← Chapters

သူ့ကို သတ်

Vol. 16 Ch. 223

သူ့ကို သတ်

Vol. 16 Ch. 223

“ ... “

ထိတ်လန့်တကြား အာမေဋိတ်သံများသည် တိတ်ဆိတ် အေးစက်နေသော မင်္ဂလာ အခမ်းအနားတစ်ခုလုံးကို အသက်ဝင်သွား‌စေ၏။ မင်္ဂလာပွဲသို့ တက်‌ရောက်လာကြသည့် ပုဂ္ဂိုလ် အားလုံးနီးပါးမှာ ရွှယ်တိုင်းပြည်တွင် အရေးပါ အရောက်သည့် ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မျက်နှာဖုံး ဖယ်ရှားပြီးနောက် ပေါ်ထွက်လာသည့် ရုပ်သွင်ကို သူတို့ မည်ကဲ့သို့ မမှတ်မိပဲ နေပါမည်နည်း။

ချောမော ခန့်ညားလှသည့် မျက်နှာနှင့် ငွေရောင် မျက်ဝန်းများ...

လွန်ခဲ့သည့် လေးနှစ်အတွင်း ထိုရုပ်သွင်သည် အမျိုးမျိုးသော ကြီးကျယ် ခမ်းနားမှုများကို သယ်ဆောင်ကာ ပျံ့လွင့်ခဲ့ဖူးသည်။ အဂ္ဂိရတ် ဧကရာဇ်၊ ကောင်းကင်ဧကရာဇ်၊ ထာဝရ ဧကရာဇ် ဆက်ခံသူ... သူနှင့် ပတ်သက်သမျှ ချီးမွမ်းခန်း အားလုံးမှာ အဆုံးမသတ်နိုင်အောင် များပြားလှသည်။

ဝေ့ဝူယင်၏ မျက်နှာကို စိုက်ကြည့်ရင်း ရွှယ်ရီဖေး၏ နှလုံးသားက မထိန်းချုပ်နိုင်အောင် တဒိတ်ဒိတ် ခုန်လာခဲ့သည်။ သူမသည် ဝေ့ဝူယင်၏ မျက်နှာ အကြောင်း ပုံဖော်မှု စာအုပ်များနှင့် အနုပညာ ဖန်တီးမှုများကို မြင်တွေ့ခဲ့ဖူးသော်လည်း ထိုအရာများထဲ တစ်ခုကမှ အစစ်အမှန်နှင့် မယှဥ်နိုင်ချေ။ စကားလုံးများနှင့် စုတ်ချက်များမှာ လူတစ်ယောက်ချင်းစီ၏ ပြိုင်ဘက်ကင်းသော သွင်ပြင် အတိအကျကို ဖော်ပြရန် များစွာ အလှမ်းကွာဝေးလွန်းသည်။

“ဒါက သူ့ရဲ့ တကယ့် ရုပ်ရည်လား...”

ထိုအရာက သူမ နှလုံးသား၌ ပေါ်ပေါက်လာခဲ့သည့် တစ်ခုတည်းသော အတွေး ဖြစ်၏။ တစ်ချိန်တည်း၌ မင်္ဂလာ ခန်းမ အပြင်တွင် စုစည်းနေသည့် လူစုလူဝေးမှာလည်း လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် ဆန်းကြယ်သော အဂ္ဂိရတ် ပညာရှင်မှာ သူ့မျက်နှာဖုံးကို ချွတ်ပြခဲ့ပြီ ဖြစ်သည်။ ထိုအရာက လုံးဝ ထင်မှတ်မထားသည့် အလှည့်အပြောင်း တစ်ခု ဖြစ်၏။

“သူက ဝေ့ဝူယင်ပဲ...”

လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူကား ဆေးနံများ မွှန်ထူနေသည့် အသက်လတ်ပိုင်း လူကြီး တစ်ယောက် ဖြစ်သည်။ သူ၏ မျက်လုံးများက အရောင်ခုနစ်မျိုးဖြင့် တဖျပ်ဖျပ် လက်နေ၏။ သူသည် ကြယ်တာရာ အမြုတေ အဆင့် မဟုတ်သော်လည်း ချီပျစ်ခဲခြင်း အဆင့်ကိုး၌ ရှိနေသည့် အဆင့်မြင့် ပညာရှင် တစ်ယောက် ဖြစ်ပေသည်။

သူကား အဂ္ဂိရတ် ဝိညာဥ် လမ်းစဥ်ကို လျှောက်လှမ်းနေသည့် အဂ္ဂိရတ် အရှင် တစ်ယောက် ဖြစ်၏။ သူ၏ နံဘေးတွင်မူ ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိသည့် ယောက်ျားသား အချို့က ဝန်းရံနေသည်။ သူတို့သည် အသက်လတ် လူကြီး၏ ကိုယ်ရံတော်များ ဖြစ်ကာ နွားမျိုး သွေးမျိုးဆက် ရှို့ရန် မျိုးနွယ်များ ဖြစ်ကြသည်။

ထိုအချိန်တွင်ပင် ဝေ့ဝူယင်က ယွမ်လုံရှီအား ကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ မင်္ဂလာပွဲကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ နှောက်ယှက်ခဲ့ဖို့ ရောက်လာရဲတယ်‌ပေါ့... သေဖို့သာ ပြင်ထားတော့”

ယွမ်လုံရှီ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူ ထိုကိစ္စအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို အနည်းငယ် စဥ်းစားရ ကြပ်နေခဲ့သည်။ သူသည် ရွှယ်ရီဖေး လက်ထပ်ရမည့် ပုဂ္ဂိုလ်မှာ ကြယ်တာရာ အမြုတေ အဆင့်နှစ် ကိုယ်ရံတော် ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် အရှင် တစ်ယောက်ဟုသာ သိရှိထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ပြိုင်ဘက်မှာ ဝေ့ဝူယင် ဖြစ်ကြောင်း ကြိုတင် သိရှိပါက သူ ယခုထက် ပို၍ ပြင်ဆင်မိလိမ့်မည် ဖြစ်သည်။

ထိုအရာက ကောင်းကင်ဧကရာဇ်ဝေ့ ဖြစ်သည်။ သူ၏ စကားတစ်ခွန်းတည်းကပင်လျှင် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာစေရန်နှင့် မျိုးနွယ်တစ်ခု ပျောက်ကွယ်သွားရန် လုံလောက်သည်။ သူသည် ရွှယ်ရီဖေးနှင့် ခံစားချက်များ နောက်ကို လိုက်ရင်း ကျောက်စိုင်ကျောက်တုံးများ အကြား၌ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အခြား အဂ္ဂိရတ် ပညာရှင် ဖြစ်ပါက သူ ယုံကြည်မှု ရှိလိမ့်မည် ဖြစ်သော်လည်း ဤသည်က ဝေ့ဝူယင် ဖြစ်နေခဲ့သည်။

ဝေ့ဝူယင် ယွမ်လုံရှီကို ကြည့်ကာ ကောင်းမွန်သည့် ခံစားချက် တစ်ချို့ ခံစားလိုက်ရသည်။ ထိုလူငယ်လေးသည် အသက်နှင့် ရင်းကာ မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်‌ကျော်ခဲ့ရသည်။ တိုးတက်ရေး အတွက် သေခြင်း၊ ရှင်ခြင်း နယ်နိမိတ် တစ်ခုအကြား ရုန်းကန်ခဲ့ရသည်။ ထိုအတွေးများကို သတိထားမိသည်နှင့် သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။

ထိုအရာက ကောင်းကင်တာအို၏ လွှမ်းမိုးမှုတစ်ခုကြောင့်လော။ ဝေ့ဝူယင် အနက်ရောင် အရိုးစု၏ စကားများကို ပြန်လည် ကြား‌ယောင် လိုက်မိ၏။ လူတစ်ယောက်သည် ကပ်ဘေး တစ်ခုအား အသက်ရှင်လျှက် ဖြတ်ကျော်ရန် လုံလောက်သည့် ကမ္မတန်ဖိုး ရှိဖို့လိုသည်။ ကမ္မတန်ဖိုး မလုံလောက်ပါက မည်မျှပင် သန်မာသူ ဖြစ်စေ အသက် ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

အကယ်၍ ကောင်းကင်တာအိုက သူ၏ အစီအစဥ်က ကပ်ဘေး တစ်ခုဟု သတ်မှတ်လျှင် ယွမ်လုံရှီမှာ ဖြတ်ကျော် ရမည့်သူ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် ယွမ်လုံရှီကို မသေစေလိုသော ဆန္ဒ တစ်ခုက သူ့ စိတ်တွင် ပေါ်လာခဲ့သည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက မှုန်မှိုင်းသွားလေ၏။

“ငါ့ရဲ့ ဆန္ဒကိုတောင် ပြောင်းလဲသွားအောင် လွှမ်းမိုးသွားတာကို ကြည့်ရင် သူ့မှာ ငါ့ထက် ပိုများတဲ့ ကမ္မတန်ဖိုးတွေ ရှိနေနိုင်တယ်”

အသွေးအသားများထဲမှ တစ်ဆင့် ထိုယူဆချက်က လုံးဝ မှန်ကန်ကြောင်း ဝေ့ဝူယင် ခံစားရသည်။ လောဘ အရိပ်အယောင်သည် သူ၏ မျက်ဝန်းများထဲတွင် ပေါ်ပေါက်လာ၏။ ယခုအချိန်၌ ကောင်းကင်တာအိုသည် သူနှင့် ရင်ဆိုင်ရန် အတွက် ယွမ်လုံရှီထံမှ ကမ္မတန်ဖိုး တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်လောက်ပြီး ဖြစ်သည်။ သို့ဖြစ်ရာ သူ့ဘက်မှ လှည့်ကွက်အချို့ကို သုံးမှ ဖြစ်ပေတော့မည်။

“ချီလန်း... သူ့ကို သတ်စမ်း...”

ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မရှိပဲ အော်ဟစ်လိုက်၏။ လူအုပ်ကြီးမှာ ဝေ့ဝူယင်၏ ကြေညာမှုကြောင့် လန့်ဖျန့် သွားကြသည်။

တစ်ချိန်တည်း၌ ယွမ်လုံရှီ၏ အမူအရာက ပြောင်းလဲသွားကာ ဖိအားများ အောက်သို့ ကျရောက်သွားဟန် ရသည်။ ခေါင်းအား မော့ထားဆဲ ဖြစ်သည့်တိုင် သူ၏ မျက်လုံးများမှာမူ အပ်ပေါက် တစ်ခုအလား ကျဥ်းမြောင်း နေလေသည်။ ချီလန်းသည် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ကာကွယ်သူ ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ကြယ်တာရာ အမြုတေ အဆင့်သုံးတွင် ရှိနေသူ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ယှဥ်ပါက မိုးနှင့် မြေလို အလှမ်းကွာလှသည်။

ဘုန်း...

ယွမ်လုံရှိသည် တုန့်ဆိုင်းခြင်း မရှိပဲ မျှော်စင်မှ အောက်သို့ ဆင်းသက်လာ၏။ သူ၏ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်က အဆုံးမဲ့စွာ တောက်ပနေသည်။ ယွမ်လုံရှီနှင့် ရင်မဆိုင်ရသေးခင်မှာပင် ဝေ့ဝူယင်၏ အသံကို နောက်တစ်ကြိမ် သူ ကြားလိုက်ရ၏။

“ဘာမှ မညှာတာနဲ့... မင်းမှာ ရှိသမျှ အရာအားလုံး ရင်းနှီးပြီး သူ့ကို သတ်... အဲဒီလို မလုပ်ဘူး ဆိုရင် မင်းလည်း သူနဲ့ အတူ သေရမယ်”

ဝေ့ဝူယင်၏ လေသံက ယနေ့တွင် သူ ယွမ်လုံရှီကို သတ်ဖြတ်ရန် လုံးဝ ရည်ရွယ်ထားကြောင်း ထင်ရှားလှသည်။ မရေမတွက်နိုင်သော လူများ၏ နှလုံးသားများက တုန်ရီသွားကြ၏။ မည်မျှ ကံဆိုးလိုက်သည့် လူငယ်နည်း။ သူသည် မင်္ဂလာပွဲသို့ ရောက်ရှိလာကာ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် သေမိန့်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ထိုအရာက သနားဖို့ ကောင်းသည်။

ချီလန်းသည်လည်း အလားတူပင် ခံစားရ၏။ သို့သော်လည်း ညှာတာပါက သူကိုယ်တိုင်ပါ ထိုလူငယ်နှင့် အတူ သေရမည်ဟု ဆိုသည်။ သူ့အသက်ထက် မည်သည်က ပိုအရေးကြီးမည်နည်း။

ယွမ်လုံရှီမှာ ဝေ့ဝူယင်၏ အမိန့်ကို ကြားလိုက်ရပြီးနောက် ချောက်ကမ်းပါးစွန်း တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သို့သော်လည်း သူကား တိုက်ပွဲများမှ ရှောင်လွှဲတတ်သူ မဟုတ်ချေ။ အကယ်၍ ဝေ့ဝူယင်က သူ့အသက်ကို လိုချင်သည် ဆိုလျှင်  သူကလည်း ဝေ့ဝူယင်ကို ပြန်သတ်ရလိမ့်မည် ဖြစ်သည်။ မည်သည့် အကောင်ကြီး ဖြစ်နေပါစေ သူ ဂရုမစိုက်ချေ။ သူ၏ မျက်လုံးများက တည်ငြိမ်ကာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်လာ၏။ သတ်ဖြတ်ခြင်း အငွေ့အသက်တို့က သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လျှံထွက်လာသည်။

“ဒီလောက်မောက်မာရဲရအောင် ဘာကောင်မလို့လဲ....”

သူစိတ်ထဲမှ ကြုံးဝါးလိုက်၏။ ဝေ့ဝူယင်ဆိုသည့် ကောင်မှာ အဂ္ဂိရတ် လမ်းစဥ်တွင် ပါရမီပါသည့် လူတစ်ယောက်မျှသာ ဖြစ်သည်။ ထိုတာအိုမှာ ရှားပါးသည် ဆိုသော်လည်း ကျင့်ကြံခြင်း တာအိုရှေ့တွင်မူ ဘာမှ မဟုတ်သည့် အဖြည့်ခံ လမ်းစဥ် တစ်ခုမျှသာ ဖြစ်သည်။

“မင်းဘာသာမင်း ဘာအဆင့်အတန်းပဲ ရှိရှိ... ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ... ဒီနေ့ ငါဆေဘာအောက်မှာ မင်း အသက်ထွက်စေရမယ်”

သူ ဆေဘာဓားကို တင်းတင်း ဆုပ်ကိုင်ရင်း ချီလန်းအား မျက်နှာချင်းဆိုင်လိုက်၏။ ကြယ်တာရာ အမြုတေ အဆင့်နှစ်တွင် ရှိသည့် သူ၏ ကျင့်ကြံခြင်း အခြေခံက အရှိန်ပြင်းစွာ လည်ပတ်လာသည်။

ချီလန်းသည် ဝိညာဥ်အင်အား ပင်လယ်ထဲတွင် မြောလွင့်နေကာ သူ၏ ဝတ်ရုံများက လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေသည်။ သူကား အစစ်အမှန် တန်ခိုးရှင် တစ်ပါးနှင့်ပင် တူနေသေး၏။ လက်သီးတစ်ဖက်အား ဆုပ်လိုက်ချိန်၌ ပတ်ဝန်းကျင်ရှိ ကြယ်တာရာ အမြုတေများက တောက်ပသော ကြယ်တစ်စင်း အလား စုစည်းလာခဲ့လေ၏။

မရေမတွက်နိုင်သော လူများ၏ ပြူးကျယ် သွားကြသည်။ သူတို့က တကယ်ကြီး တိုက်ခိုက်ကြတော့မည်လော။ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုက ကုန်းမြေတိုက်ကြီးများကို အက်ကွဲစေနိုင်သည် အထိ ပြင်းထန်လွန်းသည်။ သူတို့ စတင် တိုက်ခိုက်သည်နှင့် တော်ဝင်မြို့တော် တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားလိမ့်မည် ဖြစ်သည်။

ချီလန်းမှာလည်း ထိုအချင်းအရာကို တွေးမိကာ အနည်းငယ် တုန့်ဆိုင်းသွား၏။ အကယ်၍ သူ့ကြောင့်သာ ရွှယ်တိုင်းပြည် ပျက်သုဥ်းသွားပါက အနန္တဧကရာဇ်ဂိုဏ်းမှာ အကြီးအကျယ် ဒေါသထွက်သွားလိမ့်မည် ဖြစ်သည်။ သူအပါအဝင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ပါ သေဒဏ်ပေးခံရနိုင်သည်။

ချီလန်းက ယွမ်ရှီလုံကို ကြည့်ကာ တစ်စုံတစ်ခု ပြောရန် ဟန်ပင်လိုက်စဥ်မှာပင် ဝေ့ဝူယင်က ခြေဖနှောင့်နှင့် မြေပြင်အား ပေါက်လိုက်၏။

ဘုန်း....

ပေါက်ကွဲမှု တစ်စုံတစ်ရာ ဖြစ်ပျက်သွားခြင်း မရှိသော်လည်း အလွန် ကျယ်လောင်သေ အသံကြီး တစ်ခု ပေါ်ထွက်လာသည်။ တစ်ခဏအတွင်းမှာပင် အကာအကွယ် အလွှာကြီး တစ်ခု ပေါ်ပေါက်လာကာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ ဖြစ်တည်မှု အားလုံးကို လွှမ်းခြုံသွားလေတော့၏။

ကြယ်တာရာ အစီအရင်... အကာအကွယ် အလွှာ...

***

All Chapters