← Chapters

ရေခဲခေါင်းတလားထဲက သတို့သမီး

Vol. 53 Ch. 709

ရေခဲခေါင်းတလားထဲက သတို့သမီး

Vol. 53 Ch. 709

ကပ်ဘေးနတ်ဘုရားက ဒေါသချောင်းချောင်းထွက်လျက် ဟိန်းဟောက်အော်ဟစ်ရင်း ချင်မူ့ကို ခါထုတ်နေသည်။ သို့သော် ချင်မူက သူ့ကျောတွင် ကော်နှင့် ကပ်ထားသကဲ့သို့ တွယ်ကပ်ထားပြီး ခေါင်းကို ဆက်ကိုက်နေ၏။

ဂျိမ်း

မိုးကြိုးငါးသွယ်အိုး ပျံသန်းလာပြီး မဟာမိုးကြိုးတိမ်တိုက်ငါးခုသည် ချင်မူ့ကို ဝန်းရံကာ သဲသဲမဲမဲ ပစ်ချနေသည်။ မိုးကြိုးတိမ်တိုက်များအတွင်းရှိ မီးခေါင်းလောင်း ကောင်းကင်လက်နက်များကလည်း တဒေါင်ဒေါင် မြည်ဟည်းလျက် ချင်မူ့ဆီသို့ လျှပ်စီးတန်းများ ဖြန့်ကျက်လိုက်၏။ ထိုအခါမှ ချင်မူ ခါထုတ်ခံလိုက်ရသည်။

ကပ်ဘေးနတ်ဘုရားက ချင်မူ့အား တိုက်ခိုက်ရန် ပြေးဝင်လာသည်။ ရုတ်တရက် နေရာရွှေ့ပြောင်းသင်္ကေတများက ချင်မူ့ကို ဝန်းရံသွားပြီး ချင်မူ ပျောက်ကွယ်သွား၏။ နောက်တခဏတွင် သူက ကပ်ဘေးနတ်ဘုရား၏ ကျော၌ ပြန်ပေါ်လာကာ ခေါင်းကို တတိတိ ကိုက်စားနေသည်။

ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်မှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြမိကြသည်။ နှစ်ယောက်သား မကြံတတ်တော့ပေ။

မင်တုအထဲ၌

ကောင်းကင်ယင်သားတော်နှစ်ယောက်က အမှောင်ပင်လယ်ပြင်ထက်ရှိ မင်တုကောင်းကင်မုခ်ဝ၏အောက် ဘယ်နှင့်ညာတွင် ရပ်နေသည်။ တျန်းရှု၊ ယမမင်းနှင့် ကောင်းကင်ယင်နတ်ဘုရားမတို့၏ သိုင်းကွက်များမှာ ကောင်းကင်ယင်သားတော်နှစ်ယောက်အား အနိုင်မယူနိုင်သေးချေ။

မင်တုကောင်းကင်မုခ်ဝ ထွက်လာပြီး မုခ်ဝအောက်၌ ရပ်ထားနိုင်သရွေ့ ကောင်းကင်ယင်သားတော်၏ ခန္ဓာကိုယ်ကား မသေနိုင်သော ခန္ဓာကိုယ်ပမာ ဖြစ်လာသည်။ တျန်းရှု၊ ယမမင်းနှင့် ကောင်းကင်ယင်နတ်ဘုရားတို့ကြောင့် သူ ရရှိလိုက်သည့် ဒဏ်ရာများမှာ မင်တုကောင်းကင်မုခ်ဝမှ ဘဝပြန်ဝင်စားခြင်းစွမ်းအားအနည်းငယ် ဝင်ရောက်လာသည်နှင့် လျင်မြန်စွာ ပျောက်ကင်းသွားတတ်၏။ သူ၏သိုင်းစွမ်းအားကလည်း အနည်းငယ်မျှ လျော့ကျမသွားပေ။

ယမမင်း၊ တျန်းရှုနှင့် ကောင်းကင်ယင်နတ်ဘုရားမတို့မှာ တိုက်ခိုက်ရင်း ပို၍ ပို၍ ထိတ်လန့်လာကြသည်။ ကောင်းကင်ယင်သား‌တော်ကို သိုင်းကွက်တစ်ကွက်တည်းဖြင့် အသေမသတ်နိုင်လျှင် မည်သည့်နည်းနှင့်မျှ အနိုင်ယူနိုင်တော့မည်မဟုတ်ချေ။

မင်တုကောင်းကင်မုခ်ဝက ကောင်းကင်ယင်သားတော် ဖန်တီးထားသော ကောင်းကင်နတ်သိုင်းလည်း ဟုတ်သလို၊ ရတနာတစ်ပါးဆိုလည်း မမှားပေ။ အင်အားကြီးမားသော သိုင်းစွမ်းအားနှင့် ဆန်းကြယ်သာ ထိုရတနာနှင့်အတူ သူသည် ဧကရာဇ်ပလ္လင်အဆင့်နှင့် ထိုက်တန်သလို၊ မင်တု၏အမှောင်နတ်မင်းအဖြစ်လည်း လေးစားထိုက်ချေ၏။

ဤအချိန်တွင်

မင်တုကမ္ဘာထဲ၌ မြေအောက်ကမ္ဘာ အကျဉ်းထောင်တစ်ခု ရှိသည်။ မြေအောက်ကမ္ဘာ အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ခံထားရသော မူလဝိညာဉ်များသည်လည်း ကြောက်ရွံ့ဖွယ်ရာ တုန်ခါလှိုင်းများကို ခံစားနေကြရသည်။ အကျဉ်းသားတိုင်း နိုးလာကြပြီး ဇဝေဇဝါ ဖြစ်နေကြ၏။

“ရန်သူ့အခြေစိုက်စခန်းကို ထိုးဖောက်ဝင်ရောက်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ဖိတ်‌ခေါ်တာကို လက်ခံလိုက်ဖို့ပဲ” တန်ခိုးရှင်သစ်ခုတ်သမား၏ မူလဝိညာဉ်က မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

သေခြင်းရှင်ခြင်းစာအုပ်က သူ၏ဝိညာဉ်ကို နုတ်ယူကာ မြေအောက်ကမ္ဘာအကျဉ်းထောင်သို့ ပို့လွှတ်ခဲ့ခြင်း ဖြစ်သည်။ အကျဉ်းခန်း၏ နံရံလေးဖက်တွင် မူလဝိညာဉ်ကို ဖမ်းချုပ်ပေးနိုင်သော သင်္ကေတအမှတ်အသားများ ရေးဆွဲထား၏။ ထို့အပြင် သံကြိုးများက သူ့မူလဝိညာဉ်ကို ထိုးဖောက်ကာ ကောင်းကင်နတ်သိုင်း အသုံးမပြုနိုင်အောင် တားမြစ်ထားသည်။

တန်ခိုးရှင်သစ်ခုတ်သမား သင်္ကေတအမှတ်အသားများကို ကြည့်ရှု့လေ့လာလိုက်ပြီး တခဏကြာသော် သူ့အကြည့်က သူ့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသော သံကြိုးအပေါ် ကျရောက်သွားသည်။ များစွာမကြာလိုက်ဘဲ အတားအဆီးအစီအရင်အတွင်း ကိန်းဝပ်နေသော သဘောတရားအားလုံး သူ နားလည်သွားသည်။

ရွှစ်

သံကြိုးများက မြွေကြီးများသဖွယ် သူ့မူလဝိညာဉ်ထဲမှ ဆုတ်ခွာသွားကြ၏။ သစ်ခုတ်သမားက မြေပြင်ပေါ် ဆင်းသက်ကာ အကျဉ်းထောင်တံခါးဆီ လျှောက်သွားသည်။

တံခါးသည် ကျွီခနဲ ပွင့်သွား၏။

သစ်ခုတ်သမားသည် တခဏအတွင်း မြေအောက်ကမ္ဘာ အကျဉ်းထောင်မှ ထွက်နိုင်မည့်နည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့၏။ သူ့အတွက် ဤနေရာသို့ ဝင်ရန်ထွက်ရန်မှာ ထမင်းစားရေသောက်ပမာ လွယ်ကူနေချေပြီ။

တန်ခိုးရှင်သစ်ခုတ်သမားက အပြင်ထွက်လိုက်ပြီး အကျဉ်းခန်းနောက်တစ်ခန်းဆီ လျှောက်သွားသည်။ အစောင့်များက သူ့ဆီ ပြေးလာနေကြပြီး သစ်ခုတ်သမား လက်ဝှေ့ယမ်းလိုက်သည့်အခါ ပထမလူသားဧကရာဇ်ကို ချုပ်နှောင်ထားသော သံကြိုးများ တချွင်ချွင် ပြုတ်ကျကုန်သည်။

ပထမလူသားဧကရာဇ်က အကျဉ်းခန်းထဲမှ ခုန်ထွက်၍ မင်တုအစောင့်များကို သတ်ဖြတ်ကာ ကျန်အကျဉ်းခန်းများ ဖွင့်ပေးလိုက်သည်။ ဖုရွေ့လော်၊ တံငါသည်အဘိုးအို၊ ချိရှီနှင့် ကျန်ရှိသူများ လွတ်လာကြ၏။

“အဆွေတော်တို့၊ အကျဉ်းခန်းအားလုံး ဖွင့်ပြီး အကျဉ်းသားတွေ လွှတ်ပေးကြစို့... မင်တုထဲ ကမောက်ကမ ဖြစ်လေလေ၊ ကျုပ်တို့အတွက် ကောင်းလေပဲ”

တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာသည် တည်ငြိမ်အေးဆေးနေ၏။ “မင်တုတစ်ခုလုံး ဖရိုဖရဲဖြစ်လေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အန္တရာယ်ကင်းလေ ဖြစ်လိမ့်မယ်... နှစ်ပေါင်းရာချီ ဖရိုဖရဲ ဆက်ဖြစ်နိုင်ရင် အကောင်းဆုံးပဲ... အဲဒါဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာ နှစ်ပေါင်းရာနဲ့ချီ အေးအေးချမ်းချမ်း နေရလိမ့်မယ်”

အားလုံး ခေါင်းညိတ်ပြီး လမ်းတစ်လျှောက်ရှိ အတားအဆီးမှန်သမျှ ချိုးဖျက်သွားကြသည်။ သူတို့က အစောင့်များကို သတ်၍ အကျဉ်းသားအားလုံး လွှတ်ပေးလိုက်ကြ၏။

မြေအောက်ကမ္ဘာအကျဉ်းထောင်က မင်တုတွင် လုံခြုံရေးအတင်းကြပ်ဆုံးဖြစ်ပြီး ကောင်းကင်နတ်ဘုံကို ကလန်ကဆန် လုပ်ခဲ့သည့် နတ်ဘုရားများအား အကျဉ်းချထားသော နေရာဖြစ်သည်။ ထိုနတ်ဘုရားများမှာ ရုပ်ခန္ဓာများ ဖျက်စီးခံထားရကာ မူလဝိညာဉ်အသွင်ဖြင့် အပြစ်ခံရလေသည်။

အကျဉ်းသားအားလုံးက အန္တရာယ်များသည့်အလျောက် မြေ‌အောက်ကမ္ဘာအကျဉ်းထောင်၏ အစောင့်များသည်လည်း သန်မာအားကောင်းကြ၏။ သို့သော် ဖုရွေ့‌လော်၊ ချိရှီနှင့် တံငါသည်အဘိုးအိုတို့လို ပြင်းထန်အားကောင်းသော သိုင်းပညာရှင်တို့၏ ရှေ့မှောက်တွင် သူတို့အားလုံး အတုံးအရုံး သေဆုံးကုန်ကြသည်။

တံငါသည်အဘိုးအိုသည် ငါးမျှားချိတ်ကို ပစ်လွှတ်ကာ ဝိညာဉ်များ မျှားထုတ်တတ်၏။ ပစ်မှတ်ကို လွတ်သည်ဟူ၍ မရှိပေ။ ချိရှီတွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိပြီး ဖုရွေ့လော်၏ သိုင်းကွက်များက ပို၍ပင် ရင်သပ်ရှုမောဖွယ်ရာကောင်းသေးသည်။ သုံးယောက်စလုံး မြေ‌အောက်ကမ္ဘာ အကျဉ်းထောင်ကို ပြောင်းပြန်လှန်နေကြပြီး သူတို့သုံးယောက် မယှဉ်နိုင်သော သိုင်းသမားတို့ ရောက်လာလျှင် ပထမလူသားဧကရာဇ် ရှိသေး၏။

ယိုင်နဲ့ ပြိုလဲနေခဲ့သော စိတ်အခြေအနေကို ပြောင်းလဲပြုပြင်ပြီးကတည်းက ပထမလူသားဧကရာဇ်၏ ကျင့်စဉ်စွမ်းအင်သည် သန်မာအားကောင်းသထက် အားကောင်းလာခဲ့၏။ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်မှ ကျောက်စိမ်းမြို့တော်အဆင့်သို့ တက်လှမ်းရန် မလိုတော့ပေ။

အားလုံး မြေအောက်ကမ္ဘာ အကျဉ်းထောင်၏ အတွင်းထဲသို့ တရှိန်ထိုး ဆင်းသွားကြသည်။ မြေ‌အောက်ကမ္ဘာအကျဉ်းထောင်သည် ငရဲကြီးရှစ်ထပ်သဖွယ် အထပ်လိုက်ရှိပြီး မင်တုကမ္ဘာ၏ မြေအောက်ထဲ နက်သထက် နက်ဝင်သွား၏။ သူတို့ အောက်သို့ ရောက်လာလေလေ၊ ‌‌ထောင်စောင့်များသည်လည်း သန်မာအားကောင်းလာကြသည်။

အောက်ဆုံးအထပ်သို့ အောက်သည့်အခါ အားလုံး ပင်ပန်းနေပြီဖြစ်သည်။ ကံကောင်းစွာနှင့် အစောင့်များမှာ သူတို့လွှတ်ပေးခဲ့သော အကျဉ်းသားတို့ကိုလည်း တိုက်ခိုက်နေရသဖြင့် ဖိအား သိပ်မများပေ။

“ဒီနေရာပဲ”

တန်ခိုးရှင်သစ်ခုတ်သမားက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး အခြားနေရာများထက် မှောင်မည်းပြီး အန္တရာယ်များမည့်ပုံရသော နေရာကို မြင်သွားသည်။ ပုတ်သင်လိုလို၊ တောက်တဲ့လိုလို မကောင်းဆိုးဝါး သတ္တဝါကြီးများ နံရံတွင် တွယ်ကပ်သွားလာနေကြ၏။

“အဲဒီတစ်ယောက်ကို ဒီမှာ ဖမ်းထားတာ ဖြစ်မယ်”

အားလုံး ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။ ဤအထပ်၌ အကျဉ်းခန်းများစွာ ရှိပြီး အကျဉ်းခန်းတံခါးတို့အား ကောင်းကင်သတ္ထုများဖြင့် သွန်းလုပ်ထား၏။ တော်ဝင်အမိန့်ပြန်တမ်းမျိုးစုံသည်လည်း တံခါးများကို ဖုံးလွှမ်းနေသည်။ တော်ဝင်အမိန့်ပြန်တမ်းတစ်ခုချင်းစီရှိ အတားအဆီးအစီရင်တို့သည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသော်လည်း မည်သူချန်ရစ်ခဲ့မှန်း သူတို့ မသိကြပေ။

ဖုရွေ့လော်က လေးနက်သောအသံဖြင့် မေးလိုက်သည်။ “ကျုပ်တို့ ကယ်နေတဲ့ တစ်‌ယောက်က ဘယ်သူလဲ... တာအိုနောင်တော် အခု ပြောပြလို့ ရပြီမလား”

တန်ခိုးရှင်သစ်ခုတ်သမား ရှေ့သို့ လျှောက်သွားပြီး အကျဉ်းခန်းအပေါ်ရှိ တော်ဝင်အမိန့်ပြန်တမ်းများကို ကြည့်ရှုလိုက်သည်။ သူက အတားအဆီးအစီအရင်မျိုးစုံကို အမျိုးအစားခွဲ၍ ဖြေရှင်းရန် ပြင်နေသည်။ “ဒီလူက ခိုင်ဧကရာဇ်ခေတ်ရဲ့ နံပါတ်တစ် ကောင်းကင်နတ်မင်းပဲ... ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နန်းဆောင် ၃၆ ဆောင် ရှိတယ်.... ၃၆ ဆောင်ထဲက အကြီးမြတ်ဆုံး ကောင်းကင်နန်းဆောင်လေးခုကို ကောင်းကင်နတ်မင်းလေးပါးက အုပ်ချုပ်တယ်... အဲဒီကောင်းကင်နတ်မင်းလေးပါးအနက် အရှေ့ကောင်းကင်ဘုံရဲ့ မြစိမ်းဧကရာဇ်က အသက်အကြီးဆုံး၊ အနောက်ကောင်းကင်ဘုံရဲ့ သိကြားက အငယ်ဆုံး၊ မြောက်ကောင်းကင်ဘုံရဲ့ မင်တုကောင်းကင်နတ်မင်းက အရက်မူးနေရင် သတ္တိအကောင်းဆုံး.... သန်မာအားကောင်းဆုံးကတော့ တောင်ကောင်းကင်ဘုံရဲ့ ဒီကောင်းကင်နတ်မင်းပဲ”

ပထမလူသားဧကရာဇ်က လေးနက်စွာ ပြောသည်။ “သိကြားက ဗုဒ္ဓဘွဲ့နာမည်ပဲ... သူက အစတုန်းက ပန်းပဲပညာမှာ ကျွမ်းကျင်တဲ့ နတ်ဘုရားတစ်ပါးဖြစ်ခဲ့တာ... တောင်ကောင်းကင်ဘုံရဲ့ ဒီကောင်းကင်နတ်မင်းနာမည်မှာ တိ စာလုံးပါပေမယ့် ဗုဒ္ဓဘွဲ့လည်း မဟုတ်သလို၊ မျိုးရိုးလည်း မဟုတ်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားသည် တော်ဝင်အမိန့်ပြန်တမ်းများအား ဂရုတစိုက် အမျိုးအစားခွဲရင်း ပြောလိုက်၏။ “အရှင့်သား ပြောတာမှန်တယ်... တောင်ကောင်းကင်နတ်မင်းရဲ့ တိက ဘွဲ့တစ်ခုပဲ.... သူ့အစွမ်းအစတွေက မြစိမ်းဧကရာဇ်ထက်တောင် သာတဲ့အပြင် ခိုင်ဧကရာဇ်ခေတ်တုန်းက ဧကရာဇ်နေရာအတွက် ခိုင်ဧကရာဇ်နဲ့ ပြိုင်လုပိုင်ခွင့် ရှိခဲ့တယ်... ခိုင်ဧကရာဇ်ကို ရှုံးခဲ့ပေမယ့်လည်း အားလုံးက ချီးကျူးဂုဏ်ပြုကြနဲ့အနေနဲ့ ‘တိ’ လို့ အမည်တပ်ခဲ့ကြတာ"

ပထမလူသားဧကရာဇ်က တခဏ တိတ်ဆိတ်သွားသည်။ “မဟာကောင်းကင်နတ်မင်းလေးပါးထဲက တိရီယွဲ့က ကပ်ဘေးကြီးမတိုင်ခင် သေဆုံးသွားခဲ့တာမဟုတ်လား”

“ငါလည်း သူ သေသွားပြီထင်ခဲ့တာ... ဒါပေမဲ့ မသေသေးဘူး”

သစ်ခုတ်သမားက အကျဉ်းခန်းတစ်ခန်း၏အရှေ့တွင် ရပ်ပြီး တော်ဝင်အမိန့်ပြန်တမ်းများအား ကြည့်လိုက်သည်။ “ငါ့အကြီးဆုံးတပည့်က တပည့်အလတ်ကနေတစ်ဆင့် ငါ့ဆီ မြေပုံတွေ ပေးခဲ့တယ်.... မြေပုံတစ်ခုက မြေအောက်ကမ္ဘာ အကျဉ်းထောင်ရဲ့ မြေပုံပဲ... မြေပုံပေါ်မှာ မြေအောက်ကမ္ဘာ အကျဉ်းထောင်ရဲ့ အောက်ဆုံးအထပ်ကို မှတ်ထားတယ်”

သူ့မျက်နှာ ညှိုးကျသွားသည်။ သူတော်စင်တန်ခိုးရှင် ဖြစ်လာရန် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင်သည် တန်ခိုးရှင်သစ်ခုတ်သမားပင် စိတ်မကူးဝံ့သော အရာများကို လုပ်ဆောင်ခဲ့၏။

သို့တိုင်အောင် သူ့အကြီးဆုံးတပည့်မှာ ပျောက်ချင်းမလှ ပျောက်နေခဲ့သည်။ သေလား ရှင်လား မသိရပေ။

“သူ မင်တုကို ရောက်လာဖူးတယ်ဖြစ်မယ်... အဲဒါကြောင့် ငါ့ဆီ သတင်းပါးချင်ခဲ့တာ... ချင်မူ မှတ်ထားတဲ့ မြေပုံပေါ်မှာ ငါ့အကြီးဆုံးတပည့် ချန်ထားတဲ့ သင်္ကေတအသေးလေးတစ်ခု ရှိတယ်... အဲဒီသင်္ကေတက တိရီယွဲ့ မကြာခဏ သုံးတတ်တဲ့ ကောင်းကင်နတ်သိုင်းအမှတ်အသားပဲ”

သူ့စကား ဤနေရာသို့ အရောက်တွင် သစ်ခုတ်သမား တိတ်ဆိတ်သွားသည်။ တည်ထောင်သူဂိုဏ်းသခင်အတွက် သူ အလွန်စိတ်ပူမိ၏။

တံငါသည်အဘိုးအိုက ချီးကျူးသည်။ “မင့်တပည့်ကြီးက တော်တော်လေး အံ့အားသင့်စရာကောင်းတာပဲ... ဒီလိုနေရာမျိုးကို ဘယ်သူမှ မသိအောင် ခိုးဝင်ပြီး တိရီယွဲ့ကိုတောင် ရှာတွေ့ခဲ့သေးတယ်... မင်းရဲ့ ကျန်တဲ့တပည့်နှစ်ယောက်ကလည်း ထူးချွန်ကြတယ်... ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ တွေ့ခဲ့ပြီးပြီ... သူ့ပါရမီက ပြိုင်ဘက်ကင်းတဲ့အပြင် ဟိုတုန်းက မင်းထက်တောင် သာသေးတယ်... မင့်တပည့်အလတ်ကတော့ နည်းနည်း အငြိမ်မနေတတ်တာလေး တစ်ခုပဲ... ဒါနဲ့ စကားမစပ် မင်းတပည့်အလတ်ကို ဒီကိစ္စမပြောဘဲ တည်ကြက်လို အသုံးချလိုက်တာ ကောင်းရဲ့လားကွာ”

တန်ခိုးရှင်သစ်ခုတ်သမား မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး အကျဉ်းအခန်းတံခါးအပေါ်ရှိ တော်ဝင်အမိန့်ပြန်တမ်းများကို သေချာကြည့်လိုက်၏။ “သူ့မျက်ခုံးနှစ်ဖက်ကြားမှာ မကောင်းဆိုးကြီးတစ်ကောင် ရှိတယ်... မသေဘူး စိတ်ချ... အခုလို နည်းနည်းလောက် ဒုက္ခခံခိုင်းလိုက်တာ သူ့အတွက် ကောင်းတယ်... သူက ငယ်လွန်းပြီး တုံးလွန်းသေးတယ်မဟုတ်လား”

“တုံးတယ်” ဖုရွေ့လော်နှင့် ချိရှီ ညည်းတွားလိုက်မိသည်။ သူတို့နှစ်ယောက်လုံး ချင်မူ့လက်ချက်ကြောင့် အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရသည် မဟုတ်ပါ၏လော။

ပထမလူသားဧကရာဇ်လည်း ချင်မူ၏ တုံးအသော မျက်နှာအမူအရာကို မြင်ယောင်ကြည့်ပြီး ဘီလူး သံပုရာသီးကိုက်သကဲ့သို့ ရှုံ့မဲ့သွားသည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ ချီစွမ်းအင်က သင်္ကေတအမှတ်အသားများအတွင်းထဲ စီးဆင်းဝင်ရောက်သွား၏။ သင်္ကေတအမှတ်အသားများ တောက်ပလာပြီး တော်ဝင်အမိန့်ပြန်တမ်းများအပေါ် ဖြာကျသွားလေသည်။

အလင်းရောင် ဖြာကျလာသည်နှင့် တော်ဝင်အမိန့်ပြန်တမ်းထဲရှိ အတားအဆီးအစီအရင်တစ်ခု ပွင့်သွားသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏အလျင်သည် အလွန်တရာမြန်ပြီး ချီစွမ်းအင်သင်္ကေတများစွာ ဖွဲ့တည်ထား၏။ တော်ဝင်အမိန့်ပြန်တမ်း၏ အတားအဆီးအစီအရင်အလွှာအထပ်ထပ်သည် တစ်ခုပြီးတစ်ခု ပွင့်လာချေပြီ။

အတော်လေးကြာသည့်အခါ တန်ခိုးရှင်သစ်ခုတ်သမားက တော်ဝင်အမိန့်ပြန်တမ်းကို အသာအယာ ခွာလိုက်သည်။

အားလုံး သူ့ကို ချီးကျူးလိုက်ကြသော်လည်း မအံ့ဩကြပေ။ တန်ခိုးရှင်သစ်ခုတ်သမားသည် မဟာကောင်းကင်ဆရာသခင်လေးပါး၏ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ ကျယ်ပြန့်နှံ့စပ်သော ဗဟုသုတ အသိအမြင်ကြောင့် ထင်ရှားကျော်ကြား၏။ ကမ္ဘာပေါ်တွင် သူ မချိုးဖျက်နိုင်သော အတားအဆီးအစီအရင်ဟူ၍ မရှိပေ။

အကျဉ်းတံခါးက ကျွီခနဲ ပွင့်သွားသည်။ အသံကား နားထဲ စူးနေအောင် ကျယ်လှသည်။

တံခါးဟသွားလျှင်ချင်း လေအေးတစ်ချက်က တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာကို ဖြတ်တိုက်သွားပြီး အားလုံး၏အဝတ်အစားများ လှုပ်ခတ်သွားသည်။ မကြာမီ သူတို့၏ဆံပင်များနှင့် မျက်ခုံးမွှေးများပင် ရေခဲသွားတော့သည်။

“အဓိပ္ပါယ်မဲ့ နောင်တတွေပဲ ချန်ရစ်တတ်တဲ့ အချစ်....  အဆုံးမရှိမယ့် အမုန်းတရားနဲ့ နာကြည်းမိလို့ ၊ ပြုံးလိုက်ရုံနဲ့ မအေးချမ်းနိုင်... အိမ်ရယ်လို့ ခေါ်စရာမရှိဘဲ လွင့်မျောနေတဲ့ မိုးမခသစ်ခက်တွေလို...”

ဝမ်းနည်းကြေကွဲနေသော အသံက အကျဉ်းခန်းထဲမှ ထွက်လာကာ သူတို့ကို အသည်းထဲ အေးစိမ့်သွားစေသည်။ ဖုရွေ့လော် အံ့အားကြီးစွာဖြင့်‌ မေးလိုက်မိသည်။ “ကောင်းကင်နတ်မင်း တိရီယွဲ့က မိန်းမတစ်ယောက်လား”

တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းညိတ်၍ အထဲ ဝင်လိုက်သည်။

အကျဉ်းခန်းသည် ကြောက်စရာကောင်းလောက်အောင် အေးစိမ့်နေသော ရေခဲခန်း ဖြစ်၏။ နဂါးကိုးကောင်က ‌ရေခဲအခန်း၏ပတ်ပတ်လည်တွင် ဝိုင်းထားပြီး ဦးစိုက်ကျွမ်းပြန်အနေအထားဖြင့် တွဲလွဲခိုထားကြသည်။ သူတို့ခေါင်းများ ဝန်းရံထားသည့် အရာမှာ ရေခဲ‌ခေါင်းတလားတစ်ခု ဖြစ်ပြီး ခေါင်းလောင်းအတွင်း၌ ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးတစ်ယောက် လဲလျောင်းနေသည်။ သူမသည် အနက်ရောင်ဂါဝန်ကို ဝတ်ထားသော်လည်း ဖုန့်ဟွမ်ခေါင်းဆောင်းနှင့် ခြုံထည်တစ်ခုကိုလည်း ခြုံထား၏။

သူမအသားအရေက နှင်းထက်ပင် ဖြူဆွတ်နေရာ အနက်ရောင်အဝတ်အစားများနှင့် ယှဉ်သည့်အခါ ပို၍ပင် ဖျော့တော့နေသည်။

ရေခဲနဂါးကိုးကောင်က ရေခဲငွေ့များ မှုတ်ထုတ်ရင်း ခေါင်းတလားထဲရှိ အမျိုးသမီးအလောင်းကို ရေခဲရိုက်ရန် ကြိုးစားနေပုံရသည်။

သို့သော် ခေါင်းတလားထဲရှိ အလောင်းမှာ နိုးနေပြီဖြစ်၏။ သူမက မျက်လုံးဖွင့်ကာ လက်တစ်ဖက်အား ညင်သာစွာ မြှောက်လိုက်သည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသွယ်လျသော သူမ၏လက်ချောင်းများ ဆန့်လိုက်သည့်အခါ သူမ၏လက်သူကြွယ်အပေါ်တွင် ဆူးချွန်များရှိသော အနက်ရောင်လက်စွပ်တစ်ကွင်း ရှိနေသည်။

ခွမ်း ခွမ်း ခွမ်း

ရေခဲနဂါးများ ရုတ်တရက် ကြေမွကုန်ပြီး တစ်ကောင်သာ ကျန်ခဲ့သည်။ ထိုရေခဲနဂါးမှာ ကြောက်လန့်တုန်ရီသွားပြီး အပေါ်သို့ ရစ်ခွေတက်သွား၏။

တန်ခိုးရှင်သစ်ခုတ်သမား ရှေ့သို့လျှောက်သွားကာ အမျိုးသမီးအလောင်း၏ လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။ သတို့သမီးအလောင်းသည် ဖြည်းဖြည်းချင်း မြောက်တက်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်၏။ သူမမျက်ဝန်းများတွင် ပင်ပန်းနွမ်းနယ်မှုတို့ ပြည့်နှက်နေပေသည်။

“တောင်ကောင်းကင်နတ်မင်း ရာထူးပြန်ထမ်းဆောင်ပေးဖို့ တောင်းဆိုပါတယ်” တန်ခိုးရှင်သစ်ခုတ်သမား အလေးအနက် ပြောလိုက်သည်။

တိရီယွဲ့က ဝမ်းနည်းကြေကွဲနေသော အသံဖြင့် ပြောသည်။ “ရာထူးပြန်ထမ်းဆောင်လို့ရော ဘာထူးခြားသွားမလဲ.... ငါက သေနေပြီလေ”

ထိုအခါမှ သူမနဖူးပေါ်တွင် လက်ချောင်းတစ်ချောင်းစာ အပေါက်တစ်ပေါက် ရှိနေကြောင်း သူတို့ သတိထားမိလိုက်သည်။ မည်သည့်အရာက သူမကို ထိခိုက်စေခဲ့မှန်း မသိသော်လည်း အပေါက်မှတစ်ဆင့် သူမအနောက်ရှိ နံရံအား မြင်နေရ၏။

သူမသည် အနက်ရောင်ဝတ်ထားသော်လည်း အဝတ်အစားတို့၏ အဆင်အပြင်မှာ သတို့သမီးဝတ်စုံနှင့် ဆင်၏။ ဖုန့်ဟွမ်ခေါင်းဆောင်းနှင့် ခြုံထည်တစ်ထည်ကိုလည်း ခြုံထားသေးသည်။ ခေါင်းဆောင်းအပေါ်တွင် ခရမ်းနီရောင် မျက်နှာလွှားဇာပဝါကို လွှားတင်ထားသဖြင့် သူမ၏ လှပသော မျက်နှာလေး ပေါ်လွင်နေသည်။

တိရီယွဲ့မှာ မင်္ဂလာဦးညတွင် ဇာပဝါဖယ်ရှားခံမည့်အချိန်ကို ရင်ခုန်စွာ စောင့်ရင်း မင်္ဂလာခုတင်ထက်၌ တိတ်ဆိတ်စွာ စောင့်နေခဲ့လိမ့်မည်။ သို့သော် ဇာပဝါကို ဖွင့်လိုက်သည့်အချိန်မှာပင် တစ်စုံတစ်ယောက်က သူမအား အသေသတ်လိုက်ခြင်းဖြစ်၏။

နံပါတ်တစ် ကောင်းကင်နတ်မင်းအနား ထိုမျှကပ်နိုင်မည့် တစ်ယောက်တည်းသော လူမှာ သူမ၏ချစ်သူ၊ သတို့သားသာ ဖြစ်လိမ့်မည်။

သတို့သားက သူမ၏ ဇာပဝါကို ဖွင့်ကာ အသက်သေဆုံးသည်အထိ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ချောင်းဖြင့် ထိုးစိုက်ခဲ့ခြင်းပင်။

“ခိုင်ဧကရာဇ်က ကပ်ဘေးကြီးကို တိုက်ခိုက်ဖို့ ကောင်းကင်နတ်မင်းကို ဖိတ်ခေါ်ဖို့ လုပ်ခဲ့ပါသေးတယ်... ဒါပေမဲ့ လက်ထပ်ပြီးတဲ့နေ့မှာပဲ ကောင်းကင်နတ်မင်း သေဆုံးသွားတဲ့အကြောင်း ကြားခဲ့ရတယ်... အဲဒီနောက် ကပ်ဘေးကြီး ကျရောက်လာပြီး အသက်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ဆက်ပြောသည်။ “ကောင်းကင်နတ်မင်းဟာ အသိအမြင်ဗဟုသုတ နှံ့စပ်ပြီး နတ်လေးပါးနဲ့အတူ ကျင့်ကြံအားထုတ်ခဲ့တာကြောင့် သဘာဝကပ်ဘေးတွေကို ရင်ဆိုင်နိုင်တဲ့သူပါ.. အခု ကပ်ဘေးကြီး နောက်တစ်ကြိမ် လာနေပြီ... ကောင်းကင်နတ်မင်း တစ်ကြိမ် လွတ်ခဲ့ပြီးပြီပါပြီ... ဒုတိယအကြိမ်တော့ အလွတ်မခံပါနဲ့... ကောင်းကင်နတ်မင်းရဲ့အသက်ကိုတော့ ကျွန်တော့်တပည့်လေး ကုသပေးပြီး အသက်ပြန်သွင်းပေးနိုင်ပါတယ်”

တိရီယွဲ့ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ငါ့ကို အသက်ပြန်သွင်းပေးနိုင်တယ်လား”

သူမက ထောင့်၌ တုန်ရီနေသော ရေခဲနဂါးဆီ ‌ခေါင်းလှည့်ကြည့်လိုက်၏။

ရေခဲနဂါးမှာ တဆတ်ဆတ် တုန်နေပြီး တုန်ရီနေသောအသံဖြင့် အသနားခံသည်။ “မိဖုရားကြီး၊ ခွင့်လွှတ်ပါ.... ကျွန်တော်တို့လည်း အမိန့်အတိုင်း လိုက်နေရတာပါ... မိဖုရားကြီးရဲ့ ခန္ဓာကိုယ်နဲ့ မူလဝိညာဉ်ကို အေးခဲပေးရုံအပြင် ကျွန်တော်တို့မှာ ရွေးစရာမရှိပါဘူး”

“မိဖုရားကြီးဟုတ်လား”

တိရီယွဲ့အမူအရာ အေးစက်တင်းမာသွားသည်။ “နင်က ငါ့ကို မိဖုရားကြီးလို့ ခေါ်တယ်လား... ဘယ်တုန်းက ငါ တိရီယွဲ့က ယောက်ျားတစ်ယောက်ကို အားကိုးလို့လဲ... ကောင်းကင်ဆရာသခင်တောင် ငါ့ကို မိဖုရားကြီးလို့ မခေါ်ရဲဘဲ ကောင်းကင်နတ်မင်းလို့ပဲ ခေါ်တယ်... နင်လိုကောင်က ငါ့ကို မိဖုရားကြီးလို့ ခေါ်တယ်ဟုတ်စ... ငါ့ကို တိရီယွဲ့လို့ ခေါ်စမ်း”

ရေခဲနဂါးမှာ တွန့်ဆုတ်သွားပြီး အရိပ်အခြည်ကြည့်ကာ ပြောလိုက်၏။ “တိရီယွဲ့....”

ခွမ်း

သူ့မှာ ရေခဲအစများအဖြစ် တမုဟုတ်ချင်း ပေါက်ကွဲသွားသည့်အပြင် သူ၏မူလဝိညာဉ်ပင် အမှုန့်ကြေသွား၏။

“နင်ကများ ရာရာစစ ငါ့နာမည်ကို ခေါ်ရဲတယ်ပေါ့... ငါ့အပေါ် ရိုင်းပျတဲ့အတွက် နင် ‌သေသင့်တယ်”

တိရီယွဲ့က တစ်ဖက်လှည့်လာပြီး အပြုံးလေး ဆင်မြန်းလျက် ပြောသည်။ “သွားစို့၊ ငါ့သတို့သားကို သွားတွေ့ရအောင်... အဲဒီအသည်းနှလုံးမရှိတဲ့ ကြွက်သူခိုးနဲ့ မတွေ့ရတာ နှစ်နှစ်သောင်းကြာပြီ... ငါ သေပြီးကတည်းက တစ်ခါလေးတောင် လာတွေ့ဖော် မရဘူး... သူ့မျက်ခုံးနှစ်ဖက်ကြားမှာလည်း ဒီလိုဒဏ်ရာရအောင် လုပ်ချင်တယ်...”

၎

င

၎

၎

All Chapters