ကောင်းချီးခံ တစ်ယောက်၏ အဆုံးသတ်
Vol. 17 Ch. 227
ဘုန်း...
ယွမ်လုံရှီ၏ နဂါးတစ်ပိုင်း လူတစ်ပိုင်း ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားကာ ငြိမ်သက်သွားသည်။ ဝေ့ဝူယင်မှာ ယွမ်လုံရှီ၏ လက်ပြတ်ကို ဆုပ်ကိုင်ရင်း မြေပြင်သို့ ဆင်းသက်လာသည်။ ၎င်းမှာ လောလောလတ်လတ်ပင် ဖြတ်တောက်ခံထားရလေရာ ပူနွေးကာ သွေးများ စီးထွက်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ထိုလက်ပြတ်ကို အနံ့ခံရင်း မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် အင်္ကျီလက် တစ်ဖက်ကို ဝှေ့ယမ်းကာ ၎င်းကို သိုလှောင် လက်စွပ်တစ်ခုအတွင်း ပစ်ထည့်လိုက်တော့သည်။
ယွမ်လုံရှီမှာ မီတာ သုံးထောင်ခန့် ကျယ်ပြန့်ကာ ရာဂဏန်းခန့် နက်မည့် အက်ကွဲကြောင်းကြီး တစ်ခုထဲတွင် လဲလျောင်းနေသည်။ ထိုအက်ကြောင်းကြီးကား သူ၏ ကျဆင်းမှု အရှိန်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ အကယ်၍ အစီအရင်၏ ကာကွယ်မှုသာ မရှိပါက ထိုကျဆင်းမှု တစ်ခုတည်းကြောင့် သက်ရှိပေါင်း မရေမတွက်နိုင်အောင် အသက်ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
“ဒီနေ့ မင်းကို သတ်ဖို့အတွက် နည်းလမ်းပေါင်း တစ်ရာသုံးဆယ့် ရှစ်ခုတောင် ငါ ပြင်ဆင်ထားခဲ့တာ... ခုလိုမျိုး စိတ်ပျက်စရာ ကောင်းလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ဝေ့ဝူယင် အနည်းငယ် ညည်းတွားလိုက်မိသည်။ ယွမ်လုံရှီမှာလည်း လုံချန် ကဲ့သို့ပင် ကောင်းချီးခံ တစ်ယောက် ဖြစ်ရာ ဝှက်ဖဲတစ်ခုခု ရှိနေခဲ့လိမ့်မည်ဟု သူ ကျိန်းသေ တွက်ဆထားခဲ့သည်။ သို့သော်လည်း ထိုဝှက်ဖဲက ထိပ်တန်း ပညာရှင် တစ်ယောက် သို့မဟုတ် ကုန်းမြေတိုက်ကြီး အတွင်း လှဲလျောင်းနေသည့် ရှေးဟောင်း နဂါးကြီး တစ်ကောင် ဖြစ်ရမည့် အစား အပိုင်းနှစ်ခု ကွဲထွက်နေသည့် နဂါးဝိညာဥ် တစ်ခုသာ ဖြစ်နေခဲ့သည်။
“ဒါပေမဲ့...”
ဝေ့ဝူယင်၏ မျက်လုံးများက သတိလစ်ကာ လဲကျနေသည့် ရွှယ်ရီဖေးထံသို့ ကျရောက်သွား၏။ ယွမ်လုံရှီနှင့် ထိုမိန်းကလေးမှာ အသက်ချင်း ဆက်နေကြသူများ ဖြစ်သည်။ ရွှယ်ရီဖေးကို မသတ်ပဲ ယွမ်လုံရှီကို ဘယ်လိုမှ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ယန်နဂါးဝိညာဥ် သေဆုံးသည်နှင့် ယင်နဂါးဝိညာဥ်မှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွားလိမ့်မည် ဖြစ်၏။
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေသည်။ ထိုအရာက သူ့ဇနီးလောင်း၏ အသက်နှင့် ပတ်သက်နေသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ ထိုကဲ့သို့ ထူးဆန်းသည့် အခြေအနေမျိုးကို သူ အသက်နှင့်တစ်ကိုယ် မမြင်တွေ့ခဲ့ဖူးချေ။ ယုတ်စွအဆုံး နှစ်ပေါင်း မရေမတွက်နိုင်အောင် မှတ်တမ်းတင်ထားသည့် သမိုင်းစာအုပ်များထဲတွင်ပင် သူ မဖတ်ဖူးချေ။
ဝေ့ဝူယင် တွေဝေနေစဥ်တွင် မီတာသုံးရာခန့် နက်သော အက်ကြောင်းကြီး အတွင်း၌ ယွမ်လုံရှီသည် ကောင်းကင်ကို မော့ကြည့်ရင်း လှဲလျောင်း၏။ သူ၏ မျက်ဝန်းများက အနည်းငယ် အသက်ဓာတ် ကင်းမဲ့နေသည်။ သူသည် အသန်မာဆုံး၊ အမြန်ဆုံး အခြေအနေတွင်ပင် ဝေ့ဝူယင်၏ အင်္ကျီစ တစ်စကို ထိအောင် မတိုက်ခိုက်နိုင်ခဲ့ချေ။ ထာဝရမင်းသားလေးဟု ကျော်ကြားသည့် ထိုအဂ္ဂိရတ် ပညာရှင်သည် အလွန် ကြောက်စရာ ကောင်းသည်။
“တောင်တစ်တောင်ထက် ပိုမြင့်တဲ့ အခြားတောင် တစ်တောင်က အမြဲတမ်း ရှိနေတာပဲ...”
ယွမ်လုံရှီ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သူသည် ကျင့်ကြံခြင်း လောကသို့ စတင် ခြေချသည့် နေ့မှ စ၍ မရေမတွက်နိုင်သော တိုက်ပွဲများကို အနိုင်ယူခဲ့သည်။ မှတ်တမ်းပေါင်းများစွာကို ချိုးဖျက်ကာ အဆင့် နှစ်ဆင့် သုံးဆင့် မြင့်သော ပါရမီရှင်များကို အမှောက်သိပ်ခဲ့သည်။ တစ်ယောက်နှင့် တစ်သောင်း တိုက်ခိုက်ရသည့် တိုက်ပွဲများမှပင် အန္တရာယ် ကင်းကင်း လွတ်မြောက်ခဲ့သည်။ ဤသို့ဖြင့် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ပြိုင်ဘက်ကင်း ပါရမီရှင် အဖြစ် သူ ကျော်ကြားခဲ့သည်။
သူ့တွင် အိပ်မက်များရှိသည်။ သူ ရွှယ်ရီဖေးကို ခေါ်ကာ ကြယ်တာရာ နယ်မြေကြီးကို စူးစမ်းလိုသည်။ မဟာ ဂိုဏ်းကြီးငါးခုနှင့် ရင်ဘောင်တန်းနိုင်သည့် ကိုယ်ပိုင်ဂိုဏ်းကြီး တစ်ဂိုဏ်း တည်ထောင်လိုသည်။ သူ၏ အမည် နာမည်ကို ထာဝရ ဧကရာဇ်၊ အသူရာ နတ်ဆိုးတောင်ကြားသခင်၊ မဟာ ဧကရာဇ် ဝူယု၊ နတ်ဘုရားသခင် ဟန်ရှဲ့၊ အထွတ်အမြတ် အယ်ဗန် ဧကရီတို့ ကဲ့သို့ သမိုင်းတွင် တွင်ကျန်ရစ်စေလိုသည်။
နတ်ဆိုးနဂါး ယွမ်လုံရှီ...
ထိုနာမည်က မည်မျှ ကြီးကျယ်ခမ်းနားလိုက်သနည်း။
“ခုတော့ ငါက ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်နေပြီ... ဟား ဟား...”
ထိုအရာက ရယ်စရာ ကောင်းသည်ဟု ယွမ်လုံရှီ တွေးလိုက်မိသည်။ အတော်လေး ရယ်စရာ ကောင်းလှသည်။ အကယ်၍ ဝေ့ဝူယင်က သူ၏ ကျင့်ကြံခြင်း၏ ဖျက်ဆီး ပစ်လိုက်လျှင်ပင် သူ့နှလုံးသားကို ထုတ်ယူသွားလျှင်ပင် သူ ရယ်မိဦးမည် ဖြစ်သည်။
သူသည် ဘဝကို သုညမှ စတင်၍ ရုန်းကန်ခဲ့ရသည်။ တရားမျှတမှု အတွက် အသက်နှင့် ရင်း၍ တိုက်ပွဲများ ဆင်နွှဲ ခဲ့ရသည်။ ယင်းအတွက် ထိုက်တန်သော ဆုလာဒ် အနေဖြင့် သူ့ဘဝသည် ကြီးကျယ်ခမ်းနားစွာ၊ တောက်ပချိုမြိန်စွာ ဇာတ်သိမ်းသင့်သည်။ ဆန့်ကျင်ဘက်ပင် ယခုတွင်မူ ဝေ့ဝူယင်၏ ချနင်းခံ ကျောက်တုံးတစ်တုံး ဘဝဖြင့်သာ သေဆုံးရတော့မည် ဖြစ်သည်။
အဘယ်ကြောင့် ထိုကဲ့သို့ ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ ရသနည်း။ သူ မသေချင်ပေ။ သူ ထိုကဲ့သို့ မသေချင်သေးပေ။ အနက်ရှိုင်းဆုံးသော ဆန္ဒတစ်စုံက အရှုံးကို လက်ခံရန် ငြင်းဆန်လိုက်ချိန်တွင်ပင် မှော်ဆန်သည့် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
ဒုန်း...
ယွမ်လုံရှီ၏ နှလုံးသားက အရှိန်ပြင်းစွာ ခုန်ပေါက်လာကာ ယန်နဂါးဝိညာဥ်မှာ မျက်စိကျိန်းလောက်သည့် ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်လာ၏။ ထိုအလင်းတန်းများ နတ်ဆိုးနဂါး ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားချိန်၌ သူ၏ မျက်ဝန်းထဲရှိ ကြောက်ရွံ့မှု၊ စိုးရိမ်မှု အားလုံးမှာ ရုတ်ချည်း အငွေ့ပျံ ပျောက်ကွယ်သွား၏။ ထို့အစား ပြင်းပြသည့် ရှင်သန်လိုစိတ် တစ်ခုသာလျှင် ကျန်ရှိခဲ့လေ၏။
ရွှေရောင် အလင်းတန်းများ ဝန်းရံကာ ထရပ်လာသည့် ယွမ်လုံရှီကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာ မှိတ်သွားခဲ့၏။ နောက်တစ်ကြိမ် ပြန်လည် ပွင့်လာချိန်၌ ၎င်းတို့က အလွန်အမင်း ထက်ရှကာ သားရဲတစ်ကောင်၏ ကြမ်းကြုတ်မှုတို့နှင့် ပြည့်နှက်နေခဲ့တော့သည်။
“အဆုံးသတ်ဖို့ အချိန်ရောက်ပြီ...”
တဒင်္ဂအတွင်းမှာပင် ဝေ့ဝူယင်၏ နှလုံးခုန်သံမှာ ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်လာ၏။ မြေပြင်သည် လှိုင်းထန်လာကာ အင်အားကြီး ငလျင်လှိုင်းများ သဖွယ် ကုန်းမြေတိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အကယ်၍ အစီအရင်၏ ကာကွယ်ထားမှုကြောင့်သာ မဟုတ်ပါက တော်ဝင်မြို့တော်ကြီး ပင်လျှင် ပြိုပျက်ကျ သွားလောက်ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်ထဲတွင် ယွမ်လုံရှီနှင့် ဆင်တူသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ အစစ်အမှန် နဂါးသွေးမျိုးဆက်သည် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို လွှမ်းခြုံသွား၏။
အစစ်အမှန် နဂါးအသွင် ပြောင်းလဲခြင်း...
ပထမဆုံး အပြောင်းအလဲက မျက်လုံးများ ဖြစ်ပြီး ထိုမှတစ်ဆင့် လက်များသို့ ကူးစက်သွားသည်။ ဆဋ္ဌဂံ သဏ္ဍာန် နဂါးအကြေးခွံများမှာ အရေပြားများကို ဖောက်ထွက်ကာ ထွက်ပေါ်လာသည်။ ထိုအကြေးခွံ တစ်ခုချင်းစီမှာ တစ်စင်တီမီတာခန့်မျှသာ ရှိသည့်တိုင် အရေအတွက်အားဖြင့် အလွန် များပြားလှ၏။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သည့် ငွေရောင် ခပ်ဖိန့်ဖိန့် အလင်းကို ထုတ်လွှတ်ကာ ဝေ့ဝူယင်၏ လက်နှစ်ဖက်ကို ပြီးပြည့်စုံသည့် ကွန်ယက် တစ်ခုသဖွယ် စတင် ဖြန့်ကျက်လာသည်။
တစ်ချိန်တည်းတွင် သူ၏ လက်သည်းများကလည်း တစ်လက်မမျှ ရှည်လျားကာ ချွန်ထက်လာ၏။ ၎င်းတို့က ယွမ်လုံရှီ၏ လက်သည်းများလောက် ကြီးမားခြင်း မရှိသည့်တိုင် သံမဏိ ဓားသွား တစ်ခု၏ အငွေ့အသက် ခံစားချက်မျိုးကို ထုတ်လွှတ်နေသည်။
လှပသော နဂါးအကြေးခွံများသည် လက်မှ နေ၍ လက်ဖျံ၊ ပခုံးနေရာများ အထိ ဆက်လက် ရောက်ရှိသွားသည်။ ၎င်းတို့သည် လည်ပင်းကိုပင် ဆက်လက် နွယ်တက်သွားကာ မေးစေ့သို့ အရောက်၌ ရပ်တန့်သွား၏။ ယင်းတို့ကား အလွန်တရာ မာကြောပုံ ရသည့်တိုင် သာမန် အရေပြားများ ကဲ့သို့ပင် ပြောင်းလဲပြင်လွယ် ရှိကာ လှုပ်ရှားမှုကို အနှောက်အယှက်ပေးသည့်ပုံ မပေါ်ချေ။ အကြေးခွံများကား ဝေ့ဝူယင်၏ လက်နှင့် လည်ပင်းတို့ကိုသာ ဖုံးအုပ်သွားခြင်း မဟုတ်ပါချေ။ ဝမ်ဗိုက်၊ ရင်ဘတ်၊ ကျောပြင်နှင့် ခြေထောက်တို့မှာလည်း တူညီစွာပင် ကြုံတွေ့ရ၏။
သူ၏ မျက်နှာပင်လျှင် ချွင်းချက် မဟုတ်ပါချေ။ တစ်ခုတည်းသော ကွာြခားချက်က သူ၏ မျက်နှာတွင် အကြေးခွံများ အစား တက်တူးကဲ့သို့ ဆဋ္ဌဂံ အကွက်များ ထွက်ပေါ်လာခြင်းပင် ဖြစ်၏။
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကား အကြွေးခွံ ကွန်ယက်၏ ဖုံးအုပ်မှု အောက်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ပိတုံးရောင် ကဲ့သို့ နက်မှောင်နေသည့် သူ၏ ဆံနွယ်များမှာ ပိုမို ရှည်လျားလာကာ မီးခိုးရောင် အဖြစ် ပြောင်းလဲသွား၏။ သူ၏ မွေးရာပါ ဝိသေသ လက္ခဏာရပ်များမှာ ပိုမို၍ ထင်ရှားလာသည်။
ယွမ်လုံရှီနှင့် မတူညီစွာပင် ဝေ့ဝူယင်သည် သူ၏ လူသား အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူ၏ ကြွက်သားများမှာ ကြီးမားလာခြင်း မရှိသလို အရိုးများမှာလည်း ကျယ်ပြန့်လာခြင်း မရှိချေ။ ပြောရလျှင် မူလကထက် ဆယ်ရာခိုင်နှုန်းမျှ ကျုံ့သွားခဲ့သေးသည်။ သို့သော်လည်း ထိုအချင်းအရာကြောင့် သူ့ကို အားနည်းသွားသည်ဟု ယူဆပါက အမှားကြီး မှားသွားလိမ့်မည် ဖြစ်သည်။
လက်သီးများကို တင်းတင်းဆုပ်လိုက်ရာ သွေးကြောများနှင့် ခန္ဓာကိုယ် အတွင်း လှည့်ပတ်နေသည့် နဂါးအင်အားကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ထိုအရာက အလွန် သိပ်သည်းကာ တောင်တစ်တောင်ကိုပင် အမှုန့်ချေ ပစ်နိုင်ဟန် ရသည်။
အကယ်၍ ယွမ်လုံရှီမှာ နတ်ဆိုးနဂါးတစ်ကောင် ဆိုလျှင် ဝေ့ဝူယင်မှာမူ တော်ဝင်နဂါး မျိုးနွယ် တစ်ပါး ဖြစ်ပေလိမ့်မည်။ သူ၏ အပြစ်အနာအဆာ ကင်းမဲ့သော တည်ရှိမှုက မြင့်မြတ်သော အရှိန်အဝါ တစ်မျိုးကို ထုတ်လွှတ်နေ၏။ ခန္ဓာကိုယ်ချင်း နှိုင်းယှဥ်ပါက သုံးလေးဆခန့် ပိုမို သေးငယ်သည့်တိုင် သန့်ရှင်း စင်ကြယ်မှု၊ အရည်အသွေးနှင့် နဂါးအင်အား တို့တွင်မူ ယွမ်လုံရှီထက် အဆင့် ဒါဇင်ပေါင်းများစွာ ပိုမို မြင့်မားနေခဲ့ပြီ ဖြစ်သည်။
ထိုအရာကား အစစ်အမှန် နဂါးတစ်ကောင်၏ အသွင်ပြောင်းခြင်းပင် ဖြစ်လေသည်။အသက်အင်အား နှစ်ပေါင်းသောင်းချီကို အသုံးပြုပြီးသည့်နောက် သူသည် အန်နု၏ အစစ်အမှန် နဂါးသွေး မျိုးဆက်ကို အသန့်စင်ဆုံး ပုံစံအထိ သန့်စင်နိုင်ခဲ့သည်။
ထိုခြားနားချက်ကို ရှင်းလင်းစွာ တွေ့မြင်ရသည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ချေ။ ယွမ်လုံရှီကို လွှမ်းမိုးထားသည့် ယန်နဂါးဝိညာဥ်မှာလည်း သွေးမျိုးဆက်၏ အဆင့် ကွာခြားချက်၏ သက်ရောက်မှုကို ခံရကာ တဒင်္ဂမျှ တုန်လှုပ်သွားသည်။
ထိုအခွင့်အရေးကို ဆုပ်ကိုင်ရန် ဝေ့ဝူယင် ချက်ချင်းပင် ဆုံးဖြတ်လိုက်၏။ ခြေတစ်လှမ်းဖြင့်ပင် သူသည် မီတာပေါင်း များစွာကို ဖြတ်ကျော်သွားကာ ယွမ်လုံရှီ၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူ၏ လက်သည်းများက အလွန် လျှင်မြန်သော အရှိန်ဖြင့် ရင်ဘတ်အား ခွဲကာ ယန်နဂါးဝိညာဥ်ကို ဆွဲထုတ်လိုက်လေ၏။
ဝူး...
ယန်နဂါးဝိညာဥ်က အသံကုန် အော်ဟစ်လိုက်သည်။ ထိုအသံက လည်ပင်းအညှစ်ခံထားရသည့် ကလေးငယ် တစ်ယောက်၏ အော်သံလို စူးစူးဝါးဝါးနိုင်ကာ သနားစရာ ကောင်းလှ၏။
ယန်နဂါး ဝိညာဥ် ဆွဲထုတ်ခံလိုက်ရခြင်းနှင့် အတူ ယွမ်လုံရှီ၏ မှော်ဆန်သည့် အပြောင်းအလဲမှာ အဆုံးသတ်သွား၏။ သူ၏ ကြွက်သားများက လျှင်မြန်စွာပင် ပျော့ပျောင်းသွားကာ အကြေးခွံများမှာလည်း ပျောက်ကွယ်သွားသည်။ သူကား တစ်ခဏ အတွင်းမှာပင် နတ်ဆိုးနဂါး အသွင်မှ မူလ ပုံသဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။
“ငြိမ်ငြိမ်နေစမ်း...”
ဝေ့ဝူယင်က အော်ဟစ်ရင်း နဂါးအင်အားကို ထုတ်လွှတ်ကာ ဖိအားပေးလိုက်၏။ ချက်ချင်းပင် အကြောက်အကန် ရုန်းကန်နေသည့် ယန်နဂါးဝိညာဥ်မှာ ရေနှင့် ငြိမ်းသတ်ခြင်း ခံရသည့် မီးတောက် တစ်ခု ကဲ့သို့ ငြိမ်သက် သွား၏။
ထိုအခါတွင်မှ ဝေ့ဝူယင်မှာ ၎င်း၏ ပုံသဏ္ဌာန်ကို လေ့လာနိုင်တော့သည်။ ယန်နဂါးဝိညာဥ်သည် လက်လေးခု ပါရှိသည့် နဂါးတစ်ကောင် ဖြစ်ပြီး နတ်ဆိုးအငွေ့အသက်များက ၎င်း၏ မျက်လုံးများတွင် ပြည့်နှက်နေသည်။ ၎င်း၏ ပုံသဏ္ဌာန်က ကလေးငယ်များကို ခြောက်လှန့်ရန် လူများ ရေးဆွဲကြသည့် မိစ္ဆာကြီး တစ်ကောင် ကဲ့သို့ ကြောက်မက်ဖွယ် အတိပြီးသည်။ သို့သော်လည်း လက်ရှိ အခြေအနေတွင်မူ ၎င်းမှာ အန္တရာယ် ပေးနိုင်စွမ်း နည်းပါးလှသည်။ ထို့အပြင် ၎င်းမှာ တစ်လက်မခန့်မျှ အရွယ်အစားတွင်သာ ရှိပေသည်။
ယန်နဂါးဝိညာဥ်နှင့် ယွမ်လုံရှီ အကြားတွင် အလွန်သေးမျှင်သော ကြိုးတစ်ချောင်းဖြင့် ဆက်သွယ်ထားသည်။ အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံးများကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။
ယန်နဂါးဝိညာဥ်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်နေခဲ့၏။ နတ်ဆိုးအငွေ့အသက် သမ်းသော မျက်လုံးများက ထိုအခိုက်တွင် သူ့အား မသတ်ရန် တောင်းဆိုနေသည့်ဟန် ရသည်။
တိုက်ဆိုင်စွာပင် ထိုယန်နဂါးဝိညာဥ်ကို အန္တရာယ် ပေးရန် ဝေ့ဝူယင်၌ စိတ်ကူး မရှိချေ။ သူက တိတ်တဆိတ်ပင် အဂ္ဂိရတ် ဧဒင်အင်အား တစ်ခုကို ထုတ်လွှတ်လိုက်၏။ အဂ္ဂိရတ် ဧဒင်အင်အားမှာ တိုက်ခိုက်နိုင်စွမ်း မရှိသည့်တိုင် ဝိညာဥ် ကဲ့သို့သော ဖြစ်တည်မှုများနှင့် ဆက်သွယ်နိုင်သည့် ထူးဆန်းသော စွမ်းရည်တစ်မျိုးအား ပိုင်ဆိုင်ထားသည်။
ဝှစ်...
အဂ္ဂိရတ် ဧဒင် အင်အားသည် ယန်နဂါးဝိညာဥ်ထံမှ တစ်ဆင့် ကြိုးတစ်လျှောက် စီးဆင်းသွားကာ ယွမ်လုံရှီ၏ နှလုံးသားအထိ ရောက်ရှိသွားသည်။ ချက်ချင်းပင် ယွမ်လုံရှီနှင့် ယန်နဂါးဝိညာဥ်တို့ အကြားရှိ ဆက်သွယ်မှုက လုံးဝ ပြတ်တောက်သွားကာ ယန်နဂါးဝိညာဥ်မှာ တဖြည်းဖြည်း ဝေဝါး ပျောက်ကွယ်စ ပြုလာသည်။ မှီခိုရာ ခန္ဓာအိမ် ပျောက်ဆုံးသွားသည့် ဝိညာဥ် တစ်ခုချင်းစီမှာ ငရဲကြီး ဆယ့်ရှစ်ထပ်သို့ သွားရောက်ကာ တရား စီရင်မှုကို ခံယူရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုအရာ ဖြစ်ပွားမည်ကို ဝေ့ဝူယင် မည်ကဲ့သို့ ခွင့်ပြုနိင်မည်နည်း။
***