ကောင်းချီးခံ တစ်ယောက်၏ ဝှက်ဖဲများ (၃)
Vol. 17 Ch. 226
ယွမ်လုံရှီ၏ အသက်ရှူသံများက ကစဉ့်ကလျား ဖြစ်နေကာ သူ၏ ခြေထောက်များမှာ အစီအရင် အလွှာ၏ ကာကွယ်မှု အောက်၌ ရှိနေသည့် မြေကြီးထဲသို့ နစ်မြုပ်နေ၏။ အနီရောက် သွေးသင်္ကေတများနှင့် အမှတ်အသားများ ရှိနေသည့် သူ၏ ဗလာရင်ဘတ်တွင်မူ လှီးဖြတ် ခံထားရသည့် ဒဏ်ရာ တစ်ခု ရှိနေသည်။ ဆေဘာ အလင်း အချို့သည် ထိုဒဏ်ရာတွင် စွဲထင်ကာ ကျန်ရစ်နေ၏။
ဝှစ်…
ဝေ့ဝူယင်သည် ယွမ်လုံရှီနှင့် မီတာ အနည်းငယ် အကွာအဝေးသို့ ရောက်ရှိလာသည်။ သူ၏ ငွေရောင် မျက်လုံးများသည် တလက်လက် တောက်ပလာ တည်ငြိမ်နေ၏။ သက်တောင့် သက်သာ ရှိနေသည့် သူ၏ အမူအရာမှာ သေမျိုးများကို ကိုင်တွယ်ရန် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရား တစ်ပါးနှင့်ပင် တူနေသေးတော့သည်။
ဂါး…
ယွမ်လုံရှီထံမှ အလွန် ကျယ်လောင်လှသော နဂါး အော်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ ငွေရောင်အလင်းအချို့ရောနှောနေသည့် သွေးရည်စက်များမှာ သူ၏ ချွေးပေါက်များမှ ထွက်ပေါ်လာကာ လေထဲတွင်ပင် အငွေ့ပျံသွားသည်။ သူကား နဂါးသွေး အင်အားကို အသုံးပြုလျှက် အရိုးများ၊ အသားများနှင့် သွေးကြောများ အထိ စီးဝင်လာနေသည့် ဆေဘာအလင်းများကို တွန်းထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကာ မျက်နှာချင်း ဆိုင်လိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေသည်။ ရင်ဆိုင် တိုက်ခိုက်ပြီးနောက် ရန်သူ၏ ခန္ဓာကိုယ်မှာ အလွန် မြင့်မားသည့် အဆင့်တစ်ခု၌ ရှိနေကြောင်း ယွမ်လုံရှီ သဘောပေါက် နေခဲ့ပြီ ဖြစ်သည်။ ထိုအဂ္ဂိရတ်သမားသည် ဂြိုဟ်တစ်လုံးလိုပင် မာကျောကာ သူ့ကို ရိုက်ချခဲ့သည်။
တစ်ချိန်တည်း၌ ရန်သူ၏ ကျင့်ကြံခြင်း အဆင့်ကိုပါ ယွမ်လုံရှီ အကဲခတ် လာနိုင်ခဲ့သည်။ ဝေ့ဝူယင်သည် ကောင်းကင် အုပ်စိုးသူနှင့် ဝိညာဉ်ဆင်းတု အဆင့်များ ပိုင်ဆိုင်နိုင်သည့် သီးခြား စွမ်းအင်များကို လုံးဝ ပိုင်ဆိုင် မထားချေ။ သူ အသုံးပြု တိုက်ခိုက်နေသည့် စွမ်းအင်များက ကြယ်တာရာ အလွှာ၏ အခြေခံ အကျဆုံး အဆင့်တွင်သာ ရှိသည်။ တစ်ရာရာခိုင်နှုန်း သေချာစွာပင် ဝေ့ဝူယင်သည် ကြယ်တာရာ အမြုတေ အဆင့်တစ်တွင် တည်ရှိသည်။
“ငါ့ရဲ့ နောက်တစ်ကြိမ်တိုက်ခိုက်မှုက ခုထက် အဆပေါင်း များစွာ ပိုပြင်းထန်လိမ့်မယ်... မင်း မသေချင်ရင် ဘာကိုမှ ထိန်ချန်မထားနဲ့တော့”
ဝေ့ဝူယင်က သတိပေးလိုက်၏။ ယွမ်လုံရှီသည် သူ၏ သီအိုရီ စမ်းသပ်မှု အတွက် သားကောင် တစ်ကောင် ဖြစ်လာခဲ့ရာ သူ့အပေါ် အနည်းငယ် အကြွေးတင်နေသည်ဟု ခံစားရသည်။ ထို့အပြင် ယွမ်လုံရှီ ကဲ့သို့သော ပါရမီရှင် တစ်ယောက်က ရုတ်ချည်း သေမသွားသင့်ချေ။
တစ်ချိန်တည်း၌ ပရိသတ်များ၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ တိုက်ပွဲတွင် ယွမ်လုံရှီမှာ ဒဏ်ရာရရှိ သွားပုံပေါ်ပြီး ဝေ့ဝူယင်က သူ့အား စကား အနည်းငယ် ပြောနေပုံ ပေါ်သည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်သွားရသနည်း။ ယွမ်လုံရှီမှာ ကြယ်တာရာ အမြုတေ အဆင့်သုံးတွင် ရှိနေသည့် ချီလန်းကိုပင် နောက်သို့ လွင့်စဥ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။
ရွှယ်ရီဖေး၏ မျက်လုံးများမှာလည်း ပြူးကျယ်နေ၏။ သူမ၏ နှလုံးသားက မြင်းပေါင်း တစ်ထောင် ဖြတ်ပြေးသည့် အလား တဒိန်းဒိန်း ခုန်နေကာ မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရသည်။ အဂ္ဂိရတ် ပညာရပ်ဖြင့် ကျော်ကြားသည့် ကောင်းကင်ဧကရာဇ်ဝေ့မှာ ကျင့်ကြံခြင်းတွင်လည်း ထိပ်တန်း အဆင့်၌ ရှိနေမည်ဟု မည်သူက ထင်မိမည်နည်း။
“ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အရာမျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး...”
အဘိုးအိုက အံ့အားသင့်နေသည့် လေသံဖြင့် ရေရွတ်လိုက်သည်။
“ဘာကိုလဲ...”
ရွှယ်ရီဖေးက နားမလည်စွာ မေးလိုက်သည်။ သူမ၏ မျက်လုံးများကမူ ဝေ့ဝူယင်နှင့် ယွမ်လုံရှီတို့ထံမှ တစ်ဖဝါးမျှ မခွာခဲ့ပါချေ။
"တဒင်္ဂအချိန်လေးလောက် ငါ သူ့ရဲ့ ကြယ်တာရာ အမြုတေကို မြင်တွေ့လိုက်ရတယ်”
အဘိုးအိုသည် လူတစ်ယောက်၏ ကြယ်တာရာ အမြုတေ အရွယ်အစားကို မြင်တွေ့နိုင်သည့် ထူးခြားသော ဝိညာဥ် နည်းလမ်း တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုနည်းလမ်း၏ အကူအညီဖြင့် ဝေ့ဝူယင် ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သည့် အချိန်တွင် ကြယ်တာရာ အမြုတေကို သူ လှစ်ခနဲ မြင်တွေ့လိုက်ရသည်။
“အဲဒါက ကြီးကျယ် ခမ်းနားတယ်... ပုံမဖော်နိုင်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်”
ရွှယ်ရီဖေးက အဘိုးအိုကို လှည့်ကြည့်လိုက်၏။ ထိုထက်ပို၍ ရှင်းလင်းအောင် မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် သူမ၏ အသိစိတ် ပင်လယ်မှာ ရုတ်ချည်း တုန်ရီ ယိမ်းထိုးသွားခဲ့၏။ တစ်ချိန်လုံး အိပ်မောကျနေသည့် ယင်နဂါးဝိညာဥ် ဟိန်းဟောက်ကာ နိုးထလာသလို သူမ ခံစားလိုက်ရသည်။
အား...
အလွန်တရာ ပြင်းထန်လှသော နာကျင်မှုကြောင့် ရွှယ်ရီဖေးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်မိ၏။ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာခြင်းနှင့် အတူ သူမမှာ ထိုင်ခုံပေါ်တွင် ဆက်လက် ထိုင်ရန်ပင် မတတ်နိုင်တော့ပဲ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွားသည်။
အခြား တစ်ဖက်၌ ယွမ်လုံရှီ၏ မျက်လုံးများမှာ စူးစူးရဲရဲပင် တောက်လောင်နေ၏။ သူ၏ အငွေ့အသက်များက အဆက်မပြတ် ပြောင်းလဲနေကာ ကြီးကျယ် ခမ်းနားလှသော စွမ်းအား တစ်ခုမှာ သူ့ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာနေဟန် ရသည်။ ဝေ့ဝူယင် စောင့်ကြည့်နေစဥ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ကြီးမားလာကာ ကြွက်သားများမှာ ပိုမို ထူထဲလာ၏။ သူ၏ အရိုးများကလည်း ကျယ်ပြန့်လာကာ ကျောပြင်မှာ ကားထွက်လာသည်။ သူ၏ မျက်လုံးများထဲရှိ လူသားတစ်ယောက်နှင့် လားလားမျှ မတူတော့ချေ။
ယွမ်လုံရှီသည် ပထမ၌ အရပ် ခြောက်ပေခန့်သာ ရှည်လျားခဲ့သော်လည်း ယခုတွင်မူ နှစ်ဆမျှ အထိ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ထို့နည်းတူစွာပင် နှလုံးသားက ဆယ်ဆမျှ အထိ ပိုမို ကြီးထွားလာသည့် အလား သူ၏ ရင်ဘတ်မှာ မူလကထက် အဆပေါင်းများစွာ ဖောင်းကားသွားခဲ့၏။ သူ၏ နှလုံးခုန်သံက ဒဏ္ဍာရီများထဲမှ ရှေးဟောင်းနဂါးတစ်ကောင်၏ ဟိန်းဟောက်သံ အလား ပရိသတ်အားလုံး၏ အာရုံများကို လွှမ်းမိုးထားသည်။
တစ်ချိန်တည်း၌ ရွှယ်ရီဖေးမှာ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရ၏။ အဘိုးအိုသည် အတတ်နိုင်ဆုံး ကူညီရန် ကြိုးစားနေသော်လည်း မည်သည့် မှားယွင်းမှုကိုမှ သူမ၏ ခန္ဓာကိုယ်ထဲ၌ ရှာမရခဲ့ချေ။ ထိုအခြေအနေက အတော်လေး ထူးဆန်းနေသည်။ သူမ ကိုယ်တိုင်သာလျှင် သိနိုင်ပေသည်။
အဘိုးအို ရွယ်ရီဖေးကို မေးမြန်းရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမကား သူ၏ စကားသံကိုပင် မကြားရတော့ချေ။ နာကျင်မှုထဲ၌ နစ်မြောကာ အသိစိတ်ပင် ကင်းလွတ်သွားခဲ့ပြီ ဖြစ်လေသည်။
ဝေ့ဝူယင်သည် တည်ငြိမ်စွာပင် ထိုအဖြစ်အပျက်များကို ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများက အသိဉာဏ် အလင်းရောင်များဖြင့် တလက်လက် တောက်ပနေသည်။ ပဟေဠိ အပိုင်းအစများသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်လာကာ အကြမ်းဖျဥ်း ဇာတ်လမ်းတစ်ခု အဖြစ် သူ့စိတ်ထဲ၌ ပုံပေါ်လာနေခဲ့လေ၏။
“မင်းက နဂါး အမတေသွေး တစ်စက်ကို ရရှိခဲ့တယ်... ဒါပေမဲ့ အဲဒါကို သန့်စင်ဖို့ မင်းမှာ လုံလောက်တဲ့ အသက်အင်အားရော ခန္ဓာကိုယ် ကြံ့ခိုင်မှုရော ရှိမနေခဲ့ဘူး”
နဂါး အမတေ သွေးစက်ကို သန့်စင်ရန်မှာ လုံးဝ မလွယ်ကူသော အရာ ဖြစ်သည်။ အထူးသဖြင့် ကျင့်ကြံခြင်း ချိပ်ပိတ်ခံထားရသည့် အသက် ဆယ့်ငါးနှစ် အရွယ် လူငယ်လေး တစ်ယောက် အတွက် ထိုအရာက မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။
ဇာတ်လမ်းအပြည့်အစုံကို မသိရသည့်တိုင် သူတို့သည် တစ်နည်းနည်းဖြင့် နဂါးတစ်ကောင် ဝိညာဥ်ကို ရရှိခဲ့ကာ နှစ်ပိုင်း ခွဲထုတ်ခဲ့ကြသည်။ ယင်းတို့မှာ ယန်အပိုင်းနှင့် ယင်အပိုင်းများ ဖြစ်ကြပြီး အန်နု ကဲ့သို့ နဂါးတစ်ကောင်နှင့် ပတ်သက်နေပေလိမ့်မည်။ ယန်နဂါးဝိညာဥ်သည် အမတေ သွေးစက်ကို တည်ငြိမ်စေနိုင်သည့် ထူးခြားသော အစွမ်းကို ပိုင်ဆိုင်ထားရာ ယွမ်လုံရှီအား လုံခြုံဘေးကင်းစွာ စုပ်ယူနိင်ရန် ကူညီပေးခဲ့သည်။ ထိုအရာကား ကြီးကျယ်ခမ်းနားလှသည့် သူ၏ ကျင့်ကြံခြင်း ခရီးလမ်းအစပင် ဖြစ်သည်။
သို့သော်လည်း ဆန့်ကျင်ဘက်ပင် ရွှယ်ရီဖေးမှာမူ ကံဆိုးခဲ့သည်။ ယန်နဂါးဝိညာဥ် မရှိပါပဲ နဂါးတစ်ကောင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုးကို သူမ မပိုင်ဆိုင်နိုင်ချေ။ အရှင်းလင်းဆုံး ပြောရလျှင် ယင်နဂါးဝိညာဥ်သည် ကိုယ်ပိုင်စွမ်းအား မရှိသည့် ယန်နဂါးဝိညာဥ်၏ ပါရမီဖြည့်ဖက်မျှသာ ဖြစ်သည်။
“မင်းက အစစ်အမှန် အသွင်ပြောင်းခြင်း နည်းလမ်းကို ဖြတ်လမ်းနည်းနဲ့ ကျင့်ကြံထားတာပဲ...”
ဝေ့ဝူယင်က ခပ်ဖြည်းဖြည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအချိန်တွင်ပင် ယွမ်လုံရှီ၏ အသွင်ပြောင်းလဲမှု ဖြစ်စဥ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ သုံးမီတာခန့် မြင့်မားသော ခန္ဓာကိုယ်က အနည်းငယ် ကွေးညွှတ်နေကာ ချွန်ထက်သော ဆူးတောင်များမှာ သူ့ ကျောရိုးတစ်လျှောက် ထွက်ပေါ်နေသည်။ ထူးထဲကြမ်းတမ်းသော အကြေးခွံများမှာ သူ့အရေပြားတိုင်းကို ဖုံးအုပ်ထား၏။ သူ၏ သွားများက ရှည်လျား ချွန်ထက်နေကာ မျက်လုံးများက ပတ္တမြားအလား ရဲရဲတောက် နေသည်။ လူသားတစ်ယောက်၏ အငွေ့အသက်များ ကျန်ရှိနေသေးသည့်တိုင် ယွမ်လုံရှီ၏ ခန္ဓာကိုယ် အများစုကား နဂါးတစ်ကောင်၏ အစိတ်အပိုင်းများနှင့် အစားထိုး သွားခဲ့ပြီ ဖြစ်သည်။
“နတ်ဆိုးနဂါး...”
ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ နာမည်တစ်ခု ပေးလိုက်မိ၏။ ကလေးများကို ငိုယိုစေကာ လူကြီးများကို သေးထွက်မတတ် ကြောက်ရွံ့စေသည့် ယွမ်လုံရှီ၏ ပုံသဏ္ဌာန်က ထိုနာမည်နှင့် အတော်လေး လိုက်ဖက်ပေသည်။
“မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ...”
ယွမ်လုံရှီ၏ အသံနက်ကြီးမှာ မိုးခြိမ်းသံ အလား ထွက်ပေါ်လာသည်။ သူ အသက်ရှူလိုက်တိုင်း၌ မြေပြင်မှာ တုန်ရီယိမ်းထိုးနေကာ သံမဏိ အလား သူ၏ ချွန်ထက်သည့် လက်သည်းများမှာ အရာရာကို လှီးဖြတ်ပစ်နိုင်ဟန် ရသည်။
ဘုန်း...
ယွမ်လုံရှီ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက အသံ၏ အမြန်နှုန်းကိုပင် ဖြတ်ကျော်ကာ ဝေ့ဝူယင်၏ အရှေ့သို့ တဒင်္ဂအတွင်း ရောက်ရှိလာသည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့် အတူ သူ၏ လက်သည်းများက ဝေ့ဝူယင် အပေါ် ထောင့်ဖြတ် ကျဆင်းလာ၏။ ထိုလက်သည်းများ၏ ထိပ်တွင် လင်းလက် တောက်ပသော ဆေဘာအင်အား တစ်ခုမှာ ခိုအောင်းသည်။
ဝေ့ဝူယင် ခန္ဓာကိုယ်ကို လှည့်ကာ ရှောင်တိမ်းလိုက်၏။ လက်သည်းများ ဆံချည်တစ်မျှင်စာ အကွာအဝေးမှ ဖြတ်၍ ကျဆင်းသွားချိန်၌ သူ၏ လက်ထဲရှိ ဒြပ်စင်မှာ လှုပ်ရှားသွားသည်။
ဆေဘာ ကျင့်စဥ်... ဆုတ်ခွာရင်းနဲ့ တိုက်ခိုက်ခြင်း...
ဘုန်း... ဘုန်း...
ဝေ့ဝူယင်နှင့် ယွမ်လုံရှီတို့ ရပ်တန့်ခဲ့သော နေရာတွင် မျက်စိတ်ကျိန်းလောက်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားသည်။ တဒင်္ဂမျှ ကြာအောင် လက်သည်းနှင့် ဆေဘာ အလင်းများမှာ ရောယှက်သွား၏။ မြေပြင်သည် ကျောက်တုံးနှင့် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားကာ မီးခိုးတိမ်များမှာ ပေတစ်ရာ တိုင်အောင် မြင့်တက်သွားသည်။
ဝှစ်...
ဝေ့ဝူယင်သည် လေပြင်းမုန်တိုင်းများကို ဝန်းရံလျှက် အခြားတစ်ဖက်၌ ပြန်ပေါ်လာသည်။ သူသည် လောကပင်လယ် အဆင့်တွင်သာ ရှိနေသေးရာ ထိုအရာက ပျံသန်းရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်သွားရာ နေရာကို လှမ်းကြည့်ရင်း သူ၏ မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်းနေ၏။
ဘုန်း...
အရှိန်အဟုန်နှင့် အတူ ယွမ်လုံရှီမှာ ပေါက်ကွဲမှုများ အကြားမှ ကောင်းကင်သို့ မြင့်တက်လာ၏။ ထိုအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ် နေရာအချို့မှာ နက်ရှိုင်းသော ဖြတ်တောက်ရာများ ပေါ်လွင်နေသည်။ အနီရောင် သွေးစက်များသည် သူ၏ အကြေးခွံများ အကြားမှ စီးထွက်နေ၏။
ဝေ့ဝူယင် ခေါင်းအား ခါယမ်းလိုက်မိသည်။ ဒြပ်စင်မှာ အလွန် ထက်ရှကာ ကြယ်တာရာ အမြုတေ အဆင့်သုံး တစ်ယောက်ကိုပင် ထက်ပိုင်း ဖြတ်ပစ်နိုင်စွမ်း ရှိသည် ဆိုသော်လည်း သူ ယွမ်လုံရှီထံမှ ထိုထက် ပို၍ မျှော်လင့်ထားသည်။
ဘုန်း...
မျက်စိတစ်မှိတ် အတွင်းမှာပင် နဂါးတစ်ပိုင်း လူတစ်ပိုင်း ယွမ်လုံရှီမှာ သူ့ရှေ့သို့ ဒုတိယ အကြိမ်မြောက် ရောက်ရှိလာခဲ့ပြန်သည်။
သေစမ်း...
သူက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း လက်သည်းများဖြင့် ကုတ်ဆွဲလိုက်ပြန်သည်။ ဝေ့ဝူယင်သည် ယွမ်လုံရှီအား ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုချေ။ သူက ညင်သာစွာပင် ဒြပ်စင်ကို လှန်လိုက်ရင် ယွမ်လုံရှီ၏ လက်မောင်းကို ခုတ်ဖြတ်လိုက်တော့သည်။
နာကျင်သော အော်သံတစ်ခု ထွက်ပေါ် မလာခင်မှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ဟာရီကိန်း တစ်ခု အလား လှည့်ပတ်သွား၏။ သူ၏ ခြေထောက်များက မိုးသီးမိုးပေါက်များ ကဲ့သို့ ယွမ်လုံရှီ၏ ရင်ဘတ်ပေါ် ဆက်တိုက် ကျရောက်သွားတော့သည်။
***