← Chapters

သဘောကောင်းသော အဘိုးအိုနှင့် မိစ္ဆာနတ်ဆိုးလေး

Vol. 53 Ch. 712

သဘောကောင်းသော အဘိုးအိုနှင့် မိစ္ဆာနတ်ဆိုးလေး

Vol. 53 Ch. 712

ချင်မူက တိရီယွဲ့၏ ဒဏ်ရာအား ကုသပေးနိုင်သည်သာမက ဦးနှောက်ကိုလည်း မထိခိုက်စေမည့် ဖန်ဆင်းကောင်းကင်နတ်သိုင်းတစ်ခု တီထွင်ရန် တွက်ချက်နေသည်။

ထိုအချိန်တွင် တန်ခိုးရှင်သစ်ခုတ်သမားသည် မာန်ဟုန်မြစ်တက္ကသိုလ်၏ နက္ခတ်ကြည့်မျှော်စင်ဆီသို့ လမ်းလျှောက်သွားပြီး ဝိညာဉ်လမ်းညွှန် ထုတ်လွှတ်ရန် ပြင်ဆင်၏။ လီကျိုးပြည်နယ်ရှိ လူအားလုံး၏ ဝိညာဉ်တို့အား သူ ပြန်ခေါ်ပေးချင်သည်။ “လီကျိုးက လူတွေရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ် ကွဲကွာနေတာ ကြာလွန်းသွားရင် ခန္ဓာကိုယ်ပုပ်ကုန်လိမ့်မယ်... ငါ သူတို့ဝိညာဉ်တွေနဲ့ မူလဝိညာဉ်ကို ပြန်ခေါ်ပေးရမယ်”

ပထမလူသားဧကရာဇ်မှာ စိုးရိမ်နေသောအမူအရာဖြင့် သတိပေးသည်။ “ယိုတုက ဝိညာဉ်တွေပြန်ခေါ်ပြီး သေလူတွေကို အသက်ပြန်သွင်းလိုက်ရင် ကျုပ်တို့ သက်တမ်းလျော့သွားလိမ့်မယ်... ကောင်းကင်ဆရာသခင်က သက်တော်ရှည် နတ်ဘုရားတစ်ပါးဆိုပေမယ့် မရဏတမန်တော် ဒေါသထွက်သွားရင် ကောင်းကင်ဆရာသခင်ရဲ့ ဝိညာဉ်ကို ခေါ်သွားနိုင်တယ်... ထွက်မပြေးရင် ယိုတုမှာ ငရဲခံပြီး မြေအောက်ဘုံအရှင်သခင် စားတာတောင် ခံရလောက်တယ်... ထွက်ပြေးရင်လည်း သေသွားတာနဲ့ ယိုတုမှာ ငရဲသွားခံရမှာပဲ... လီကျိုးက ကြီးလွန်းတယ် ကောင်းကင်ဆရာသခင်... ဒီလောက်လူတွေ အများကြီးကို အသက်ပြန်သွင်းလိုက်ရင် ပြစ်မှုက ပိုပြီးကြီးလေးသွားလိမ့်မယ်”

တန်ခိုးရှင်သစ်ခုတ်သမား ပြောလိုက်သည်။ “ငါ့အစီအစဉ်က လီကျိုးက လူတွေကို တည်ကြက်ထားပြီး လော့ယွင်ချွီတို့ ထွက်လာအောင် လုပ်ခဲ့တယ်... အဲဒီနောက် ချင်မူ့ကို အသုံးချပြီး ကောင်းကင်ယင်သားတော်ကို မျှားထုတ်ခဲ့တယ်... ငါ့ကြောင့် သူတို့တွေ အသက်ဆုံးရှုံးခဲ့ရတာ မဟုတ်ပေလား... ဒီကိစ္စအတွက် ငါ့မှာ တာဝန်ရှိတယ်... ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက်နဲ့ သူတို့ကို မကယ်ဘဲ ဘယ်နေသင့်မလဲ.... ငါသေမှပဲ ဆက်ပြောကြတာပေါ့”

သူသည်လည်း ယိုတုဘာသာစကားနှင့် ယိုတုမှော်အစီအရင်များကို လေ့လာဖူးသဖြင့် ဝိညာဉ်လမ်းညွှန် ထုတ်လွှတ်ရန် သိပ်မခက်ပေ။

ယိုတုစကားသံ သူ့နှုတ်မှ ထွက်လာသည့်အခါ မုခ်ဝတစ်ခုသည် ဗလာဟင်းလင်းပြင်၌ တဖြည်းဖြည်း အသွင်ဖွဲ့တည်လာ၏။

တန်ခိုးရှင်သစ်ခုတ်သမားမှာ ချင်မူ့လို ကောင်းကင်အလိုတော်မုခ်ဝ မဖန်တီးနိုင်သလို၊ နတ်သက်ခြွေမုခ်ဝကဲ့သို့ ကောင်းကင်နတ်သိုင်းမျိုးကိုလည်း မကျင့်ကြံထားပေ။ သို့သော် သူ့တွင် တခြားနည်းလမ်းများ ရှိ၍ သင်္ကေတအမှတ်အသားများ အသုံးချကာ ယိုတုနှင့် ဆက်သွယ်နေသော တခြားမုခ်ဝတစ်ခု တည်ဆောက်နိုင်သည်။

ဝိညာဉ်လမ်းညွှန် ထုတ်လွှတ်ရန် တန်ခိုးရှင်သစ်ခုတ်သမားအတွက် မှော်စွမ်းအင်ပိုမိုအသုံးပြု၍ အားစိုက်ထည့်ရသော်လည်း သက်ရောက်မှုက အတူတူပင် ဖြစ်၏။

သူက နက္ခတ်ကြည့်မျှော်စင်ထက်တွင် ရပ်နေပြီး ယိုတုမိစ္ဆာနတ်ဆိုးချီများက သူ့အ‌နောက်၌ အလိပ်လိပ် ထနေသည်။ အမှောင်ထုသည် ပိုမိုသိပ်သည်းထူထပ်လာသဖြင့် နေရောင်မှာ စူးရှတောက်ပနေသော်လည်း ယိုတုမိစ္ဆာနတ်ဆိုးချီ၏ ကျူးကျော်လာမှုအား မတိုးပေါက်နိုင်တော့ပေ။

မိစ္ဆာနတ်ဆိုးချီများအတွင်း၌ မုခ်ဝတစ်ခုက ထူမတ်နေပြီး ဝိညာဉ်များက အရပ်လေးမျက်နှာသို့ အဆက်မပြတ် ပျံထွက်နေသည်။ သက်ဆိုင်ရာရုပ်ခန္ဓာကို တွေ့သည်နှင့် ဝိညာဉ်တို့သည် တမုဟုတ်ချင်း ဝင်လိုက်ကြပြီး တခဏကြာသော် ခန္ဓာကိုယ်ပိုင်ရှင်များ တဖြည်းဖြည်း ပြန်နိုးလာ၏။

တန်ခိုးရှင်သစ်ခုတ်သမား မှော်အစီအရင် ရွတ်ဖတ်နေသည်နှင့်အမျှ ယိုတုမိစ္ဆာချီ လွှမ်းခြုံနေသော ဧရိယာက ကျယ်ဝန်းသထက် ကျယ်ဝန်းလာသည်။ မိစ္ဆာနတ်ဆိုးချီများက မာန်ဟုန်မြစ်တက္ကသိုလ်အတွင်း ပျံ့နှံ့သွားပြီး မာန်ဟုန်မြစ်အထိ ဖုံးလွှမ်းကာ တိကျန်းစီရင်စုအထဲ ဝင်ရောက်သွားကြသည်။ ထို့နောက် တိကျန်းစီရင်စုမှတစ်ဆင့် ကျန်စီရင်စုများဆီသို့ ကူးစက်ပျံ့နှံ့သွားတော့သည်။

မုခ်ဝထဲမှ ထွက်လာသည့် ဝိညာဉ်များလည်း တစတစ များပြားလာသလို၊ လူပေါင်းများစွာ ရှင်သန်နိုးထလာကြ၏။ ထိုအချိန်တွင် မှိန်ပျပျအလင်းရောင်က အမှောင်ထဲ၌ ပေါ်လာပြီး စက္ကူလှေလေးတစ်စင်းသည် အမှောင်ထုထဲမှ မျောလွင့်လာ၏။

“မရဏတမန်တော် ရောက်လာပြီ... သူ ငါ့ဝိညာဉ်ကို လာယူတာ ဖြစ်လောက်တယ်”

တန်ခိုးရှင်သစ်ခုတ်သမား ဝမ်းနည်းသွားသော်လည်း သူ့မျက်နှာမှာမူ တည်ငြိမ်နေ၏။ သူက သူ့ဘာသာသူ တွေးနေသည်။ ‘ငါ့ကြောင့် ဘယ်သူမှ မထိခိုက်သရွေ့ ရပါတယ်လေ... လီကျိုးပြည်နယ်က လူတွေရဲ့ အသက်နဲ့ ငါ့အသက်ကို လဲရတာက တန်ပါတယ်... ဒါ့အပြင် ကောင်းကင်ယင်သားတော်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး တိရီယွဲ့ကိုလည်း ကယ်တင်ပြီးပြီ... သဘာဝကပ်ဘေးတွေကိုလည်း တားနိုင်ခဲ့ပြီ.... သေရလည်း တန်ပါတယ်.... ငါ့မှာ တပည့်သုံးယောက်လည်း ရှိနေပြီ.... သုံးယောက်လုံးကလည်း အားကိုးရတယ်... ငါ မရှိဘဲ သူတို့ ရှေ့ဆက်လျှောက်နိုင်ပါတယ်’

သူ့ရင်ထဲရှိ ဝမ်းနည်းစိတ် ပျောက်ကွယ်သွားပြီး သူ၏ကံကြမ္မာကို လက်ခံကာ စောင့်နေလိုက်၏။

လှေလေးက အမှောင်ထုကို ဖြတ်၍ မုခ်ဝတွင် ရပ်လိုက်သည်။ လှေပေါ်ရှိ အဘိုးအိုက မတ်တပ်ထရပ်ပြီး မီးအိမ်ကို ဖြုတ်ကာ တန်ခိုးရှင်သစ်ခုတ်သမားအား ကြည့်လေသည်။

မီးအိမ်မှ အလင်းရောင်ကြောင့် တန်ခိုးရှင်သစ်ခုတ်သမား၏ မူလဝိညာဉ်မှာ မငြိမ်မသက်ဖြစ်လာသော်လည်း သူက ယိုတုစကားကို ရွတ်ဖတ်နေဆဲဖြစ်သည်။ မရဏတမန်တော် သူ့ဝိညာဉ်ကို ခေါ်မသွားခင် လီကျိုးပြည်နယ်၌ အပြစ်မဲ့စွာ သေဆုံးခဲ့ရသော လူအားလုံး၏ ဝိညာဉ်များအား ဆင့်ခေါ်နိုင်ရန် သူ မျှော်လင့်နေမိသည်။ သတိလွတ်မသွားရဲပေ။

လှေလေးက မုခ်ဝအပြင် ထွက်လာပြီး မရဏတမန်တော်သည် သက်ရှိကမ္ဘာထဲ ဝင်လာ၏။ တန်ခိုးရှင်သစ်ခုတ်သမား အံ့အားသင့်သွားကာ အစီအရင်ရွတ်ဖတ်နေသည်ကို တခဏ ရပ်လိုက်သည်။ “တျန်းချိကျွင်းအရာရှိမင်း၊ ကျုပ်ကို အချိန်နည်းနည်းလောက် ထပ်ပေးလို့ရမလား”

မရဏတမန်တော် တစ်ခုခုပြောတော့မည့်အချိန် ချင်မူက တံခါးထဲမှ ခေါင်းပြူထွက်လာပြီး သူ့ကို မြင်လျှင် ဝမ်းသာသွားလေသည်။ “အရာရှိမင်းကြီး ရောက်နေတာလား”

မရဏတမန်တော် မျက်နှာမည်းမှောင်သွားပြီး သူက ပြောလိုက်သည်။ “ဝိညာဉ်ဆင့်ခေါ်နေတာ မင်း ထင်လို့ ငါကိုယ်တိုင် လာကြည့်တာ... လက်စသတ်တော့ မင်းမဟုတ်ဘူးကိုး... ဘယ်ကောင် ဝိညာဉ်ဆင့်ခေါ်ရဲတဲ့အထိ သတ္တိကောင်းနေတာလဲ ကြည့်ရသေးတာပေါ့... ဒီနှစ်ရက်အတွင်း လူတော်တော်များများ ဝိညာဉ်တွေ ဆင့်ခေါ်နေလို့ ယိုတုတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်နေတယ်... ယမမင်းလည်း စိတ်မကြည်ဘူး”

ချင်မူက ပြုံးဖြဲဖြဲဖြင့် ပြော၏။ “အရာရှိမင်းကြီး၊ ဗွေမယူပါနဲ့ဗျ... ကျွန်‌တော်က ဒီဝိညာဉ်တွေကို ဆင့်ခေါ်ခိုင်းလိုက်တဲ့သူပါ.... အရာရှိမင်းကြီး သူတို့ကို ဘာမှမလုပ်ပါဘူး ဟုတ်တယ်မလား”

မရဏတမန်တော်က မျက်နှာကြီးရှုံ့မဲ့သွားကာ နှာခေါင်းရှုံ့သည်။

ချင်မူ အလျင်အမြန် ပြောလိုက်မိသည်။ “ဒီတစ်ခေါက် ဝိညာဉ်ဆင့်ခေါ်နေတဲ့လူက ကျွန်တော့်ဆရာပါ... ကျွန်တော်က လောလောဆယ် အလုပ်များနေလို့ သူ တာဝန်ယူပေးထားတာပါဗျ... သူက ဘာမှသိတာမဟုတ်ဘူး လျှောက်ရွတ်နေတာ... သူ့ကြောင့် အရာရှိမင်းကြီး ထိတ်လန့်သွားရင် ခွင့်လွှတ်ပေးလိုက်ပါ... ကျွန်တော်ကိုယ်တိုင်ပဲ ဝိညာဉ်ဆင့်ခေါ်လိုက်ရမလား”

မရဏတမန်တော်က တခဏလေးနက်သွားပြီး ဘုဆတ်ဆတ် ပြန်ပြောသည်။ “မလိုဘူး.. မင်းရဲ့အတားအဆီးအစီအရင်က ခိုင်မာ‌ပေမယ့် သတိထားတာ မမှားဘူး... မင်းဆင့်‌ခေါ်လိုက်မှ မင့်အစ်ကိုကြီး ဝိညာဉ်တွေ စားပစ်နေဦးမယ်”

ချင်မူ ပြုံးလိုက်သည်။ “မပူပါနဲ့ အရာရှိမင်းကြီးကလည်း.... ကျွန်တော့်နဖူးပေါ်က မိုးမခသစ်ရွက်က ဘယ်လောက်ခွာခွာ မကွာနိုင်ဘူး... အစ်ကိုကြီး ထွက်မပြေးနိုင်ဘူး စိတ်ချ”

မရဏတမန်တော်၏မျက်နှာ ပျော့ပျောင်းသွားပြီး သူက သတိပေးသည်။ “မခွာရင် အကောင်းဆုံးပဲ... မင့်အစ်ကိုကြီး ထွက်လာရင် မြေအောက်ဘုံအရှင်သခင်က မင်းရဲ့ ချီးထုပ်ကို လိုက်ရှင်းနေရဦးမယ်... ဒီဝိညာဉ်ဆင့်ခေါ်တဲ့ကိစ္စကို ငါ မစစ်ဆေးတော့ဘူး.... ယိုတုမှာ စည်းမျဉ်းတစ်ခု ချထားတယ်... သေဆုံးသူတစ်ယောက်ကို ခုနစ်ရက်အတွင်း သေလူလို့ မသတ်မှတ်ထားတော့ဘူး၊ အသက်ပြန်ရှင်ခွင့် ရှိသေးတယ်... ဒါပေမဲ့ မင်းကို ကြောက်လို့ စည်းကမ်းထုတ်ပြန်လိုက်တာ မဟုတ်ဘူးနော်... မင်းကို မျက်နှာသာပေးနေတာလည်း မဟုတ်ဘူး... အဲဒီလိုစည်းမျဉ်းမျိုး တကယ်ရှိတယ်.... ဂရုစိုက်”

ချင်မူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဂရုစိုက်ပါဗျ”

မရဏတမန်တော်သည် လှေလေးကို ယိုတုဆီ ပြန်လှည့်လိုက်ပြီး အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

ချင်မူကလည်း တံခါးနောက် ပြန်ဝင်သွားရာ တန်ခိုးရှင်သစ်ခုတ်သမားသာ နက္ခတ်ကြည့်မျှော်စင်ထက်တွင် အကြောင်သား ကျန်ခဲ့သည်။ အတန်ကြာသည်အထိ သူ စိတ်နှင့်ကိုယ် ပြန်မကပ်သေးပေ။

“တာအိုနောင်တော်... ခင်ဗျားမှာ ဒီလောက်ထူးချွန်တဲ့ တပည့်တစ်ယောက် ရှိနေတာ ကျုပ် အမှန်တကယ် အားကျမိပါတယ်... ယိုတုထဲမှာတောင် သူက မျက်နှာသာပေးခံရတယ်”

ဖုရွေ့လော်မှာ သက်ပြင်းချရင်း မနာလိုဖြစ်နေ၏။ “သူ့ကို ဒီလောက်တော်အောင် ဘယ်လိုမျိုး အရောင်တင်ပေးခဲ့တာလဲ... ကျုပ်ကိုလည်း သင်ပေးလို့ရမလား”

နတ်ဘုရားချိရှီလည်း ဘေးမှ ခိုးနားထောင်နေပြီး စကားတစ်လုံးမှ အလွတ်မခံရဲ‌ပေ။

တန်ခိုးရှင်သစ်ခုတ်သမား ပါးစပ်ဟလိုက်သည်။ “ငါ...” သို့သော် သူ့တွင် ဆက်ပြောစရာစကားမရှိ။

‘ဒီလူက သူတော်စင်တန်ခိုးရှင် ဆိုပြီး ငါတို့ကို လျှိုထားသေးတယ်’ ချိရှီ ဒေါသတလိပ်လိပ် ထွက်နေသည်။

တန်ခိုးရှင်သစ်ခုတ်သမားကို အစကတည်းက သူ အမြင်မကြည်ရာ ယခုတွင် ပို၍ပင် ဆိုးသွားတော့သည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ မရှင်းပြတတ်၍ ဝိညာဉ်များသာ ဆက်လက်ဆင့်ခေါ်လိုက်သည်။ သူလည်း သူ့ဘာသာသူ တွေးနေမိသည်။ ‘ငါ သူ့ကို ဘာသင်ပေးခဲ့မိတာလဲ... ငါကိုယ်တိုင်တောင် ဘာလို့မသိလိုက်တာလဲ”

ချင်မူ တိရီယွဲ့ဆီ ပြန်ရောက်သည့်အခါ တိရီယွဲ့က သူ့ကို စပ်စုသလို ကြည့်သည်။ သူမက ခပ်တိုးတိုး မေးလိုက်သည်။ “တျန်းချိကျွင်းအရာရှိမင်းနဲ့ သိတာလား”

ချင်မူက သင်္ကေတအမှတ်အသားများ ရေးဆွဲရာတွင် အာရုံရောက်နေ၍ ခေါင်းပင်မမော့ပေ။ “သိတယ်... ကျွန်တော်တို့ ခဏခဏ တွေ့ဖူးတယ်လေ... သူက သိပ်စကားပြောကောင်းတဲ့ အဘိုးကြီးတစ်ယောက်ပါ”

တိရီယွဲ့၏မျက်ဝန်းလေးများ ဝိုင်းစက်သွားပြီး ရယ်မလား၊ ငိုရမလား သိတော့ပေ။ “စကားပြောကောင်းတဲ့ အဘိုးကြီးဟုတ်လား... တျန်းချိကျွင်းအရာရှိမင်းက ယိုတုမှာ နံပါတ်နှစ်ပုဂ္ဂိုလ်မှန်း မောင်လေး မသိဘူးလား... သူ့အပေါ်မှာ မြေအောက်ဘုံအရှင်သခင်ပဲ ရှိတော့တယ်... ယိုတုစည်းမျဉ်းတွေကို ထိပါးတာနဲ့ သူက ကမ္ဘာတစ်ခုလုံး ဖျက်စီးရလည်း ရပ်မယ့်လူ မဟုတ်ဘူး”

ချင်မူက ပြန်လည်ရေးဆွဲထား‌သော သင်္ကေတအမှတ်အသားများကို ထုတ်၍ စမ်းကြည့်သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “အဲဒါတွေက ကောလဟလတွေပဲ ဖြစ်မှာပါ... အရာရှိမင်းက တကယ်တော့ သဘောကောင်းတဲ့ အဘိုးကြီးဗျ... တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖူးဘူး... မမကြီး၊ မလှုပ်နဲ့.... ကျွန်တော် အစီအရင်တစ်ခုနဲ့ မမကြီးရဲ့ ဒဏ်ရာကို ကုပေးမလို့”

တိရီယွဲ့က မတ်မတ်ရပ်ကာ မလှုပ်တော့ပေ။

ချင်မူမှာ ကုသချင်သော်လည်း အဆင်မပြေဖြစ်နေ၍ ပြောလိုက်ရသည်။ “မမကြီး၊ မမကြီးက အရပ်ရှည်လွန်းတယ်... ကျွန်တော် မှီအောင် လှဲပေးလို့ရမလား”

တိရီယွဲ့ သူပြောသလို လေထဲ၌ လှဲချလိုက်သည်။ သူမသည် မြေပြင်မှ ငါးပေကွာနေသေး၏။

သူမ၏ ရှည်လျားလှပသော ဆံချည်မျှင်များက ရေတံခွန်သဖွယ် ပြေကျနေကာ လှိုင်းငယ်လေးများ လိမ့်ဆင်းနေသကဲ့သို့ တအိအိလှုပ်ရှားနေသည်။ သူမကိုယ်ပေါ်ရှိ အနက်ရောင်အဝတ်အစားများကလည်း အိစက်စက်ပိုးသားသဖွယ် လျော့တိလျော့ရဲ ကျနေသည်။ ချင်မူ သူမရင်ဘတ်ဆီသို့ တစ်ချက်ကြည့်လိုက်သည့်အခါ လဲလျက်အနေအထားမှာပင် သူမ၏ရင်သားများက ဖောင်းကြွပြည့်ဖြိုးနေသေးကြောင်း မြင်လိုက်ရ၏။ သူ သူ့ဘာသာ တွေးလိုက်မိသည်။ ‘မမကြီးက တကယ်လှတာပဲ’

ရိုးသားဖြူစင်သော နွားကျောင်းသားလေးသည် မျက်နှာကိုလည်း ကြည့်တတ်သည့်တိုင် ဒုက္ခတိဘိုးဘွားကျေးရွာမှ အဘိုးအဘွားတို့က မျက်နှာကိုသာ မကြည့်ဘဲ ရင်သားကိုလည်း ကြည့်သင့်ကြောင်း သူ ငယ်ငယ်ကတည်းက သင်ပေးထားကြ၏။

ဒုက္ခိတဘိုးဘွားတို့၏ စံနှုန်းအရ ရင်သားကြီးကြီး မိန်းကလေးများက မိန်းမလှလေးများဖြစ်ကြသည်။

ချင်မူ မှော်သင်္ကေတများကို ထုတ်လွှတ်ကာ သူ့စိတ်သူ ထိန်းလိုက်သည်။ တိရီယွဲ့၏ ခေါင်းပေါ်ရှိ ဒဏ်ရာကို ကုသရန် သင်္ကေတအမှတ်အသားများစွာ မလိုအပ်ပေ။ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် အန္တရဝသိုင်းနတ်ဘုရားကျမ်းစာဆီမှ ဖန်ဆင်းသင်္ကေတများကို သူမနဖူးနှင့် ဦးနှောက်ဆီ ပို့လွှတ်ပေးလိုက်ရန်သာ လိုအပ်သည်။ သို့သော် အရေးကြီးဆုံးအချက်က ကျန်ဦးနှောက်တစ်သျှူးများကို မည်ကဲ့သို့ ပြန်လည်တည်‌ဆောက်ပေးရမည်နည်း။

ချင်မူ အကြာကြီး တွက်ချက်နေရသည်မှာ ထိုအချက်ကြောင့် ဖြစ်သည်။

ထို့အပြင် ဖန်ဆင်းသင်္ကေတတချို့ကို ပြုပြင်ပြီး ပြန်အစီအစဉ် ချပေးရန်လည်း လိုအပ်သည်။ သူ့အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်၍ ဂရုစိုက်ရလိမ့်မည်။

ဦးနှောက်သည် အလွန်နူးညံ့သော ဧရိယာမဟုတ်ပါ၏လော။

ထိုမျှသာမက တိရီယွဲ့တွင် ရုပ်ခန္ဓာဒဏ်ရာသာ ရှိခြင်းမဟုတ်၊ မူလဝိညာဉ်၌လည်း အပေါက်ပေါက်နေသည်။ ချင်မူ သင်္ကေတအမှတ်အသားများအား ပြန်လည်ရေးဆွဲခဲ့ရသည့် အကြောင်းရင်းမှာ သူမမူလဝိညာဉ်၏ ဒဏ်ရာကိုလည်း ကုသရန်အတွက် ဖြစ်သည်။

သူက အစီအရင်ကို သေသေချာချာ နေရာချပြီး တိရီယွဲ့၏ နောက်စေ့ရှိ ဦးနှောက်တစ်သျှူးများ တစတစ ပြန်ထွက်လာသည်ကို မြင်လိုက်ရသည်။ ပဲ့နေသောအပိုင်းများက အပေါက်၌ တဖြည်းဖြည်း ပြည့်လာချေပြီ။

ချင်မူ၏လှုပ်ရှားမှုတိုင်းက အလွန်ဂရုစိုက်နေသည်။ သူ၏သူငယ်အိမ်ထဲ၌ ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာကာ တိရီယွဲ့၏နဖူးရှိ အပေါက်ဆီသို့ စိုက်ကြည့်လိုက်၏။ သူက ဦးနှောက်တစ်သျှူးများ ထွက်လာနေမှုကို အသေးစိတ် ကြည့်ရှုနေသည်။

ထို့နောက် မှော်စွမ်းအင်ကို ပို၍ပင်အနုစိတ်သော သင်္ကေတအမှတ်အသားများအဖြစ် ဖွဲ့တည်လိုက်၏။ ဦးနှောက်တစ်သျှူးများ အပြည့်အစုံ ထွက်လာသည့်အခါ သူက အရိုးနုများ ထွက်လာစေရန် သင်္ကေတအမှတ်အသားများကို ဂရုတစိုက် ပြောင်းလဲလိုက်သည်။

အရိုး ထွက်လာသည့်အခါ ချင်မူက သင်္ကေတအမှတ်အသားများကို ပြောင်းလဲလိုက်ပြန်သည်။ ဤတစ်ခေါက်က အရေပြားပြန်ဖြည့်ရန် ဖြစ်သည်။

“မူအာ၊ ငါတို့ ဆေးဆရာတွေတော့ အလုပ်ရှားတော့မှာပဲ” ဆေးဆရာ၏အသံ ထွက်လာသည်။

ချင်မူ၏နောက်ဆုံး သင်္ကေတအမှတ်အသားသည် လင်းခနဲ လက်ကာ ပျောက်ကွယ်သွား၏။ တိရီယွဲ့ သူ့နဖူးသူ ထိကြည့်လိုက်သည့်အခါ အမှန်တကယ် အံ့အားသင့်သွားသည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မှော်ဝိဇ္ဇာကြီးကတော့ တကယ် ဖန်ဆင်းပညာရှင်ပါပဲ”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မမကြီး ဟိုဘက်လှည့်ဦး... မမကြီးနောက်စေ့မှာ မကုရသေးတဲ့ အပေါက်တစ်ပေါက် ရှိသေးတယ်... ဖြည်းဖြည်းနော်... ဦးနှောက်စတွေ ထွက်သွားမယ်... ဘိုးဘိုးဆေးဆရာ၊ ဖန်ဆင်းပညာက ဆေးပညာကို အစားမထိုးနိုင်ပါဘူး... ဆေးဆရာတွေရဲ့ အလုပ်ကိုလည်း အစားမထိုးနိုင်ပါဘူး”

တိရီယွဲ့၏ နောက်စေ့ကို ကုသပြီးနောက် သူက ပြောသည်။ “ဖန်ဆင်းပညာက ကျွမ်းကျင်ဖို့ ခက်ခဲတဲ့ နယ်ပယ်တစ်ခုပါ.... ကျွန်တော့်အဆင့်အထိ ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး... ကျွန်တော့်လောက် ထက်မြက်တဲ့ အထုံပါရမီပါပြီး နှစ်ပေါင်းထောင်နဲ့ချီ တစိုက်မတ်မတ် ကျင့်ကြံရင်ကတော့ ဒီလိုလုပ်နိုင်လောက်တယ်”

အခြားသူများအနေဖြင့် ဖန်ဆင်းပညာ၏ ခက်ခဲမှုအတိုင်းအတာကို မသိသော်လည်း သူကတော့ ကောင်းကောင်းသိသည်။ သူ၏ကျွမ်းကျင်မှုမှာ ချိဧကရာဇ် အသိစိတ်အလျဉ်ကြောင့် ဖြစ်သည်။ ချိဧကရာဇ်၏ အသိစိတ်အလျဉ်ကို မရရှိခဲ့လျှင် လက်ရှိအဆင့်သို့ ရောက်ရန် မည်မျှကြာကြာ တွေးခေါ်သုံးသပ်ရမည်လဲ မပြောတတ်ပေ။

“ဒါ့အပြင် လူသားခန္ဓာက စနစ်တစ်ခု ဖွဲ့စည်းထားသလိုပဲ... နတ်ဘုရားခန္ဓာကတော့ ကမ္ဘာငယ်တစ်ခုနဲ့ တူတယ်... ဖန်ဆင်းပညာက ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်ပေမယ့် လူသားခန္ဓာဖွဲ့စည်းပုံနဲ့ နတ်ဘုရားခန္ဓာကမ္ဘာကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးဖို့ ဆေးပညာကို အားကိုးရတယ်”

ချင်မူက သင်္ကေတအမှတ်အသားများကို ဖယ်ရှား၍ မှန်လေးတစ်ချပ်အား တိရီယွဲ့ဆီ ပေးလိုက်သည်။ “မမကြီး တစ်ချက်လောက် ကြည့်ပါဦး အရင်တုန်းကနဲ့ တူရဲ့လား”

All Chapters