← Chapters

အချိန်နောက်ပြန်ရစ်ခြင်း

Vol. 84 Ch. 1164

အချိန်နောက်ပြန်ရစ်ခြင်း

Vol. 84 Ch. 1164

" မင်း ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ " ဝမ်ပေါင်လဲ့တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်နေစဉ် အရံခန်းမတံခါးအား တွန်းဖွင့်ခဲ့သည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ အေးစက်စွာ ပြုံးကာ ရန်စလိုသည့်လေသံဖြင့် မေးလိုက်၏။

သူသည် ဂိုဏ်းထဲမှ အကြီးအကဲအမြောက်အမြားမှာ ထိုနေရာအား စောင့်ကြည့်နေသည်ဖြစ်ကြောင်း အာရုံခံမိထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် ဤနေရာသို့ သူ့အတွက် ရောက်လာခဲ့ခြင်းမဟုတ်ဘဲ သူအလွန်အင်မတန်မှ လေးစားရသည့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးကိုယ်စား ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။

သူနှင့် အခြား တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များ၏ အမြင်တွင် သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးသာလျှင် အမှောင်ကလေးငယ်ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ အနာဂတ်တွင် သူသည် အမှောင်ဂိုဏ်းအား သက်ရှိကမ္ဘာထဲသို့ ပြန်ပို့ကာ ဘုန်းမီးနေလ ပြန်လည်တောက်ပလာအောင် ဦးဆောင်ပေးမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အပြင်လူတစ်ယောက်အဖြစ်သာ သတ်မှတ်ထား၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံထားရသော အမှောင်ကလေးတစ်ယောက်ဖြစ်သလို နဝမအကြီးအကဲကြီး၏ တပည့်လည်း ဖြစ်ခဲ့ဖူးဆိုသည့် အချက်အား သိရှိလိုက်ရသောအခါ ပို၍ပင် မကျေမနပ်ဖြစ်သွားခဲ့ရ၏။

သူအပါအဝင် အခြား တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်များနှင့် အမှောင်ဂိုဏ်းသား အားလုံးနီးပါး၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ သက်ရှိကမ္ဘာထဲမှ ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး အဆုံးမဲ့မျိုးနွယ်စု၏ အုပ်ချုပ်မှုအောက်တွင်ရှိနေခဲ့သော ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အမှောင်ကလေးငယ်တစ်ယောက် မဖြစ်သင့်ပေ။

ထို့ကြောင့် ယခုတွင် သူသည် ဝမ်ပေါင်လဲ့အား ရန်စကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ သူ့အား တိုက်ခိုက်လာအောင် ရန်ဆွပေးရန် တွေးထား၏။ ဝမ်ပေါင်လဲ့ တိုက်ခိုက်လိုက်သည်နှင့် သူ့ဘက်မှ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အရေးမကြီးတော့ပေ။

သူတို့မှာ အမှောင်ဂိုဏ်းထဲတွင် ရှိနေသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ အပြင်လူတစ်ယောက် ဖြစ်နေဆဲမဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့ဘက်မှ တိုက်ခိုက်လိုက်သည်နှင့် ထိုနေရာအား စောင့်ကြည့်နေကြသည့် အမှောင်ဂိုဏ်းထဲမှ အကြီးအကဲများမှာ သူ့အား သေချာပေါက် တားဆီးလိုက်မည်သာဖြစ်သည်။

" သူ့ကို အရှက်တကွဲအကျိုးနည်း ဖြစ်အောင်လုပ်ပြီး အမှောင်ဂိုဏ်းထဲမှာ ဆက်မနေရဲတော့ဘဲ သက်ရှိကမ္ဘာထဲကို ပြန်သွားအောင် လုပ်ပစ်မယ် " တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ စိတ်ထဲတွင် ကြိမ်းဝါးရင်း မျက်မှောင်ကြုတ်နေသည့် ဝမ်ပေါင်လဲ့အား အေးစက်စက်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း ခေါင်းမော့လာပြီး ထို လူငယ်လေးအား ပြန်ကြည့်လိုက်သည်။ ထို့နောက် သူသည် ခန်းမကြီး၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ သာမန်မျက်လုံးဖြင့်သာ ကြည့်လိုက်ပါက မည်သည့်အရာမှ ထူးဆန်းနေမည် မဟုတ်ပါသော်လည်း သူ၏ နတ်ဘုရားအာရုံထဲတွင်မူ မျက်ဝန်းပေါင်းမြောက်မြားစွာ သူ့အား စိုက်ကြည့်နေကြသည်ကို အာရုံခံမိနေသည်။ ထို့ကြောင့် သူသည် စိတ်ထဲတွင်သာ ကျိတ်၍ သက်ပြင်းချလိုက်၏။

အမှန်အတိုင်းဆိုရလျှင် သူသည် အမှောင်ဂိုဏ်းအား နားလည်ပေသည်။ သူသည် ဤနေရာသို့ ရောက်မလာခင် လမ်းခုလတ်တွင် ရှိနေခဲ့စဉ်ကတည်းက အမှောင်ဂိုဏ်းထဲသို့ ပြန်သွားရမည့် ကိစ္စနှင့် ပတ်သတ်၍ မျှော်လင့်တကြီးဖြစ်နေခဲ့၏။ သူသည် သူ အမှောင်ဂိုဏ်းထဲသို့ ရောက်သွားချိန်တွင် သူ၏ ရာထူးအဆင့်အတန်းကြောင့် ခံစားရမည့် အကျိုးကျေးဇူးများကို မျှော်လင့်နေခြင်းမဟုတ်ဘဲ သူ၏ အမှောင်အိပ်မက်ထဲကအတိုင်း အမှောင်ဂိုဏ်း၏ အသိအမှတ်ပြုခြင်းကို ခံရရန်သာ မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းမှာ အိပ်မက်တစ်ခုသာ ဖြစ်ပေသည်။

အဆုံးမဲ့မျိုးနွယ်စု တန်ခိုးအာဏာ ကြီးထွားလာမှုမှာ အမှောင်ဂိုဏ်း ပျက်စီးသွားခဲ့ရသည့် အဓိကအကြောင်းရင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း အမှောင်ဂိုဏ်းထဲတွင်လည်း အစကတည်းက ပြဿနာပေါင်း မြောက်မြားစွာ ရှိနေခဲ့လောက်ပေသည်။ ထို့ကြောင့်လည်း နောက်ဆုံးတွင် အမှောင်ဂိုဏ်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ အစားထိုးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ငရဲကိုးထပ်ထဲ၌ ပုန်းကွယ်နေရသည့် အမှောင်ဂိုဏ်းမှာ အမြင်ကျဉ်းလွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်ကလေးငယ်ရာထူးအား ဂရုစိုက်နေခြင်း မရှိပါသော်လည်း သူတို့အတွက်မူ ထို ရာထူးမှာ အလွန်အင်မတန်မှ အရေးပါနေသည်။

အမှန်တွင် ဝမ်ပေါင်လဲ့၏ ဉာဏ်ရည်နှင့် လုပ်ရည်ကိုင်ရည်မျိုးနှင့်ဆိုလျှင် သူသည် အချိန်အတိုင်းအတာတစ်ခုအထိ ပေးလိုက်မည်ဆိုပါက သူ၏ ရာထူးဖြင့် အမှောင်ဂိုဏ်းအား ဖိနှိပ်ချုပ်တည်းကာ ထိန်းချုပ်နိုင်သွားမည်သာဖြစ်သည်။ သို့သော် ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် သွေးနီရောင်ကင်းခြေများကြီး ဆောင်ကျဉ်းလာမည့် အန္တရာယ်ကြီးမှာ ပြန်လည် ပေါ်ပေါက်လာတော့မည် မဟုတ်ပါလော။

သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း သူ့အား ဤနေရာသို့ ခေါ်လာခဲ့ရသည့် အကြောင်းရင်းမှာ သူ့အား သူ ယခင်တုန်းက အသိအမှတ်ပြုထားသည့် အမှောင်ကလေးငယ်နှင့် ယှဉ်ပြိုင်စေလိုသောကြောင့်ပင်။ သူတို့နှစ်ယောက်ထဲမှ အနိုင်ရရှိသည့်သူမှာ အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်သွားမည်ဖြစ်ပြီး သူ၏ ကူညီထောက်ပံမှုနှင့်အတူ အမှောင်ဂိုဏ်းမှာ စစ်ပွဲကြီးအား စတင်ဆင်နွှဲမည်ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့ဆီတွင် အချိန်သိပ်မကျန်တော့ပေ။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းအား ပို၍ မြန်ဆန်လာအောင်လုပ်ပြီး သူ့ကိုယ်သူ ပို၍ အစွမ်းထက်လာအောင်လုပ်ရန်သာ တွေးနေ၏။ ထိုသို့သာဆိုလျှင် သူတစ်ယောက်တည်းသာ အစွမ်းထက်လာမည် ဖြစ်ပြီး သူ ရှိနေသည့် အဖွဲ့အစည်းမှာမူ တိုးတက်လာမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှောင်အိပ်မက်ကြောင့် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းအပေါ် သံယောဇဉ်ရှိနေဆဲပင်။

ထို့ကြောင့်လည်း သူသည် ယခုလို တွေဝေတုံ့ဆိုင်းနေရခြင်း ဖြစ်သည်။

သူသည် သူ၏ အမှောင်ကလေးငယ်ရာထူးအား စွန့်လွှတ်ရမည်လော သို့မဟုတ် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း၏ အစီအစဉ်အတိုင်း အမှောင်ဂိုဏ်းထဲသို့ ဝင်ရမည်လော ဝေခွဲမရဖြစ်နေ၏။

သို့သော် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းသွားခဲ့ပြီးနောက် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုပြောင်းလဲမှုများနှင့် အသားမကျသေးဘဲ ဖြစ်နေရသည်။

ထို့ကြောင့်လည်း သူသည် ဆက်၍ စောင့်ကြည့်မည်ဟု ဆိုနေခဲ့ခြင်း ဖြစ်၏။

သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း၏ အဖြေအား စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ယခုတွင် ဝမ်ပေါင်လဲ့မှာ အသာအယာ ခေါင်းယမ်းလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် ဝိညာဥ်စွမ်းအားများမှာ အတူတကွ ပေါင်းစည်းသွားသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ သို့သော် ၎င်းတို့ထဲ၌ သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေခြင်းတော့မရှိပေ။ သူသည် လဆုတ်ပညာရပ်ကိုသာ အသုံးပြုလိုက်ခြင်းဖြစ်၏။

ထိုအခါ လေထုထဲ၌ တာအိုအငွေ့အသက်တစ်မျိုး ပြည့်နှက်သွား၏။ ထို့နောက် အချိန်မှာ ရုတ်တရက်ဆိုသလို နောက်ပြန်ရစ်သွားသည်။ ၎င်းမှာ လွန်ခဲ့သည့် အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်သို့ ပြန်ရောက်သွားခြင်းဖြစ်၏။ တွန်းဖွင့်ခံလိုက်ရသည့် ခန်းမတံခါးမှာလည်း ပြန်ပိတ်သွားသည်။ ခန်းမထဲသို့ ဝင်လာရန် ပြင်နေသည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်၏ ခန္ဓာကိုယ်မှာလည်း တုန်ရီသွားသည်။ ထို့နောက် သူသည် ခန်းမအပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။

သို့ဖြစ်ရာ မည်သည့်အခြင်းအရာမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။ အချိန်စည်းမျဥ်းဥပဒေသများမှာ အရပ်မျက်နှာအနှံ့၌ ရစ်ဝဲနေသဖြင့် ထိုလူငယ်လေးမှာ သူ ခန်းမတံခါးအား တွန်းဖွင့်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ သူသည် ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် ခန်းမအပြင်ဘက်တွင်သာ ရပ်နေ၏။ သို့သော် တစ်အောင့်ခန့်အကြာတွင် သူသည် အေးစက်စက် ရယ်မောလိုက်ပြီး လေသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

" မင်း စိတ်မဝင်စားတာလား။ ဒါမှမဟုတ် ကြောက်နေတာလား။ ဒီလို သတ္တိမျိုးနဲ့ဆိုရင်တော့ မင်းကိုယ်မင်း အမှောင်ဂိုဏ်းရဲ့ လက်ရှိ အမှောင်ကလေးငယ်လို့ မခေါ်နဲ့တော့။ ငါကတော့ မင်းကို စမ်းသပ်ရမှာပဲ " ထို လူငယ်လေးမှာ မကြာသေးမီတုန်းက သူပြောခဲ့သည့် စကားများကို ပြန်ပြောလိုက်ခြင်းဖြစ်၏။ ထို့နောက် သူသည် ခန်းမတံခါးအား တွန်းဖွင့်ရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ ဘေးပတ်ပတ်လည်၌ စုဝေးနေကြသည့် နတ်ဘုရားအာရုံများ၏ ပိုင်ရှင်များမှာ တုန်လှုပ်ချောက်ချားသွားကြတော့သည်။

အဘိုးကြီးတစ်ယောက်မှာဆိုလျှင် သူ၏ နတ်ဘုရားအာရုံကို ချက်ချင်းဖြန့်ကြက်ကာ ထို တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်အား တားဆီးလိုက်၏။ အမှန်တွင်... ထိုလူငယ်လေးမှာ ဘာဖြစ်သွားမှန်း မသိပါသော်လည်း ထိုနေရာအား စောင့်ကြည့်နေကြသည့် လူတိုင်းမှာ ထိုမြင်ကွင်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည် မဟုတ်ပါလော။

ထိုသို့ ဖြစ်သွားရသည့် အကြောင်းရင်းအား နားမလည်ကြသည့် သူများမှာ အထူးတဆန်းဖြစ်သွားရ၏။ သို့သော် ထိုအကြောင်းရင်းအား နားလည်ထားကြသည့် သူများမှာမူ မှင်တက်သွားကြသည်သာ ဖြစ်သည်။

" အချိန်စည်းမျဉ်းဥပဒေသပါလား "

" အချိန်ကို နောက်ပြန်ရစ်လိုက်တာပဲ "

" အဲဒီနတ်ဘုရားစွမ်းရည်က... ပညာရပ်တစ်ခုတောင် မဟုတ်တော့ဘူး။ တာအိုစိတ်ဆန္ဒကိုယ်တိုင် ရုပ်လုံးပေါ်လာတဲ့ အဆင့်အထိ ရောက်နေပြီ "

ထို့အပြင် ယခုအချိန်အထိ မျက်နှာထွက်မပြသေးသော အမှောင်ကလေးငယ်လည်း ရှိနေသေးသည်။ သူသည် ထိုနေရာအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသဖြင့် ယခုတွင် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး မျက်နှာအမူအရာ တည်ကြည်သွားရတော့သည်။

ဝမ်ပေါင်လဲ့၏ လဆုတ်ပညာရပ်ကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရ၏။ ထိုအချိန်တွင် ချန်ရှင်း၏ စကားသံကြီးမှာ ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသည်။

" တော်ကြတော့ "

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။ ထိုနေရာအား စောင့်ကြည့်နေကြသည့် အမှောင်ဂိုဏ်းသားများမှာလည်း သူတို့၏ နတ်ဘုရားအာရုံများနှင့် အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။ လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ခံထားရသော အမှောင်ကလေးငယ်ပင်လျှင် ဆက်မကြည့်ရဲတော့ပေ။

အရံခန်းမ အပြင်ဘက်တွင်လည်း တိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့နောက် ဟင်းလင်းပြင်ကြီးထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ခန်းမတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ရောက်လာသည်။

" ဂိုဏ်းတူအစ်ကိုကြီး " ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ချန်ရှင်းအား လှမ်းကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

" ပေါင်လဲ့။ မင်း ဒီနေရာကို သဘောမကျဘူးလား " ချန်ရှင်းမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ တည်ကြည်စွာ မေးလိုက်သည်။

" ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော် အစ်ကို့အတွက် အမှောင်မြစ်ထဲက ဘာသွားယူပေးရမှာလဲ " ဝမ်ပေါင်လဲ့မှာ သူ၏ မေးခွန်းအား ပြန်မဖြေဘဲ မေးခွန်းတစ်ခုသာမေးလိုက်သည်။

" အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ် "

ချန်ရှင်းမှာ ထိုသို့ ပြန်ဖြေလိုက်ပြီးနောက် ဆက်၍ ရှင်းပြလိုက်၏ " ငါ့ရဲ့ အပြင်ခန္ဓာကိုယ်က မိုးကောင်းကင်တာအိုကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်ပေမဲ့ ငါ့ဆီမှာအခြေခံအုတ်မြစ်တစ်ခု မရှိဘူးဖြစ်နေတာ။ အဲတာကြောင့်မလို့ ငါ အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို လိုအပ်တယ်။ ငါ အဲဒီ ရုပ်ကလာပ်ကို ငါ့ရဲ့ တာအိုခန္ဓာကိုယ်ဖြစ်အောင် ပြောင်းလဲပြီးမှ အမှောင်မြစ်ကို ထိန်းချုပ်နိုင်မှာ။ အဲတာမှပဲ အမှောင်မြစ်ကြီးထဲက ဝိညာဉ်တွေရဲ့ မကုန်ခန်းနိုင်တဲ့ စွမ်းအားတွေကို အသုံးပြုပြီး အမှောင်ဂိုဏ်းကို ဘုန်းမီနေလ ပြန်လည်တောက်ပလာအောင် လုပ်နိုင်မှာ "

" ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော် မေးခဲ့တဲ့ မေးခွန်းရဲ့အဖြေကို စဉ်းစားပြီးသွားပြီလား " ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ပြလိုက်ပြီး ချန်ရှင်းအား ဆက်ကြည့်ကာ မေးလိုက်သည်။ ထိုအဖြေမှာ သူ့အတွက် အလွန်အင်မတန်မှ အရေးကြီးပေသည်။

ထိုအခါ ချန်ရှင်းမှာ နှုတ်ဆိတ်သွားပြီး ခေါင်းမော့ကာ ခန်းမအပြင်ဘက်ရှိ ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

" အမှောင်မြစ်ထဲမှာ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်မယ့် အခွင့်အရေးတွေအပြင် လောကအဆင့်မြှင့်ချပ်ပြားဝိုင်းလို့ ခေါ်တဲ့ အဖိုးတန်ရတနာတစ်ခုလည်း ရှိသေးတယ် "

" အဲဒီ ချပ်ပြားဝိုင်းကို အသုံးပြုလိုက်မယ်ဆိုရင် ဝာာအိုနယ်မြေရဲ့ အရင်းအမြစ်ကို စုပ်ယူပြီး မင်းရဲ့ လူမှုအဖွဲ့အစည်းကို အဆင့်အတန်း မြှင့်တင်ပေးနိုင်တယ်။ မင်း အဲဒီရတနာကို ရအောင်ယူနိုင်မယ်ဆိုရင် မင်းရဲ့ ဇာတိမြေဖြစ်တဲ့ ပြည်ထောင်စုကြီးက အဆင့်တွေ အများကြီး တိုးတက်သွားမှာ။ အဲတာဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်သွားမှာလေ "

" ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး။ ဒါပေမဲ့ ကျွန်တော် ကျွန်တော့်မေးခွန်းရဲ့ အဖြေကို သိချင်နေတုန်းပဲ... " ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ထပ်မေးလိုက်၏။

All Chapters