ရွှယ်ယုဖေး၏ ဆန္ဒ
Vol. 16 Ch. 220
စုမေ့သည် ဝေ့ဝူယင်နောက်မှ ကပ်ကာ လိုက်ပါလာခဲ့၏။ သူမက ဥမင်အား စစ်ဆေးကြည့်လိုက်ရာ ပျက်သုဥ်းခြင်း စွမ်းအင်အားလုံး ကွယ်ပျောက်သွားသည်ကို သတိပြုလိုက်မိသည်။
နာရီအနည်းငယ် ကြာပြီးနောက် သူတို့သည် လိုဏ်ဂူအတွင်းပိုင်းရှိ အလွန် နက်ရှိုင်းသော နေရာတစ်ခုအထိ ရောက်ရှိလာခဲ့လေသည်။ ထိုနေရာမှာ အပြည့်အဝ ချိတ်ပိတ်ခံထားရရာ သတိထားမိရန် ခက်ခဲလှသည်။ အကယ်၍ ကျူးဟိုင်၏ ထက်ရှသော အာရုံကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် ပင်လျှင် ၎င်းကို လွဲချော်ခဲ့ပေလိမ့်မည်။
မကြာခင်မှာပင် စုမေ့၏ လမ်းညွှန်မှုနှင့် အတူ ဝေ့ဝူယင် ဟင်းလင်းပြင် ဂိတ်တံခါးကို မြင်တွေ့လိုက်ရသည်။ အသေးစိတ် စူးစမ်းပြီးနောက် ၎င်းမှာ သုံးလွှာ ကြယ်တာရာနယ်မြေတွင် တွေ့ရလေ့ရှိသည့် ဟင်းလင်းပြင် ဂိတ်တံခါးများနှင့် ခြားနားကြောင်း တွေ့ရှိလိုက်ရသည်။ ဖုန်မှုန့်များနှင့် ပင့်ကူအိမ်များ ကပ်ညိမနေခြင်းကို ထောက်ရှုပါက ထိုအရာမှာ မကြာသေးခင်ကပင် အသုံးပြုခံထားရကြောင်း ထင်ရှားလှသည်။
ဝေ့ဝူယင် ရှေးဟောင်း ဟင်းလင်းပြင် ဂိတ်တံခါးထက်ရှိ သင်္ကေတများနှင့် အမှတ်အသားများကို အသေးစိတ် လေ့လာကြည့်လိုက်၏။ မကြာခင်တွင်ပင် သူ၏ မျက်လုံးများက ဂိတ်တံခါး အမိုးနားသို့ ရွေ့လျားသွားသည်။ လခြမ်းသဏ္ဌာန် အပေါက်ငယ် တစ်ခုသည် ထိုနေရာတွင် တည်ရှိနေ၏။
ဝေ့ဝူယင် လည်ပင်းတွင် ဆွဲထားသည့် လခြမ်းသဏ္ဌာန် ဆွဲကြိုးလေးကို ပွတ်သပ် ကြည့်လိုက်မိသည်။ သူသည် ထိုအရာကို သုံးလွှာလက်စွပ် အတွင်းမှ ရရှိထားခြင်း ဖြစ်ပြီး ထိုအချိန်ကတည်းက လည်ပင်းတွင် အမှတ်မထင် ဆွဲထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂိတ်တံခါးထက်ရှိ အပေါက်ငယ်နှင့် ကွက်တိဖြစ်နေသည်ကို သူ သတိပြုမိလိုက်၏။
ဝေ့ဝူယင် စဥ်းစားနေချိန်မှာပင် စုမေ့ထံမှ အသံထွက်ပေါ်လာသည်။
“ဗိသုကာ ပညာရှင် ပြောတဲ့ ပုံအရဆိုလျှင် အဲဒီ လခြမ်းပုံစံ အပေါက်လေးက ဒီရှေ့ဟောင်း ဟင်းလင်းပြင် ဂိတ်တံခါးကို အသက်သွင်းဖို့ အဓိက သော့ချက်တဲ့”
သူမ၏ မျက်လုံးများက ဝေ့ဝူယင်၏ လည်ပင်းထက်ရှိ လခြမ်းပုံသဏ္ဌာန် ဆွဲကြိုးလေးထက်သို့ ကျရောက်နေသည်။ ကြည့်ရသည်က သူမသည်လည်း ဝေ့ဝူယင် ကဲ့သို့ပင် လခြမ်းသဏ္ဌာန် သော့ပေါက်နှင့် လခြမ်းသဏ္ဌာန် ဆွဲကြိုးတို့ အံဝင်ခွင်ကျ ဖြစ်မည့်ပုံကို သတိထားမိနေဟန် ရ၏။
“ကြည့်ရတာ ဒီလိုဆွဲကြိုးမျိုး ပိုင်ဆိုင်ထားတာ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ”
ဝေ့ဝူယင် လခြမ်း ဆွဲကြိုးလေးကို ပွတ်သက်ရင်း အနည်းငယ် စဥ်းစားလိုက်၏။ ထို့နောက်တွင် သူက စုမေ့ဘက်သို့ လှည့်လိုက်၏။
“ဒီမိုင်းတွင်းကို ပိုင်ဆိုင်ခဲ့တဲ့ အင်အားစုနဲ့ ဆက်စပ်နေတဲ့ လူတွေ ရှိမရှိ လိုက်ရှာကြည့်... အနန္တကုန်းမြေ တိုက်ကြီးရော အခြားကုန်းမြေတိုက်ကြီးတွေပါ ဘယ်နေရာကိုမှ ချန်မထားနဲ့... ဘယ်လောက်ပဲ ကုန်ကျပါစေ ငါ ဂရုမစိုက်ဘူး... နားလည်တယ်နော်”
စုမေ့က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ တစ်ခဏမျှ ကြာအောင် ဆက်လက်ကြည့်ရှုပြီးနောက် ဝေ့ဝူယင် အပြင်သို့ ပြန်လည် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ကမ္မ တန်ဖိုးက အပြောင်းအလဲ မရှိရာ သူ အခြား တစ်ဖက်သို့ စွန့်စား ဝင်ရောက်ရန် စိတ်ကူးမရှိချေ။ ထိုဟင်းလင်းပြင် ဂိတ်တံခါးက ပြန်လမ်းမရှိသည့် နေရာတစ်ခုကို ဦးတည်နေသည် ဆိုပါက သူ မည်ကဲ့သို့ လုပ်မည်နည်း။
သို့ဖြစ်ရာ ထိုကိစ္စကို လုံလောက်သည့် အချက်အလက်များ ရရှိသည့် တစ်နေ့သို့ ရောက်မှ ကိုင်တွယ်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်လေတော့သည်။
...
မင်္ဂလာပွဲ ကျင်းပမည့် နေ့ရက်ကား တဖြည်းဖြည်း နည်းကပ်လာနေခဲ့ပြီ ဖြစ်သည်။ များစွာသော ဝေဖန်မှု၊ ကန့်ကွက်မှုများမှာ ဆူညံ ပွက်လောရိုက် နေသော်လည်း အခမ်းအနား စီစဉ်မှုများကမူ ပုံမှန်အတိုင်းပင် ဆက်သွားနေဆဲ ဖြစ်သည်။
ကိုယ်လုပ်တော် လက်ထပ်ပွဲတွင်လည်း သာမန် မင်္ဂလာပွဲများ ကဲ့သို့ပင် စုဝေးခြင်း၊ ကျင်းပခြင်း၊ မိုးနှင့်မြေကို သစ္စာပြုခြင်းနှင့် နမ်းရှုံ့ခြင်းတို့ ပါဝင်သည်။ တစ်ခုတည်းသော ခြားနားချက်ကား သစ္စာပြုခြင်း အစီအစဉ်တွင် ကိုယ်လုပ်တော် တစ်ယောက်သာလျှင် ကျိန်ဆိုမှုကို ပြုလုပ်ရခြင်း ဖြစ်သည်။
မရေမတွက်နိုင်သော လူများသည် မင်းသမီးလေး၏ သနားစရာ ကောင်းလှသော ကံကြမ္မာကို ကြည့်ကာ သက်ပြင်းသာ ချနေမိကြသည်။ အကယ်၍ သူမသာ ထိုမျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်၏ ဇနီး မယားတစ်ယောက် ဖြစ်လာမည် ဆိုပါက သူတို့ အနေဖြင့် ဒီလောက်ကြီး ခံစားရလိမ့်မည် မဟုတ်သော်လည်း ယခုက ကိုယ်လုပ်တော် တစ်ယောက် ဖြစ်နေခဲ့သည်။
ထိုအရာက မယားငယ် ဆိုသော ဝေါဟာရနှင့် ထူးမခြားနား ဖြစ်၏။ အခမ်းအနားအတွက် ပြင်ဆင်မှုများက မည်မျှ အထိ ကြီးကျယ်ခမ်းနားသည် ဆိုစေကာမူ တိုင်းသူ ပြည်သား အများစုမှာမူ မျက်နှာကို တံတွေးဖြင့် ထွေးခံရသလိုသာ ခံစားနေခဲ့ကြရလေသည်။
ထိုအချိန် ရွှယ်တိုင်းပြည်၊ သွေးပန်းပဲဖို မြို့တော်၌…
ရွှယ်ရီဖေးသည် ဘဲဥပုံသဏ္ဌာန် ကိုယ်လုံးပေါ် မှန်ကြီး တစ်ခုရှေ့တွင် ထိုင်နေခဲ့သည်။ မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည့် သူမ၏ မျက်နှာ ကလေးသည် ထူးထူးခြားခြား လှပနေ၏။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ် ထက်တွင်မူ ရွှေချည်ထိုး ဖီးနစ်ဝတ်စုံ တစ်စုံကို ဆင်မြန်းထားသည်။
သူမ၏ ဘေးနှစ်ဖက်တွင်မူ နုငယ် ပျိုပျစ်ရော မိန်းကလေးနှစ်ယောက် ရှိနေခဲ့သည်။ ထပ်တူ တူညီလှသော ရုပ်ရည်သွင်ပြင်များမှ တစ်ဆင့် ထိုနှစ်ယောက်မှာ အမွှာများ ဖြစ်ကြောင်း သိရှိ နိုင်ပေသည်။ သူမတို့၏ လက်များသည် ရွှယ်ရီဖေး၏ ဆံနွယ်ဆံသားများထက်၌ ညင်သာစွာ လှုပ်ရှားနေကာ ထုံးဖွဲ့ပေးနေခဲ့လေသည်။
"အရမ်းလှတာပဲ သခင်မလေးရယ်… သခင်မလေးနဲ့ လက်ထပ်ခွင့်သာ ရမယ် ဆိုရင် ဘယ်ယောက်ျားမဆို အသက်ပေးရဲမှာ သေချာတယ်"
ရှု့ရီဟု ခေါ်သော မိန်းကလေးက ညင်သာစွာ ရေရွတ် လိုက်သည်။
"..."
ရွှယ်ရီဖေးမှာ မည်သို့မျှ မတုန့်ပြန်ပဲ မှိုင်တွေကာ တိတ်ဆိတ် ငြိမ်သက်နေ၏။ အမဖြစ်သူ ရှု့ဖေးထံမှ ကျရောက်လာသည့် စူးရဲသော အကြည့်ကြောင့် ရှု့ရီလေးမှာ သူမ၏ အမှားကို သတိထားမိသွားသည်။ သခင်မလေးမှာ မကြာခင် မျက်နှာဖုံးတပ် အဂ္ဂိရတ် ပညာရှင်၏ ကိုယ်လုပ်တော် အဖြစ် လပ်ထပ်ရတော့မည် မဟုတ်ပါလား။
“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ် သခင်မလေး...”
မျက်ရည်များက သူမ၏ မျက်လုံးမှ စီးကျလာ၏။ ရွှယ်ရီဖေးက နူးညံ့သော မျက်လုံးများဖြင့် အစေခံမလေးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမက ညင်သာစွာ မေးလိုက်၏။
“အခြားလူတစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်ရတာ ငါ့အတွက် အောက်ကျစရာလို့ ညည်းတို့ ထင်နေတယ်ပေါ့ ဟုတ်လား”
ရှု့ဖေးနှင့် ရှု့ရီတို့မှာ မျက်နှာငယ်များနှင့် ခေါင်းခါလိုက်ကြသည်။ သို့သော်လည်း သူတို့၏ စိတ်ထဲတွင်မူ ရွှယ်ရီဖေးနှင့် ပတ်သက်မှုရှိသည့် လူငယ်လေး အချိန်မီ ရောက်ရှိလာကာ ထိုနှာဘူးကျသော အဂ္ဂိရတ် ပညာရှင် ဆိုသူကို သတ်ဖြတ်ပစ်ရန် ဆုတောင်းနေမိကြသည်။
ရွှယ်ရီဖေးက အနည်းငယ် ပြုံးကာ ဆက်မေးလိုက်၏။
“တကယ်လို့ ငါလက်ထပ်ရမယ့်လူက ထာဝရ မင်းသားလေး ဖြစ်နေမယ် ဆိုရင်ရော ညည်းတို့ ခုလို တွေးကြဦးမှာလား”
“ ... “
ရှု့ညီအမ၏ မသေချာမှုတို့ဖြင့် ပြည့်နှက်သွားသည်။ ထာဝရ မင်းသားလေး... ထိုအရာကား ယခုနှစ်ပိုင်း အတွင်း သူတို့ အကြိမ်ကြိမ် အခါခါ ကြားခဲ့ရသည့် နာမည် တစ်ခု ဖြစ်သည်။ ထာဝရ မင်းသားလေးသည် အသက် သုံးဆယ်ကျော်သာ ရှိသေးသည့်တိုင် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သလို အနန္တဧကရာဇ်ကဲ့သို့ ဂိုဏ်းကြီး၏ ကောင်းကင်ဧကရာဇ် အဆင့် တပည့်လည်း ဖြစ်သည်။
"မတွေးတော့ဘူး မလား...”
ရွှယ်ရီဖေးက ပြုံးလိုက်၏။ ရှု့ရီနှင့် ရှု့ဖေးတို့မှာ ဆက်လက် တိတ်ဆိတ်နေသည်။ သူတို့၏ သခင်မလေး ရွှယ်ရီဖေးသည် အလွန်တရာ လှပသည် ဆိုသော်လည်း ထာဝရ မင်းသားလေးနှင့် ယှဥ်ပါက မိုးနှင့်မြေလို အဆင့်အတန်းချင်း ကွာဟလွန်းသည်။ ကိုယ်လုပ်တော် မဆိုထားနှင့် အစေခံ ဖြစ်ခွင့်ရမည် ဆိုလျှင်ပင် ထိုအရာက အတော်လေး ချီးမြှင့်လွန်းရာ ကျနေခဲ့ပြီ ဖြစ်သည်။
“ဒါပေမဲ့ အဲဒီ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်က ထာဝရ မင်းသားလေးမှ မဟုတ်တာကို...”
ရှု့ရီက ငြင်းချက်ထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ရှုဖေးတစ်ယောက်မှာမူ တစ်စုံတစ်ခုကို စဥ်းစားမိဟန်ဖြင့် မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလေတော့သည်။ သူမ ရွှယ်ရီဖေး၏ တည်ငြိမ် လှပသော မျက်နှာကို နောက်တစ်ကြိမ် စေ့စပ်စွာ အကဲခတ်လိုက်၏။ ထိုအရာက အမှန်တကယ်လော။
ရွှယ်ရီဖေးက အကြည့်လွှဲလိုက်ကာ မှန်ထဲတွင် ထင်ဟပ်နေသည့် ချောမောသော ရုပ်သွင်လေးကို ငေးကြည့် လိုက်သည်။ ယနေ့က သာယာ ကြည်နူးစရာကောင်းသည့် နေ့တစ်နေ့ ဖြစ်မလာနိုင်မှန်းအား သူမ သိရှိထားသည်။
“သူက ဒါကို လက်ခံမှာ မဟုတ်ဘူး ဆိုတာ ငါသိတယ်... သူ ဒီနေ့ ကျိန်းသေ ရောက်လာလိမ့်မယ်... ဒါပေမဲ့ ငါကရော...”
သူမ ကိုယ်တိုင်သည်လည်း သူ့အား ချစ်ခဲ့ပါသည်။ သူ၏ တိုးတက်ရေး အတွက် များစွာသော အကူအညီများ ပေးခဲ့သည်။ သူ၏ လမ်းစဥ်၌ သူမ တစ်စိတ်အပိုင်း အမြဲတမ်း ပါဝင် အားဖြည့်ပေးခဲ့သည်။ သူမက သူ့ဘဝ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့သည်။
ကျိန်စာတစ်ခုလား၊ ဖူးစာလား မသိသော်လည်း သူမနှင့် ယွမ်လုံရှိတို့ အကြားရှိ ပတ်သက်မှုက နက်ရှိုင်းလှ၏။ ထိုအရာက အရိုးချင်း ဆက်ထားသလို၊ အသွေးအသားချင်း ယှက်ထားသလို ကောင်းကင်မှ ဖန်တီးသည့် ပတ်သက်မှုမျိုး ဖြစ်သည်။ ယွမ်လုံရှီ၏ နောက်ကို လိုက်ခြင်းဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကြီးကျယ်ခမ်းနားသော နေရာတစ်ခုကို ရောက်ရှိနိုင်ကြောင်း သူမ ရာနှုန်းပြည့် ယုံကြည်သည်။
သို့သော်လည်း တစ်ခါတစ်ရံ၌ ရွှယ်ရီဖေးသည် သူမ ဘဝက ယွမ်လုံရှီ၏ တိုးတက်မှု လမ်းကြောင်း၌အဖြည့်ခံ တစ်ယောက်လို ဖြစ်နေခဲ့သည်လော တွေးမိသည်။ သူမသည် မင်းသမီးတစ်ယောက် ဖြစ်ရာ ငယ်စဥ်ကတည်းကပင် များစွာသော သမိုင်းစာအုပ်များကို အပြန်ပြန် အလှန်လှန် ကြေညက်အောင် ဖတ်ခဲ့ဖူးသည်။
နတ်ဘုရား ဧကရာဇ် ဟန့်ရှဲ့သည် နဂါးမျိုးနွယ်များကို သတ်ဖြတ်ခဲ့ကာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးခဲ့ဖူးသည်။ အနန္တဧကရာဇ်ဂိုဏ်း တည်ထောင်သူ မဟာ ဧကရာဇ် ရွှယ်ယုသည်လည်း တစ်ခေတ်တစ်ယောက် ထွန်းပေါက်ခဲ့သူ ဖြစ်သည်။ ထိုနည်းတူစွာပင် ကြီးကျယ်ခမ်းနားသော အသူရာ နတ်ဆိုးတောင်တန်း သခင်သည် နတ်ဆိုးများ အတွက် ဂြိုဟ်ကြီး တစ်ခုကိုပင် ဖန်တီးခဲ့ဖူးသည်။
သူတို့၏ နာမည်များသည် မျိုးဆက်ပေါင်း များစွာကို ကျော်ဖြတ်ကာ ယနေ့ခေတ်တိုင်အောင် ထင်ရှား ကျော်ကြားနေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့နောက်၌ ရပ်တည်ပေးခဲ့သော မိန်းမများကို မည်သူက မှတ်မိကြသေးသနည်း။
ထိုအရာက အလွန် အရေးကြီးသော အမှန်တရား တစ်ခု ဖြစ်သည်။ ရွှယ်ရီဖေးသည် ထိုမိန်းမများ ကဲ့သို့ ဘဝကို အဆုံးမသတ်လိုပေ။ သူမ ကိုယ်ပိုင် လမ်းစဥ်နှင့် ပုံရိပ်တစ်ခုကို တည်ဆောက်လိုသည်။
ဝေ့ဝူယင်သည် သူမအတွက် အခွင့်အရေး ဖြစ်၏။ ကိုယ်လုပ်တော်... ထိုအရာက ယောက်ျားတစ်ယောက်၏ ဘေး၌ နေရခြင်းကို ရွှေမှုန်၊ ငွေမှုန်ကြဲထားသည့် အသုံးအနှုန်းပေါင်းများစွာထဲမှ တစ်ခုသာ ဖြစ်သည်။ သူမကမူ ဇနီးမယား တစ်ယောက်၏ အဆင့်အတန်းကို ဝေါဟာရများထက် အရေးပါ အရာရောက်မှုဖြင့်သာ သတ်မှတ်ချင်သည်။
သူမ၏ ဉာဏ်ရည်ထက်မြက်မှုနှင့်သာ ဆိုပါက တစ်နှစ် သို့မဟုတ် ဆယ်စုနှစ်တစ်ခု... မဟုတ်လျှင်လည်း ရာစုနှစ် တစ်ခုအတွင်းတွင် ဝေ့ဝူယင်၏ ဇနီးမယား တစ်ယောက်ပင်လျှင် ဖြစ်လာနိုင်သည်။ ထိုကဲ့သို့ လုပ်နိုင်မည်ဟုလည်း သူမ ယုံကြည်သည်။
ထို့ကြောင့်ပင် လက်ထပ်ပွဲ အခမ်းအနားကို သူမ ကျေကျေနပ်နပ်ဖြင့် လက်ခံခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အပန်းဖြေခရီး ပြီးဆုံးချိန်၌ ဝေ့ဝူယင်က သူမအား အနန္တဧကရာဇ်ဂိုဏ်းသို့ ခေါ်ဆောင် မသွားလျှင်ပင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် သူမသည် ကောင်းကင်ဧကရာဇ်၏ ကိုယ်လုပ်တော် တစ်ယောက် အနေဖြင့် ကျန်ရှိပေလိမ့်မည်။ ထိုအခါ သူမ၏ အဆင့်အတန်းမှာလည်း ကျိန်းသေ မြင့်တက်လာလိမ့်မည် ဖြစ်၏။ ဖခမည်းတော် ရွှယ်ထျန်းနှင့် အဆင့်အတန်းချင်း တူညီသည့် ကောင်းကင် နိုဘယ်များ ပင်လျှင် သူမနှင့် ရင်းနှီးရန် ကြိုးစားလာရလိမ့်မည် ဖြစ်သည်။
ထိုအခွင့်အရေးကို ပိုင်နိုင်စွာ ဆုပ်ကိုင်နိုင်ပါက သူမ အနေဖြင့် ဒုတိယမြောက် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ၊ ဒုတိယမြောက် မဟာ ဧကရာဇ် ဝူယု၊ ဒုတိယမြောက် အသူရာ နတ်ဆိုးသခင်တို့ မဖြစ်လာနိုင်ဟု မပြောနိုင်ချေ။ အကယ်၍ တစ်နေ့နေ့တစ်ချိန်ချိန်၌ သူမ သေဆုံးသွားလျှင်ပင် ရွှယ်ရီဖေး ဆိုသော နာမည်မှာ သမိုင်းစာအုပ် တစ်ခု၏ မျက်နှာဖုံး၌ ထင်ကျန်ရစ် ရပေလိမ့်မည်။
သူမ အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအတွေးများက သူမ၏ နှလုံးသားကို ဖုံးလွှမ်းသွားခဲ့ပြီးသည့်နောက် မကြာမီတွင်ပင် သူမ၏မျက်လုံးများသည် တည်ကြည်ငြိမ်သက်သွားသည်။ သူမ မှန်ထဲတွင် ပေါ်နေသည့် ပုံရိပ်ကို ကြည့်ရင်း တောက်ပစွာ ပြုံးပြလိုက်သည်။
အကယ်၍ ဝေ့ဝူယင်သာ ထိုအပြုံးကို မြင်တွေ့ခဲ့ပါက ဒုတိယ အကြိမ်မြောက် အသက်ရှူ မှားသွားလိမ့်မည်မှာ ကျိန်းသေ နေပေတော့သည်။
***