← Chapters

ဆက်ပြီးတော့ စောင့်ကြည့်တာပေါ့

Vol. 84 Ch. 1163

ဆက်ပြီးတော့ စောင့်ကြည့်တာပေါ့

Vol. 84 Ch. 1163

ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး သူ့အား အမှောင်မြစ်ထဲမှ ထုတ်ယူခိုင်းသည့် အရာအကြောင်း စဉ်းစားတွေတောနေခြင်း မရှိပေ။ သူ ရောက်နေသည့် အမှောင်ဂိုဏ်းထဲတွင် အချုပ်အနှောင် မန္တန်အစီအရင်များစွာ ရှိနေသည့်တိုင်အောင် အမှောင်အိပ်မက်ထဲ၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးမှာ သူ၏ ရှေ့၌ ပြန်လည်ပေါ်ပေါက်လာဆဲပင်။

သူသည် ခန်းမကြီးများ၊ စမ်းချောင်းများနှင့် တောင်တန်းများအား တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့၏။ ထို့နောက် သူသည် ခပ်လှမ်းလှမ်းရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြား၌ ပေါ်ပေါက်လာသော ပုံရိပ်များကို လှမ်းကြည့်ရင်း ထိုနေရာသို့ ပျံ့နှံ့ဝင်ရောက်လာသည့် တာအိုအငွေ့အသက်များအား အာရုံခံလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အတိတ်မှ လူရိပ်များကို မသဲမကွဲ ပြန်မြင်နေရသည့်အလား ခံစားလိုက်ရ၏။

ထို လူရိပ်များမှာ အမှောင်အိပ်မက်ထဲမှ သူ၏ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြပေသည်။ သူတို့မှာ အမှောင်ဂိုဏ်း၏ တာအိုဝတ်ရုံများကို ဆင်မြန်းထားကြပြီး တည်ကြည်မှုအပြည့် ရှိနေကြ၏။ သူတို့ထဲမှ အများစုမှာ ပြုံးနေကြပြီး အချို့မှာမူ မိုးကောင်းကင်ကြီး၏ ကိုယ်စား ဝိညာဉ်များအား ထိန်းကျောင်းလမ်းညွှန်ပေးနေသလို အချို့မှာလည်း ဝိညာဉ်များအား သံသရာစက်ဝန်းထဲသို့ ပို့ရန် ပြန်လည်ရောက်ရှိလာကြ၏။

ထိုသံသရာ လည်ပတ်နေသည်နှင့် ကျင့်ကြံခြင်း လေ့ကျင့်နေရင်း မိုးကောင်းကင်တာအို၏ လုပ်ငန်းအား ရပ်တန့်မသွားအောင် ဆက်လက်ထိန်းသိမ်းထားသည့် သူ၏ ဂိုဏ်းတူ ညီအစ်ကိုမောင်နှမ အရေအတွက်မှာ ပို၍များလာ၏။ သူတို့မှာ အသက်သေဆုံးသွားကြသူများ၏ အတိတ်ဘဝများအား လေ့လာအကဲခတ်ကာ ပြန်လည်မွေးဖွားလာမည့် လူများ၏ မျက်နှာများအား ရေးဆွဲပေးရသည်။

" အမှောင်ဂိုဏ်း... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ထို့နောက် သူ သတိမထားမိခင်မှာပင် သူသည် ချောက်ကမ်းပါးတစ်ခု၏ အဆုံးသို့ ရောက်ရှိသွားပြီး ခပ်လှမ်းလှမ်းရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား လှမ်း၍ စိုက်ကြည့်နေလိုက်တော့သည်။ သူသည် သူ၏ ဆရာနှင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက သူ၏ ဂိုဏ်းတူအစ်ကိုကြီး သူ၏ တာအိုလက်တွဲဖော်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်တစ်ခုအား ရှင်းပြနေသည့် မြင်ကွင်းတို့ကို ပြန်မြင်နေရသည့်အလား ခံစားလိုက်ရ၏။

" အဲတာ အိပ်မက်တစ်ခုပဲဆိုပေမယ့် ငါ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူ နောက်သို့ ပြန်လှည့်လာချိန်တွင် သူ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံး‌၌ မည်သူမှရှိမနေသည်ကို မြင်လိုက်ရသည်။ သူနှင့် ခင်မင်ရင်းနှီးမှုမရှိသော အမှောင်ဂိုဏ်းသားအချို့သာလျှင် အဝေးမှနေ၍ သူ့အား ရန်လိုနေသည့်မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြ၏။

သူတို့အားလုံး ထိုကဲ့သို့ရန်လိုနေကြသည်မှာ မထူးဆန်းပေ။ သို့သော် သူတို့မှာ သူတို့ အလေးထားရသည့် အမှောင်ကလေးငယ်ဆိုသော ရာထူးဂုဏ်ပုဒ်မှာ ဝမ်ပေါင်လဲ့အတွက် အရေးမကြီးသည့် အချက်ကို မသိထားကြပေ။

" ဆရာနဲ့ ဂိုဏ်းတူအစ်ကိုကြီးကြောင့်သာ မဟုတ်ဘူးဆိုရင် အမှောင်ဂိုဏ်းက ငါနဲ့ ဘာမှကို ဆိုင်မှာမဟုတ်ဘူးလေ.... " ဝမ်ပေါင်လဲ့မှာ အသာအယာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် သက်ပြင်းချကာ အမှောင်ဂိုဏ်း၏ အတွင်းပိုင်းထဲသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် သူ အမှောင်ကြယ်ထဲသို့ စတင် ဝင်ရောက်လာပြီး အမှောင်ဂိုဏ်းထဲသို့ ရောက်ရှိလာသည့် အချိန်ကတည်းက သူ့အား မျက်ခြည်မပြတ်တမ်း စိုက်ကြည့်နေခဲ့သည့် မျက်ဝန်းတစ်စုံရှိနေသည်။

ဝမ်ပေါင်လဲ့မှာ ထိုမျက်ဝန်းများ၏ ပိုင်ရှင်ကိုမသိပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အမှောင်မီးတောက်လှိုင်းများကို အာရုံခံမိနေသည်။ ထို လှိုင်းများမှာ အရည်အသွေးနှင့် အရေအတွက် နှစ်ပိုင်းစလုံးတွင် သူ၏ အမှောင်မီးတောက်လှိုင်းများထက် ပို၍ သာလွန်နေ၏။

‌ထို မျက်ဝန်းများ၏ ပိုင်ရှင် လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ အသိအမှတ်ပြုမှုသာ ဖြစ်သည်။

၎င်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်း၏ အသိအမှတ်ပြုမှု မဟုတ်ပေ။ သူသည် ထို အမှောင်မီးတောက်လှိုင်းများထဲတွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ အသိအမှတ်ပြုမှုအား အာရုံခံမိထားပြီးသား ဖြစ်သည်။ သူ လိုအပ်နေသည့်အရာမှာ အမှောင်ဂိုဏ်းထဲမှ အမှောင်ကလေးငယ်ကျောက်ပြား၏ အသိအမှတ်ပြုထောက်ခံချက်နှင့် ဝမ်ပေါင်လဲ့၏ ဆရာကဲ့သို့ အကြီးအကဲကြီး ကိုးယောက်၏ အသိအမှတ်ပြုထောက်ခံချက် ဖြစ်ပေသည်။

" သူ့ပုံစံကြည့်ရတာ အသက်သိပ်မကြီးသေးဘူး... သူက ငါ ပေါ်မလာခင်တုန်းက အမှောင်ဂိုဏ်းထဲက ဂိုဏ်းသား‌တွေ အကုန်လုံး ရွေးချယ်ခဲ့တဲ့ အမှောင်ကလေးငယ်များ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေတော့ရင်း သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ သူသည် အမှောင်ဂိုဏ်း အတွင်းပိုင်းထဲသို့ ဆက်လက်လျှောက်လမ်းသွားနေရင်း တစ်စုံတစ်ခုအား နားလည်သွားသည်။

သူတို့ သွားနေသည့်နေရာမှာ သူ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက နေထိုင်ခဲ့သည့် အမှောင်ကလေးငယ်ခန်းမ၏ ဘေးရှိ အရံခန်းမတစ်ခု ဖြစ်ပေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက သူသည် အမှောင်ကလေးငယ်ခန်းမထဲ၌ နေထိုင်ခဲ့ခြင်းမရှိပေ။ ထို ခန်းမထဲ၌ သူ၏ ဂိုဏ်းတူအစ်ကိုကြီး နေထိုင်ခဲ့ခြင်းဖြစ်ပြီး သူသည် အရံခန်းမတစ်ခုထဲတွင်သာ နေထိုင်ခဲ့ခြင်းဖြစ်သည်။ ယခု အမှောင်ကြယ်ပေါ်သို့ ရောက်လာသည့်အချိန်တွင်လည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့မှာ အရံခန်းမဆီသို့ လျှောက်လှမ်းသွားလိုက်၏။

သူသည် မန္တန်လက်ကွက်အချို့ ဖော်၍ လမ်းတစ်လျှောက်ရှိ အချုပ်အနှောင် မန္တန်အစီအရင်များ အားလုံးကို ဖယ်ရှားပစ်ခဲ့သည့်သာဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ စိတ်ကူးနှင့် မှန်းဆ၍ မရနိုင်လောက်သည့် အဆင့်အထိ ရောက်နေခြင်းတော့မဟုတ်ပေ။ ထို အချုပ်အနှောင် မန္တန်အစီအရင်များမှာ သူ၏ အမှောင်အိပ်မက်ထဲမှ မန္တန်အစီအရင်များနှင့် တထေရာတည်း တူနေခြင်းသာဖြစ်သည်။

ထို တူညီမှုများကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ဤ အမှောင်ဂိုဏ်းအား ရင်းနှီးနေသည်ဟု ခံစားနေရသလို တစ်ချိန်ထဲမှာပင် ၎င်းနှင့် ရင်းနှီးမှုမရှိဟုလည်း ခံစားနေရခြင်း ဖြစ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ အရံခန်းမထဲသို့ ဝင်ရောက်သွား၏။ သူသည် ဘေးနားတစ်ဝိုက်ရှိ သူ မြင်ဖူးနေပြီးသားဖြစ်သည့် အပြင်အဆင်များကို ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အောက်သို့ထိုင်ချကာ မျက်လုံးများမှိတ်လိုက်သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။

ထို ခုနစ်ရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ အရံခန်းမထဲမှ ထွက်ခွာလာခဲ့ခြင်းမရှိပေ။ သူသည် အခြား အမှောင်ဂိုဏ်းသားများနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိပေ။ သူသည် အမှောင်အိပ်မက်ထဲတွင်သာ အာရုံအပြည့် နှစ်မြှုပ်ထားပြီး အမှောင်ပညာရပ်များအကြောင်း ပို၍ နားလည်လာအောင်လုပ်ရန် ကြိုးစားနေခဲ့သည်။

အမှောင်ဂိုဏ်းထဲမှ မည်သူကမှလည်း သူ့အား လာရောက်ဆုံတွေ့ကြခြင်း မရှိပေ။ သို့သော် သူနှင့် ချန်ရှင်းတို့ ရောက်ရှိလာခဲ့ကြပြီးနောက် အမှောင်ကြယ်ပေါ်ရှိ အမှောင်ဂိုဏ်းသား အားလုံးမှာ သူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားကြပြီဖြစ်သည်။

ထိုသို့ဖြင့် ရက်အနည်းငယ်ခန့် ထပ်၍ ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် အမှောင်ဂိုဏ်းသားတစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ အရံခန်းမဆီသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသည်။ ထို ဂိုဏ်းသားမှာ အမှောင်ဝတ်ရုံများ ဆင်မြန်းထားသည့် လူငယ်လေးတစ်ယောက် ဖြစ်၏။ သူ၏ အမူအရာမှာ အလွန်အင်မတန်မှ အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှလည်း အမှောင်ပညာရပ်၏ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသေးသည်။ သူ၏ နဖူးပေါ်တွင်ဆိုလျှင် တစ်ဝက်တစ်ပျက် ဖြစ်နေသည့် အမှောင်မီးတောက် အမှတ်သားတစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။

ထိုအမှတ်အသားကို ကြည့်၍ ထို ဂိုဏ်းသားမှာ အမှောင်ဂိုဏ်း၏ တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ အမှောင်ဂိုဏ်း၏ စည်းမျဥ်းစည်းကမ်းများအရ မျိုးဆက်တစ်ခုချင်းစီတိုင်းမှ အမှောင်ကလေးငယ်တိုင်း၏ လက်အောက်တွင် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များစွာ ရှိပေသည်။

သူတို့မှာ အမှောင်ကလေးငယ်အား ခစားရသလို သူတို့၏ ကြားတွင် ယှဉ်ပြိုင်မှုများလည်း ရှိကြ၏။ အဘယ်ကြောင့်ဆိုသော အမှောင်ဂိုဏ်းထဲတွင် မဟာအကြီးအကဲ ကိုးယောက်ရှိသည်ဖြစ်ရာ သွေးမျိုးဆက်ကိုးခု ကွဲနေသောကြောင့်ပင်။ သွေးမျိုးဆက် တစ်ခုချင်းစီတိုင်းတွင် အမှောင်ကလေးငယ် တစ်ယောက်စီရှိကြပြီး ထို အမှောင်ကလေးငယ် ကိုးယောက်မှာ အချင်းချင်း ယှဉ်ပြိုင်ကြရ၏။ နောက်ဆုံးတွင် မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကိုခံရပြီး အမှောင်ကျောက်ပြားပေါ်၌ နာမည်ရေးထိုးခြင်းခံရသည့် အမှောင်ကလေးငယ်မှာ အမှောင်ကလေးငယ် အစစ်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ အခြားတစ်နည်းဖြင့် ဆိုရလျှင် အမှောင်သခင်လောင်းအဖြစ်သို့ ရောက်သွားမည်ဖြစ်သည်။

ထို့ကြောင့်လည်း အမှောင်ဂိုဏ်းမှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အချက်အား မနှစ်မြို့ကြခြင်း ဖြစ်သည်။ သူတို့၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းထဲမှ မဟုတ်သည့် အပြင်လူတစ်ယောက်သာဖြစ်သည်။ သို့သော်ငြားလည်း သူသည် အမှောင်ကလေးငယ်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရဆဲပင်။ ထို့ကြောင့်လည်း ကျန်ရှိနေသေးသည့် အမှောင်ကလေးငယ်များမှာ မကျေမနပ် ဖြစ်နေကြခြင်းဖြစ်သည်။

သို့သော် သူတို့မှာ ချန်ရှင်းအား စောဒကမတက်ရဲကြပေ။ သူသည် အလွန်အင်မတန်မှ ရာထူးအဆင့်အတန်း မြင့်မားပြီး အမှောင်သခင်ကြီး၏ ကိုယ်စား အဘက်ဘက်မှ ပြိုကွဲနေသည့် အမှောင်ဂိုဏ်းအား ပြန်လည်စည်းရုံးကာ ဖြည်းဖြည်းချင်း အသက်ပြန်သွင်းခဲ့သည် မဟုတ်ပါလော။

ယခုတွင် ချန်ရှင်းမှာ မိုးကောင်းကင်တာအိုနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီဖြစ်ရာ သူ၏ အဆင့်အတန်းမှာ ပို၍ပင် မြင့်မားသွားပြီဖြစ်သည်။ သို့သော် သူတို့မှာ ချန်ရှင်းအား စောဒကမတက်ရဲကြသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား မနှစ်မြို့ကြသောကြောင့် သူ့အား ပြဿနာရှာရန် ကြိုးစားနေကြဆဲပင်။

ယခု ရောက်ရှိလာသည့် လူငယ်လေးမှာလည်း ဝမ်ပေါင်လဲ့အား ပြဿနာလာရှာရန်‌ ရောက်လာခြင်း ဖြစ်သည်။ သူသည် အရံခန်းမ၏ အပြင်ဘက်၌ရပ်ကာ အထဲသို့ အေးစက်စက် မျက်ဝန်းများဖြင့် အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုလိုက်သည်။

" ကျွန်တော်က သက်ရှိကမ္ဘာထဲက ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ခွန်လင်းကျစ်ပဲ။ တာအိုရောင်းရင်းကလည်း သက်ရှိကမ္ဘာထဲကပဲဆိုတော့ ကျွန်တော့်ကို တိုက်ခိုက်မယ်လို့ မျှော်လင့်ပါတယ်။ ပြင်ပကမ္ဘာကြီးထဲက ကျင့်ကြံသူတွေ အခု ဘယ်လောက်အထိ အစွမ်းထက်နေပြီလဲဆိုတာ ကြည့်ကြတာပေါ့ "

ဝမ်ပေါင်လဲ့မှာမူ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေဆဲဖြစ်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူသည် မျက်လုံးများ ပြန်ပွင့်လာချိန်တွင် အပြင်ဘက်၌ ရှိနေသည့် လူငယ်‌လေးအား မြင်လိုက်ရသည့်ပုံပင်။ ထို လူငယ်လေး၏ ကျင့်ကြံခြင်းအဆင့်မှာ တမူထူးခြား၏။ သူသည် ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူ၏ အငွေ့အသက်များမှာလည်း တည်ငြိမ်မှုအပြည့်ရှိနေပြီဖြစ်သည်။ အကယ်၍ သူသာ ပြင်ပကမ္ဘာကြီးထဲတွင် ရှိနေမည်ဆိုပါက ပထမအဆင့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်၍ရမည်မဟုတ်ပါသော်လည်း ဒုတိယအဆင့်ပါရမီရှင်များ၏ ထိပ်ဆုံးတွင် ရှိနေမည်ဖြစ်သည်။

" စိတ်မဝင်စားဘူး " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှု အပြည့်ရှိသောလေသံဖြင့် ပြန်ဖြေလိုက်ပြီးမျက်လုံးများ ပြန်မှိတ်သွား၏။

" ဟင် " အမှောင်ဂိုဏ်းမှ လူငယ်လေးမှာ ထိုစကားကို ကြားလိုက်ရသောအခါ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားသည်။

" မင်း စိတ်မဝင်စားတာလား။ ဒါမှမဟုတ် ကြောက်နေတာလား။ ဒီလို သတ္တိမျိုးနဲ့ဆိုရင်တော့ မင်းကိုယ်မင်း အမှောင်ဂိုဏ်းရဲ့ လက်ရှိ အမှောင်ကလေးငယ်လို့ မခေါ်နဲ့တော့။ ငါကတော့ မင်းကို စမ်းသပ်ရမှာပဲ " ထိုလူငယ်လေးမှာ အေးစက်စက်ရယ်မောကာ ဆိုလိုက်ပြီးနောက် အရံခန်းမကြီး၏ တံခါးဆီသို့ လှမ်းလာ၏။ သူသည် တံခါးရှေ့သို့ ရောက်လာသည်နှင့် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ၎င်းအား တွန်းဖွင့်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် သူသည် အရံခန်းမထဲမှ တည်ရှိမှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

" မင်း အဲဒီ တံခါးကို ဖွင့်ရင် ဖွင့်တဲ့ လက်ကို ငါ ဖြတ်ပစ်မယ် "

ထိုစကားသံမှာ အေးစက်နေခြင်းမရှိပါသော်လည်း လူငယ်လေးမှာ ၎င်းအား ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွား၏။ သူသည် ဝမ်ပေါင်လဲ့မှာ သူ ပြောသည့်အတိုင်း အမှန်တကယ် လုပ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ခြေလှမ်းများရပ်တန့်သွားပြီး တွေ့ဝေးတုံ့ဆိုင်းသွား၏။

သူ ထိုကဲ့သို့ တွေဝေတုံ့ဆိုင်းနေစဉ် သူ၏နောက်ရှိ ဟင်းလင်းပြင်ကြီးထဲမှ နတ်ဘုရားအာရုံ ခုနစ်ခု၊ ရှစ်ခုခန့် ပေါ်ထွက်လာ၏။ ထို နတ်ဘုရားအာရုံ တစ်ခုချင်းစီတိုင်းမှာ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များ ကိန်းအောင်းနေသဖြင့် ထိုလူငယ်လေးမှာ စိတ်ဓာတ်များ တက်ကြွသွားသည်။ သူ၏ မျက်နှာပေါ်တွင်လည်း အေးစက်စက် အပြုံးတစ်ပွင့် ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အရံခန်းမ၏ တံခါးမှာ တွန်းဖွင့်ခံလိုက်ရသဖြင့် သူသည် ခန်းမထဲ၌ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် ခန်းမကြီး၏ အပြင်ဘက်တွင်ရှိနေသော နတ်ဘုရားအာရုံ ခုနစ်ခု၊ ရှစ်ခုအား အာရုံခံမိထားပြီးသားဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် အပြင်ဘက်၌ ပုန်းကွယ်နေသည့် လူလေးယောက်၊ ငါးယောက်ကိုလည်း အာရုံခံမိနေသေးသည်။ သူတို့မှာ ထိုလူငယ်လေးကဲ့သို့ အမှောင်မီးတောက် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြ၏။

သို့ဖြစ်ရာ သူတို့မှာ အမှောင်ဂိုဏ်း၏ တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များ ဖြစ်ရပေမည်။

ထို့အပြင် အမှောင်ဂိုဏ်းထဲမှ တခြားသူများမှာလည်း သူရှိနေသည့် နေရာသို့ လှမ်းကြည့်နေကြ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီးနီးပါး အစွမ်းထက်သည့် နတ်ဘုရားအာရုံသုံးခုကို မသဲမကွဲ အာရုံခံမိနေသည်။ ၎င်းတို့မှာ ရှေးဆန်ပြီး သူ၏ ရှိနေသည့်နေရာအား လွှမ်းခြုံထား၏။

ထို့အပြင်... သူ အမှောင်ဂိုဏ်းထဲသို့ စတင်ရောက်ရှိလာခဲ့စဉ်ကတည်းက အာရုံခံမိခဲ့သည့် အမှောင်ဂိုဏ်း၏ အတွင်းပိုင်းထဲမှ မျက်ဝန်းတစ်စုံမှာလည်း ပွင့်လာပြီး သူ့အား စိုက်ကြည့်နေ၏။ ထို မျက်ဝန်းများထဲတွင် လောဘစိတ်များပင် ကိန်းအောင်းနေသေးသည်။ ထို မျက်ဝန်းပိုင်ရှင်မှာ ထို လောဘစိတ်များအား ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် ဖြစ်နေပါသော်လည်း အစွမ်းကုန်ကြိုးစား၍ ၎င်းတို့အား ပြန်လည် ချုပ်တည်းလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်သွားသည်။ သူ၏ စိတ်ထဲတွင်မူ အမှောင်ဂိုဏ်းအား ပို၍ပင် သဘောမကျဖြစ်လာတော့သည်။

" ဆက်ပြီးတော့ စောင့်ကြည့်တာပေါ့ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

All Chapters