ယွမ်လုံရှီ
Vol. 16 Ch. 222
လက်ထပ် မင်္ဂလာပွဲ ဆိုသော်ငြားလည်း လေထု၏ အခြေအနေက တိတ်ဆိတ်ကာ အသက်ဝင်ခြင်း သိပ်မရှိလှချေ။ ကြီးကျယ်ခမ်းနားသော မင်္ဂလာ အဆင်အယင်များ၏ နောက်ကွယ်တွင် ဆိုးသွမ်းသော အရာတစ်ခုက ဖုံးကွယ်နေသလို အားလုံး ခံစားနေခဲ့ရသည်။ အထူးသဖြင့် အနန္တဧကရာဇ်ဂိုဏ်းမှ လာရောက်သည့် ဧည့်သည်များ၏ ကြောက်လန့်တကြား ထပြန်သွားမှုက ကျန်ရစ်နေခဲ့သူများ အတွက် ဖိအား တစ်စုံတစ်ရာကို ချန်ရစ်ခဲ့သည်။
မကြာခင် သွေးထွက်သံယို အဖြစ်အပျက် တစ်ခု ဖြစ်လာတော့မည်လော။
ရွှယ်ထျန်း၏ နှလုံးသားက တုန်ရီသွားကာ ကျန်ရစ်သည့် ဧည့်သည်များကို အကဲခတ်လိုက်သည်။ အားလုံးက သူ၏ ကျောထောက်နောက်ခံ ဖြစ်သည့် ရွှယ်တိုင်းပြည်၏ ထောက်တိုက်များနှင့် ၎င်းတို့၏ အစွယ်အပွားများသာ ဖြစ်ကြသည်။
ဒါက...
တစ်စုံတစ်ရာကို ရိပ်မိသည်နှင့် တစ်ပြိုင်နက် ရွှယ်ထျန်း၏ နှလုံးသားက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်ကာ တုန်ရီသွားသည်။ သူကား မမျှော်လင့်ပါပဲ ထောင်ချောက်အတွင်းကို တည့်တည့် ဆင်းသက်မိသူ ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။ သို့သော်လည်း အရာရာက နောက်ကျသွားပြီ ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းဖြင့် မည်သည်ကိုမှ ပြင်ဆင် နိုင်တော့မည် မဟုတ်ချေ။
သူ၏ နှလုံးသားက အေးစက်လာသည်နှင့် အမျှ သူ၏ အမြင်အာရုံမှာလည်း ပိုမို မှောင်မိုက်လာ၏။ လွန်ခဲ့သည့် သုံးလအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ ပြန်လည် မြင်ယောင်နေမိခဲ့သည်။ အရာအားလုံးမှာ အစီအစဥ် တကျ ဖြစ်ပွားနေခဲ့သလို သူ ခံစားလိုက်ရ၏။ ထိုအရာ အတွက် သူ မည်သူ့ကို အပြစ်တင်ရမည်နည်း။
ဘုန်း…
ရွှယ်ထျန်း တစ်ယောက် အတွေးထဲ နစ်မြုပ်နေစဥ်တွင်ပင် အလွန်တရာ ထူးကဲလှသည့် အရောင်အဝါ တစ်ခုသည် ကောင်းကင်တွင် ဆန်ဆန် ပေါ် ပေါက်လာခဲ့လေ၏။
"အချိန်ကိုက်ပဲ…"
မျက်နှာဖုံးနောက်ရှိ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်သွား၏။ စိတ်လှုပ်ရှားမှု တစ်ခုက သူ့နှလုံးသား အတွင်း နေရာယူလာခဲ့စဉ်မှာပင် အောက်ရှိ ပရိသတ်များမှာလည်း အမျိုးမျိုး တုန့်ပြန် လိုက်ကြပေသည်။
"အဲဒါ ယွမ်လုံရှီလား…"
မင်းသားငယ် တစ်ပါးက ကောင်းကင်သို့ လက်ညိုးထိုးရင်း မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။ မရေမတွက်နိုင်သော လူများ၏ မျက်လုံးများက လေထုထဲတွင် ဝဲပျံနေသည့် အနက်ရောင်ဝတ် လူငယ်ထံ စုပြုံ ကျရောက်သွား၏။
ယွမ်လုံရှီ…
သူကား နတ်ဆိုးနဂါးဟု ဒဏ္ဍာရီ ဆန်ဆန် ကျော်ကြားသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့် ကာလအတွင်း ရွှယ်တိုင်းပြည်အား ဇောက်ထိုးမှောက်ခုံ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သူ ဖြစ်သည်။ သူ၏ စွန့်စားခန်းများ၊ လွတ်မြောက်မှုများနှင့် အလှည့်အပြောင်း ဖန်တီးမှုများမှာ ယနေ့တိုင် လူတိုင်း၏ နှုတ်ဖျားတွင် တသသ စွဲထင် ကျန်ရစ်နေဆဲ ဖြစ်သည်။
ယွမ်လုံရှီသည် ယခုနှစ်တွင် အသက် သုံးဆယ့်ငါးနှစ် တင်းတင်း ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ခန့်တွင်မူ ယွမ်လုံရှီသည် ကျန်းမျိုးနွယ်ဟု ခေါ်သည့် နိုဘယ် မျိုးနွယ် တစ်ခုတွင် နေထိုင်၍ မကြာသေးမီက ကွယ်လွန်သွားသည့် ဧည်သည် အကြီးအကဲ၏သား ဆိုသော ဂုဏ်ပုဒ်မှ လွဲ၍ ဘာကိုမှ မပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
မျက်မြင်သက်သေများနှင့် ကျွမ်းကျင်သူတို့ စုဆောင်းထားသည့် အချက်အလက်များ အရဆိုလျှင် ယွမ်လုံရှီသည် ဖခင် ကွယ်လွန်ပြီးနောက်ပိုင်းတွင် ကျန်းမျိုးနွယ်၏ သမီးပျိုကို အိပ်ဆေးခတ်ကာ မဖွယ်မရာ ပြုရန် ကြံစည်သည်ဟု စွပ်စွဲ ခံခဲ့ရသည်။
ထိုအဖြစ်အပျက်အား ထိပ်တန်း မျိုးနွယ် တစ်ခုမှ သခင်လေး တစ်ယောက်မှ သတိထားမိသွားကာ ဝင်ရောက် စွက်ဖက်လာခဲ့သည်။ ယွမ်လုံရှီမှာ ကျင့်ကြံခြင်း ဖျက်ဆီးခံရသည့် အပြင် ထောင်သွင်း အကျဥ်းချခြင်းကိုပါ ခံခဲ့ရသည်။ ထိုမျိုးနွယ်မှာ ချန်းမျိုးနွယ်နှင့် ပခုံးချင်း ယှဥ်နိုင်သည့် မျိုးနွယ် တစ်ခု ဖြစ်ကာ ကြယ်တာရာ အမြုတေ အဆင့် ခေါင်းဆောင် တစ်ဦးကိုပင် ပိုင်ဆိုင်ထားပေသည်။ ၎င်းအား ယွမ်မျိုးနွယ်ဟု ခေါ်လေ၏။
အချိန်များ ဖြတ်ကျော်လာသည်နှင့် အမျှ အမျိုးမျိုးသော ပဋိပက္ခ အလှည့်အပြောင်းများနှင့် အတူ အဖြစ်မှန်များမှာလည်း ပဟေဠိ အပိုင်းအစများ အလား တဖြည်းဖြည်း ဆက်မိလာခဲ့သည်။ ယွမ်လုံရှီသည် မကြာသေးမီက ကွယ်လွန်သွားသည့် သူ၏ ဖခင်မှာ ယွမ်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကြောင်းနှင့် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူစွပ်စွဲခံရသမျှ အားလုံးမှာလည်း သူ့ဖခင် ချန်ထားခဲ့သော ကျင့်ကြံခြင်း ရတနာကို ခိုးယူရန် ယွမ်မျိုးနွယ်မှ သခင်လေး စီစဥ်ထားသည့် ဇာတ်လမ်းတစ်ခုသာ ဖြစ်နေခဲ့သည်။ ကျန်းမိန်းကလေးကို အဓမ္မကျင့်ရန် ကြိုးစားခြင်း ဟူသော စွပ်စွဲမှု အားလုံးမှာ အလိမ်အညာသာ ဖြစ်ပေသည်။
ယွမ်လုံရှီမှာ ရူးမတတ် ခံစားခဲ့ရ၏။ သူနှင့် ထိုမိန်းကလေးတို့မှာ ဆယ့်သုံးနှစ်တည်းက တစ်ဦးနှင့် တစ်ဦး ချစ်ကြိုက်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူမက သူ့ကို သစ္စာဖောက်ကာ ယွမ်မျိုးနွယ်ထံတွင် ရောင်းစားခဲ့သည်။ တစ်ဖက်မှ စဥ်းစားပါက မိမိ မျိုးနွယ်စု တိုးတက်ရေး အတွက် ချစ်သူကိုပင် စွန့်လွှတ်ခဲ့သည့် သူမ၏ လုပ်ရပ်မှာ ချီးကျူးစရာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ယွမ်လုံရှီ အတွက်တော့ ဘယ်လိုမှ လက်ခံနိင်စရာ မရှိခဲ့ချေ။
ယွမ်လုံရှီသည် အကျဥ်းခန်းထဲမှ ထွက်ပြေးနိုင်ခဲ့ကာ ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် ပြန်လည် စတင်ခဲ့သည်။ ထိုအခွင့်အရေးနှင့် အတူ သူသည် အမျိုမျိုးသော အင်အားစုများ၏ နောက်ခံကို ရရှိခဲ့ကာ ယနေ့ အခြေအနေ အထိ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်အတွင်း ယွမ်မျိုးနွယ်၊ ကျန်းမျိုးနွယ်နှင့် ယွမ်လုံချီတို့ အကြားတွင် မရေမတွက်နိုင်သော အဖြစ်အပျက်များ၊ အမဲလိုက်မှုများ၊ ပြင်းထန်သော တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။
သူ အားလုံးကို ကျော်လွှားနိုင်ခဲ့ပေသည်။ အဆုံးသတ်၌ ကျန်းမျိုးနွယ်သည် ဖုန်မှုန့်တစ်မှုန့် အလား ပျောက်ကွယ်သွားခဲ့ရကာ ယွမ်မျိုးနွယ်ကမူ ပြန်လည် ပေါင်းစည်းရေး အတွက် ယွမ်လုံရှီထံတွင် ကမ်းလှမ်းခဲ့ရသည်။
သို့သော်လည်း ယွမ်လုံရှီ၏ ဇာတ်လမ်းက ထိုမျှနှင့် အဆုံးမသတ်ခဲ့ပေ။ သူနှင့် ရွှယ်ရီဖေး အကြား ဆက်ဆံရေးသည် သူ၏ လွတ်မြောက်မှုနှင့် စွန့်စားခန်းများတွင် အရေးပါသော အခန်း ကဏ္ဍ တစ်ရပ် အဖြစ် ပါဝင်ခဲ့သည်။ သူမသည် နိမ့်ကျသည့် အစေခံ တစ်ယောက်မှ မွေးဖွားလာသည့်တိုင် မည်သို့ပင် ဆိုစေ မင်းသမီး တစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ သူမသည် ယွမ်လုံရှီကို များစွာသော အကူအညီများ ပေးအပ်ခဲ့သည်။ အပြန်အလှန် အနေဖြင့် ယွမ်လုံရှီ၏ မြင့်တက်လာခြင်းနှင့် အတူ သူမ၏ အဆင့်အတန်းနှင့် သြဇာအာဏာမှာလည်း ကြီးမား လာခဲ့ပေည်။
ကြောက်မက်ဖွယ် ပါရမီ ပိုင်ဆိုင်ထားသည့် လူငယ်နှင့် နတ်ဘုရား ကဲ့သို့ ဉာဏ်ရည် ဉာဏ်သွေး ပိုင်ရှင် အမျိုးသမီး... သူတို့ နှစ်ယောက်ကား အလွန် ပြီးပြည့်စုံသည့် အတွဲအဖက် တစ်ခု အဖြစ် ရွှယ်တိုင်းပြည်တွင် နာမည်ကြီးခဲ့ပေသည်။
ရွှယ်ရီဖေးက မျက်လုံးများကို ညင်သာစွာ ပင့်တင်ရင်း ကောင်းကင်၌ လွင့်မြောနေသည့် လူငယ်ကို လှမ်းကြည့်လိုက်သည်။ ယွမ်လုံရှီ ရောက်ရှိလာခြင်း အပေါ် ဝမ်းနည်းရမည်လား၊ ဝမ်းသာရမည်လား သူမ ဝေခွဲ မရချေ။ သူမ၏ စိတ်များက ရှုပ်ထွေးနေ၏။
အကယ်၍ ဘေးနားတွင် ထိုင်နေသည့် ပုဂ္ဂိုလ်မှာ ဝေ့ဝူယင် မဟုတ်သည့် အခြား တစ်ယောက် ဆိုပါလျှင်မူ သူမ၏ အတွေးများက ခြားနားကောင်း ခြားနားပေလိမ့်မည်။ သူမသည် နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းပင် ကိုယ်ပိုင် ခွန်အားကို လိုချင်သည်။ ဘဝနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ချမှတ်လိုသည်။
ဝေ့ဝူယင် ယွမ်လုံရှီကို လျစ်လျူရင်း ဘေးနားရှိ ရွှယ်ရီဖေး၏ မျက်လုံးများကိုသာ ကြည့်လိုက်၏။ သူမသည် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ကင်းစင်ဟန်နှင့် တည်ငြိမ်နေသည်။ မင်္ဂလာပွဲသို့ လုံချန်ရောက်ရှိ လာစဥ်အချိန်၌ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေသည့် လင်းကျိရန်၏ အကြည့်များကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိသည်။
သူ၏ စိတ်ဝင်စားမှုက မြင့်တက်လာ၏။ ရွှယ်ရီဖေးကား သူမြင်ဖူးသမျှ မိန်းကလေးများထဲ၌ အလှဆုံး ဆိုသည့် အထဲတွင် ပါဝင်သည်။ သူသည် သူမကို မြင်မြင်ချင်းပင် သဘောကျ နှစ်ခြိုက်မိသည့်တိုင် သူမနှင့် ယွမ်လုံရှီ အကြား၌ မဖြတ်နိုင်သော ကြိုးတစ်ချောင်း ရှိနေပြီးသားဟု ယူဆခဲ့သည်။
သို့သော်လည်း ယခု သူမ၏ မျက်လုံးများကို မြင်ပြီးနောက်တွင်မူ သူ မသေချာ၊ မရေရာမှုနှင့် ဝေခွဲမရမှုတို့ကို စတင် ခံစားလာခဲ့ရသည်။ မျက်နှာဖုံးအောက်ရှိ ဝေ့ဝူယင်၏ မျက်လုံးများက အရောင်ပြောင်းလဲ သွား၏။ သူမက သူ၏ ကိုယ်လုပ်တော် ဖြစ်ရန် အမှန်တကယ် ဆန္ဒရှိနေသည်လား။ ထိုအတွေးက သူ့နှလုံးသားကို တဒိတ်ဒိတ် ခုန်သွားစေ၏။ ကြည့်ရသည်က အစီအစဥ် တစ်ချို့ကို ပြောင်းလဲဖို့ လိုနေခဲ့ပြီ ဖြစ်သည်။
“နင် ငါ့ကို တကယ် လက်ထပ်ချင်လား...”
ရုတ်တရက်ပင် ဝေ့ဝူယင် ရွှယ်ရီဖေးကို မေးလိုက်၏။
“အင်း...”
သူမက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း လှပသော ဟေဇယ် မျက်ဝန်းများထဲတွင်မူ မသေချာ မရေရာမှု တစ်ခုက နေရာယူနေခဲ့သည်။
“မင်း ငါ့ကို မေးစရာ ရှိလို့လား...”
ဝေ့ဝူယင်က လမ်းဖွင့်ပေးလိုက်၏။
“ရှင်ကျွန်မကို ဘာလို့ လိုချင်တာလဲ...”
ရွှယ်ရီဖေးက မေးလိုက်သည်။ ဝေ့ဝူယင် တစ်ခဏမျှ စဥ်းစားပြီးနောက် အရိုးသားဆုံး ပြန်ဖြေရန် ဆုံးဖြတ် လိုက်သည်။
“အရင်တုန်းက ငါ့မှာ အခြား ရည်ရွယ်ချက်တစ်ခု ရှိချင် ရှိခဲ့လိမ့်မယ်... ဒါပေမဲ့ ခုနလေးကတင်ပဲ မင်းကို လိုချင်တဲ့ အကြောင်းရင်းက ခြားနားသွားပြီ... မင်းက ငါ့အမေက လွဲရင် မင်းက လောကမှာ အလှဆုံး မိန်းကလေး ဖြစ်လို့ပဲ”
ထိုစကားကို ကြားပြီးနောက် ရွှယ်ရီဖေး၏ နှလုံးသားက တည်ငြိမ်သွား၏။ သူမသည် ကိုယ့်ကိုယ်ကို လှပသော မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ယုံကြည်ချက် ရှိသည့်တိုင် လောကတွင် အလှဆုံး မိန်းကလေး ဟူ၍ ဂုဏ်ပုဒ်ကိုမူ မခံယူရဲချေ။ လူတိုင်းတွင် အလှအပနှင့် ပတ်သက်သည့် ကိုယ်ပိုင် စံနှုန်းများ ရှိကြပြီး အမြင်များမှာလည်း ကွဲပြားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိန်းကလေး တစ်ယောက်ကို လောကတွင် အလှဆုံး အဖြစ် မြင်နေသည် ဆိုပါက ထိုအရာက သူ သူမအား မြတ်နိုးနေသည်ဟု ဆိုလိုပေသည်။
ဝေ့ဝူယင်က သူမမှာ မိခင်ဖြစ်သူပြီးလျှင် လောက၌ အလှပဆုံး ဟု ဆိုသည်။ ထိုအရာ တစ်ခုတည်းကပင်လျှင် သူနှင့် လက်ထပ်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာမူ ထိုမေးခွန်းကို သူမအား ပြန်မမေးချေ။ အဖြေအား သူ သိရှိပြီး ဖြစ်သည်။ သူသည် ရွှယ်ရီဖေးကို သူမ ပိုင်ဆိုင်ထားသည့် ရုပ်ရည်ကြောင့် မက်မောသည်။ ထပ်တူထပ်မျှပင် ရွှယ်ရီဖေးသည်လည်း သူ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် တာအို၊ ချမ်းသာ ကြွယ်ဝမှု၊ အဆင့်အတန်း၊ ပါရမီတို့ကြောင့် သူ့အား မက်မောခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အတူ လက်တွဲဖြတ်သန်းရင်း နှစ်ပေါင်းများစွာ ကြာမြင့်သော တစ်နေ့တွင်မူ သူတို့ နှစ်ယောက် တစ်ဦးကို တစ်ဦး လိုချင်ရသည့် အကြောင်းရင်းက ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်ပေသည်။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ ယွမ်လုံရှီဘက်သို့ လှမ်းကြည့်လိုက်၏။
“မင်း ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိတယ် ဆိုရင်တောင် သူကတော့ ဒီနေ့ သေကို သေရမယ်”
ရွှယ်ရီဖေး ယွမ်လုံရှီအား လှမ်းကြည့်လိုက်သည်။ ထိုနှစ်များ အတွင်း သူတို့ နှစ်ယောက်မှာ အတူ လက်တွဲ၍ တိုက်ခိုက်ခဲ့ကြသည်။ တစ်ဦးကို တစ်ဦး ကူညီခဲ့ကြသည်။ အမှန်အတိုင်း ဝန်ခံရပါက သူ သေဆုံးမည်ကို သူမ မမြင်လိုချေ။ သို့သော်လည်း ဝေ့ဝူယင်က သေကို သေရမည်ဟု ဆိုလာလေရာ ထိုအဖြစ်အပျက်က ကျိန်းသေ ဖြစ်လာတော့မည် ဖြစ်သည်။
“လုံရှီ... ရှင်ပြေးသင့်တယ်...”
သူမက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ယွမ်လုံရှီက မင်္ဂလာ စင်မြင့်ကို လှမ်းကြည့်ကာ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်က ထိုင်ရာမှထရပ်လိုက်သည်။ ထို့နောက် လက်အား မျက်နှာဖုံးထက် တင်ကာ ဖြည်းညင်းစွာ ဆွဲချွတ်လိုက်လေတော့၏။
***