ကောင်းချီးခံ တစ်ယောက်၏ အဆုံးသတ် (၂)
Vol. 17 Ch. 228
ဝှစ်...
တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ အချိန်အတွင်းမှာပင် ဝေ့ဝူယင်သည် မေ့မြောလဲကျနေသည့် ရွှယ်ရီဖေး၏ အနားသို့ ရောက်ရှိသွား၏။ သူက သူမကို ဆွဲထူလိုက်ရင်း ယန်နဂါးဝိညာဥ်ကို သူ့ ပါးစပ်အတွင်း ထည့်ကာ နဂါးအင်အား အဂ္ဂိရတ် အင်အားတို့ဖြင့် ဝန်းရံလိုက်သည်။
ယန်နဂါးဝိညာဥ်သည် အရောင်ခုနစ်မျိုးဖြင့် တောက်ပလာကာ တဒင်္ဂအတွင်းမှာပင် မှတ်ဉာဏ်နှင့် ဆန္ဒ အားလုံး ဆုံးရှုံး ပျောက်ကွယ်သွား၏။ ဝေ့ဝူယင် လက်ညိုးဖြင့် ရွှယ်ရီဖေး၏ နဖူးကို ထိလိုက်သည်။ အဂ္ဂိရတ် ဧဒင် အင်အားများမှာ သူမ၏ အသိစိတ် ပင်လယ် အတွင်းမှ တစ်ဆင့် စိတ်မျက်လုံးတိုင် ရောက်ရှိသွားသည်။
တူညီစွာပင် ဝေ့ဝူယင်၏ အဂ္ဂိရတ် ဧဒင်အင်အားသည် ယင်နဂါးဝိညာဥ်အား ဝန်းရံကာ ဆန္ဒနှင့် မှတ်ဉာဏ်များကို ဖြတ်တောက် ပစ်လိုက်၏။ ယွမ်လုံရှီနှင့် ခြားနားစွာပင် ရွှယ်ရီဖေး၏ ယင်နဂါးဝိညာဥ်သည် အသိစိတ် ပင်လယ် အတွင်း တည်ရှိနေရာ နဂါးအင်အားက ပြောမပြတတ်သည့် ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။
“ဒါက မင်းအတွက် ငါ့ရဲ့ ပထမဆုံး လက်ဆောင်ပဲ...”
ဝေ့ဝူယင်က သူမ၏ နူးညံ့သော နှုတ်ခမ်းပါးများကို ငုံ့ကာ နမ်းလိုက်၏။ ယန်နဂါးဝိညာဥ်သည် သူ၏ လည်ချောင်းမှ နေ၍ သူမ၏ ပါးစပ်အတွင်း ဝင်ရောက်သွားသည်။ ထို့နောက် ၎င်းက နှလုံးသား အထိ ဆက်လက် ရွေ့လျားကာ မမြင်နိုင်သော ကြိုးတစ်ချောင်းနှင့် ဆက်သွယ်သွားလေတော့၏။
ထိုအခိုက်အတန့်၌ ရွှယ်ရီဖေးကား သတိမေ့မြောနေဆဲ ဖြစ်လေသည်။ ဝေ့ဝူယင် သူမအား ညင်သာစွာဖြင့် ပွေ့မရင်း အဘိုးအိုထံ လွှဲအပ်လိုက်၏။
“ခုအချိန်မှာ မင်းအတွက် ယင်နဲ့ ယန်နဂါး ဝိညာဥ်ကို ပေါင်းစည်း မပေးနိုင်သေးဘူး... အဲဒီလို လုပ်လိုက်ရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်... လုံလောက်တဲ့ ခွန်အား ရှိလာတဲ့ တစ်နေ့ကျရင် မင်း ကိုယ်တိုင် အဲဒါကို လုပ်နိုင်လာမှာပါ... ဘာပဲဖြစ်ဖြစ်လေ... အနည်းဆုံးတော့ ခု မင်း အသက်ကို မင်းကိုယ်တိုင် ပိုင်ဆိုင်သွားပါပြီ”
သူ၏ စကားအဆုံး၌ ရွှယ်ရီဖေး၏ မျက်တောင်များက မသိမသာ လှုပ်ရှားသွာ၏။ သူမ၏ မျက်နှာထက်ရှိ နာကျင် စိုးရွံ့သည့် အရိပ်အယောင်များက ပြေလျော့သွားကာ ထို့နေရာတွင် စိတ်သက်သာရာ ရမှုများက အစားထိုး နေရာယူလာသည်။ သူမမှာ အသိစိတ် လွတ်နေသည့် အနေအထားမှ ပျက်ပြယ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။
နောက်တစ်ကြိမ် ပြန်လည် သတိရလာချိန်၌ သူမသည် မူလကနှင့် များစွာ ကွာခြား သွားတော့မည် ဖြစ်သည်။ ယန်နဂါးဝိညာဥ်၏ အကူအညီနှင့် နဂါးသွေး နှလုံးသား တစ်ခု တည်ဆောက်နိုင်ပေလိမ့်မည်။ အကယ်၍ မှားယွင်းချွတ်ချော်မှု မရှိပါက သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ အနာဂတ် တစ်ချိန်တွင် နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့၊ အသူရာ နတ်ဆိုး တောင်ကြား သခင်တို့နှင့်ပင် ယှဥ်နိုင်လာပေလိမ့်မည် ဖြစ်သည်။
ရွှယ်ရီဖေး၏ လှပ နူးညံ့သည့် မျက်နှာထက်မှ အကြည့်ကို ခွာရင်း ဝေ့ဝူယင် သတိလစ်နေသည့် ယွမ်လုံရှီကို ကြည့်လိုက်သည်။ သူသည် သွေးများဖြင့် တစ်ကိုယ်လုံး ရွှဲနစ်နေကာ မြေပြင်ထက်တွင် ဖုတ်အလူးလူးဖြင့် လှဲလျောင်းနေ၏။
တစ်ချိန်တည်း၌ မရေမတွက်နိုင်သော လူများမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေကြသည်။ ဝေ့ဝူယင်နှင့် ယွမ်လုံရှီတို့၏ တိုက်ပွဲသည် တိုတောင်းကာ တစ်ဖက်သတ် ပြီးဆုံးသွားခဲ့သည်။ နတ်ဆိုးနဂါး အဖြစ် ကျော်ကြားသည့် ယွမ်လုံရှီသည် မှော်ဆန်သည့် အလှည့်အပြောင်းများကို ဖန်တီးရန် ကြိုးစားခဲ့သည့်တိုင် အဆုံးသတ်၌ ကျဆုံးခဲ့သည်။
ထာဝရ မင်းသားလေး... အသက်လေးဆယ် မပြည့်သေးသည့် အဂ္ဂိရတ် ဧကရာဇ်... ချောမောလှသည့် သူ၏ ရုပ်သွင်ကို ငေးကြည့်ရင်း ပရိသတ်များမှာ မည်ကဲ့သို့ နားလည်ရမည်မှန်း မသိတော့ချေ။
ချီလန်းသည် အကာအကွယ် အစီအရင်ကို ရုတ်သိမ်းရင်း မူလပုံစံသို့ တဖြည်းဖြည်း ပြန်လည် ပြောင်းလဲသွားသည့် ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။ ကောလဟလများ အရဆိုလျှင် ကောင်းကင် ဧကရာဇ်ဝေ့သည် ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို ကျင့်ကြံကာ သူ၏ ချီနှလုံးသားကို နှစ်ပိုင်း ခွဲထုတ်ထားသည်ဟု ဆိုသည်။
ထိုကဲ့သို့သော အခြေအနေဖြင့်ပင် ကောင်းကင် ဧကရာဇ်ဝေ့သည် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ကြည့်ရသည်က မဟာ သူတော်စင် အင်ပါယာ ထို့ပိကျန်းမှာ သူ့အား ထိပ်တန်း အဂ္ဂိရတ် ထုတ်ကုန် အချို့ဖြင့် ကူညီခဲ့ဟန် ရသည်။
ဝေ့ဝူယင် အနေဖြင့် ဇာတိဝိညာဥ် တစ်ခုဖြင့် ကြယ်တာရာ အမြုတေ အဆင့်သို့ တက်လှမ်းသည်လား၊ သို့မဟုတ် ဇာတိ ဝိညာဥ် နှစ်ခုစလုံးဖြင့် တက်လှမ်းခဲ့သည်လားတော့ ချီလန်းလည်း သေချာ မသိချေ။
သေချာတာ တစ်ခုက ခန္ဓာကိုယ် တစ်ခုဖြင့် ကြယ်တာရာ အမြုတေ နှစ်ခုကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို တီထွင်ခဲ့သည့် အထွတ်အမြတ် အယ်ဗန် ဧကရီပင်လျှင် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းရန် သူမ ခွဲထုတ်ထားသည့် ဇာတိဝိညာဥ် သုံးခုကို ပေါင်းစည်းခဲ့ရသည်။
အကယ်၍ ဝေ့ဝူယင်သာ ဇာတိဝိညာဥ် နှစ်ခုစလုံးဖြင့် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့သည် ဆိုပါက ထိုအောင်မြင်မှုမှာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကို ဟိုးလေး တကျော်ကျော် ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ ချီလန်း၏ အတွေးများကို သိရှိခြင်း မရှိသလို ဂရုစိုက်ခြင်းလည်း မရှိပါချေ။ သူသည် ယွမ်လုံရှီ၏ သတိလစ် မေ့မြောနေသော ခန္ဓာကိုယ်ကို ဘေးတွင် ခြေစုံရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် သူ တစ်စုံတစ်ရာကို စောင့်စားနေသည့် အလား ကောင်းကင်ထံ မော့ကြည့်လိုက်သည်။
“မိုးကြိုးတွေလိုမျိုး သဘာဝ အလျောက် ကာကွယ်ပေးတာမျိုးတွေ မရှိဘူးလား...”
သူက အရူးတစ်ယောက် ကဲ့သို့ ရေရွတ်ကာ ကောင်းကင်တာအိုကို မေးခွန်းထုတ်လိုက်၏။ သို့သော်လည်း သူမသိသည့် အရာအား ကောင်းချီးခံများတွင် ပဋိပက္ခများကို ရှောင်ရှားခြင်းမှ လွဲ၍ အခြား ဘေးကင်း လုံခြုံစေသော နည်းလမ်းများ မရှိခြင်းပင်။ ထိုအရာများကို အပြစ်ကျမ်းစာတွင် အပြည့်အစုံ ဖော်ပြထားပြီး ဖြစ်သော်လည်း ထိုဘာသာစကားက နက်ရှိုင်း သွယ်ဝိုက်လှရာ ဝေ့ဝူယင်မှာ နှစ်ဆယ် ရာခိုင်နှုန်းခန့်ကိုသာ နားလည်ထားသည်။
“ဒါဆိုလည်း အဆုံးသတ်လိုက်တာပေါ့...”
ဝေ့ဝူယင် ယွမ်လုံရှီကို ငုံ့ကြည့်လိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ယွမ်လုံရှီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို နေရာလပ် မကျန်အောင် လေ့လာထားခဲ့ပြီး ဖြစ်သည်။ သူ၏ နဂါးအသွင် ပြောင်းလဲနိုင်စွမ်းမှာ ယန်ဝိညာဥ် ထုတ်ယူခံရခြင်းနှင့် အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ကာ ဆေဘာ ရည်ရွယ်ချက် တစ်ခုသာလျှင် သူ၏ သွေးကြောနှင့် ဝိညာဥ်ထဲ၌ ကျန်ရှိနေပေသည်။ ထို့အပြင် သူသည် ကြီးမားစွာ ဒဏ်ရာ ရရှိထားကာ မေ့မြောနေသည့် အခြေအနေ တစ်ခု၌ ရှိနေခဲ့သည်။
ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ယွမ်လုံရှီ၏ ခန္ဓာကိုယ်မှာ အပေါ်သို့ မြောက်တက်လာ၏။ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်ရင်း လက်ညိုးဖြင့် သူ၏ နဖူးကို ညင်သာစွာ ထိတွေ့လိုက်သည်။ အလွန် လှပသည့် ခုနစ်ရောင်ခြယ် အလင်း တစ်ခုမှာ သူ၏ လက်ချောင်းများ ထိပ်၌ ဖွဲ့စည်းလာကာ ယွမ်လုံရှီ၏ ခေါင်း အတွင်း ဝင်ရောက်သွားသည်။
မျက်လုံးများကို မှိတ်လိုက်သော အခိုက်၌ ယွမ်လုံရှီ၏ မှတ်ဉာဏ် အားလုံးက သူ၏ အာရုံတွင် အစီအရီ ပေါ်လာခဲ့လေသည်။ ထိုအခိုက်၌ ဝေ့ဝူယင်သည် ယွမ်လုံရှီ၏ ဘဝဖြစ်စဥ်ကို အစ အဆုံး မြင်တွေ့နေရ၏။ သူ မည်ကဲ့သို့ နှိမ်ချခံခဲ့ရပုံ၊ မည်ကဲ့သို့ စွပ်စွဲ အကျဥ်းချ ခံခဲ့ရပုံ၊ မည်ကဲ့သို့ ရွှယ်ရီဖေးနှင့် တွေ့ဆုံခဲ့ပုံ... သတ်ဖြတ်ခြင်း၊ လွတ်မြောက်ခြင်းနှင့် ဝှက်ဖဲများ... ရွှယ်ရီဖေး၏ ရှက်သွေးဖြာနေသော မျက်နှာ ပုံရိပ်ကလေးပင်လျှင် သူ မလွတ်ခဲ့။
ဝေ့ဝူယင် ယွမ်လုံရှီ၏ မှတ်ဉာဏ်များကို အနက်ရှိုင်းဆုံးထိ ဆက်လက် ရှာဖွေ နေခဲ့သည်။ သူ ထင်မှတ်ထားသည့် အတိုင်းပင် ယွမ်လုံရှီသည် ကောင်းကင်သက်ရှိ အမှတ်အသားကို နှလုံးသားတွင် ရေးထိုးနိုင်ရန် အတွက် နတ်ဆိုး ကျင့်စဥ် တစ်ခုကို ကျင့်ကြံထားသည်။ ဝေ့ဝူယင် ထိုကျင့်စဥ်ကို သေချာစွာ စူးစမ်းလိုက်၏။
နေဦး...
ထိုအရာက နတ်ဆိုး ကျင့်စဥ် မဟုတ်ချေ။ သွေးပန်းပဲဖို လျှို့ဝှက် ကျင့်စဥ် ဟု အမည်ရသည့် ကျင့်စဥ် တစ်ခုပင် ဖြစ်၏။ ၎င်းက ခန္ဓာကိုယ်နှင့် နှလုံးသားကို သန့်စင်ပေးနိုင်သည့် သွေးမျိုးဆက် ကျင့်စဥ် တစ်မျိုးပင် ဖြစ်သည်။ ထိုကျင့်စဥ်ကို အပိုင်းသုံးပိုင်း ခွဲထားကာ ထိုသုံးပိုင်း စလုံးမှာ စိတ်ဝင်စားစရာ ကောင်းသည့် စွန့်စားမှုများနှင့် ပြည့်နှက်နေသည်။
ထိုကျင့်စဥ်ကို သွေးပန်းပဲဖို အင်ပါယာက ပိုင်ဆိုင်ခဲ့သည်။ သူသည် ထာဝရ ဧကရာဇ်နှင့် ခေတ်ပြိုင် အင်ပါယာ တစ်ပါး ဖြစ်ပြီး မဟာ ဧကရာဇ် ဝူယု၏ လက်ထောက် တစ်ယောက်လည်း ဖြစ်သည်။ သို့သော်လည်း အချို့ မှတ်တမ်းများကမူ သူတို့ နှစ်ယောက်မှာ သခင်နှင့် ကျွန် ဆက်ဆံရေးမျိုး မဟုတ်ပဲ သွေးသောက် ညီအကိုများ ဟုပင် ဖော်ပြထားသည်။
“အနန္တ ဧကရာဇ်ဂိုဏ်းက သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို အခြားနေရာတွေထက် ပိုပြီး အလေးပေး ဆက်ဆံတာ မထူးဆန်းတော့ဘူး... ကြည့်ရတာ ဒီဒေသခံတွေ အားလုံးက သွေးပန်းပဲဖို အင်ပါယာရဲ့ မျိုးဆက်တွေတောင် ဖြစ်နေနိုင်တယ်...”
မကြာခင်မှာပင် ဝေ့ဝူယင် ယွမ်လုံရှီ၏ ဘဝ ဖြစ်စဥ် တစ်ခုလုံးကို စစ်ဆေး ပြီးစီးသွားသည်။ သူသည် သူ့ထက် ငါးနှစ်တိတိ ငယ်ကာ လုံချန်နှင့် သက်တူရွယ်တူ ဖြစ်သည်။
မဟာ ဧကရာဇ် ဝူယု၏ ဆက်ခံသူနှင့် သွေးပန်းပဲဖို အင်ပါယာ၏ ဆက်ခံသူ... မည်မျှ ထူးဆန်းသော တိုက်ဆိုင်မှုနည်း။
ခရက်...
ဝေ့ဝူယင်၏ လက်တစ်ဖက်က လျှင်မြန်စွာ လှုပ်ရှားသွားကာ ယွမ်လုံရှီ၏ လည်ပင်းကို ချိုးလိုက်၏။ တစ်ချိန်တည်း၌ ဆေဘာအင်အား တစ်ခုက သူ၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက်သွားကာ နှလုံသား၊ ဦးနှောက်နှင့် အသိစိတ် ပင်လယ်တို့ကိုပါ ဖျက်ဆီးပစ်လိုက်သည်။
ယွမ်လုံရှီကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ ဘဝတစ်ခုလုံး ရုန်းကန်မှု၊ အောင်မြင်မှုတို့နှင့် ပြည့်နှက်ခဲ့သည့် ကောင်းချီးခံ တစ်ယောက်၊ ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်ကား ယနေ့၌ ကျဆုံးခဲ့ရလေပြီ။
ဘုန်း...
နေသုံးစင်းနှင့် လင်းလက်နေသည့် လောကကြီးသည် ချက်ချင်းပင် မှောက်မိုက်သွားကာ ကောင်းကင်နှင့် မြေကြီး အကြားရှိ အရာရာမှာ အေးခဲသွား၏။ ဝေ့ဝူယင် အပါအဝင် မည်သူမျှ ထိုသက်ရောက်မှုမှ ကင်းလွတ်ခြင်း မရှိချေ။
ဘုန်း... ဘုန်း... ဘုန်း...
မီးခိုးရင့်ရောင် တိမ်စိုင်များက ကောင်းကင် အနှံ့ ပြည့်နှက်သွားကာ လျှပ်စီးကြောင်းများမှာ တဝင်းဝင်း တလက်လက် တောက်ပလာ၏။ မိုးခြိမ်းသံနှင့် တော်လဲသံများက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပဲ့တင်ထပ်လာသည်။ အလယ် ဗဟိုတည့်တည့်ရှိ တိမ်တိုက်ကြီးတွင် ခရမ်းရောင် မိုးကြိုးသွား တစ်ခုမှာ စတင် ဖွဲ့စည်းလာကာ တစ်မီတာမျှ အထိ ကြီးမားလာ၏။ ထိုတိမ်တိုက်ကြီးမှာ ဝေ့ဝူယင်၏ အပေါ်တည့်တည့်သို့ လျှင်မြန်စွာပင် ရွေ့လျားလာ၏။
ကလန့်....
ရုတ်တရက် ဝေ့ဝူယင်၏ ညာဘက်လက်တွင် ရှိသည့် အပြစ်သား တက်တူးမှ မှေးမှိန်သည့် အနီရင့်ရောင် အလင်း တစ်ခု စတင် တောက်လောင်လာသည်။ ထိုအဖြစ်အပျက်နှင့် အတူ ဝေ့ဝူယင်၏ အေးခဲနေသည့် ငွေရောင် မျက်ဝန်းများမှာ လှုပ်ရှားလာ၏။ ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်ရှားနိုင်သည့် အဖြစ်ကို သတိထားမိသော အခိုက်၌ သူ၏ သူငယ်အိမ်များက အပ်ပေါက်များ အလား ကျဥ်းမြောင်းသွားသည်။ လွတ်မြောက်ရေး အတွက် သူ အစီအစဥ် တစ်ခုမှ မဆွဲနိုင်သေးခင်မှာပင် မိုးကြိုးတိမ်တိုက်မှာ လျှပ်စီးတန်းကြီး တစ်ခုအသွင် ပြောင်းလဲကာ သူ့ခေါင်းထံ တည့်တည့် ပစ်ချလိုက်လေတော့၏။
***