← Chapters

သူတော်စင်၏ တပည့်

Vol. 53 Ch. 710

သူတော်စင်၏ တပည့်

Vol. 53 Ch. 710

မင်တု၏ အမှောင်ပင်လယ်ထဲတွင် ကောင်းကင်ယင်သားတော်သည် မင်တုကောင်းကင်မုခ်ဝအောက်၌ ရပ်နေ၏။ ကောင်းကင်ယင်နတ်ဘုရားမဆီမှ သိုင်းကွက်များ၊ တျန်းရှု၏လက်ထဲရှိ ‌တော်ဝင်မုခ်ဝနတ်ဓား သို့မဟုတ် ဖုန်းတုထံမှ ဆင့်ခေါ်ထားသော ယမမင်း၏ စွမ်းအားဖြင့်ပင် သူ့အား ဒဏ်ရာရအောင် မလုပ်နိုင်ကြပေ။

ဧကရာဇ်ပလ္လင်အဆင့်ကား အလွန်တရာ အင်အားကြီးမားလွန်း၏။

ကောင်းကင်ယင်နတ်ဘုရားမအနေဖြင့် ကောင်းကင်ယင်ကမ္ဘာ၏ သုံးရာ့နှစ်ဆယ့်လေးခုသော သင်္ကေတအမှတ်အသားများကို တန်ခိုးရှင်သစ်ခုတ်သမားဆီမှ သင်ယူထားသည့်အတွက် ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်းစနစ်မှာ အနည်းနှင့်အများ ပုံပေါ်လာပြီဖြစ်သည်။ ကောင်းကင်ယင်နတ်ဘုရား၏ ကောင်းကင်နတ်သိုင်းစွမ်းအားသည်လည်း မျဉ်းဖြောင့်တစ်ကြောင်းပမာ ထောင်တက်လာခဲ့၏။ သဘာဝမှ မွေးဖွားလာခဲ့သော အထွတ်အမြတ်နတ်ဘုရားတစ်ပါး ဖြစ်သည့်အချက်ကိုပါ ထည့်ပေါင်းလျှင် သူမ၏သိုင်းစွမ်းအားကား တျန်းရှုနှင့် ယမမင်းထက်ပင် သာလွန်ချေသည်။

သို့သော် မင်တုထဲ မဝင်နိုင်သဖြင့် ကောင်းကင်ယင်သားတော်အား သေစေလောက်သည်အထိ ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

တျန်းရှု၏ သိုင်းစွမ်းအားသည်လည်း မခေချေ။ တော်ဝင်မုခ်ဝနတ်ဓားမသည် ယိုတုကောင်းကင်နတ်သိုင်းကို အဓိကပစ်မှတ်ထားသည့် နတ်ဓားမတစ်လက် ဖြစ်၍ မြေအောက်ဘုံအရှင်သခင်၏ ချိုကို ဖြတ်တောက်နိုင်ခဲ့သည်။ အားနည်းချက်တစ်ခု ပါနေသည်ကတော့ နှမြောစရာကောင်းသည်။

ကောင်းကင်ယင်သားတော်ကလည်း မယှဉ်အောင် ဉာဏ်ကောင်းသည်။ သူက သူ၏ကောင်းကင်နတ်သိုင်းဖြင့် မူလဝိညာဉ်စုပ်ယူပစ်သော ဓားမစွမ်းအားကို ချေဖျက်နိုင်ပြီဖြစ်၏။ ထို့ကြောင့် တျန်းရှုမှာ ဓားမ၏ခွန်အားသက်သက်ဖြင့်သာ ကောင်းကင်ယင်သားတော်အား ခုတ်ဖြတ်နေရသည်။ သေအောင် မသတ်နိုင်ပေ။

ယမမင်းက ဖုန်းတုအင်အားကို စုစည်းထားသည့်အတွက် ဖုန်းတုနတ်ဘုရားအားလုံး သူနှင့်အတူ တိုက်ခိုက်နေကြသည်။ သို့သော် ကမ္ဘာခြားနေသောကြောင့် သူလည်း ကောင်းကင်ယင်သားတော်ကို ဒဏ်ရာရစေရုံသာ တတ်နိုင်၏။

ထို့အပြင် ကောင်းကင်ယင်သားတော်သည် မင်တုကောင်းကင်မုခ်ဝဖြင့် မည်သည့်ဒဏ်ရာကိုမဆို ပြန်ကုသနိုင်၏။

သူ၏မင်တုကောင်းကင်မုခ်ဝတွင် ဘဝပြန်ဝင်စားနိုင်သော ဆန်းကြယ်စွမ်းအား ကိန်းဝပ်နေသည်သာမက ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းသမားတစ်ယောက် ဖြစ်သည်နှင့်အညီ သူက ယိုတုထက်ပင် အခြေခံခိုင်မာပြီး ကွဲပြားခြားနားသော ကောင်းကင်နတ်သိုင်းစနစ်တစ်ခုကို တည်ဆောက်ထားလေသည်။

သုံးယောက်လုံး ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်‌နေပြီး တျန်းရှုနှင့် ယမမင်း၏ကိုယ်ပေါ်တွင် ဒဏ်ရာများ တဖြည်းဖြည်း တိုးပွားလာသည်။ သူတို့မှာ ဖြည်းဖြည်းချင်း အခံဘက်သို့ ရောက်လာသဖြင့် ဤအတိုင်းသာ ဆက်သွားလျှင် လွတ်မြောက်တော့မည်မဟုတ်ပေ။

ထိုစဉ် မင်တုတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ မြေအောက်ကမ္ဘာ အကျဉ်းထောင်ထဲ၌ ဖမ်းချုပ်ခံထားရသော အကျဉ်းသားတို့အားလုံး အပြင်ထွက်လာကြပြီး သတ်ဖြတ်နေကြ၏။ ကောင်းကင်ယင်သားတော် အံ့ဩတုန်လှုပ်သွားသည်။ ‘မကောင်းတော့ဘူး... မြေအောက်ကမ္ဘာ အကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ အကျဉ်းသားတွေက တော်ရုံမဟုတ်ကြဘူး...’

သူ့အတွေး ဤနေရာအရောက်တွင် သူ့စိတ်အလျဉ် ကစဉ့်ကလျား ဖြစ်သွားသည်။

“နေရောင်ကို မကြည့်ဝံ့လို့ ပိုးသားချည်ထည် အင်္ကျီလက်အိုးနဲ့ ကာမိတယ်... လွမ်းမောဖွယ်ရာ နွေဦးမှာ ခြယ်သလှပချင်စိတ်တွေ ကုန်ခမ်းပျောက်ကွယ် ... ပြည်တန်ပတ္တမြားတစ်ပွင့် ရှာဖို့ရယ် မခက်ပေမယ့်... နှလုံးသားရှိတဲ့ ယောက်ျားအား ရှာလို့ရယ် တွေ့ဖို့မလွယ်....”

ရှင်းလင်းပြတ်သားသော မိန်းမအသံက မြေ‌အောက်ကမ္ဘာ အကျဉ်း‌ထောင်ရှိရာဘက်မှ ပျံ့လွင့်လာသည်။ အသံထဲမှ ဝမ်းနည်းကြေကွဲမှုကို ခံစားရနိုင်ပြီး အချစ်စစ် အချစ်မှန်ဖြင့် ချစ်တတ်သော ယောက်ျားတစ်ယောက်မှ မရှိသဖြင့် ဝမ်းနည်းနေသံပေါက်၏။ ချစ်ပေးနိုင်မည့် ယောက်ျားမရှိတော့၍ သူမမှာ ခြယ်သပြင်ဆင်လိုစိတ်များ ကုန်ခမ်းနေပြီဟု ပြောနေသည်။

ကောင်းကင်ယင်သားတော် ထိတ်လန့်သွားသဖြင့် တခဏအတွင်း သိုင်းကွက်ပေါင်းများစွာ ခံစားလိုက်ရပြီး အသားတို့ကွဲထွက်ကုန်သည်။ ကံကောင်း၍ မင်တုကောင်းကင်မုခ်ဝက သူ့ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။

ရုတ်တရက် ခရမ်းနီရောင် ဇာပဝါတစ်ခုက မင်တုကောင်းကင်မုခ်ဝအပေါ်ရှိ ကောင်းကင်ယံသို့ ပျံ့လွင့်လာသည်။ ဇာပဝါသည် ပြန့်ကားလာကာ ကောင်းကင်မုခ်ဝကို လွှားခြုံသွား၏။

ကောင်းကင်ယင်သားတော်မှာ ဇာပဝါတွင် ရွှေချည်ဖြင့် ထိုးထားသော ဖုန့်ဟွမ်ငှက်ရုပ်များကို မြင်လျှင် ပို၍ပင် ပျာယာခတ်သွားတော့သည်။ ဇာပဝါအောက်၌ ယမမင်းနှင့် တျန်းရှုတို့၏ သိုင်းကွက်များက ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် အသာစီးရသွား၏။ ကောင်းကင်ယင်သားတော် မရှုမလှ တိုက်ခိုက်ခံနေရတော့သည်။

ကောင်းကင်ယင်သားတော် စိတ်ပြန်ထိန်း၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်စဉ် ဖုန့်ဟွမ်ခေါင်းဆောင်းတစ်ခုသည် ပျံသန်းပြီး သူ့လက်ပေါ်သို့ ဆင်းသက်လာသည်။ ကောင်းကင်သားတော် ခေါင်းနပန်းကြီးသွားပြီး ကူကယ်ရာမဲ့နေ၏။ ထိုစဉ် အနီရောင်ခြုံထည်တစ်ခုလည်း ပျံသန်းလာကာ သူ့ပခုံးပေါ် လွှားတင်သွား၏။

ကောင်းကင်ယင်သားတော် သူ့မျက်နှာသူ လက်ဖြင့် အုပ်၍ အော်ဟစ်လိုက်သည့်အချိန်တွင် တျန်းရှုက ဓားမဖြင့် သူ့ခြေထောက်နှစ်ဖက်စလုံးကို ခုတ်ဖြတ်လိုက်ပြီး ယမမင်းကလည်း သူ၏လက်စွဲတော်ဓားဖြင့် သူ့နှလုံးသားသို့ ထိုးစိုက်လိုက်သည်။

ကောင်းကင်ယင်သားတော်၏ ခြေထောက်များက မင်တုကောင်းကင်မုခ်ဝထဲ ပြေးသွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းလည်း မုခ်ဝထဲ ဝင်သွားသည်။ မုခ်ဝ၏ အခြားတစ်ဖက်မှ ကောင်းကင်ယင်သားတော်သုံးယောက် ထွက်လာကာ ထွက်ပြေးရန် ကြိုးစားနေ၏။

ထိုအချိန်တွင် ကောင်းကင်ယင်နတ်ဘုရားမ၏ သိုင်းကွက်များ ရောက်လာ၍ ကောင်းကင်ယင်သားတော်သုံးယောက် သွေးအန်ကာ  အမှောင်ပင်လယ်ထဲ ပြုတ်ကျပြီး ပျောက်ကွယ်သွားတော့သည်။

မင်တုကောင်းကင်မုခ်ဝလည်း သူနှင့်အတူ အမှောင်ပင်လယ်ထဲ နစ်မြုပ်သွားတော့မည့်အချိန် အနက်ရောင်ဂါဝန်နှင့် တိရီယွဲ့က တန်ခိုးရှင်သစ်ခုတ်သမား၊ ပထမလူသားဧကရာဇ်နှင့် ကျန်ရှိသူများကို ခေါ်၍ ရောက်လာသည်။ သူမက မင်တုကောင်းကင်မုခ်ဝကို အပေါ်မှ ဖိလိုက်သည်။

မုခ်ဝသည် ပြင်းပြင်းထန်ထန် တုန်ခါလာကာ ထွက်ပြေးရန် ရုန်းသော်လည်း မလွတ်ပေ။ တဖြည်းဖြည်း သေးငယ်လာပြီး နောက်ဆုံးတွင် သုံးကိုက်အမြင့်သာ ရှိတော့၏။ တုန်ရီနေခြင်းလည်း မရှိတော့ပေ။

အခြားတစ်ဖက်တွင် ကောင်းကင်ယင်နတ်ဘုရားမက ခုနစ်စဉ်ကြယ်သဲနာရီကို လှည့်၍ ပင်လယ်ကို လှန်မှောက်ကာ ကောင်းကင်ယင်သားတော်ကို ခါထုတ်နေသည်။ တန်ခိုးရှင်သစ်ခုတ်သမားက အရိုအသေပေးကာ ပြောလိုက်သည်။ “နတ်ဘုရားမ၊ အဲဒီလိုလုပ်ဖို့ မလိုတော့ပါဘူး... သူ ဒဏ်ရာအပြင်းအထန် ရထားတော့ ပင်လယ်ထဲမှာ မနေဘဲ ထွက်ပြေးသွားတာ ကြာပါပြီ... ကျုပ်တို့လည်း ဒီမှာ ဆက်မနေသင့်တော့ဘူး... မင်တုတစ်ခုလုံး သောင်းကျန်နေပြီမလို့ ကောင်းကင်နတ်ဘုံက လူလွှတ်ပြီး စစ်ဆေးပါလိမ့်မယ်... အဲဒီလိုဖြစ်လာခဲ့ရင် ကျုပ်တို့ ထွက်သွားလို့မရတော့ဘူး”

တျန်းရှုသည် ကောင်းကင်သို့ ပျံတက်ပြီး တော်ဝင်မုခ်ဝနတ်ဓားမဖြင့် မင်တု၏လောကစည်းကို ပိုင်းဖြတ်ကာ ပျံထွက်သွား၏။

တန်ခိုးရှင်သစ်ခုတ်သမား ကောင်းကင်ယင်နတ်ဘုရားမဆီသို့ ကြည့်ကာပြောလိုက်၏။ “ပြင်ပကောင်းကင်နတ်ဘုံ ဒီကိစ္စကို စုံစမ်းရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆွဲသွင်းခံရပါလိမ့်မယ်... ဒါကြောင့် တာဝန်ယူပေးဖို့ နတ်ဘုရားကို လိုအပ်ပါလိမ့်မယ်”

ကောင်းကင်ယင်နတ်ဘုရားမက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မင်တုကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာက ကျွန်မအတွက်ကျွန်မ ကလဲ့စားချေဖို့ပါ... အကြောင်းရင်း ခိုင်လုံတဲ့အတွက် ကျွန်မ တာဝန်ယူပေးနိုင်ပါတယ်... မြေအောက်ဘုံအရှင်သခင် ကျွန်မအတွက် ကူပြောပေးရင် ကောင်းကင်နတ်ဘုံ ဆက်ပြီးဖိအားပေးတော့မှာ မဟုတ်ပါဘူး၊ ကောင်းကင်ယင်သားတော် ဘာမှမပြောနိုင်ဘဲ နေရလိမ့်မယ်... ဒါပေမဲ့ ကျွန်မကို လှမ်းခေါ်ခဲ့တဲ့အတွက် ကောင်းကင်ယင်ပုလဲတစ်လုံး သုံးပြီးသွားပြီ.... တာဝန်ယူဖို့အတွက် နောက်ပုလဲတစ်လုံး လိုပါလိမ့်မယ်”

ပထမလူသားဧကရာဇ်က ကောင်းကင်ယင်ပုလဲတစ်လုံး ထုတ်ပေးလိုက်၍ ကောင်းကင်ယင်နတ်ဘုရားမ ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ယင်ပုလဲလုံးသည် မြောက်တက်သွားပြီး ကောင်းကင်ယင်ကမ္ဘာထဲ ပျံသန်းဝင်ရောက်သွား၏။

ကောင်းကင်ယင်နတ်ဘုရားမလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

တိရီယွဲ့က မင်တုကောင်းကင်မုခ်ဝကို မြှောက်ကာ ပြောလိုက်သည်။ “ဒီရတနာကို သူ ဖန်တီးနိုင်အောင် ငါ ကူညီပေးခဲ့တာဆိုတော့ ကောင်းကင်မုခ်ဝကို ဘယ်လိုသုံးရမလဲ ငါ ကောင်းကောင်းသိတယ်.... မုခ်ဝက မပြောင်းလဲပေမယ့် လူက ပြောင်းလဲသွားတာတော့ နှမြောစရာပဲ... ကောင်းကင်ဆရာသခင်ကြီး ၊ ကျွန်မတို့ သက်ရှိကမ္ဘာဆီ ဘယ်လိုပြန်ကြမှာလဲ”

သစ်ခုတ်သမားက ပြောလိုက်သည်။ “ကောင်းကင်နတ်မင်းက သေသွားပြီဆိုပေမယ့် ရုပ်ခန္ဓာ ရှိနေသေးတော့ ကမ္ဘာလောကစည်းကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ပြန်ဖို့ ခက်ပါတယ်... ဒါပေမဲ့ ယမမင်းရဲ့ ဖုန်းတုကနေ တစ်ဆင့် မဟာမြို့ပျက်ကို ပြန်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်လို့ရမယ်”

ယမမင်းက ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ “ယမမင်း၊ ဆရာဦးလေးကို ဂါဝရပြုပါတယ်”

တိရီယွဲ့၏ အကြည့်က သူ့အပေါ် ကျရောက်သွားပြီး အံ့အားသင့်သွား၏။ “နင်က အရှင်မင်းကြီးရဲ့‌ မွေးစားသားမဟုတ်လား... အဲဒီတုန်းက လူရိုးလူအပုံစံလေးလေ... ဒါပေမဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာတော့ ကမ္ဘာတစ်ကမ္ဘာရဲ့ အရှင်ဘုရင်တောင် ဖြစ်နေပြီပေါ့”

ယမမင်းမှာ ခေါင်းသာ ငုံ့ထားသည်။

တိရီယွဲ့က ဖုန်းတုထဲ ဝင်ကာ သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာကို စူးစမ်းကြည့်ရှုရင်း ပြုံးလိုက်သည်။ “ဖုန်းတုက မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုကိုး... ယိုတုရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ပတ်သက်ပြီး နင့်ရဲ့ တွေးခေါ်နိုင်စွမ်းက ဟိုအသည်းနှလုံးမရှိတဲ့ ကြွက်သူခိုးလောက် မမြင့်မားတာ နှမြောစရာကောင်းတယ်... ဖုန်းတုအတွက် မင်တုကို လိုက်မှီဖို့ အများကြီး လိုသေးတယ်.... ဒါပေမဲ့ ငါ နင့်ကို ကူညီနိုင်ပါတယ်... စောစောက မြောက်ကောင်းကင်နတ်မင်း ဘာလို့ မြန်မြန်ထွက်သွားတာလဲ”

ပထမလူသားဧကရာဇ်က ပြောလိုက်သည်။ “အမူးပြေသွားတာ နေမှာ... အမူးပြေသွားလို့ ကောင်းကင်ယင်သားတော်နဲ့ တိုက်ခိုက်ခဲ့တာကို ပြန်တွေးရင်း တစ်နေရာရာမှာ ပုန်းပြီး စိတ်လှုပ်ရှားလွန်းလို့ တုန်ရီနေလောက်ပြီ”

တိရီယွဲ့က တွေးကြည့်ပြီး ပြုံးလိုက်သည်။ “အဲဒါကမှ သူပဲလေ... ဒါပေမဲ့ စိတ်လှုပ်ရှားလွန်းလို့ တုန်ရီနေမယ့်အစား ကြောက်လို့ တုန်ရီနေလောက်တယ်... ငါ အသက်ပြန်ရှင်ရင် သူနဲ့ငါ ဖုန်းတုကို နင့်အတွက် ပြန်တည်ဆောက်ပေးမယ်”

ဖုန်းတုသည် အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

မင်တုနှင့် ဖုန်းတုနှစ်ခုလုံးက မြေအောက်ဘုံအရှင်သခင်၏ ဦးချိုဖြင့် တည်ဆောက်ထားခြင်း ဖြစ်၍ ယိုတု၏တစ်စိတ်တစ်ပိုင်း ဖြစ်ချေသည်။ ထို့ကြောင့် မင်တုနှင့် ဖုန်းတုအကြား ကမ္ဘာလောကစည်း မတည်ရှိပေ။

“ကောင်းကင်ဆရာသခင်ကြီး၊ ကပ်ဘေးကြီး ဒုတိယအကြိမ် လာနေပြီလို့ ရှင် ပြောခဲ့တာ ကျွန်မ ကြားခဲ့တယ်... ခိုင်ဧကရာဇ်ခေတ်က အခုထိ မပျက်သုဉ်းသေးတာလား”

တိရီယွဲ့က ဖုန်းတု၏ ဒုတိယနတ်ဘုရားမြို့ထဲ၌ ထိုင်လိုက်သည်။ ယမမင်း၊ ပထမလူသားဧကရာဇ်နှင့် တန်ခိုးရှင်သစ်ခုတ်သမားတို့သည် သူမအား အဖော်ပြုပေးနေကြ၏။ နတ်သက်ကြွေလာသည့်ပမာ လှရက်လွန်းသော အမျိုးသမီးက မေးသည်။ “ပြင်ပကောင်းကင်နတ်ဘုံက ခိုင်ဧကရာဇ်ခေတ်ကို နောက်တစ်ကြိမ် သုတ်သင်ချင်နေတာလား”

တန်ခိုးရှင်သစ်ခုတ်သမား မျက်နှာညှိုးငယ်သွားပြီး ခေါင်းယမ်းလိုက်၏။ “ခိုင်ဧကရာဇ်ခေတ်က ပျက်သုဉ်းသွားပါပြီ... အခုက ကျုပ်တို့မြို့ပျက်အပေါ်မှာ တည်ဆောက်ထားတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်ပါ... ဒီတစ်ခေါက် ကပ်ဘေးက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဦးတည်တယ်... ဟိုတုန်းက ‌ကောင်းကင်နတ်မင်း အရပ်မျက်နှာနတ်လေးပါးနဲ့အတူ သဘာဝကပ်ဘေးတွေ ရင်ဆိုင်ဖို့ ကျင့်ကြံဖူးတယ်မလား... အဲဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကပ်ဘေးတွေ ရောက်လာတော့မှာဆိုတော့ ကောင်းကင်နတ်မင်းကို ဖိတ်‌ခေါ်ဖို့ တွေးမိခဲ့တယ်... ဒီသဘာဝကပ်ဘေးတွေကို ရင်ဆိုင်နိုင်တာ ကောင်းကင်နတ်မင်းအပြင် တခြားမရှိပါဘူး”

တိရီယွဲ့၏မျက်နှာ အေးစက်တင်းမာသွားသည်။ သူမက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကျွန်မက ဘာလို့ ကူညီရမှာလဲ... အဲဒီတုန်းက အချစ်ကြောင့် စုံလုံးကန်းပြီး မကူညီပေးနိုင်ခဲ့တဲ့အတွက် ကျွန်မ အကြွေးတင်နေတာက ခိုင်ဧကရာဇ်ကိုပါ ... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ”

တန်ခိုးရှင်သစ်ခုတ်သမား တိတ်ဆိတ်သွားသည်။ “ဒီတစ်ခေါက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ထောက်တိုင်တွေက ကျုပ်တပည့်နှစ်ယောက်ပါ ... တတိယတပည့်က မြစ်သင်္ချိုင်းသား ကျန်းပိုင်ကွေ့၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ”

တိရီယွဲ့ ခေါင်းယမ်းလိုက်သည်။ “ရှင့်မျက်နှာက အဲဒီလောက် ကြီးတာမဟုတ်ဘူး... ရှင့်တပည့်မျက်နှာဆို ပြောမနေနဲ့”

တန်ခိုးရှင်သစ်ခုတ်သမား ဆက်ပြောလိုက်သည်။ “ဒုတိယတပည့်က ချင်မျိုးရိုး ဖြစ်ပြီး ခိုင်ဧကရာဇ်ရဲ့ တစ်ရာ့ခုနစ်ဆက်မြောက် သွေးသားပါ...ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ထောက်တိုင်တစ်တိုင်ဆိုလည်း ဟုတ်တယ်”

တိရီယွဲ့၏ ချစ်စဖွယ်မျက်နှာလေးက ဤအခါမှ ပျော့ပျောင်းသွားပြီး သူမက ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။ “သူက ခိုင်ကရာဇ်ရဲ့ သွေးသားလား... ဒါဆို ဒီကပ်ဘေးတွေကို ဟန့်တားပေးတာက ခိုင်ဧကရာဇ်ကို ကျေးဇူးပြန်ဆပ်တာလို့ သတ်မှတ်လို့ရမယ်... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်လား”

တန်ခိုးရှင်သစ်ခုတ်သမား အဖြေရကြပ်သွားပြီး ခေါင်းယမ်းပြလိုက်သည်။ “မဟုတ်ပါဘူး... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ရဲ့ မင်းမှုထမ်းပါ... ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်လည်း ဟုတ်တယ်”

တိရီယွဲ့၏မျက်နှာသည် ပြန်လည်အေးစက်သွား၏။ သူမက သရော်တော်တော် ပြောလိုက်သည်။ “ခိုင်ဧကရာဇ်ရဲ့ သွေးသားက ဘယ်နှယ့်ကြောင့် တခြားလူရဲ့ အမှုထမ်း ဖြစ်နေတာလဲ.... ရှင့်ဒုတိယတပည့်က ဧကရာဇ်မဟုတ်ဘူးဆို ခိုင်ဧကရာဇ်ရဲ့ တခြားသွေးသားတွေရော... သူတို့ ဘယ်မှာလဲ... ခိုင်ဧကရာဇ်ရော ဘယ်မှာလဲ... ကျွန်မ ခိုင်ဧကရာဇ်ရဲ့လူတွေကို စောင့်နေတယ်”

“ခိုင်ဧကရာဇ်က...”

တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာသည် စိတ်မကောင်းဖြစ်သွားပုံရပြီး ခေါင်းခါလေသည်။ “ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာမှာ ပုန်းနေတယ်... နှစ်နှစ်သောင်းကြာပြီ အရိပ်အယောင်တောင် မမြင်ရဘူး”

တိရီယွဲ့ ဒေါသအမျက်တ‌ချောင်းချောင်းဖြင့် စားပွဲအား ဘန်းခနဲ ရိုက်ချလိုက်သည်။ “ချင်မျိုးရိုးနဲ့ကောင်က ခိုင်ဧကရာဇ်လုပ်ဖို့ မသင့်တော်ဘူး ကျွန်မပြောခဲ့သားပဲ... သူ့ကို ဘုရင်‌နေရာကျ ဖြုတ်ချလိုက်၊ ကျွန်မပဲ ဘုရင်မလုပ်တော့မယ်... ဒီလူက ရွှင်ပျော်ပျော်ကျေးရွာဆီ ပြေးပြီး ပျော်ရွှင်ရွှင် နေ,နေတယ်ပေါ့လေ... အရှုပ်ထုပ်တွေကျ တခြားလူတွေ ရှင်းပေါ့.... သူ့အတွက် တိုက်ခိုက်ပေးပါ့ ဟုတ်လား... သောက်ရှက်မရှိချက်... ကျွန်မ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ကို မကူညီနိုင်တော့ဘူး”

“ဧကရာဇ်ဆိုတာ သန်မာအားအကောင်းဆုံး အစွမ်းအစတွေ နဲ့ အင်အားတွေ ပိုင်ဆိုင်ထားတဲ့လူ မဟုတ်ပါဘူး... အရဲရင့်ဆုံး သတ္တိနဲ့ အကြီးမြတ်ဆုံး စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့လူပါ”

သစ်ခုတ်သမားက ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ကတော့ အဲဒီလိုလူမျိုးပဲ... သူ့မှာ ခိုင်ဧကရာဇ်မှာတောင် မရှိတဲ့ စိတ်ဓာတ်နဲ့ ပိုင်းခြားသုံးသပ်နိုင်စွမ်း ရှိတယ်.... ကောင်းကင်နတ်မင်းအနေနဲ့ အစွမ်းအစအရ ခိုင်ဧကရာဇ်အောက် မနိမ့်ကျပေမယ့် ခိုင်ဧကရာဇ်ဖြစ်လာရင် သူ့ထက် ပိုကောင်းအောင် လုပ်နိုင်မယ်ထင်လား”

တိရီယွဲ့ တခဏ တိတ်ဆိတ်သွားပြီး ခေါင်းယမ်း၏။ “ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအတွက် အလိုအပ်ဆုံးအချိန်မှာ ကျွန်မက လက်ထပ်ဖို့ ထွက်သွားခဲ့တယ်... အဆုံးသတ်မှာ အသတ်ခံလိုက်ရတယ်လေ... ကျွန်မလည်း ခိုင်ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်ပါဘူး.. ကောင်းပြီလေ၊ ရှင်တို့အပေါ် အကြွေးတင်ထားမှတော့ လျှော့ပေးလိုက်ပါ့မယ်... ဆုံးဖြတ်ချက်မချခင် ရှင့်တပည့်တွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ကိုတော့ တွေ့ချင်သေးတယ်... သူတို့ကို သဘောကျရင် ကူညီပေးမယ်.... သဘောမကျရင်တော့ ပြန်မယ်... ဖုန်းတုမှာ ပုန်းပြီး သရဲမ လုပ်ရင် လုပ်၊ မဟုတ်ရင်လည်း မြေအောက်ဘုံအရှင်သခင်ဆီမှာ သွားနေလိုက်မယ်”

တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်ပြီး အလွန်ဝမ်းသာသွားသည်။ “ကျုပ်ရဲ့ ဒုတိယတပည့်ကို မြင်ရင် သဘောကျမှာပါ... ခိုင်ဧကရာဇ်မှာ အဲဒီလိုထူးချွန်တဲ့ သွေးသားရှိနေလို့ ကောင်းကင်နတ်မင်း ဝမ်းမြောက်မိလိမ့်မယ်”

ဖုန်းတုသည် မဟာမြို့ပျက်သို့ ပြန်ရောက်လာကာ မဟာမြို့ပျက်နှင့် ထပ်သွား၏။

ကောင်းကင်က လင်းထိန်နေသည်။

တန်ခိုးရှင်သစ်ခုတ်သမား၊ ဖုရွေ့လော်၊ ပထမလူသားဧကရာဇ်နှင့် ကျန်ရှိသူများလည်း ယမမင်းကို နှုတ်ဆက်၍ ရုပ်ခန္ဓာကိုယ်များထဲ အသီးသီး ပြန်ဝင်လိုက်ကြ၏။

တိရီယွဲ့က သူတို့၏မူလဝိညာဉ်များနှင့်အတူ လီကျိုးပြည်နယ်ရှိ မာန်ဟုန်မြစ်တက္ကသိုလ်သို့ လိုက်လာသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏ ရုပ်ခန္ဓာက သေနေရာမှ အသက်ပြန်ဝင်လာပြီး မတ်တပ်ရပ်လိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကျုပ်တပည့် ဒီအနားမှာ ရှိပါတယ်... ကောင်းကင်နတ်မင်းကို ခေါ်သွားပေးပါရစေ... သူ့ကို တွေ့ရင် သေချာပေါက် သဘောကျမှာပါ”

ပထမလူသားဧကရာဇ်၊ ချိရှီ၊ ဖုရွေ့လော်နှင့် ကျန်ရှိသူများလည်း တစ်‌ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ သူတို့စကားပြောနေစဉ် မာန်ဟုန်မြစ်ဘက်မှ အုန်းအုန်းဒိုင်းဒိုင်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မိုးကြိုးများလည်း ဂျိုးဂျိုးဂျိမ့်ဂျိမ့် ပစ်ခတ်နေ၏။

အားလုံး အသံလာရာသို့ လှမ်းကြည့်လိုက်သည့်အခါ မဟာမိုးကြိုးတိမ်တိုက်ငါးခုသည် မာန်ဟုန်မြစ်ကို ဝိုင်းလျက် နေရာတစ်နေရာအ‌ပေါ်သို့ ဒေါကြီးမောကြီး ပစ်ချနေကြသည်။

တိရီယွဲ့ လှမ်းကြည့်လိုက်ပြီး ယက်ကန်ယက်ကန် တိုက်ခိုက်နေသော ကပ်ဘေးနတ်ဘုရားတစ်ပါးနှင့် သူ့ကျောကို ကုပ်တွယ်လျက် နောက်စေ့အား ကိုက်ခဲနေသော ကောင်လေးတစ်ယောက်အား မြင်လိုက်ရ၏။ ထိုကောင်လေးက မဟာမိုးကြိုးတိမ်တိုက်ငါးခုမှ မိုးကြိုးများကို စိတ်တိုင်းကျ ပစ်ချခွင့်ပေးထားပြီး ကပ်ဘေးနတ်ဘုရားအား ကုပ်ကပ်ထားသည်။ မိုးကြိုးများမှာ သူ့ကို လွင့်ထွက်သွားအောင် မလုပ်နိုင်ပေ။

တိရီယွဲ့ ဇဝေဇဝါ ဖြစ်သွားကာ တန်ခိုးရှင်သစ်ခုတ်သမားဆီသို့ လှည့်ကြည့်လိုက်သည်။ သူမက မေးလိုက်၏။ “ဒါက ခိုင်ဧကရာဇ်ရဲ့ သွေးသား၊ ရှင့်တပည့်ဆိုတာလား”

သစ်ခုတ်သမားက မျက်နှာအမူအရာတစ်ချက် မပြောင်းဘဲ ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး... ဒီလူငယ်က ဘယ်သူလဲ ကျုပ် မသိဘူး... ကောင်းကင်နတ်မင်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်ဆီ သွားပြီး ဧကရာဇ်ယန်ဖုန်းနဲ့ အရင်တွေ့ကြရအောင်”

All Chapters