← Chapters

ကမ္မ တန်ဖိုး အပြောင်းအလဲ

Vol. 17 Ch. 229

ကမ္မ တန်ဖိုး အပြောင်းအလဲ

Vol. 17 Ch. 229

“ဒါက ကောင်းကင်ရဲ့ အပြစ်ပေးမှုလား...”

မိုးကြိုး ထိလုထိခင် နောက်ဆုံး မီလီမီတာပိုင်းမျှ အလိုတွင် ထိုအတွေးက သူ့စိတ်ထဲ၌ ဖြတ်ပြေးသွားခဲ့၏။ ဝေ့ဝူယင်သည် ထိုအတွင်းရှိ ပုံမှန် မဟုတ်သည့် စွမ်းအားကို ခံစားနေရသည်။ ခရမ်းရောင် မိုးကြိုးသည် သာမန် မိုးကြိုးများ ကဲ့သို့ အမြစ်ပြတ် ချေမှုန်းနိုင်သည့် အင်အား အစား စက်ဆုပ်ဖွယ် ကောင်းသည့် ခံစားချက် တစ်မျိုးကိုသာ သယ်ဆောင်ထား၏။

ယုံမှားသံသယ ဖြစ်သော ခံစားချက်များက ဝေ့ဝူယင်၏ အတွေးထဲတွင် တပြိုင်နက်တည်း တောက်လောင် လာသည်။ ထိုခံစားချက်များမှာ ဖယ်ရှား၍ မရနိုင်ပဲ သူ၏ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးကို လွှမ်းခြုံသွား၏။

ကလန့်...

နောက်ဆုံးသော စက္ကန့်တွင် အပြစ်သား သွေးမျိုးဆက်မှာ အနီရောင် အလင်းမှာ သူ့ခန္ဓာကိုယ်ကို ခပ်ဖျော့ဖျော့ လွှမ်းခြုံသွား၏။ မိုးကြိုးသွား တစ်မီလီမီတာခန့်မျှ ရှေ့ဆက် မတိုးနိုင်ခင် အချိန်ကလေးမှာပင် အနီရောင် အလင်းမှာ ဝေ့ဝူယင်၏ အရေပြားနှင့် ပေါင်းစပ်သွားကာ မမြင်နိုင်သော်လည်း ခံစားသိရှိနိုင်သည့် သင်္ကေတများစွာ ပေါ်ပေါက်လာသည်။

အမည်နာမဖြင့် သတ်မှတ်ရန်ပင် ခက်ခဲသော အချိန်ကလေးအတွင်းမှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ထိုသင်္ကေတများဖြင့် ဖုံးအုပ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ နဖူး အလယ်တည့်တည့်တွင်မူ အပြစ်သား အလင်းတန်းများ တောက်ပနေသည့် ထူးဆန်းသော စက်ဝိုင်းပုံသဏ္ဌာန် တစ်ခုမှာ လျှင်မြန်စွာ ပေါ်ပေါက်လာ၏။ အပြစ်သား အလင်းတန်း ဆိုသည်က အဘယ်နည်း။ ဝေ့ဝူယင် ပင်လျှင် မသိချေ။ သို့သော်လည်း ၎င်းက မိုးကြိုးအလင်းနှင့် ကွာခြားသည်ကတော့ သေချာလှပေသည်။

ပြီးပြည့်စုံစွာ ပုံပေါ်လာသည်နှင့် အမျှ ဝေ့ဝူယင်၏ နဖူးထက်ရှိ စက်ဝိုင်းမှာ မျက်လုံးတစ်လုံး ဖြစ်နေကြောင်း တွေ့ရှိ လိုက်ရသည်။ ၎င်းသည် အနီရင့်ရောင် တောက်တောက်ဖြင့် ကြောက်မက်ဖွယ် ကောင်းကာ နတ်ဆိုးတစ်ကောင်၏ မျက်လုံးများနှင့်ပင် တူနေသေး၏။ မျက်လုံး၏ သူငယ်အိမ် အလည်တည့်တည့်တွင်မူ ရွှေရောင် အကွက် တစ်ခု ရှိနေ၏။ ၎င်းမှာ အလွန့်အလွန် သေးငယ်သည် ဆိုသော်လည်း မျက်လုံး၏ ဗဟိုချက် ဖြစ်နေပုံ ပေါ်သည်။

မိုးကြိုး ဝေ့ဝူယင်အား ထိတွေ့ရန် တစ်မိုက်ခရိုမီတာမျှ အလိုတွင် ငွေရောင်အလင်းတစ်ခုမှ ဝေ့ဝူယင်၏ မျက်ခုံး နှစ်ခုကြားမှ ဖျတ်ခနဲ ထွက်ပေါ်လာ၏။ တဒင်္ဂလေး အတွင်းမှာပင် ၎င်းသည် တတိယ မျက်လုံး အတွင်းရှိ အနီရင့်ရောင် အလင်းနှင့် ရွှေရောင် အကွက်လေးကို ထိတွေ့ကာ ချက်ချင်း ပြန်လည် ဆုတ်ခွာသွားသည်။

ဘုန်း...

ကောင်းကင် ပြစ်ဒဏ်နှင့် ဆင်တူသည့် မိုးကြိုးသွားသည် ဝေ့ဝူယင်အပေါ်သို့ ကျဆင်းသည်နှင့် အမျှ တတိယ မျက်လုံးထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားသည်။ တစ်ခဏအတွင်းမှာပင် ၎င်းမှာ အစအနပင် မမြင်ရတော့သည် အထိ ဝါးမျိုခြင်းကို ခံစားလိုက်ရတော့၏။

ထိုအရာများ ဖြစ်ပျက်သွားသော အချိန်သည် အလွန့်အလွန် တိုတောင်းလှပြီး တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှသာ ရှိပေလိမ့်မည်။ ပြောရလျှင် အဖြစ်အပျက် အားလုံးမှာ တစ်ပြိုင်နက်တည်း ဖြစ်သွားခဲ့သည့် အတိုင်းပင်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်နေသည့် အမှတ်အသားနှင့် သင်္ကေတများသည် နောက်သို့ ပြန်လည် ဆုတ်ခွာသွားကာ ညာဘက်လက်သို့ ရောက်ရှိသွား၏။ တစ်ခဏအတွင်းမှာပင် ၎င်းတို့က အပြစ်သား တက်တူးများ အဖြစ်ဖြင့် ပြန်လည် ငြိမ်သက်သွားကြသည်။

ကမ္မတန်ဖိုး ... ၅၆၃.၂

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

ဝေ့ဝူယင်သည် အသိစိတ် ပြန်လည် ရရှိချိန်၌ သူ့အ‌ပေါ်သို့ ကျလုကျဆဲ ခရမ်းရောင် မိုးကြိုးမှာ မရှိတော့ကြောင်း တွေ့လိုက်ရသည်။  ညို့ညို့မှိုင်းမှိုင်း တိမ်တိုက်များမှ အပ ကောင်းကင်တွင် သူ ဘာကိုမှ ရှာဖွေ မတွေ့ရတော့ချေ။

“ဘယ်လိုဖြစ်သွားတာလဲ...”

ဝေ့ဝူယင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ အဖြေအား ရှာဖွေရန် ကြိုးစားလိုက်ချိန်တွင်ပင် သူ၏ ညာဘက် လက်မောင်းမှာ မီးလောင် သကဲ့သို့ ပူလောင် နာကျင်လာသည်။ ဝေ့ဝူယင် မည်သည့် ညည်းညူသံကိုမှ မပြုချေ။

သူ၏ ငွေရောင် မျက်လုံးများက တက်တူးထံသို့ ရွေ့လျားသွားရာ စကားလုံးများမှာ တဖြည်းဖြည်း ပြောင်းလဲနေသည်ကို တွေ့မြင်လိုက်ရသည်။

ကမ္မကံကောင်းမှု တန်ဖိုး... ၅၆၃.၂→ ၅၆၃.၃

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

ဝေ့ဝူယင် မျက်မှော်ကြုတ် လိုက်သည်။ ယွမ်လုံရှီအား သတ်ဖြတ်ခြင်းက ကမ္မတန်ဖိုး ၀.၁ ကိုသာ တိုးစေသည်လား။ ထိုအရာက နဂါးအရိုးသာ မြို့တော်၏ ဗိုလ်ချုပ်ကို သတ်ဖြတ်ခဲ့ခြင်းနှင့် တူညီသော  ပမာဏ မျှသာ ဖြစ်သည်။ အကယ်၍ ၀.၁ သာ ရရှိမည်မှန်း ကြိုသိခဲ့ပါက သူ ထိုအစီအစဥ် အားလုံးကို အပင်ပန်းခံကာ ကြံစည်ခဲ့လိမ့်မည် မဟုတ်ချေ။

သို့‌သော်လည်း ဝေ့ဝူယင် အတွေးစောသွားခဲ့၏။ သူ ကြည့်နေစဥ်မှာပင် အပြစ်သား တက်တူးမှာ မှိန်ဖျဖျ အလင်းရောင်များကို ထုတ်လွှတ်ရင်း အဆက်မပြတ် ဆက်လက် ပြောင်းလဲလာခဲ့တော့၏။

ကမ္မကံကောင်းမှု တန်ဖိုး... ၅၆၃.၃→ ၅၆၂.၃

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

ကမ္မကံကောင်းမှု တန်ဖိုး... ၅၆၂.၃→ ၅၃၂.၃

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

ကမ္မကံကောင်းမှု တန်ဖိုး... ၅၃၂.၃→ ၄၃၂.၃

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

ကြောက်မက်ဖွယ် ကောင်းလှသည့် အဆက်မပြတ် ကျဆင်းမှုကို ကြည့်ကာ ဝေ့ဝူယင် ထိတ်လန့်သွားသည်။ ထိုအရာက ပုံမှန်လား။ သူ၏ နှလုံးသားက တုန်ရီနေသလို ယုတ္တိမရှိသော စိတ်လှုပ်ရှားမှုများက သူ့စိတ်ထဲ စိုးမိုး နေသည်။ ထိုအချိန်တွင်ပင် သာယာမှု လှိုင်း တစ်ခုက သူ၏ ညာဘက်လက်မှ နေ၍ ခန္ဓာကိုယ် တစ်ခုလုံးကို ပြင်းထန်စွာ ပျံ့နှံ့သွားလေ၏။

ထိုအရာက ဝေ့ဝူယင်ကို မိန်းမောစေကာ မျက်လုံးများကိုပင် မှေးစင်းလုနီးပါး ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်သည် သန်မာသော စိတ်ခွန်အားကို ထိန်းသိမ်းကာ အဆက်မပြတ် ပြောင်းလဲနေသည့် တက်တူးများကိုသာ ကြည့်နေဆဲ ဖြစ်၏။

ကမ္မကံကောင်းမှု တန်ဖိုး... ၂၃၂.၃ → ၁၄၃၂.၃

ပထမကပ်‌ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း... ၃၆ နှစ်

“ဒါပဲလေ...”

ဝေ့ဝူယင် စိတ်ထဲတွင် ပျော်ရွှင်စွာ အော်ဟစ်လိုက်မိ၏။ ကမ္မတန်ဖိုးများကား ပြန်လည် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က သူထုတ်ထားသည့် သီအိုရီမှာ အမှန်တကယ် အလုပ်ဖြစ်နေဟန် ရသည်။ ကောင်းချီးခံများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခြင်းဖြင့် သူတို့ ပိုင်ဆိုင်သည့် ကမ္မတန်ဖိုးများကို ရရှိနိုင်သည်။ ယွမ်လုံရှီထံမှ ကမ္မတန်ဖိုး ၈၆၉.၁ ကို သူ ရရှိခဲ့သည်။

ဝေ့ဝူယင်၏ မျက်လုံးများက လောဘ အလင်းရောင်ဖြင့် တလက်လက် တောက်ပလာ၏။ သူ့အတွေးထဲ၌ လုံချန်၏ ရုပ်သွင်က ဖျပ်ခနဲ ပေါ်လာခဲ့၏။ ထိုကောင်းချီးခံတွင်ရော ကမ္မ တန်ဖိုး ဘယ်လောက်များများ ရှိနေနိုင်သနည်း။ အကယ်၍ သူ့ထံမှ ကမ္မတန်ဖိုးများကိုသာ ရယူနိုင်ခဲ့ပါက...

ဝေ့ဝူယင် အတွေးစများကို ရုတ်သိမ်းရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထိုအခါ လေထုထဲရှိ ‌မော်လီကျူးများ အပါအဝင် အရာအားလုံးမှာ အေးခဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏ အဝတ်အစားများ ပင်လျှင် ခပ်တောင့်တောင့် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ဟမ်...”

ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။ ဤအရာက မည်ကဲ့သို့ ဖြစ်သွားရသနည်း။ မဟုတ်မှ လွဲရော အချိန် ရပ်တန့်နေသည်လား။

“အား...”

ရုတ်တရက် ပြောမပြနိုင်သော နာကျင်မှု တစ်ခုမှာ ဝေ့ဝူယင်၏ ခေါင်းထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ ထိုအခိုက်၌ အလွန် ကြောက်မက်ဖွယ် ကောင်း‌သော တစ်စုံတစ်ရာက သူ့ဝိညာဥ်၊ သူ့တည်ရှိမှု တစ်ခုလုံးကို သိမ်းပိုက် လွှမ်းမိုးထားသည်။ ဝေ့ဝူယင် ခေါင်းကို ကိုင်ကာ နာကျင်မှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း ၎င်းက ကောင်းကင်၏ တရားဆုံးဖြတ်မှု တစ်ခု အလား ချိုးဖျက် မရအောင် ခိုင်မာလှ၏။

ဝမ်...

ရွှေရောင် အလင်းတန်းများမှာ ယွမ်လုံရှီ၏ အလောင်းထံမှ အရူးအမူး ထွက်ပေါ်လာကြသည်။ ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ထိုအလင်းတန်းများမှာ အမှောင် အဖြစ် ပြောင်းလဲသွား၏။ ယင်းတို့က အနက်ရောင် မဟုတ်သည့် အမှောင် ဖြစ်သည်။ အလွန် ဆိုးသွမ်းသည့် မ‌ကောင်းမှုများသည် ထိုအလင်းထဲတွင် စုစည်းပါဝင်နေဟန် ရသည်။ ဝေ့ဝူယင်မှာ ကြက်သီးထစရာ ကောင်းလောက်အောင် မိစ္ဆာဆန်သည့် ခံစားချက် တစ်မျိုးကို ခံစားလိုက်ရ၏။

သူ မည်သို့မျှ မတုန့်ပြန်နိုင်ခင်မှာပင် ထိုအလင်းတန်းမှာ ပေါက်ကွဲကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဝေ့ဝူယင်မှာ တစ်စုံတစ်ရာ၏ ချည်နှောင်ခံလိုက်ရသလို စိတ်ထဲတွင် ခံစားလိုက်ရသည်။ သို့သော်လည်း စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ထိုအလင်းတန်းများက ပျောက်ကွယ်သွားကာ ယွမ်လုံရှီ၏ အလောင်းမှာ ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။

တဒိတ်ဒိတ် ခုန်နေသော နှလုံးသားဖြင့် မိမိ ခန္ဓာကိုယ် ထိခိုက်မှု ရှိမရှိ ဝေ့ဝူယင် အလျင်အမြန် စစ်ဆေးလိုက်၏။ ကံကောင်းထောက်မစွာပင် မည်သည့် အပြောင်းအလဲနှင့် အထိအခိုက်မှ မရှိချေ။ သို့သော်လည်း ညာဘက်လက်မောင်းရှိ အပြစ်သား တက်တူးထံသို့ အရောက်၌ သူ၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားကာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်သွား‌တော့သည်။

ကမ္မကံကောင်းမှု တန်ဖိုး... ၁၄၃၂.၃

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး တားဆီးခြင်း... ၉ နှစ်

“ချက် ... “

ထိုအခိုက်အတန့်တွင်ပင် အေးခဲနေသည့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပြန်လည် အသက်ဝင် လာခဲ့၏။ မရေမတွက်နိုင်သော လူများမှာ ထိုအတောအတွင်း ဘာဖြစ်သွားလိုက်မှန်းကိုပင် မသိကြပဲ မြေပြင်ထက်၌ လဲနေသည့် ယွမ်လုံရှီ၏ အလောင်းကို ကြည့်နေခဲ့ကြသည်။  သူတို့၏ နှလုံးသားများမှာ တုန်လှုပ်ချောက်ချားမှု၊ မယုံကြည်နိုင်မှုများဖြင့် အဆုံးမသတ်နိုင်အောင် ပြည့်နှက်နေကြသည်။

သွေးပန်းပဲဖိုကုန်းမြေတိုက်ကြီးမှ ဤတိုင်းပြည်သူသားများ အတွက် ယွမ်လုံရှီမှာ ဒဏ္ဍာရီ တစ်ခု သဖွယ် ဖြစ်သည်။ သူသည် အထွတ်အထိပ်သို့ တက်လှမ်းရာ လမ်း၌ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ပြီး အသက် သုံးဆယ်ကျော် အရွယ်ဖြင့်ပင် ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို တက်လှမ်းခဲ့သည်။ အလွန်ခက်ခဲလှသော ကျင့်ကြံခြင်း လမ်းစဥ်တွင် ယွမ်လုံရှီသည် ကပ်ဘေးအားလုံးကို ကိုယ်ပိုင် အစွမ်းအစဖြင့် ကျော်ဖြတ်နိုင်ခဲ့သည့် လူအနည်းငယ်များထဲမှ တစ်ယောက်သည်။

သူသည် အေးစက်သည်။ ပြတ်သားသည်။ ရက်စက်သည်။ ရန်သူများက သူ့အား မုန်းတီးကြသော်လည်း အများစုကမူ ကိုယ့်အား ကိုယ့်ကိုးကာ တက်လှမ်းလာသည့် သူ့ကို သဘောကျကြသည်။ ဤကုန်းမြေတိုက်ကြီးတွင် သူ၏ သေဆုံးမှု သတင်းကြောင့် ငိုယိုကြမည့် မိန်းမပျိုကလေးများ အမြောက်အများ ရှိသည်။

ယွမ်လုံရှီ သေသွားချေပြီ။ သူ အသတ်ခံလိုက်ရချေပြီ။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ယွမ်လုံရှီ အတွက် လက်စားချေရန် စိတ်မကူးရဲကြချေ။ သူ့အား သတ်လိုက်သည့် သူက ကောင်းကင် ဧကရာဇ်ဝေ့ ဖြစ်သည်။ နာမည်ကျော် ထာဝရ မင်းသားလေး ဖြစ်သည်။ သူကား စကားတစ်ခွန်းဖြင့်ပင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ကြယ်တာရာ နယ်မြေကြီး၏ မြေပုံထဲမှ ဖျောက်ပစ်နိုင်သူ ဖြစ်သည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ အခြားလူများ၏ အတွေးများကို ဂရုမစိုက်အားပါချေ။ လက်ရှိ အပြစ်သား တက်တူးကို မျက်တောင် မခပ်စတမ်း ကြည့်ရင်း စိတ်လှုပ်ရှားမှုများက သူ့အတွေးအတွင်း ဖြတ်ပြေးနေသည်။

“ကောင်းချီးခံတွေကို သတ်တာက ငရဲရဲ့ ကပ်ဘေးကို ပိုပြီး မြန်မြန် ရောက်လာစေတာလား... အဲဒီအကြောင်းသာ ကြိုသိခဲ့ရင် ငါ များများ ပိုပြီး သတ်ပါတယ်”

ယွမ်လုံရှီအား သတ်ဖြတ်ခြင်းက ကပ်ဘေး ကျရောက်မည့် အချိန်ကို နှစ်ပေါင်း ၂၇ နှစ်လောက် ရှေ့သို့ တိုးသွားစေခဲ့သည်။ ပြင်ဆင်ချိန် နည်းသွားသည်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း လွန်ခဲ့သည့် သုံးနှစ် အတွင်း၌ ဝေ့ဝူယင်မှာ ၎င်းကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် ညစဥ်ညတိုင်း ထိုကပ်ဘေးဆိုးကြီးကို အိပ်မက်မက်နေရခြင်းမှ သူ လွတ်မြောက်ချင်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ယွမ်လုံရှီ၏ အလောင်းကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ လအနည်းငယ်ခန့် အချိန်ယူ ပြင်ဆင်ခဲ့ရသော အစီအစဥ်ကြီးကား ဆုံးခန်းတိုင်ခဲ့ပြီ ဖြစ်သည်။ သူ လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ ဒြပ်စင်မှာ ပျောက်ကွယ်သွား၏။

ထို့နောက်တွင် ဝေ့ဝူယင် ယွမ်လုံရှီ၏ အလောင်းကို ကျောခိုင်းလိုက်ရင်း လျစ်လျူကာ ရွှယ်ရီဖေးဆီသို့ လျှောက်လှမ်း သွားလိုက်လေတော့သည်။

***

All Chapters