ကောင်းချီးခံ တစ်ယောက်၏ ဝှက်ဖဲများ
Vol. 16 Ch. 224
အနန္တဧကရာဇ်ဂိုဏ်းသည် ထိပ်တန်း ကျင့်ကြံသူတို့၏ တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် အကာအကွယ် ကြယ်တာရာ အစီအရင်များကို တည်ဆောက်ကာ ကာကွယ်သူများထံ ပေးအပ်ထားသည်။
ထိုအစီအရင်များကို ကာကွယ်သူများသာလျှင် အသက်သွင်းနိုင်ကြကာ ကြယ်တာရာ အမြုတေ အဆင့်အောက်ရှိ ဖြစ်တည်မှုအားလုံးကို ကာကွယ်ပေးနိင်စွမ်း ရှိသည်။ ကြယ်တာရာ အမြုတေ အဆင့်သုံး ကျင့်ကြံသူ တစ်ယောက်ပင်လျှင် လုံလောက်သည့် အချိန်မရပါက ထိုအစီအရင်ကို ချိုးဖျက်ရန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။
“ဒါက...”
ချီလန်းမှာ အံ့အားသင့်သွားဟန်ရကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ အကာအကွယ် အလွှာ ကြယ်တာရာ အစီအရင်ကို အသက်သွင်းနိုင်သည့် လူက သူ တစ်ယောက်တည်း ရှိရမည် မဟုတ်ပါလော။ အဘယ်ကြောင့် ကောင်းကင်ဧကရာဇ် ဝေ့ဝူယင်ကလည်း ထိုသို့ ပြုလုပ်နိုင်ရသနည်း။
ထို့အပြင် အစီအရင်ကို အသုံးပြုရန် အတွက် စက္ကန့်တိုင်းတွင် အလွန် များပြားသော ရင်းမြစ်များကို လိုအပ်သည်။ ကောင်းကင်ဧကရာဇ်က ထိုအရာများကို မနှောမြောသည်လား။
“ခုဘာမှ စိုးရိမ်စရာ မရှိဘူး တိုက်တော့...”
ဝေ့ဝူယင်က အော်ပြောလိုက်၏။ မိမိကိုယ်ပိုင် အဆင့်အတန်းကို ဖွင့်ချလိုက်ပြီးနောက် သူသည် မည်သည်ကိုမှ ထိန်ချန်ရန် ဆန္ဒမရှိတော့ချေ။ ဝင်္ကပါကို နှစ်ဆယ့်လေးနာရီ အသက်သွင်းရန် အတွက် ကြယ်တာရာ ကျောက်တုံး နှစ်ရာ(အမတေ ကျောက်တုံး သန်းနှစ်သောင်း) ခန့် လိုအပ်သည့်တိုင် ထိုပမာဏက သူ မနက်စာ စားသလောက်သာ ရှိသည်။
“ကောင်းပြီ...”
ချီလန်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူက ဆုပ်ထားသော လက်သီးကို ဖွင့်ကာ ယွမ်လုံရှီထံ တောက်ပသော အလင်း တစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအလင်းသည် ပစ်မှတ်သို့ မရောက်ခင်မှာပင် အစိမ်းရောင် လေဆင်နှာမောင်း တစ်ခု အသွင်သို့ ပြောင်းလဲသွားလေတော့၏။
ကြယ်တာရာ လေအစီအရင်... ဝိညာဥ် လေဆင်နှာမောင်း....
အစိမ်းရောင် လေဆင်နှာမောင်းသည် သာမန် လူတစ်ယောက်၏ အရွယ်အစားမျှသာ ရှိသော်လည်း ၎င်း၏ စွမ်းအားကိုမူ အရွယ်အစားဖြင့် တိုင်းတာ၍ မရချေ။ အလွန် ပြင်းထန်သော လေမုန်တိုင်းများနှင့် ကြယ်တာရာ အင်အားများမှာ လေဆင်နှာမောင်းအတွင်းတွင် ကြောက်မက်ဖွယ် ကောင်းအောင် လှည့်ပတ်တိုက်ခိုက်နေပြီး ထိုအထဲသို့ ကျရောက်သွားပါက လူမဆိုထားနှင့် သံမဏိတုံး တစ်တုံးပင် အမှုန့်အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာသည့် လူအားလုံးမှာ ထိတ်လန့် တုန်လှုပ်သွားကြ၏။ အထူးသဖြင့် အစီအရင်၏ ကာကွယ်ပေးခြင်းကို မခံရသည့် ကြယ်တာရာ အမြုတေ အဆင့်များမှာ မျက်နှာများ ဖြူရော်နေကြပြီ ဖြစ်သည်။ သူတို့သည် လျှင်မြန်စွာပင် ကြယ်တာရာ အင်အားများကို ဖြန့်ကျက်ကာ ဘေးကင်းလွတ်ရာ နေရာများသို့ အပြေးဆုတ်ခွာ သွားကြ၏။
ထိုအထဲ၌ ရွှယ်ရီဖေး၏ ကိုယ်ရံတော် အဘိုးအိုလည်း အပါအဝင် ဖြစ်သည်။ အစိမ်းရောင် လေဆင်နှာမောင်းမှာ သူ့ထံ တိုက်ရိုက် ဦးတည်နေခြင်း မဟုတ်သည့်တိုင် သူ့ခန္ဓာကိုယ် တစ်ခုလုံး ဗြောင်းဆန်သွားသလို ခံစားနေရသည်။ ထိုအရာက အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
သို့သော်လည်း ထိုလေဆင်နှာမောင်း၏ လမ်းကြောင်း တည့်တည့်၌ ရှိနေသည့် ယွမ်လုံရှိမှာမူ ရှောင်တိမ်းရန်ပင် မကြိုးစားပဲ မြေပြင်၌ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲ ဖြစ်သည်။ သူသည် ရဲရင့်စွာပင် လက်သီးအား တင်းတင်းဆုပ်ကာ အရှိန်ပြင်းစွာ ဝင်လာသည့် လေဆင်နှာမောင်းကို ထိုးနှက်လိုက်လေ၏။
ဘုန်း...
ကြောက်မက်ဖွယ် ကောင်းလှပါသည် ဆိုသော လေဆင်နှာမောင်းကား ယွမ်လုံရှီ၏ လက်သီးနှင့် ထိတွေ့သည်နှင့် နောက်သို့ ပြန်ကန်ကာ ထွက်သွား၏။ ထိုအခိုက်၌ အနက်ရောင် အလင်းဖျော့ဖျော့သည် သူ၏ လက်သီးထိပ်၌ ခိုအောင်းကာ ဟိန်းသံ ခပ်တိုးတိုးကို ထုတ်လွှတ်နေလေသည်။
ထိုအရာအား ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ ထိုအရာက နဂါးသွေး အင်အား အမျိုးအစား တစ်ခုပင် ဖြစ်သည်။
တစ်ချိန်တည်း၌ ချီလန်းမှာ အနည်းငယ် မျက်မှောင်ကြုတ်နေ၏။ သူ၏ တိုက်ခိုက်မှုက ထိုကဲ့သို့ တားဆီး ခံလိုက်ရသည်လား။ သို့သော်လည်လေကြယ်တာရာ အစီအရင်မှာ အစပျိုး တိုက်ခိုက်မှု တစ်ခုမျှသာ ဖြစ်ပေသည်။
ကြယ်တာရာ မိုးကြိုး အစီအရင်... အဆုံးမဲ့ ပေါက်ကွဲခြင်း
သူ လက်ညိုး ညွှန်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ မိုးကြိုးများမှာ လေထဲတွင် အစီအရီ ပေါ်ပေါက်လာကာ လေဆင်နှာမောင်းနှင့် ပေါင်းစည်းသွား၏။ ကြယ်တာရာ အမြုတေ အဆင့်အောက်ရှိ လူတိုင်းမှာ အစီအရင်၏ ကာကွယ်ပေးမှုကို ခံထားရသည့်တိုင် တဝင်းဝင်း တလက်လက် လျှပ်စီးများကြောင့် တဒင်္ဂမျှ အမြင်အာရုံကို ဆုံးရှုံးသွား၏။
တဖန် အဓိက ပစ်မှတ်မှာ ယွမ်လုံရှီ ဖြစ်နေသည့်တိုင် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများမှာ ယခင်ကထက်ပင် ပို၍ ကြောက်လန့် တုန်ရီလာကြသည်။ တစ်ခဏ အတွင်းမှာပင် အစိမ်းရောင် လေဆင်နှာမောင်းသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် အတူ အကာအကွယ် အားလုံးကို ဖြတ်သန်းကာ ယွမ်လုံရှီ၏ တစ်ကိုယ်လုံးကို ဝါးမျိုသွား၏။
ချီလန်းသည် အတွေ့အကြုံ မရှိသည့် လူငယ် တစ်ယောက် မဟုတ်ချေ။ သူသည် ရပ်တန့်ခြင်း မပြုပဲ ဝိညာဥ်စွမ်းအင်များကို အဆက်မပြတ် ပို့လွှတ်ကာ လေဆင်နှာမောင်း၏ ချေဖျက်မှု အရှိန်အဟုန်ကို ထပ်မံ တိုးမြှင့် လိုက်သည်။ ထိုအရာကား ကောင်းကင်အုပ်စိုးသူ နှင့် ဝိညာဥ်ဆင်းတု အဆင့်ကြားမှ ကွာခြားချက်လည်း ဖြစ်သည်။ ဝိညာဥ်အင်အား၊ အရောင်အဝါ၊ စွမ်းအင်၊ အာရုံ... မည်သည့် အမျိုးအစား ဆိုစေကာမူ သူတို့မှာ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားနိုင်ကြသည်။
သို့သော်လည်း ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့် သို့မဟုတ် ကြယ်တာရာ အမြုတေ အဆင့် ဖြစ်စေကာမူ သေခြင်းရှင်ခြင်း တိုက်ပွဲများမှာ လှုပ်ရှားမှု အနည်းငယ် အတွင်း အဆုံးသတ် သွားလေ့ ရှိသည်။ ကျင့်ကြံခြင်း အဆင့်၊ တိုက်ခိုက်ရေး ကျင့်စဥ်နှင့် အတွေ့အကြုံ သာလွန်သူများမှာ များသောအားဖြင့် အနိုင်ရလေ့ ရှိသည်။
သို့သော်လည်း ထိုစည်းမျဥ်းတွင် ချွင်းချက် တစ်ခုတော့ ရှိပေသည်။ ကောင်းချီးခံများသည် မည်မျှပင် အတွေ့အကြုံ အားနည်းစေကာမူ၊ ကျင့်ကြံခြင်း အဆင့် နိမ့်ကျစေကာမူ အမျိုးမျိုးသော ဝှက်ဖဲများကို ထုတ်ဖော်ကာ အလှည့်အပြောင်းများကို ဖန်တီးလေ့ ရှိသည်။ ယွမ်လုံရှီသည် ထိုမျှ လွယ်လွယ်နှင့် ရှုံးနိမ့်လိမ့်ဦးမည် မဟုတ်ချေ။
ထို့အပြင် ဝေ့ဝူယင်က “မညှာတာနဲ့” ဟု မှာကြားထားသည့်တိုင် ချီလန်းမှာ ယခုထိ အဆုံးစွန်တိုင်အောင် မတိုက်ခိုက်ရသေးချေ။ သူသည် ဝိညာဥ်ဆင်းတု အဆင့်များ ပိုင်ဆိုင်နိုင်သည့် ဝိညာဥ်ကွင်း စွမ်းအားများကို သိုဝှက်ထားဆဲ ဖြစ်သည်။ အကယ်၍ သူသည် ထိုစွမ်းအင်ကို အသုံးပြုမည် ဆိုပါက သူ၏ ခွန်အားမှာ ပိုင်ဆိုင်ထားသည့် ဝိညာဥ်ကွင်း အရေအတွက်ပေါ် မူတည်ပြီး မြင့်တက်လာလိမ့်မည် ဖြစ်သည်.
ဝိညာဥ်ကွင်းများသည် ကျင့်ကြံသူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ ဝိညာဥ်ကွင်း သုံးကွင်း ပိုင်ဆိုင်လျှင် ထိုသူ၏ ခွန်အားက သုံးဆ မြင့်တက်လာလိမ့်မည် ဖြစ်ပြီး ကိုးကွင်း ပိုင်ဆိုင်လျှင်မူ ထိုးဆထိသော ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်တာအို၏ လွှမ်းမိုးမှုကို ဆန့်ကျင်ရန်မှာ ခက်ခဲလှသည်။ ယွမ်လုံရှီသည် ကောင်းချီးခံ တစ်ယောက်ဖြစ်လေရာ ၎င်းက ချီလန်းအပေါ်တွင် ကျိန်းသေ လွှမ်းမိုးလိမ့်မည် ဖြစ်သည်။ ကျူးဟိုင်ပင်လျှင် လွတ်ကင်းလိမ့်မည် မဟုတ်ချေ။ အကယ်၍ ကောင်းကင်တာအို၏ လွှမ်းမိုးကို ချက်ချင်း သတိမထားမိပါက သူတို့ ဘယ်တော့မှ ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။
ဂါး...
ဟိန်းဟောက်သံ တစ်ခုနှင့် အတူ လေဆင်နှာမောင်း အတွင်း၌ ရှိနေသည့် ယွမ်လုံရှိ ခန္ဓာကိုယ်က စတင် တောက်ပလာ၏။ ကြောက်မက်ဖွယ်ရာ ကြယ်တာရာ အင်အားနှင့် မိုးကြိုးများ၏ တိုက်ဖျက်ခြင်းကို ခံနေရသည့်တိုင် ယွမ်လုံရှီမှာ အစွမ်းထက်လှသော ရုပ်ပိုင်ဆိုင်ရာ စွမ်းအားနှင့် တောင်ခံနေနိုင်ပုံ ပေါ်သည်။ သူသည် နဂါး ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားပြီး သူ့နှလုံးသားမှာလည်း ထျန်းတျန် တစ်ခု ကဲ့သို့ ဆောင်ရွက်နေလေရာ သူ၏ ခန္ဓာကိုယ်မှာ အဆင့်တူ ကျင့်ကြံသူများစွာထက် အဆပေါင်းများစွာ ပိုမို သန်မာလှပေသည်။
သူ၏ ဟိန်းဟောက်သံက ကြမ်းတမ်းကာ ခွန်အား ပြည့်ဝလှ၏။ အစိမ်းရောင် လေဆင်နှာမောင်းသည် ကြောက်မက်ဖွယ်ရာ တစ်ခုကို တွေ့လိုက်ရသည့် အလား တုန်ရီပါ အပိုင်းပိုင်းအစစ အဖြစ် ပေါက်ကွဲသွားသည်။ ယွမ်လုံရှီ၏ မျက်လုံးများက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ချီလန်းကို စိုက်ကြည့်နေ၏။ သို့သော်လည်း သူ၏ အနက်ရောင် ဝတ်ရုံမှာမူ လုံးဝ ပျက်စီးကာ အဝတ်စုတ်များ သဖွယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ထိုဝတ်ရုံမှာ ရန်သူတစ်ယောက်ထံမှ သူရရှိခဲ့သည့် ကြယ်တာရာ အဆင့် ရတနာ တစ်ခု ဖြစ်သည်။ သူသည် ထိုဝတ်ရုံ၏ အကာအကွယ်ဖြင့် တိုက်ပွဲအလီလီကို အောင်မြင်ခဲ့သည့်တိုင် ချီလန်း၏ တိုက်ခိုက်မှုတွင် ၎င်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယွမ်လုံရှီ စိတ်ထဲမှ နေ၍ ကောင်းကင်ကို ကျိန်ဆဲလိုက်မိ၏။ ကြယ်တာရာ အမြုတေ အဆင့်နှစ်သို့ ချိုးဖျက်ပြီးပြီးချင်းမှာပင် ကြယ်တာရာ အမြုတေ အဆင့်သုံး တစ်ယောက်နှင့် ရင်ဆိုင်ရသည်။ အကယ်၍ ရန်သူမှာ သာမန် ဝိညာဥ်ဆင်းတု တစ်ယောက်သာ ဆိုပါက မည်သည့် ဝှက်ဖဲမှ မသုံးပဲ သူ သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ခြားနားစွာပင် ချီလန်းမှာ အနန္တဧကရာဇ်ဂိုဏ်းကြီးမှ လာသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေခဲ့သည်။
အနန္တဧကရာဇ်ဂိုဏ်းသည် ထိပ်တန်းဆိုသော ပါရမီရှင်များကိုသာ လက်ခံကာ ပျိုးထောင်ပေးသည်။ ချီလန်းသည် ခိုင်မာသော အခြေခံအုတ်မြစ်၊ ကြောက်မက်ဖွယ်ရာ နည်းစနစ်များနှင့် အဆင့်တူများ အကြားတွင်ပင် ထိပ်တန်း၌ ရပ်တည်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် သူသည် ကုန်းမြေတိုက်ကြီးတစ်ခု၏ ကာကွယ်သူ အဖြစ်ပင် ခန့်အပ်ခံခဲ့ရရာ မည်သို့မှ အားနည်းမည် မဟုတ်ချေ။ အနန္တဧကရာဇ်ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင်ပင် သူ့ကဲ့သို့ လူများစွာ မရှိချေ။
ချီလန်းမှာ ယွမ်လုံရှီ၏ လွတ်မြောက်မှုကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူ၏ တိုက်ခိုက်မှုများကို ကောင်းကင်အုပ်စိုးသူ တစ်ယောက်က ထိုကဲ့သို့ ချိုးဖျက်နိုင်သည်လား။ သူ မသိစိတ်ဖြင့် ဝေ့ဝူယင်ဆီသို့ လှမ်းကြည့်လိုက်ရာ ကြောက်မက်ဖွယ်ရာ စူးရှနေသည့် မျက်လုံးများကို မြင်တွေ့လိုက်ရသည်။ သူ့အနေဖြင့် ဤတိုက်ပွဲကို မြန်မြန် အပြတ်ဖြတ်ရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။
ဝိညာဥ်ဆင်းတု... လေနဲ့ မိုးကြိုး ကြယ်တာရာ ဝိညာဥ်
ချီလန်း၏ နောက်ကြောတွင် မီတာ သုံးရာ မြင့်မားသည့် လေဆင်နှာမောင်းကြီး တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ဝိုးတဝါးနှင့် ထင်ရှားခြင်း မရှိသည့်တိုင် အာရုံအားလုံးကို လွှမ်းမိုးနိုင်သည့် လွှမ်းမိုးချုပ်ကိုင်မှု တစ်ခုကို သယ်ဆောင်ထား၏။ ကြောက်မက်ဖွယ်ရာ ပြင်းထန်သည့် လေနှင့် လျှပ်စီးများသည် ကမ္ဘာကိုပင် အက်ကွဲစေနိုင်သည့် စွမ်းအင်မျိုးနှင့် အတူ ထိုလေဆင်နှာမောင်းကြီး အတွင်းတွင် အရှိန်အဟုန် ပြင်းစွာ အဆက်မပြတ် လှည့်ပတ်နေလေ၏။
ထိုပုံရိပ်ကြီး၏ နံဘေးတွင်ပင် ခပ်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်သည့် အဖြူရောင် ကွင်း သုံးကွင်း ရှိနေခဲ့သည်။ ၎င်းတို့မှာ ဝိညာဥ်ကွင်းများ ဖြစ်ပြီး ဝိညာဥ်ဆင်းတု အဆင့်များသာ ပိုင်ဆိုင်နိုင်သည့် စွမ်းရည် တစ်မျိုးလည်း ဖြစ်သည်။ ဝိညာဥ်ကွင်းများမှာ ဝိညာဥ်ဆင်းတု အဆင့်များ၏ ထူးခြားသော သင်္ကေတလည်း ဖြစ်၏။
သို့သော်လည်း ထိုအရာက ဝေ့ဝူယင်၏ အထင်ကြီးမှုကိုတော့ ရယူနိုင်စွမ်း မရှိပါချေ။ ချီလန်းသည် ဝိညာဥ်ကွင်း သုံးခုကိုသာ မွေးဖွားနိုင်ရာ သူ၏ ဝိညာဥ် အခြေခံက အတော်လေး အားနည်းသည်ဟု ဆိုနိုင်သည်။ အစစ်အမှန် ပါရမီရှင်များ၏ အရှေ့တွင် သူကား အရေးမပါသူ တစ်ယောက်မျှသာ ဖြစ်သည်။
နောက်ဆုံး၌ ချီလန်းမှာ ကောင်းကင်တာအို၏ လွှမ်းမိုးချုပ်ကိုင်မှုကို ချိုးဖျက်ကာ တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ဆုံးဖြတ်ချက်က နောက်ကျသွားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထိုအတွေး ဝေ့ဝူယင်၏ စိတ်ထဲဝင်ရောက်လာချိန်မှာပင် ယွမ်လုံရှီက ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် သူက အသက်အား အဆုံးတိုင် ရှိုက်သွင်းလိုက်ရင်း နဂါးတစ်ကောင် အလား ဟိန်းဟောက်လိုက် လေတော့သည်။
ဂါး....
တိမ်များများမှာ ပြန့်ကျဲသွားကာ မီတာ သုံးရာ မြင့်မားသည့် ဝိညာဥ် ဆင်းတုမှာ တိုက်ရိုက်ပင် ပြိုကွဲသွားသည်။ ချီလန်းသည် နောက်ဆုတ်ရန် ကြိုးစားလိုက်သည့်တိုင် သူ အပြည့်အဝ မလှုပ်ရှားရသေးခင်မှာပင် အသံလှိုင်းက သူ့ထံ ရောက်ရှိလာ၏။
“ဘုန်း...”
သူ၏ ခန္ဓာကိုယ်က ကောင်းကင်အလွှာနှင့် ဝင်တိုက်ကာ ဖောက်ဝင်သွား၏။ အသံတစ်ချက်ဖြင့်ပင် ချီလန်းမှာ လွင့်စဥ်သွားခဲ့ရပြီ ဖြစ်သည်။
မရေမတွက်နိုင်သော လူများမှာ ယွမ်လုံရှီကို ကြည့်ကာ တုန်ရီသွားကြ၏။ ထိုအခိုက်အတန့်၌ သူ၏ အပေါ်ပိုင်း ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးရောင် သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် လက်နှစ်ဖက်နှင့် အတူ စုတ်ပြဲနေသော အင်္ကျီများကို ဆွဲဖြဲပစ်ကာ အပေါ်ပိုင်းကို ဗလာကျင်းလိုက်သည်။ သူ၏ ကြွက်သားများနှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် အချိုးအဆစ် ကျနကာ ဝေ့ဝူယင်နှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိပေသည်။
***