အိုရီ၏ ပြောင်းလဲမှု
Vol. 16 Ch. 219
ယင်သည် နေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့၏။ သူ၏ နှလုံးသားက အခိုက်အတန့် တစ်ခုမျှ ကစဥ့်ကျလျား ဖြစ်နေခဲ့သော်လည်း မိနစ်ပိုင်း အတွင်းမှာပင် ပြန်လည် တည်ငြိမ်လာသည်။ မှေးမှိန်နေသည့် သူ့ မျက်ဝန်းများတွင် အားအင် ပြည့်ဝသော လတ်ဆတ်မှုများက အစားထိုးလာ၏။
မည်သို့ပင် ဆိုစေကာမူ ဝေ့ဝူယင်၏ အရိပ်အဖြစ် နေထိုင်ခြင်းက လူများအား ကူညီကာ အပြစ်သွေးများကို ဆေးကြောနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သူ ထိုအခွင့်အရးကို အပြည့်အဝ ဆုပ်ကိုင်နိုင်ရန် လိုအပ်သည်။
ထိုအတွေးနှင့် အတူ သူ့နှလုံးသားထဲရှိ ရည်ရွယ်ချက်က ပိုမို ခိုင်မာလာခဲ့၏။ ယင်သည် သူ မသေဆုံးခင်နေ့အထိ သို့မဟုတ် သူ့နေရာကို အစားထိုးနိုင်သည့် ပုဂ္ဂိုလ် တစ်ယောက်ကို ရှာမတွေ့ခင် နေ့အထိ သစ္စာအရှိဆုံး၊ အထူးခြားဆုံး အရိပ်တစ်ခု အဖြစ် နေထိုင်သွားလိမ့်မည် ဖြစ်ပေတော့သည်။
...
ဝေ့ဝူယင်သည် ချန်းမိသားစု ခြံဝန်းထဲရှိ စံအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ယင်ဆေးသူတော်စင် ကျောင်းတော် တည်ထောင်ရေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် အားလုံးကို စီမံပြီးနောက် သူ အတော်လေး ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ သူသည် ကလေးငယ်များ၊ ပါရမီရှင်များကို ပျိုးထောင်ပေးရန် ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူများ ငှားယမ်းခဲ့ရသည့် အပြင် ကျင့်ကြံခြင်းနှင့် လေ့လာခြင်းတို့ အတွက်လည်း လုံလောက်သည့် ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့ရသည်။
ထိုအလုပ်များကို လက်တွေ့ အကောင်အထည်ဖော်ရသည်က တွေးထားသည်ထက် အဆများစွာ ပိုမို ပင်ပန်းလှသည်။ ထို့အပြင် လာဘ်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှုတို့ ပြည့်နှက်နေသည့် ကျင့်ကြံခြင်း လောကတွင် အခမဲ့ ဆေးခန်းတစ်ခု ဖွင့်လှစ်ရခြင်းမှာ ခက်ခဲသည် ဆိုသော စကားလုံးထက်ပင် ပိုမို ခက်ခဲသော လုပ်ငန်းစဥ် တစ်ခု ဖြစ်ပေသည်။
ဝေ့ဝူယင် ခုတင်ထက်၌ လှဲလျောင်းရင်း လေပူများကို မှုတ်ထုတ်လိုက်သည်။ မည်သို့ပင် ဆိုစေ ယင်ကို ရရှိလိုက်ရာ အားလုံးက တန်ပေသည်။ မကြာခင် သူ၏ မျက်လုံးများက မှေးစင်းသွားကာ နက်ရှိုင်းစွာ အိပ်မောကျသွားတော့၏။ သူ၏ အိပ်မက် အတွင်းတွင်မူ...
...
တစ်လဆိုသော အချိန်ကာလက လျှင်မြန်စွာပင် ကုန်လွန်သွား၏။ မင်းသမီး ရွှယ်ရီဖေးနှင့် လျှို့ဝှက် ဆန်းကြယ် အဂ္ဂိရတ် ပညာရှင်တို့၏ လက်ထပ်ပွဲ သတင်းက အရှိန်အဟုန် ပြင်းစွာပင် လူများအကြား တောက်လောင်နေဆဲ ဖြစ်သည်။ များစွာသော လူများက ထိုအရာကို အတင်းအကြပ် စီစဥ်သည့် လက်ထပ်ပွဲ တစ်ခု အဖြစ် ရှုံ့ချချကာ အချို့ကမူ အဂ္ဂိရတ် ပညာရှင်များအား ဆွဲဆောင်ရန် အတွက် ဧကရာဇ်ရွှယ်၏ မဟာ ဗျူဟာမြောက် လှုပ်ရှားမှု တစ်ခု အဖြစ် ဂုဏ်ယူကြသည်။
အကယ်၍ ရွှယ်မင်းဆက်မှာ ဘိုးဘေးတို့၏ အသက်၊ သွေး၊ ချွေးနှင့် အလောင်းများကို စတေး၍ ပေါ်ပေါက်လာသည့် သမာရိုးကျ မင်းဆက်တစ်ဆက် ဖြစ်ပါက ကျင့်ကြံခြင်း လောကတွင် ထိုကဲ့သို့ ဆူပူမှုမျိုး ဖြစ်ပေါ်လာစရာ အကြောင်း မရှိချေ။ ခြားနားစွာပင် သွေးပန်းပဲဖို ဧကရာဇ်သည် ပြည်သူလူထုကိုယ်တိုင် ရွေးကောက်ထားသည့် ခေါင်းဆောင် တစ်ယောက်သာ ဖြစ်သည်။ သူ၏ အမိန့်များနှင့် ဆုံးဖြတ်ချက်များက ပြည်သူလူထု၏ သဘောထားနှင့် ကိုက်ညီရန် လိုအပ်သည်။
ယခုကဲ့သို့ အတင်းအကြပ် မင်္ဂလာပွဲ တစ်ခု စီစဥ်ခြင်းက ရွှယ်မင်းဆက်၏ အုပ်ချုပ်ရေး စနစ်တွင် အက်ကြောင်း တစ်ခု ရှိနေကြောင်း ထင်ရှားစေသည်။ လူအများစုမှာ ပေါ်တင် မပြောရဲကြသော်လည်း ခေါင်းဆောင်မည့် ပုဂ္ဂိုလ် တစ်ယောက် ပေါ်ပေါက်လာသည်နှင့် ရွှယ်မင်းဆက်ကို တော်လှန်ရန်ပင် ကြိုးစားလာကြလိမ့်မည် ဖြစ်သည်။
ကံဆိုးစွာပင် ရွှယ်ထျန်းအနေဖြင့် ထိုကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းရန် အခွင့်အရေး မရှိတော့ချေ။ အဘယ်ကြောင့်နည်း။ အဖြေကား ရှင်းလင်းပေသည်။ မျက်နှာဖုံး အဂ္ဂိရတ် ပညာရှင်မှာ ဝေ့ဝူယင် ဖြစ်နေသောကြောင့်ပင်။
ထိုအချိန်တွင်ပင် အနန္တဧကရာဇ်ဂိုဏ်းမှ တိကျသေချာသော သတင်း အချို့ကို သူ ကြားလိုက်ရသည်။ ထိုသတင်းများကား အရဆိုလျှင် အဂ္ဂိရတ် ဧကရာဇ် ဝေ့ဝူယင်သည် မဟာ အင်ပါယာ သူတော်စင်နှင့် ပူးပေါင်းကာ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် အချို့ ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု ဆိုသည်။
ရွှယ်ထျန်းမှာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ရတော့၏။ အဂ္ဂိရတ် ဧကရာဇ်ဝေ့က အနန္တဧကရာဇ်ဂိုဏ်းတွင် ဆေးများ ဖော်စပ်နေသည် ဆိုပါက ဤနေရာသို့ ရောက်ရှိနေသူက မည်သူနည်း။ ရွှယ်ထျန်းမှာ ချောင်တွင် ခိုကာ အော်ငိုချင် နေခဲ့သော်လည်း မျက်ရည်များကို ရှာ မတွေ့ခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် မကြာခင်မှာပင် ချီလန်းထံမှ သူ ဖြေရှင်းချက် တစ်ခုကို ရရှိခဲ့သည်။ သူ ကြားခဲ့ရသော သတင်းများက လူအများ၏ အာရုံကို လှည့်စားရန် အတွက် ဝေ့ဝူယင် ဖန်တီး ထုတ်လွှင့်ထားသည့် ဇာတ်လမ်းတုများသာ ဖြစ်ပေသည်။
ထိုကဲ့သို့ ရွှယ်တိုင်းပြည်တွင် အမျိုးမျိုးသော အလှည့်အပြောင်းများစွာ ဖြစ်ပွားနေခဲ့ချိန်တွင် ဝေ့ဝူယင်နှင့် စုမေ့တို့မှာမူ အရှ့ဘက် နယ်စပ် တစ်နေရာရှိ စွန့်ပစ်မိုင်းတွင်း တစ်ခုနားသို့ ရောက်ရှိနေခဲ့လေသည်။
“အစတုန်းက ဒီမိုင်းတွင်းကို သိုလှောင် လက်စွပ်နဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေ အတွက် ကုန်ကြမ်း သတ္တုရိုင်းတွေကို တူးဖော်ဖို့ အသုံးပြုခဲ့ကြတယ်... သူ့ရဲ့ နာမည်ကိုတော့ အာကာသ လခြမ်း မိုင်းတွင်း ဆိုပြီး မှတ်တမ်းတွေမှာ ဖော်ပြထားတယ်... ဒီမိုင်းတွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင့်နှစ်ရာလောက်က ပျောက်ကွယ်သွားတဲ့ အင်အားစု တစ်ခုက ပိုင်ဆိုင်ခဲ့တာ ဆိုပါတော့... သူတို့ ပျောက်ကွယ်သွားခဲ့တဲ့ နောက်ပိုင်း လူတွေဟာ နှစ်ပေါင်း နှစ်ရာလောက်ထိ ဒီမိုင်းတွင်းကို တူးဖော်ဖို့ ကြိုးစားခဲ့ကြသေးတယ်... ဒါပေမဲ့ တွင်းပြိုကျတာတွေ... အကြောင်းရင်း မရှိပဲ လူပျောက်ဆုံးမှုတွေကြောင့် ဘယ်သူမှ ထပ်ပြီး မစွန့်စား ကြတော့ဘူး... ဒီလိုနဲ့ တဖြည်းဖြည်း စွန့်ပစ်ခံ နေရာတစ်ခုလို ဖြစ်လာခဲ့တာပဲ”
စုမေ့က ရှင်းပြလိုက်၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဂူဝမှ အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်သည်။ အရာအားလုံးက မည်းမည်းနက်အောင် မှောင်မိုက်နေပြီး ဝိညာဥ်အာရုံကိုပင် တိုးမပေါက်အောင် တားဆီးထားသည်။ တစ်ချိန်တည်း၌ ပျက်သုဥ်ခြင်း စွမ်းအင်များက တားမရ၊ ဆီးမရအောင် ဝရုန်းသုန်းကား လွင့်စဥ်ကာ အမှောင်ထုနှင့် အတူ အရာအားလုံးကို ဝါးမျိုထားသည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် လင်းလက်သွားကာ အမျိုးအမည် မသိသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
“ရည်ရွယ်ချက်...”
သူသည် ပျက်သုဥ်းခြင်း စွမ်းအင်များ အကြား၌ ရောယှက်နေသည့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ကဲ့သို့ သာမန် မဟုတ်သည့် ရည်ရွယ်ချက် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ ထိုအငွေ့အသက်က အတော်လေး အားနည်းနေပြီ ဖြစ်သည့်တိုင် ဝေ့ဝူယင် အတွက်တော့ သေချာပေသည်။
ဝေ့ဝူယင် ရှေ့သို့ အနည်းငယ် ကိုးကာ သစ်သားဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်း သစ်သားတံခါးအိုကြီးကို ပွတ်သပ်ကြည့်လိုက်၏။
“ကျူးဟိုင်က သူ(မ)ကို ဒီနေရာမှာ နောက်ဆုံး ခြေရာခံမိတယ်ပေါ့... အဲဒီ ရှေးဟောင်း အာကာသ ဂိတ်တံခါးကိုရော နင်တို့ စစ်ဆေးပြီးပြီလား”
စုမေ့က ခေါင်းညိတ်လိုက်သည်။
“အင်း... ဒီရှေးဟောင်း ဟင်းလင်းပြင် ဂိတ်တံခါးက နှစ်ပေါင်း နှစ်ထောင် နီးပါးလောက် ရှိနေပြီ... နောက်ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေက လုံးဝ ထူးဆန်းတယ်... ကျွန်မ အဆင့်မြင့် ဗိသုကာ ပညာရှင် တစ်ယောက်ကို ခေါ်လာပြီး စစ်ဆေးခိုင်းသေးတယ်... သူပြောပုံ အရဆို ဒီတံခါးကို သာမန် နည်းလမ်းတွေနဲ့ အသုံးပြုလို့ မရနိုင်ဘူးတဲ့... သူ့ကို အသက်သွင်းဖို့ အခြား ဆန်းကြယ်တဲ့ နည်းလမ်းတစ်ခု လိုတယ် တဲ့”
"ဘယ်လိုနည်းလမ်းလဲ”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ စုမေ့က ပင့်သက် တစ်ချက် ရှိုက်လိုက်ကာ တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
“အပိုပစ္စည်းတစ်ခု.... ဟင်းလင်းပြင် ဓာတ်လုံး အပြင် ဂိတ်တံခါးကို အသက်သွင်းနိုင်တဲ့ အခြား အပို ပစ္စည်း တစ်ခု... အရမ်းကို အနုစိတ်တဲ့ ပစ္စည်းတစ်ခုပေါ့”
စုမေ့က စကားကို အဆုံးသတ်လိုက်၏။ ဝေ့ဝူယင်က မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားလိုက်သည်။ သူ မိုင်းတွင်းထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အိုရီ (ဆန်းကြယ်ဒြပ်စင် ဝိညာဥ်) က သူ့ထံ သတင်းစကား တစ်ခု ပေးပို့လာလေ၏။
“အဲဒီ အထဲက စွမ်းအားတွေကို ကျွန်တော် စားချင်တယ်”
သူ၏ အသံက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ်ပင် တုန်ရီနေ၏။ ပုံမှန်ဆိုလျှင် ထိုကြယ်တာရာ ဝိညာဥ်များသည် ဝေ့ဝူယင်နှင့် သူတို့အပေါ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူး ဆိုလျှင် ခွင့်ပြုချက်ပင် မတောင်းပဲ ကိုယ်ပိုင် သဘောဆန္ဒဖြင့် ဆုံးဖြတ်ကြလေ့ ရှိသည်။ ကြည့်ရသည် ဤနေရာတွင် စုမေ့ရှိနေခြင်းကြောင့် ၎င်းက ခွင့်ပြုချက် တောင်းခံနေခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း ဝေ့ဝူယင်သည် စုမေ့ကို အကြွင်းမဲ့ ယုံကြည်ပေသည်။
ဝှစ်...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာသည့် အိုရီကို ကြည့်ကာ စုမေ့၏ မျက်လုံးများက ဝိုင်းစက်သွားသည်။ အိုရီ၏ ခန္ဓာကိုယ်က အဖြူရောင် အလွှာများ ပါဝင်နေသည့် စက်ဝန်း တစ်ခုနှင့် တူကာ အဆုံးမဲ့သော ဒြပ်စင် စွမ်းအားများကို သယ်ဆောင်ထားသည်။ စုမေ့ ဘာမေးခွန်းမှ မမမေးနိုင်မှာပင် သုံးမီလီမီတာခန့် ကြီးမားသည့် ထိုအဖြူရောင် စက်ဝန်းမှာ မိုင်းတွင်း အတွင်း ဝင်ရောက်သွားလေတော့သည်။
“ကြယ်တာရာ အမြုတေက ဒီလောက်တောင် ကြီးတာလား...”
အချိန်တိုင်း ဗဟုသုတ ဆည်းပူးလေ့ ရှိသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူမသည် ကြယ်တာရာ အမြုတေများ၏ အရွယ်အစားနှင့် စွမ်းအင်များ အကြောင်းကို လေ့လာဖူးပေသည်။ ကြယ်တာရာ အမြုတေ အဆင့်တစ် ကျင့်ကြံသူများ၏ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစားမှာ တစ်မီတာ၏ အပုံ တစ်သောင်းပုံ တစ်ပုံသာ ရှိသည်။ သို့သော်လည်း ဝေ့ဝူယင်၏ ကြယ်တာရာ အမြုတေက ထိုအရွယ်အစားထက် အဆပေါင်း သုံးထောင်ခန့်ပင် ပိုမို ကြီးမားနေသည်။
ထိုအထဲ၌ မည်မျှသော ကြယ်တာရာ အင်အားများ ပါဝင်နေမည်နည်း။
နှစ်မိနစ်မျှ စောင့်ပြီးနောက်၌ ဥမင်အတွင်း ပြည့်နှက်နေသည့် ပျက်သုဥ်းခြင်း စွမ်းအင်များမှာ တဖြည်းဖြည်း လျော့ကျလာသည်။ မကြာခင်မှာပင် ၎င်းမှာ ခမ်းခြောက်မတတ် ဖြစ်သွားခဲ့၏။ အိုရီသည် လျှင်မြန်စွာပင် ပြန်လည် ရောက်ရှိလာကာ ဝေ့ဝူယင်၏ ထျန်းတျန်အတွင်း ဝင်ရောက်သွား၏။
“အဲဒါက ကြယ်တာရာ အမြုတေ နှစ်ခုရှိတဲ့ လူတွေသာ ပိုင်ဆိုင်နိုင်တဲ့ အကျိုးကျေးဇူးတွေလား...”
စုမေ့က စိတ်ထဲမှ တွေးလိုက်မိသည်။ သို့သော်လည်း သူမ မသိသည့် အချက်ကား ဝေ့ဝူယင်တွင် ကြယ်တာရာ ဝိညာဥ်လေးခု အထိ ရှိနေခဲ့သည် ဆိုခြင်းကိုပင်။
ဝေ့ဝူယင်သည် ခရာတိုနှင့် ဧဒင်တို့ အကြောင်းကိုမူ လျှို့ဝှက်ချက်များ အဖြစ် ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထိုအရာက သူ စုမေ့ကို အပြည့်အဝ မယုံကြည်၍ မဟုတ်ပဲ ပြောပြရန် မလိုအပ်ဟု ခံစားရသောကြောင့်သာလျှင် ပြောမပြခဲ့ခြင်း ဖြစ်ပေသည်။
ဝေ့ဝူယင် မျက်လုံးများကို မှိတ်ရင်း အိုရီ၏ ပြောင်းလဲမှုကို စစ်ဆေးကြည့်လိုက်၏။
“ဘာလဲ...”
သူ၏ မျက်နှာထက်၌ အံ့အားသင့်သော အမူအရာ အချို့ ဖြစ်ပေါ်လာ၏။ အိုရီ၏ လောကပင်လယ် အတွင်း စီးဆင်းနေသည့် အခြေခံ ဒြပ်စင်များ အနက် အခြေခံ မြေကြီးဒြပ်စင်မှာ အဝါရောင်မှ မီးခိုးရောင် အဖြစ် ပြောင်းလဲသွားသည်ကို သူ တွေ့မြင်လိုက်ရသည် မဟုတ်ပါလော။
“အဲဒါက ပျက်စီးခြင်း မြေကြီးစွမ်းအင်လား...”
ထိုအရာက အလွန် အံ့အားသင့်ဖွယ်ကောင်းသည့် ပြောင်းလဲမှု ဖြစ်သည်။ အိုရီတွင် ဒြပ်စင်ကိုးခုရှိသည့် အနက် ငါးခုမှာ အဆင့်မြင့် ဒြပ်စင်များ ဖြစ်ပြီး ရေ၊ လေ၊ မြေကြီးနှင့် မီးတို့မှာမူ အခြေခံ အဆင့်တွင်သာ ရှိကြသည်။ ထိုချို့ယွင်းချက်ကြောင့်သာလျှင် သူ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို မမွေးဖွားနိုင်သေးခြင်း ဖြစ်သည်။ ယခုတွင်မူ မြေကြီးဒြပ်စင်မှာ အမှတ်မထင် တွေ့ရှိမှုတစ်ခုနှင့် အတူ ဟင်းလင်းပြင် မြေကြီး အဆင့်မြင့် ဒြပ်စင် တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“မြေကြီး ဒြပ်စင်တောင် အသွင်ပြောင်းလဲနိုင်တယ် ဆိုရင်တောင် အခြား ဒြပ်စင်တွေ အတွက်လည်း နည်းလမ်း တစ်ခု ရှိမှာပဲ”
သူ မှတ်ချက်ချလိုက်ကာ မိုင်းတွင်းထဲသို့ ဝင်ရောက်ရန် ဦးတည် လိုက်လေတော့သည်။
***