ကောင်းချီးခံ တစ်ယောက်၏ ဝှက်ဖဲများ (၂)
Vol. 17 Ch. 225
“သူက သေမျိုး ဒဏ္ဍာရီ အမှတ်အသားကို ကျင့်ကြံထားတာ မဟုတ်ဘူးလား...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ပထမ၌ ယွမ်လုံရှီမှာ သူ့ကဲ့သို့ပင် နှလုံးသားတွင် သေမျိုး ဒဏ္ဍာရီ အမှတ်အသာ ရေးထိုးသည့် လမ်းစဥ် အတိုင်း ကျင့်ကြံထားခဲ့သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကြည့်ရသည်က ယွမ်လုံရှီမှာ ခွန်အားကို ဆယ်ဆအထိ မြှင့်တင်ပေးနိုင်သည့် သီးခြား အသွင်ပြောင်းခြင်း နည်းလမ်းတစ်ခုကို ကျင့်ကြံထားပုံ ပေါ်သည်။
ဟိန်းဟောက်သံ တစ်ခုဖြင့်ပင် ချီလန်း ကဲ့သို့ ကျင့်ကြံသူမျိုးပင် လွင့်စဥ် သွားခဲ့ရသည်။ ထိုအချက်က ဝေ့ဝူယင်အား ကောင်းချီးခံတစ်ယောက် ပိုင်ဆိုင်ထားသည့် ဝှက်ဖဲ အချို့ကို သဘောပေါက် စေခဲ့သည်။ ယွမ်လုံရှီသည် ယခုအထိ သူ၏ ခွန်အားများစွာကို ထိန်ချန်ထားနေသေးဆဲ ဖြစ်သည်။
အကယ်၍ လုံချန်သာ ထိုအဆင့်ကို ရောက်ပါက တူညီသော စွမ်းအားများ ပိုင်ဆိုင်လာမည်လား။ မဟာ ဧကရာဇ် ဝူယု၏ လမ်းညွှန်မှု ရရှိထားခြင်းကို ထောက်ရှုပါက ထိုထက်ပင် ပိုကောင်း ပိုနိုင်ပေသည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများနှင့် အတူ တဒင်္ဂမျှ အရောင်ပြောင်းလဲသွား၏။
“ဂါး...”
ယွမ်လုံရှီက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ ကောင်းကင်နှင့် မြေကြီးမှာ အင်အားကြီး ငလျင်လှုပ်သည့် အလား တုန်ခါသွားပြန်လေ၏။ သူက သွေးဆာနေသည့် မျက်ဝန်းများနှင့် ဝေ့ဝူယင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အကယ်၍ ထိုအကြည့်များတွင်သာ ပါးစပ်ပါသည် ဆိုပါက ဝေ့ဝူယင်မှာ အပိုင်းပိုင်း အစစ ကိုက်ဖြတ် စားသောက်ခံလိုက်ရပြီ ဖြစ်သည်။ ဘာမှမဖြစ်ဟု ဆိုသော်လည်း ထိုကဲ့သို့ အကြည့်ခံရသည်က အနည်းငယ်တော့ ကသိကအောက် နိုင်သည်။
“မိစ္ဆာနည်းလမ်းလား...”
ဝေ့ဝူယင်မှာ ယွမ်လုံရှီ၏ အကြည့်များမှ တစ်ဆင့် ထိုခံစားမှုမျိုး ရလိုက်သည်။ သူ ထိုင်ရာမှ ထရန် ဟန်ပြင် လိုက်စဥ်မှာပင်...
ဘုန်း...
ကောင်းကင်အလွှာ အထက်တွင် ပုံရိပ်တစ်ခုမှာ ပေါက်ကွဲကာ ကြယ်ကြွေ တစ်စင်း အလား ပြန်လည် ဆင်းသက်လာ၏။ အစိမ်းရောင် လေများနှင့် လျှပ်စီးမိုးကြိုးများမှာ ချီလန်း၏ တစ်ကိုယ်လုံးကို ဝန်းရံနေကာ သွေးများမှာ သူ့နဖူးမှ စီးကျနေသည်။ အဝတ်များမှာ စုတ်ပြဲနေလေရာ သူ၏ တန်ခိုးရှင် တစ်ပါး ကဲ့သို့ အသွင်အပြင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်၌ သတ်ဖြတ်လိုစိတ် တစ်ခု သာလျှင် သူ့ထံ၌ ကျန်ရှိတော့၏။ သူက လက်သီးကို တင်းတင်းဆုပ်ကာ အရူးတစ်ယောက် အလား ထိုးနှက်လိုက်လေ၏။
လေနဲ့ မိုးကြိုး ကြယ်တာရာ ကျင့်စဥ်... မိုးကြိုးမုန်တိုင်း
ဘုန်း...
ကြောက်မက်ဖွယ် အော်မြည်သံကြီးနှင့် အတူ ရွာတစ်ရွာစာမျှ ကြီးမားသော မုန်တိုင်းတစ်ခုမှာ ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ မိုးကြိုးနှင့် လျှပ်စီးများသည် တဝင်းဝင်း တလက်လက်နှင့် ထိုအထဲတွင် နေရာယူနေကာ အဆက်မပြတ် ပေါက်ကွဲထွက်နေ၏။ ချက်ချင်းပင် ကမ္ဘာကြီး၏ အရောင်က ပြောင်းလဲသွားကာ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။
ယွမ်လုံရှီသည် ဝေ့ဝူယင်ထံမှ အကြည့် လွှဲကာ ချီလန်း၏ တိုက်ခိုက်မှုကို ပြန်လည် အာရုံစိုက်လိုက်သည်။ မိုးကြိုးမုန်တိုင်း၏ ကျဆင်းလာမှုတွင် သူ၏ အရောင်အဝါနှင့် တည်ရှိမှုများမှာ လျှင်မြန်စွာပင် ဖိနှိပ်ခံလိုက်ရသည်။ ထိုအခိုက်၌ ချီလန်းသည် ဘာကိုမှ ထိန်ချန် မထားပဲ သူ့တွင် ရှိသမျှ အရာအားလုံးနှင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်၏။
ရား...
ယွမ်လုံရှီ ဟိန်းဟောက်လိုက်ရာ အလွန် ကြီးမားလှသော မျက်လုံး ပုံရိပ်ကြီး တစ်ခုမှာ သူ၏ အနောက်တွင် ပေါ်လာခဲ့သည်။ ဝေ့ဝူယင်သည် ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် အတူ ထိုမျက်လုံးကြီးမှ လှိုင်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရ၏။
အား...
အူလှိုက်သည်းလှိုက် နာကျင်သည့် အော်သံ တစ်ခုကို လူတိုင်း ကြားလိုက်ရ၏။ သို့သော်လည်း ထိုအရာက ယွမ်လုံရှီထံမှ မဟုတ်သလို ချီလန်းထံမှလည်း မဟုတ်ချေ။ ဝေ့ဝူယင် နံဘေးတွင် ရှိနေသည့် ရွှယ်ရီဖေးထံမှ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်က နတ်ပူးသကဲ့သို့ တုန်ရီကာ နဂါးအရောင်အဝါ ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေလေသည်။
ရွှယ်ရီဖေးကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွားသည်။ သူမ၏ စိတ်မျက်လုံး အတွင်းရှိ အသိစိတ်ပင်လယ်တွင်မူ အသွင်သဏ္ဌာန် တစ်ခုက ရွေ့လျားနေကာ ခေါင်းလောင်းတီး သကဲ့သို့ အသံများမှာ ပဲ့တင်ထပ်နေ၏။ သို့သော်လည်း ထိုခေါင်းလောင်း အသံလှိုင်းများမှာ ရွေ့လျားနေသည့် ပုံရိပ်မှ ထုတ်လွှတ်နေခြင်း မဟုတ်ပဲ ယွမ်လုံရှီ၏ နောက်ရှိ မျက်လုံး ပုံရိပ်ကြီးထံမှ ရိုက်ခတ်နေခြင်း ဖြစ်လေသည်။
“သူ့မှာ နဂါးဝိညာဥ် ရှိနေတယ်... ဒါပေမဲ့ အဲဒါက မပြည့်စုံဘူး... ယင်အပိုင်း တစ်ပိုင်းပဲ ပါတယ်...”
ရွှယ်ရီဖေးကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုများစွာဖြင့် တဖိတ်ဖိတ် တောက်ပသွား၏။ ကြည့်ရသည်က အခြား အစိတ်အပိုင်း တစ်ခုဖြစ်သည့် ယန်အပိုင်းမှာ ယွမ်လုံရှီထံတွင် ရှိနေခဲ့သည့်ဟန် ရသည်။ နဂါးဝိညာဥ်သည် ယင်နှင့် ယန်ပေါင်းစည်းမှသာ ပြီးပြည့်စုံ၏။ ထိုအရာကပင် သူတို့ နှစ်ယောက်ကို လွှမ်းမိုးကာ ယွမ်လုံရှီ၏ သွေးမျိုးဆက် သန့်စင်မှုအား စဥ်ဆက်မပြတ် တိုးပွားစေသည့် အကြောင်းရင်း ဖြစ်နိုင်သည်။ သူတို့ နှစ်ယောက်အကြားရှိ ဆက်ဆံရေးက သာမန် မဟုတ်သည်မှာ မထူးဆန်းတော့ချေ။
ဝေ့ဝူယင်သည် အတိတ်ကို ပြန်လည် တွေးကြည့်မိလိုက်၏။ အကယ်၍ သူ့တွင်သာ အသက်အင်အား နှစ်သိန်းပေါင်းများစွာ မရှိပါက ဘယ်တော့မှ အစစ်အမှန် နဂါးအမတေ သွေးစက်ကို နှလုံးသားထဲသို့ လုံခြုံစွာ စုပ်ယူနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း နဂါးဝိညာဥ်မှာမူ လွယ်ကူစွာပင် ထိုကဲ့သို့ စွမ်းအားမျိုးကို ပိုင်ဆိုင်လာအောင် ထောက်ပံ့ပေးနိုင်သည်။
ထိုအတွေးသာ အမှန်ဆိုပါက ယွမ်လုံရှီ၏ အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း နည်းလမ်းမှာ ထိုနဂါးဝိညာဥ် အပေါ်တွင် ကြီးလေးစွာ မှီခိုနေပေလိမ့်မည်။
ချီလန်းနှင့် ယွမ်လုံရှီတို့၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့လု ဆဲဆဲ အချိန်တွင် ဝေ့ဝူယင်က သူ၏ ကျင့်ကြံခြင်း အခြေခံကို ဖော်ထုတ်ကာ အော်ဟစ်လိုက်၏။
“ရပ်စမ်း...”
ထိုစကားလုံးတွင် ကောင်းကင် တရားသူကြီး၏ အာဏာများ ပါဝင်နေသည့် အလား ချီလန်းကို တုန့်ခနဲ ဖြစ်သွားစေသည်။ သူသည် ချက်ချင်းပင် ကြယ်တာရာ အင်အားနှင့် အတူ မိုးကြိုးမုန်တိုင်းကြီးကို ရပ်ဆိုင်းကာ နောက်သို့ ဆုတ်ခွာလိုက်၏။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ အချိန် ကလေးအတွင်းမှာပင် သူသည် သုန်မှုန်သော မျက်နှာနှင့် မင်္ဂလာပွဲ ကျင်းပရာ မြေပြင်ဆီ ရောက်ရှိလာသည်။
ယွမ်လုံရှီ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူ၏ စူးရဲသော အကြည့်များက အောက်သို့ ရွေ့လျားကာ ဝေ့ဝူယင် အပေါ် ကျရောက်သွားသည်။
“သူက ဘာတွေကြံစည်နေတာလဲ... ဟမ့်... ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ငါ့ရှေ့မှာ မင်း ဒူးထောက်စေရမယ်”
ယွမ်လုံရှီ၏ အတွေးများက ယုံကြည်ချက် ရှိခြင်းများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ မင်္ဂလာ စင်မြင့်ထက်တွင် ဝေ့ဝူယင်သည် ထိုင်ရာမှ ထရပ်လိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆေဘာ တစ်စင်းမှာ သူ့ရှေ့တွင် ဖွဲ့စည်းလာခဲ့၏။ ညာဘက်လက်အား အသုံးပြု၍ ဆုပ်ကိုင်လိုက်သည်နှင့် အလွန်အမင်း ထက်ရှသော အလင်းတန်း တစ်ခုမှာ မျက်စိကျိန်းလောက်အောင် ထွက်ပေါ်လာခဲ့၏။
“ငါကိုယ်တိုင် သူ့ကို သတ်မယ်”
“ ... “
ဝေ့ဝူယင်၏ ကြေညာချက်က မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့် အလား တစ်လောကလုံးကို တိတ်ဆိတ်သွားစေသည်။ နာကျင်မှုကြောင့် အံကို တင်းတင်းကြိတ်ကာ ငြီးငြူနေသည့် ရွှယ်ရီဖေးပင် ရပ်တန့်သွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်မိသည်။ ဝေ့ဝူယင်၏ အရပ်ရှည်လျားကာ စိုးမိုးနိုင်စွမ်း အပြည့်ရှိသည့် ကျောပြင်ကို ကြည့်ရင်း သူမ၏ ဟေဇယ်မျက်လုံးများက အနည်းငယ် အရောင် ပြောင်းလဲသွားသည်။
ထိုအခိုက်၌ ယွမ်လုံရှီသည် ယန်နဂါးနှင့် ချိတ်ဆက်ရန် ကြိုးပမ်းမှုကို ရပ်တန့်လိုက်ပြီ ဖြစ်ရာ သူမ ခံစားခဲ့ရသော နာကျင်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် သူသည် ရွှယ်ရီဖေးအား နာကျင်စေသည့် ယန်နဂါး ဝိညာဥ်အား အသုံးပြုရခြင်းကို မုန်းတီးသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ နာကျင်ရသည်ကို မြင်သည့်တိုင် သူ ခံစားရခြင်း မရှိတော့ချေ။
ထိုအရာက သူမ သူ့ကို စွန့်ပစ်ခဲ့၍လော။ သို့မဟုတ် အခြားတစ်ယောက်ကို ရွေးချယ်ခဲ့၍လော။ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ ယွမ်လုံရှီ တစ်ယောက်သာလျှင် ထိုအဖြေကို သိပေလိမ့်မည်။
ချီလန်းအပါအဝင် မရေမတွက်နိုင်သော လူများမှာ ဝေ့ဝူယင်ကို ကြည့်ကာ နှုတ်ဆိတ်နေမိကြ၏။ သို့သော်လည်း သူတို့၏ အတွေးများထဲတွင်မူ မယုံကြည်နိုင်မှု၊ သံသယနှင့် ဒွိဖြစ်ခြင်းတို့က သိမ်းပိုက် စိုးမိုးနေသည်။
ကျင့်ကြံခြင်း လောက၌ အဂ္ဂိရတ် ပညာရှင်များသည် သူတို့၏ အဂ္ဂိရတ် လမ်းစဥ်ကို အထောက်အကူပေးနိုင်မည့် ကျင့်စဥ်များကိုသာ ကျင့်ကြံကြသည်။ ထိုနည်းလမ်းများမှာ ခုခံကာကွယ်နိုင်စွမ်း မရှိသလို တိုက်ခိုက်ရေးတွင်လည်း အကူအညီပေးနိုင်စွမ်း မရှိပါချေ။ ထို့အပြင် တိုက်ခိုက်ရေး တာအိုနှင့် ခြားနားစွာပင် အဂ္ဂိရတ် ပညာရှင်များသည် သူတို့၏ အချိန်များစွာကို အဂ္ဂိရတ် ပညာရပ်၏ လက္ခဏာရပ် ခုနစ်ပါးတွင်သာ မြှုပ်နှံထားလေ့ ရှိကြသည်။ တိုက်ခိုက်ရေးတွင် သူတို့ အားနည်းလေ့ ရှိကြသည်က ငြင်းချက်ထုတ်၍ မရနိုင်သည့် အမှန်တရား ဖြစ်သည်။
ထာဝရ ဧကရာဇ်သည် သမိုင်းတွင် အလွန် ထင်ရှား ကျော်ကြားခဲ့သူ ဖြစ်ပြီး အဂ္ဂိရတ် ပညာရပ်ဖြင့်ပင် ဧကရာဇ် များစွာကို မွေးထုတ်ပေးခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော လူပင်လျှင် ချွင်းချက် မဟုတ်ခဲ့ပဲ တိုက်ခိုက်ရေးနှင့် အသက် လုံခြုံရေး အတွက် အစေခံများ၊ သက်တော်စောင့်များ အပေါ်တွင် မှီခိုအားထားခဲ့ရသည်။
ကောင်းကင်ဧကရာဇ်ဝေ့မှာရော မည်မျှ အစွမ်းထက်နိုင်မည်နည်း။ သူကား အသက်ပင်လျှင် လေးဆယ် မပြည့်သေးသူ တစ်ယောက် ဖြစ်သည်။ နယ်စားကြီးကျိုး၏ လက်မှ လွတ်မြောက်ရန် အတွက်ပင် သက်တော်စောင့်ကို အားကိုးခဲ့ရသူ တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် ယွမ်လုံရှီ ကဲ့သို့သော သားရဲကို ကိုယ်တိုင် သတ်ဖြတ်မည်ဟု ကြေညာသည်။ ထိုအရာက မိုက်ရူးရဲ ဆန်ခြင်းလော၊ သို့မဟုတ် ယုံကြည်ချက် လွန်ကဲခြင်းလော သူတို့ စဥ်းစား မရကြချေ။
သို့သော်လည်း သူတို့ မသိသည့် အချက်ကား ဝေ့ဝူယင်၏ အဓိက ဦးစားပေး တာအိုမှာ အဂ္ဂိရတ် မဟုတ်ပဲ တိုက်ခိုက်ရေး ဖြစ်နေခြင်းပင်။ သူသည် နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ်ကပင် အဆုံးမဲ့သော တိုက်ပွဲများကို ဆင်နွှဲခဲ့သူ ဖြစ်သည်။ သူ့ဆေဘာဓားသွားထက်၌ အသက်ဆုံးရှုံးခဲ့သူများကား ရေတွက်၍ပင် မရချေ။
အဆင့်အနိမ့်ဆုံး ဂုဏ်ထူးဆောင် တပည့် တစ်ဦး အဖြစ်မှ အဓိက တပည့် တစ်ယောက် ဖြစ်လာအောင် အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းမှာ မည်ကဲ့သို့ လွယ်ကူလိမ့်မည်နည်း။ သို့သော်လည်း အနက်ရောင် အရိုးစုနှင့် တွေ့ဆုံပြီးနောက်၌ သူ၏ ဘဝက တစ်ဆစ်ချိုး ပြောင်းလဲကာ သေရေးရှင်ရေး တိုက်ပွဲများ မတိုက်ခိုက်ရသည်မှာ အတော့်ကို ကြာမြင့်လှပြီ ဖြစ်သည်။
“စလိုက်ကြတာပေါ့...”
ဝေ့ဝူယင်၏ လေသံက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ နောက်ဆုံး၌ သူကား ထိုက်တန်သော ပြိုင်ဘက်တစ်ဦးနှင့် ပြန်လည် တွေ့ဆုံခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် လေးခန့်နှစ်က သူသည် လုံချန်နှင့် တိုက်ခိုက်ခဲ့ရသော်လည်း သူတို့ အကြား၌ ကျင့်ကြံခြင်း အဆင့် ကွာခြားချက် ရှိနေခဲ့သည်။ ထိုနှစ်များ၌ လုံချန်သည် သူ၏ ပြိုင်ဘက် ဖြစ်မလာသေးခဲ့ချေ။ အကယ်၍ ဝိညာဥ် နတ်မိမယ် ရှန်းလင်၏ ဝင်ရောက် စွက်ဖက်မှုကြောင့်သာ မဟုတ်ပါက သူသည် လုံချန်ကို သတ်ဖြတ်ကောင်းပင် သတ်ဖြတ်နိုင်ခဲ့လိမ့်မည် ဖြစ်သည်။
စကားဆုံးသည်နှင့် ဝေ့ဝူယင်နှင့် ဒြပ်စင် (ဆေဘာဓား) သည် မူလနေရာတွင် ဝေဝါးကာ ပျောက်ကွယ်သွား၏။ ရုတ်ချည်းပင် ယွမ်လုံရှီ၏ မျက်လုံးများက အပ်ပေါက်အလား ကျဥ်းမြောင်းသွား ခန္ဓာကိုယ်ကို တွန့်လိမ်၍ နောက်ပြန် လှည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူက လက်ထဲရှိ ဆေဘာဓားကို မြှောက်ကာ ခုတ်ထစ်လိုက်လေ၏။
ထန်...
ဆေဘာနှစ်ခုသည် ပြင်းထန်စွာ ထိတွေ့သွားကြသည်။ ထိုနှစ်ခုထဲမှ တစ်ခုမှာ ဒြပ်စင်စွမ်းအားများဖြင့် ဖန်တီးထားသည့် ဓားဖြစ်ပြီး အခြားတစ်ခုမှာမူ ပန်းပဲဖိုမှ ဖန်တီးထားသည့် ဓားဖြစ်သည်။ သို့သော်လည်း ပန်းပဲဖိုမှ ဖန်တီးထားသည့် ဓားမှာ တစ်လက်မခန့် ဖြတ်တောက်ခံလိုက်ရ၏။ ယွမ်လုံရှီ အံ့သြရန် အချိန်မရသေးခင်မှာပင် အလွန်ကြီးမားလှသော ခွန်အားတစ်ခုမှာ ဓားကိုင်ထားသော လက်မှ တစ်ဆင့် ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာ၏။
ဘုန်း...
ယွမ်လုံရှီမှာ အလျှင်အမြန်ပင် နောက်သို့ ဆုတ်ခွာလိုက်၏။ သို့သော်လည်း ဝေဝေဝါးဝါး ပုံရိပ်မှာ လျှင်မြန်စွာပင် သူ့နောက်မှ ကပ်ပါလာကာ တိုက်ခိုက်လိုက် ပြန်သည်။ ဤသို့ဖြင့် ဆေဘာဓားများမှာ နောက်တစ်ကြိမ် ထိတွေ့သွားကြပြန်၏။
ဘုန်း...
ယခုတစ်ကြိမ်တွင်မူ ယွမ်လုံရှီမှာ ခန္ဓာကိုယ် ဟန်ချက်ကိုပင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပဲ ကုန်းမြေတိုက်ကြီးကို ကာကွယ်ထားသည့် အစီအရင်အလွှာပေါ် ပြုတ်ကျသွားလေတော့သည်။ အလွန်အမင်း တောက်ပစွာ ထွက်ပေါ်လာသည့် အလင်းတန်းများကို ကြည့်ခြင်းဖြင့် အစီအရင်မှာ ထိုထိခိုက်မှုကို ခုခံရန် အတွက် ကြယ်တာရာ အမတေများစွာ အသုံးပြုလိုက်ရကြောင်း သိသာလှပေသည်။
***