မင်္ဂလာနေ့ ကျရောက်လာခြင်း
Vol. 16 Ch. 221
ရွှယ်ရီဖေး၏ အိပ်မက်နှင့် မျှော်လင့်ချက်များ အကောင်အထည် ဖော်ရန် နီးကပ်လာချိန်တွင် ပုံရိပ်တစ်ခုကမူ မတူကွဲပြားသော ရလဒ်တစ်ခုအား ရှာဖွေရန် ရောက်ရှိလာခဲ့လေသည်။ သူ၏ ဝတ်ဆင်ထားသည့် အနက်ရောင် ဝတ်စုံသည် တိုက်ပွဲပေါင်း အလီလီကို ကျော်ဖြတ်ခဲ့ရသည့် အလား စုတ်ပြဲမှုများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ၏ ခြေလှမ်းများကမူ တည်ငြိမ်ကာ ခိုင်မာသော ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။ ထူထဲသော မျက်ခုံးများ အောက်၌ သူ၏ မျက်လုံးနှစ်ဖက်က တမူထူးခြားသည့် အရောင်များနှင့် တောက်ပနေ၏။ တစ်ဖက်က ကြက်သွေးရောင် အလား ရဲရဲလက်နေကာ အခြား တစ်ဖက်ကမူ ညဥ့်သန်းခေါင် အလား နက်မှောင် တောက်ပနေသည်။
တော်ဝင်မြို့တော် အလယ်တွင် ပြင်ဆင်နေသည့် မင်္ဂလာ ခန်းမကြီးကို ငေးရင်း သူ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“ဖေးအာ... ငါ့ကို စောင့်နေပါ... ငါ့အသက်နဲ့ ရင်းပြီး မင်းကို ကယ်ထုတ်ပေးမယ်”
...
ကောင်းကင်အလွှာ အထက်၌...
ဝေ့ဝူယင်သည် ရှောင်ပိုင်၏ ကျောထက်တွင် သက်တောင့်သက်သာ လှဲလျောင်းရင်း ဝိညာဥ်ဝိုင်ကို မော့သောက် နေခဲ့သည်။ သူသည် ရွှေရောင် ချည်ထိုးသည့် ကောင်းကင်ပိုးထည်ကို ဝတ်ဆင်ထားသည်။ ထိုအရာသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး အမတေများကို စုပ်ယူကာ ခန္ဓာကိုယ်အား သန်မာလာအောင် အလိုအလျောက် ပြုပြင်ပေးနိုင်စွမ်း ရှိသည်။ သူ၏ ပုံစံက ချမ်းသာ ကြွယ်ဝကာ ပျင်းရိသည့် သခင်လေး တစ်ယောက်နှင့်ပင် တူနေခဲ့သည်။
“မျှော်လင့်စောင့်စားရတဲ့ နေ့ကတော့ ရောက်လာပြီ... ဟဟ...”
သူက အနည်းငယ် ရယ်မောလိုက်၏။ ထို့နောက် ထထိုင်လိုက်ကာ ကောင်းကင်ဘုံ နတ်မျက်လုံးကို သုံးလျှက် တော်ဝင်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံ ကြည့်လိုက်သည်။
“သူ ရောက်နေလောက်ပြီ...”
မျှော်လင့်ချက် တစ်ခုက သူ့နှလုံးသား အတွင်း တိုးဝင်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးတပ် အဂ္ဂိရတ်ပညာရှင်၊ မင်္ဂလာ အခမ်းအနားနှင့် ဆက်နွယ်နေသည့် အမိုက်စား ကောလာဟလများ၊ သဘောထားကွဲလွဲမှုများနှင့် သူ ကိုယ်တိုင် ဖြန့်ခဲ့သည့် သတင်းမှား အချို့၏ အသီးအပွင့်များကား မကြာခင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ထိုကောင်းချီးခံသည် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ မည်သည့် နေရာ၌ ရှိနေစေကာမူ ထိုသတင်းများကို ကြားမည်မှာ သေချာသည်။ အကယ်၍ မကြားလျှင်တောင် ကောင်းကင်တာအိုက သူ့အား ဤနေရာသို့ ရောက်အောင် လမ်းညွှန်ပေလိမ့်မည်။
များစွာသော အလှည့်အပြောင်းများနှင့် အတူ ထိုကောင်းချီးခံသည် လုံချန်ကဲ့သို့ပင် အခက်အခဲ အားလုံးကို ကျော်ဖြတ်ကာ သူချစ်ရသည့် သတို့သမီးကို ကယ်တင်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ သေချာနေသည့် အခြေအနေ တစ်ခုတွင် သူ၏ အစီအစဥ်ကား...
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ်လက်ကာ မြို့တော် အတွင်းရှိ လူများကို တစ်ယောက်ပြီး တစ်ယောက် ဆန်းစစ်နေ၏။ ထိုကောင်းချီးခံ မည်မျှပင် လျှို့ဝှက်သည် ဆိုစေကာမူ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများကိုတော့ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ချေ။
“အိုး...”
ရင်းနှီးသည့် အရောင်အဝါ တစ်ခုအား ကြည့်ရင်း ဝေ့ဝူယင် စိတ်လှုပ်ရှားသွား၏။ ထိုအရာက ခရာတို (နဂါးသွေး ဝိညာဥ်) ကဲ့သို့ တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသား အစုံနှင့် လူငယ် တစ်ယောက်ပင် ဖြစ်လေသည်။ ကြည့်ရသည်က ထိုလူငယ်သည်လည်း နှလုံးသားတွင် သေမျိုး အမှတ်အသား တစ်ခုကို ရေးထိုးထားနိုင်သည့်ပုံ ရသည်။
“သူ့မှာလည်း ရှိနေတယ်...”
ခရာတိုထံမှ ရောက်ရှိလာသည့် အသံက သူ၏ သံသယကို ပိုမို ရှင်းလင်း သွားစေသည်။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။
ထိုလူငယ်သည်လည်း သူ့ကဲ့သို့ပင် အဇူရာ အကြေးခွံပိုင်ရှင် နဂါးအို အန်နုနှင့် တွေ့ဆုံခဲ့သည်လော။ သို့မဟုတ် ဤကုန်းမြေတိုက်ကြီးတွင်လည်း အန်နု ကဲ့သို့ အခြား နဂါးတစ်ကောင် ရှိနေသည်လော။ ထိုအချက်အား စဥ်းစား မရသည့်တိုင် သူ့စိတ်ထဲ၌ သေချာသော အရာတစ်ခုတော့ ရှိနေပေသည်။ ထိုအရာကား... မြေပြင်ရှိ အနက်ရောင် ဝတ်ဆင်ထားသော လူငယ်မှာလည်း သူ့ကဲ့သို့ပင် အစစ်အမှန် နဂါးအသွင်ပြောင်းခြင်းကို ကျင့်ကြံထားခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။ အကယ်၍ ထိုလူငယ်သာ အမှန်တကယ် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်နေပါက သူ့တွင် နဂါး အမတေ သွေးစက်များ ရှိနေနိုင်သည်။ ကြည့်ရသည်က ဤသုံးလတာ အစီအစဥ်မှ ရရှိလာမည့် အကျိုးအမြတ်များမှာ သူမျှော်မှန်းထားသည်ထက်ပင် အများကြီး ပိုနေသည့်ပုံ ရသည်။
ဝေ့ဝူယင်၏ မျက်လုံးများက မင်္ဂလာပွဲ ကျင်းပမည့် နေရာသို့ ကျရောက်သွားသည်။ အခမ်းအနား ပြင်ဆင်မှု အားလုံးမှာ ပြီးဆုံးနေပြီ ဖြစ်ကာ လက်ထပ်ပွဲ စတင်ရန် အရာရာ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်၏။ ဝေ့ဝူယင် ယုံကြည်ချက် ရှိစွာ ပြုံးလိုက်ရင်း ရှောင်ပိုင်၏ ကျောထက်မှ ခုန်ဆင်းလိုက်၏။
“ငါ့အတွက် အခမ်းအနားကို ငါနောက်ကျနေလို့ ဘယ်ဖြစ်ပါ့မလဲ...”
...
မင်္ဂလာ အခမ်းအနားကား စတင်ခဲ့ပြီ ဖြစ်သည်။ ရွှယ်တိုင်းပြည်၏ သြဇာကြီးမားသော ပုံရိပ်များ အပြင် မရေမတွက်နိုင်သော လူများမှာ ထိုအခမ်းအနားဆီ ရောက်ရှိလာခဲ့ကြ၏။ သို့သော်လည်း ထိုအထဲမှ အများစုမှာ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုရန် မဟုတ်ပဲ သိချင်စိတ်၊ စူးစမ်းလိုစိတ်များကြောင့်သာ ရောက်ရှိ လာခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် သုံးလအတွင်း၌ သနားစရာ မင်းသမီးလေး၏ လက်ထပ်ပွဲ သတင်းသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် လူပြောအများဆုံး အကြောင်းအရာ ဖြစ်ခဲ့သည်။ ကြီးမြတ်လှပါသည် ဆိုသော ရွေးချယ်ခံ သွေးပန်းပဲဖို ဧကရာဇ်သည် သူ၏ အလှဆုံး သမီးတော်ကို ကိုယ်လုပ်တော် တစ်ယောက် အဖြစ် မထင်မရှား အဂ္ဂိရတ် အရှင် တစ်ပါးထံ ဆက်သခဲ့သည်။
ရွှယ်တိုင်းပြည်၏ သမိုင်း တစ်လျှောက်လုံးတွင် မင်းသမီး တစ်ပါးသည် ဘယ်တုန်းကမှ ဇနီးမယားထက် နိမ့်ကျသည့် အဆင့်အတန်းမျိုးကို မပိုင်ဆိုင်ခဲ့ဖူးချေ။ ထိုအရာက တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အိုးမဲသုတ်မှု တစ်ခုဖြစ်သည်။ ဧကရာဇ် ရွှယ်ထျန်းက ထိုကိစ္စကို အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သနည်း။ ထို့အပြင် သူသည် အကြောင်းရင်းကိုပင် ရှင်းမပြခဲ့ချေ။
ထိုအရာက အာဏာ အလွဲသုံးစား လုပ်မှုမျိုး ဖြစ်သည်။ သူ့အား သွေးပန်းပဲဖို ဧကရာဇ် အဖြစ် ရွေးကောက် တင်မြှောက်ထားခြင်းက တိုင်းပြည်၏ အကျိုးစီးပွားကို ဆောင်ကျဥ်းရန်သာ ဖြစ်ပြီး ယခုကဲ့သို့ အခြားလူတစ်ယောက်၏ လွတ်လပ်မှုကို ဝင်ရောက် စွက်ဖက်ရန် မဟုတ်ပါချေ။
တော်ဝင်မြို့တော် အပြင်ဘက်၌ မရေမတွက်နိုင်သော တိုင်းသူပြည်သားများမှာ ဆန္ဒပြ နေကြသည်။ အော်ဟစ် ဆူညံသံများမှာ မြို့တော်ထဲ အထိပင် ရောက်ရှိကာ ပျံ့နှံ့နေ၏။ တစ်ယောက်တည်း ဆိုပါက သူတို့ သတ္တိရှိချင်မှ ရှိလိမ့်မည် ဖြစ်သော်လည်း အုံလိုက်ကျင်းလိုက်နှင့် ဆိုပါက သူတို့ မိုက်ရဲပေသည်။
ဧကရာဇ် ရွှယ်ထျန်းသည် ရွှယ်တိုင်းပြည်၌ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် တစ်ယောက်ဟု ဆိုနိုင်သည့်တိုင် ထိုအရာက လုံးဝ ပြိုင်ဘက်ကင်းသည်ဟု မဆိုလိုချေ။ သူနှင့် တန်းတူ ကြယ်တာရာ အမြုတေ အဆင့်နှစ် ရှိသည့် အခြား ပုဂ္ဂိုလ်များလည်း ရှိပေသေးသည်။ သူတို့ အကြားရှိ ကွာခြားချက်က သိပ်ကြီးမားလှခြင်း မရှိလှချေ။
ထိုပုဂ္ဂိုလ်အားလုံးမှာ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာကာ သတ်မှတ် ထိုင်ခုံများတွင် ရှုတည်တည်ဖြင့် ထိုင်နေကြသော်လည်း သူတို့၏ မျက်လုံးများကမူ မကျေနပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ အခမ်းအနားသို့ အနန္တဧကရာဇ်ဂိုဏ်းမှ ကမ္ဘာ့ရွေးချယ်ခံ အဆင့် တပည့်များပင်လျှင် တက်ရောက် လာသည်။ သူတို့ကို အပြင်လူများ အဖြစ် သတ်မှတ်နိုင်သည့်တိုင် မည်သူ့ကိုမှ အထင်သေး၍ မရချေ။ သူတို့အထဲမှ များစွာမှာ ကောင်းကင်နိုဘယ်များနှင့် မူလ အင်ပါယာ သူတော်စင်များ၏ အဖွဲ့များမှ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်း အဆင့်ကပင်လျှင် ရွှယ်တိုင်းပြည် တစ်ခုလုံးကို ပြောင်းဆန်အောင် လုပ်နိုင်စွမ်း ရှိပေသည်။
မင်္ဂလာ စင်မြင့်ထက်၌ ရွှယ်ရီဖေးသည် မျက်လွှာကို ချရင်း ငြိမ်သက်စွာ ထိုင်နေခဲ့၏။ သူမသည် သွေးရောင် ဖီးနစ်ဝတ်နှင့် အတူ ပုရိဿတိုင်း အသက်ရှူမှားလောက်အောင် လှပလှ၏။ သူမ၏ ဘေးတစ်ဖက် တစ်ချက်တွင်မူ ရှုရီနှင့် ရှုဖေးတို့ နှစ်ယောက်က ဝန်းရံနေကြ၏။ သူတို့ နှစ်ယောက်မှာလည်း အလွန် လှပသည်ဟု ဆိုနိုင်သည့်တိုင် ရွှယ်ရီဖေးနှင့် နှိုင်းယှဥ်နိုင်လျှင်မူ လမင်းကြီးနှင့် ပိုးစုန်းကြူးများလို ကွာခြား လှပေသည်။
ယနေ့၌ ရွှယ်ရီဖေးသည် အားလုံး၏ အာရုံစိုက်စရာ အလှတရား တစ်ခု ဖြစ်နေခဲ့ပေသည်။ သူမ၏ နောက်တွင် ဘိသက် ပရောဟိတ် တစ်ဦးမှာ ရပ်နေခဲ့၏။ သူမသည် သန့်စင်သော ရောင်ဝါနှင့် အတူ ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ထားကာ ဇာပုဝါ တစ်ခုကို မျက်နှာရှေ့တွင် ဖုံးအုပ်ထားသည်။
ပရိသတ်များမှာ မင်္ဂလာ စင်မြင့်၏ ပတ်လည်၌ ရှိနေကြပေသည်။ သူတို့သည် သေချာစွာ စီစဥ်ထားသော ထိုင်ခုံများထက်၌ ထိုင်နေကြကာ ရွှယ်ရီဖေးတို့ကို ရှုထောင့်ပေါင်းစုံမှ ကြည့်နေသည်ဟုပင် ဆိုနိုင်ပေသည်။
ရွှယ်ထျန်းသည် ထိုင်ခုံတစ်ခု၌ ထိုင်ရင်း မင်္ဂလာပွဲတက်ရောက်လာသူများကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်မိသည်။ ထိုလူများ၏ မျက်လုံးများကို သူဖတ်နိုင်ကာ ဤစီစဥ်မှု အတွက် မကျေမနပ် ဖြစ်နေသည်က ထင်ရှားလှသည်။ အကယ်၍ သူ့သမီးနှင့် လက်ထပ်မည့် ပုဂ္ဂိုလ်မှာ အဂ္ဂိရတ် ဧကရာဇ်ဝေ့ ဖြစ်ကြောင်းကိုသာ သိပါက သူတို့ အားလုံး ရူးသွပ်၍ပင် သွားနိုင်သည်။
မင်္ဂလာပွဲကား စတင်ရန် အစစ အရာရာ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်၏။ သို့သော်လည်း လျှို့ဝှက် ဆန်းကြယ်သော အဂ္ဂိရတ် ပညာရှင်မှာမူ ပေါ်မလာသေးချေ။ သူက မည်သည့်နေရာသို့ သွားနေသနည်း။ အဖြူရောင် မျက်နှာဖုံးနောက်တွင် မည်သို့သော ရုပ်သွင် ရှိနေမည်နည်း။ များစွာသော လူများမှာ ထိုအရာကို သိလိုနေကြ၏။
သူတို့ ကြာကြာ မစောင့်လိုက်ရခင်မှာပင် ခြေသံများနှင့် အတူ သတို့သားမှာ ရောက်ရှိလာခဲ့တော့သည်။ သူသည် ရွှေရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ အဖြူရောင် မျက်နှာဖုံးအား တပ်ဆင်ထားဆဲ ဖြစ်၏။ ကြည့်ရသည်က ယနေ့တွင်လည်း ထိုအဂ္ဂိရတ် ပညာရှင်သည် သူ့အဆင့်အတန်း အစစ်အမှန်ကို ဖော်ပြမည့်ပုံ မရသေးချေ။
ဝေ့ဝူယင်သည် ကောဇောနီ ခင်းထားသည့် လမ်းအတိုင်း မင်္ဂလာ စင်မြင့်ထက်သို့ လျှောက်သွားကာ ရွှယ်ရီဖေး၏ နံဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုအခိုက်တွင်ပင် ထူးဆန်းသော အဖြစ်အပျက်များ စတင် ဖြစ်ပျက် လာခဲ့လေ၏။
ဝှစ်... ဝှစ်... ဝှစ်...
မင်္ဂလာပွဲသို့ တက်ရောက်လာသည့် ဧည့်သည် အချို့သည် တိုက်ရိုက်ပင် ကောင်းကင်သို့ ပျံတက်ကာ အစီအရီ ထွက်ခွာသွားကြ၏။ သူတို့သည် အလွန်ကြောက်မက်ဖွယ် ကောင်းသည့် အရာတစ်ခုကို တွေ့မြင်လိုက်ရသည့် အလား တုန့်ဆိုင်းခြင်း အနည်းငယ်ပင် မရှိခဲ့ချေ။ ထိုထက်ပို၍ အံ့အားသင့်စရာ ကောင်းသည့် အရာကား... ထိုထပြန်သွားသည့် ဧည့်သည်အားလုံးမှာ အနန္တဧကရာဇ်ဂိုဏ်းကြီးမှ လာရောက်သည့် လူများ ဖြစ်နေကြခြင်းပင် ဖြစ်သည်။
ပုံရိပ်ကြီးမားသည့် လူအချို့က ဆက်သွယ်ရေး သလင်းကျောက်များကို ထုတ်ယူကာ စာပို့၍ မေးမြန်း လိုက်ကြသည်။ သို့သော်လည်း ဘာတုန့်ပြန်မှုမှ သူတို့ မရချေ။ ထိုအဖြစ်အပျက်က ထူးဆန်းသည် ဆိုသော ဝေါဟာရထက်ပင် ပိုမိုနေသည်။
ရွှယ်ရီဖေး၏ ဟေဇယ်မျက်လုံးများက သူမ နံဘေးတွင် ဝင်ရောက် နေရာယူလိုက်သည့် ဝေ့ဝူယင် အပေါ်သို့ ကျရောက်သွားသည်။ အဖြူရောင် မျက်နှာဖုံးကို ကြည့်ရင်း ခံစားချက် အမျိုးမျိုးက သူမ ရင်ထဲတွင် ဖြတ်ပြေးသွားသည်။ ထိုပုဂ္ဂိုလ်မှာ ကောင်းကင် ဧကရာဇ် ဝေ့ဝူယင် ဖြစ်ကြောင်း သူမ ရာနှုန်းပြည့် ယုံကြည်ပေသည်။ အထူးသဖြင့် အနန္တဧကရာဇ်ဂိုဏ်းမှ လာရောက်သည့် ဧည့်သည်များ မဆိုင်းမတွ ထပြန်သွားပြီးနောက်၌ ထိုအချက်က သေချာသည်ထက်ပင် ပိုလာခဲ့သည်။
ဝေ့ဝူယင်မှာ ရွှယ်ရီဖေး၏ အကြည့်ကို သတိထားမိရာ မျက်နှာဖုံးနောက်တွင် အနည်းငယ် ပြုံးလိုက်သည်။ ရုတ်တရက် သူမက ကောက်ခါငင်ကာ မေးလိုက်၏။
“ရှင် ဘယ်သူ့ကို ရွေးချယ်ထားတာလဲ...”
ဝေ့ဝူယင်မှာ သူမကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် သူမကို ကြည့်လိုက်မိ၏။ သူ့ အဓိက ရည်ရွယ်ချက် နှစ်ခုထဲမှ တစ်ခုကို ထိုမိန်းကလေးက ရိပ်မိနေသည်လား။
“ချန်းရှောင်ဝေ့...”
ဝေ့ဝူယင် ကွယ်ဝှက်ရန် မကြိုးစားပဲ ပြန်ဖြေလိုက်သည်။
“သူတို့လေးတွေကို အသက်ချမ်းသာ ပေးနိုင်မလား”
သူမက အများကြီး မတောင်းဆိုပဲ ရှု့ရီနှင့် ရှု့ဖေးတို့ကို ညွှန်ပြလိုက်သည်။ ထိုအရာက သူမတွင် အခွင့်အရေး ရှိနိုင်သမျှ အကုန်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
"ဟဟ... မင်း အတွေးလွန်နေပါပြီ”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်ရင်း ဘိသိက် ပရောဟိတ်ကို လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ရာကို တွေးတောနေဟန် ရသည့် သူမ၏ မျက်လုံးများက လှုပ်ရှားကာ အသက်ဝင်လာ၏။ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း မင်္ဂလာ အခမ်းအနား စတင်ကြောင်း သူမ ကြေညာလိုက်လေတော့သည်။
***