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။ သုံးလ... ထိုအချိန်ကား လိုအပ်သည်ထက်ပင် ပိုမိုသော ကာလတစ်ခု ဖြစ်၏။

...

တစ်ချိန်တည်း၌ ကီလိုမီတာ ရာချီ ကွာဝေးသော နေရာတစ်ခုတွင် အဘိုးအိုသည် ဒဏ်ရာရသွားသည့် လူများကို ပြုစု ကုသပေးနေ၏။ ရွှယ်ရီဖေးမှာမူ သူ၏ နံဘေးတွင် ရှိနေခဲ့သည်။ သူမ၏ ဟေဇယ် မျက်လုံးများက ဖခမည်းတော်နှင့် ဝေ့ဝူယင်တို့ ရပ်တန့်ခဲ့သည့် အရပ်သို့ လှမ်းကြည့်နေခဲ့သည်။ အလွန် ဝေးကွာလွန်းလှ၍ သူတို့ ဘာပြောခဲ့သည်ကို မကြားခဲ့ရသည့်တိုင် သူမ၏ မျက်နှာက အနည်းငယ် ဖြူရော်နေ၏။

အဘိုးအိုက အလိုက်တသိပင် ဝိညာဥ်အာရုံကို ပို့လွှတ်လျှက် သူမ သိချင်သော အကြောင်းအရာများကို ပြောပြလိုက်သည်။ နားထောင်နေရင်း ရွှယ်ရီဖေး၏ မျက်လုံးများက အဆက်မပြတ် အရောင်ပြောင်းလဲနေ၏။ နောက်ဆုံးတွင် နားမလည်စွာ ခေါင်းကို ခါလိုက်ခြင်းဖြင့် အဆုံးသတ်သွားသည်။

“သူ့ရည်ရွယ်ချက်က ဘာလဲ... ဒါတွေ အကုန်လုံးက ငါ့ကို ရဖို့ အတွက် သက်သက် လုပ်ခဲ့တာလား... အဓိပ္ပာယ် မရှိဘူး”

ရွှယ်ရီဖေး နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ အဘိုးအိုက သူမကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

“နင့်ခမည်းတော်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အဲဒီ ရှို့ရန်ကိုရော ကာကွယ်သူ ချီလန်းကိုရောပါ ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး... ဒီပြဿနာတွေရဲ့ အကြောင်းရင်းက နယ်စားကြီးကျိုးရဲ့ မဆင်မခြင် လုပ်မှုကြောင့်လို့ ဆိုနိုင်ပေမဲ့ ငါ့အထင် ပြောရရင် အားလုံးက ဝေ့ဝူယင် ဖြစ်စေချင်တဲ့ အတိုင်း အစီအစဥ် တကျ ဖြစ်သွားခဲ့တာပဲ... သူ့ရဲ့ အဓိက ရည်ရွယ်ချက်က နင့်ကို ကိုယ်လုပ်တော် တစ်ယောက် အဖြစ် သိမ်းပိုက်ဖို့တော့ မကလောက်ဘူး”

သူ့တို့တွင် ကိုယ်ပိုင်ယူဆချက်များ ရှိနေသည့်တိုင် အခြေအနေ တစ်ရပ်လုံးအား အကဲခတ်ရန် များစွာသော အစိတ်အပိုင်းများ ပျောက်ဆုံးနေသည်။ ဝေ့ဝူယင်၏ အဆင့်အတန်း၊ ကြွယ်ဝမှု၊ လွှမ်းမိုးမှုတို့ဖြင့် ရွှယ်ရီဖေးကို တော်ကောက်ချင်ပါက စကား တစ်ခွန်း ပြောလိုက်ရုံသာ ဖြစ်သည်။ သူမတွင် သူ့အား ငြင်းဆန်ရန် အခွင့်အရေး မရှိချေ။ အဘယ်ကြောင့် ယခုကဲ့သို့ အပင်ပန်းခံရန် လိုအပ်မည်နည်း။

ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိဟန်ဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ဖြူရော်သွား၏။

“မဟုတ်မှ လွဲရော... သူက ရွှယ်မင်းဆက်ကို...”

အနန္တဧကရာဇ်ဂိုဏ်းတွင် မရေမတွက်နိုင်သော စည်းကမ်းပေါင်း မြောက်များစွာ ရှိပြီး ထိုအထဲမှ တစ်ခုမှာ ကုန်းမြေတိုက်ကြီးများ၏ နန်းတွင်းရေး ကိစ္စများအား ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် တားမြစ်ထားခြင်းပင် ဖြစ်သည်။

ထိုစည်းကမ်းက ကောင်းကင်ဧကရာဇ်များ အတွက်ပင် ချွင်းချက် မရှိပဲ ဝင်ရောက် စွက်ဖက်လိုပါက လုံလောက်သော အကြောင်းရင်း တစ်ခုကို ရှာဖွေရန် လိုအပ်သည်။ နယ်စားကြီးကျိုး၏ ဝေ့ဝူယင်ကို သတ်ဖြတ်ရန် လူသိထင်ရှား ကြေညာမှုမှာ လုံလောက်သည်ထက် ပိုမိုသော အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။

“ဒါပေမဲ့ သူက ခမည်းတော်ကို ခုမသတ်သေးဘူး ဆိုတော့ နောက်ထပ် အစီအစဥ် တစ်ခု ရှိနေသေးလို့လား”

ရွှယ်ရီဖေး၏ မျက်နှာက ပို၍ ဖြူရော်လာ၏။ ထိုအရာက အတိအကျ သတ်မှတ်၍ မရနိုင်သည့် ကိန်းရှင် တစ်ခု ဖြစ်ပေသည်။ သူ၏ အဓိက ပန်းတိုင်က ဘယ်အရာနည်း။

အကယ်၍ ရွှယ်ရီဖေးက သူ့အကြံအစည် တစ်စိတ်အပိုင်းကို ရိပ်မိနေကြောင်း ဝေ့ဝူယင်သာ သိလျှင် ကျိန်းသေ အံ့အားသင့်သွားပေလိမ့်မည်။ သူမ၏ ချောမောလှသော ရုပ်ရည်နှင့် ထက်မြက်သော စဥ်းစားဉာဏ်တို့မှာ လူတိုင်း အထင်ကြီးလောက်သည့် ပမာဏ တစ်ခု၌ ရှိပေသည်။ ထိုထက်ပို၍ ပြောရလျှင် သူမမှာ အတော်လေး ကြောက်ဖို့ကောင်းသည်။

...

နယ်စားကြီးကျိုး သေဆုံးပြီးသည့်နောက် ရက်ပေါင်း အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း၌ သတင်းစကား တစ်ခုသည် ဟာရီကိန်း မုန်တိုင်း တစ်ခုအလား သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး တစ်ခုလုံးအား ဖြတ်သန်း တိုက်ခတ်နေ၏။

“မင်းတို့ ကြားပြီးပြီလား... ဧကရာဇ် ရွှယ်ထျန်းက မင်းသမီး ရွှယ်ရီဖေးကို မျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်နဲ့ လက်ထပ် ပေးတော့မယ် တဲ့... တကယ့်ကို ယုံနိုင်စရာ မရှိဘူး”

“အေး... ကြားတယ်... ဒါပေမဲ့ အဲဒီ အဂ္ဂိရတ် ပညာရှင်က ရွှယ်ရီဖေးကို ကိုယ်လုပ်တော် အဖြစ်ပဲ လက်ခံတယ် တဲ့... ဘယ်လောက်တောင် မောက်မာလိုက်လဲ...”

"နောက်ပြီး လက်ထပ်ပွဲနေ့မှာ အခြား ဘယ်ယောက်ျားနဲ့မှ ထပ်မထိတွေ့ပါဘူး ဆိုပြီး ဝိညာဥ်ကျိန်ဆိုရဦးမယ် တဲ့... ဒါက လုံးဝကို မတရားတဲ့ အတင်းအကြပ် လက်ထပ်ပွဲ တစ်ခုပဲ... ဒါပေမဲ့ ဧကရာဇ် ရွှယ်ထျန်း ကိုယ်တိုင်က တွန်းအားပေးနေတာ ဆိုတော့ မင်းသမီးလေးလည်း ဘာတတ်နိုင်မှာလဲ... သနားပါတယ်”

"အဲဒီ အဂ္ဂိရတ် ပညာရှင်က ဘယ်‌လောက်ပဲ ကျွမ်းကျင်တယ် ပြောပြော အဆင့်‌ခြောက် အဂ္ဂိရတ် အရှင် တစ်ယောက်ပဲကို... ငါ့အဒေါ်ပြောတဲ့ပုံ အရဆို သူက ရုပ်ဆိုးတဲ့ လူအိုကြီး တစ်ယောက်တဲ့... အဲဒါကြောင့် သူ့မျက်နှာကို ဘယ်သူမှ မမြင်အောင် မျက်နှာဖုံးတပ်ထားတာ”

ကောလဟများက မိုးသီးမိုးပေါက်များ အလား ပြန့်ကျဲကာ သက်တန့်ကဲ့သို့ အရောင်စုံလင်နေသည်။ သို့သော်လည်း အများစုကမူ ထိုအရာကို စက်ဆုပ်ဖွယ် ကောင်းသည့် မတရား လက်ထပ်ပွဲ တစ်ခု အဖြစ် တစ်ညီတစ်ညွှတ်တည်း လက်ခံထားကြသည်။ အချို့ကဆိုလျှင် ဝေ့ဝူယင်ကို နွားအိုမြက်နုကြိုက်သည့် အဘိုးအို တစ်ယောက် အဖြစ် ဆဲရေး တိုင်းထွာ၍ပင် နေကြ၏။

လူအများ ထိုကဲ့သို့ ကောလဟလများထဲ၌ နစ်မြုပ်နေကြချိန်တွင် အချိန်ကို အကျိုးရှိရှိ အသုံးချ‌နေခဲ့သူ တစ်ယောက်တော့ ရှိနေခဲ့ပေသည်။ သူသည် ဆောက်လုပ်ဆဲ အဆောက်အဦ တစ်ခု၏ အရှေ့တွင် ရပ်ကာ အခြေခံ အုတ်မြစ်ချနေသည့် အလုပ်သမားများကို ‌ငေးကြည့်နေခဲ့၏။ သူ၏ မျက်နှာက ဇရာ အရေးအကြောင်းများနှင့် ပြည့်နှက်နေသော်လည်း သူ၏ မျက်လုံးများကမူ နုပျို လတ်ဆတ်မှု တစ်ခုကို သယ်ဆောင်ထားသည်။

မျက်နှာဖုံးတပ် ပုဂ္ဂိုလ် တစ်ယောက်သည် ထိုအဘိုးအို၏ နံဘေးတွင် ရပ်နေခဲ့သည်။ သူ၏ အမူအရာက အေးဆေး တည်ငြိမ်ကာ သက်တောင့်သက်သာ ရှိနေသည်။

တစ်ခဏကြာ တိတ်ဆိတ်ပြီး နောက်၌ အဘိုးအိုက မေးလိုက်၏။

“ကျုပ်... ကျုပ် တကယ် လုပ်ခွင့်ရမှာလား..”

ထိုစကားလုံးများက ဆို့နင့်သော ခံစားချက်များနှင့် ပြည့်နှက်နေဟန် ရ၏။ အကယ်၍ ထိုစကားလုံးများသာ လူတစ်‌ယောက် အသွင်ကို ယူနိုင်ပါက သူတို့က မျက်ရည်များ စီးကျနေပေလိမ့်မည်။

ဝေ့ဝူယင်သည် သူ့အတွက် လက်ဆောင် အနေဖြင့် ယင်ဆေးသူတော်စင် ကျောင်းတော် တည်ထောင်ပေးခဲ့သည်။ ထိုကျောင်းတော်၏ ရည်ရွယ်ချက်မှာ ပါရမီရှင်များကို ပြုစုပျိုးထောင်ရန်နှင့် မိဘမဲ့ ကလေးများအား အသက်ကယ် နည်းလမ်းများ၊ ဆေးပညာများ ပို့ချပေးရန် ဖြစ်သည်။ ထို့အပြင် ယင်းသည် အခမဲ့ ဆေးခန်း တစ်ခုလည်း ဖြစ်ကာ လူနာအားလုံးကို လက်ခံကုသပေးမည် ဖြစ်သည်။

အရေးအကြောင်းများ ပြည့်နှက်နေသည့် ယင်၏ လက်များက အနည်းငယ် တုန်ရီနေသည်။

“ကျုပ် အရိပ်အနေနဲ့ နေသမျှ ကာလပတ်လုံး ခင်ဗျား လူတွေကို ပေးဆပ်ဖို့ အခွင့်အရေး အများကြီး ရလိမ့်မယ်... ဒါက အစပဲ ရှိသေးတယ်... ဒါပေမဲ့ ကျုပ်အရိပ် အဖြစ်ကနေ ခင်ဗျား ရပ်လိုက်ရင် ဒါမှမဟုတ်  ကျုပ် စိတ်ကျေနပ်မှု မရှိခင် ခင်ဗျား သေသွားခဲ့ရင် ဒါတွေ အားလုံးကို ကျုပ် ဖျက်ဆီးပစ်မယ်”

ဝေ့ဝူယင်၏ အသံက ခံစားချက် ကင်းမဲ့ကာ အေးစက်နေ၏။ ယင်မှာ လေသံကို နားထောင်ရုံဖြင့်ပင် ဝေ့ဝူယင် အမှန်တရား ပြောနေကြောင်း ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ထိုမျှနှင့် မကျေနပ်သေး။

“ဒီစကားတွေက တည်တံ့ရမယ်လို့ ကျုပ်ဝိညာဥ်နဲ့ အာမခံတယ်”

သူက အေးစက်စက် ကျိန်ဆိုလိုက်ရာ မမြင်နိုင်သည့် ကမ္မကြိုးတစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ သူနှင့် ယင်တို့ နှစ်ယောက်စလုံးကို ရစ်ပတ်သွားသည်။ ကံကြမ္မာသည် သူတို့ကို တွဲလျက် ချည်နှောင်သွားပုံ ရလေသည်။ စကားဆုံးသည်နှင့် ဝေ့ဝူယင်သည် အခိုးအငွေ့များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters