← Chapters

ကျွန်မက အပျိုစင်

Vol. 17 Ch. 230

ကျွန်မက အပျိုစင်

Vol. 17 Ch. 230

အသေအချာ စစ်ဆေးလိုက်ပြီးနောက် ယန်နှင့် ယင်နဂါးဝိညာဥ်များမှာ ရွှယ်ရီဖေး၏ ခန္ဓာကိုယ်ထဲတွင် တည်ငြိမ်စွာ ရှိနေကြောင်း ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ အကယ်၍ နဂါးသွေး နှလုံးသားကိုသာ ကျင့်ကြံမည် ဆိုပါက သူမမှာ သွေးမျိုးဆက် ကျင့်ကြံသူ တစ်ဦး ဖြစ်လာပေလိမ့်မည်။ နဂါးဝိညာဥ် နှစ်ခု အပြင် သူ၏ အကူအညီဖြင့် ဆိုပါက ရွှယ်ရီဖေးမှာ ယွမ်လုံရှီ ကဲ့သို့သော အောင်မြင်မှုများ ရရှိရန် သိပ်ခဲလိမ့်မည် မဟုတ်ချေ။

ထို့နောက်တွင် ဝေ့ဝူယင်က သွေးပန်းပဲဖို ဧကရာဇ်ဘက်သို့ လှည့်လိုက်၏။

“ရွှယ်ထျန်း...”

ဝေ့ဝူယင်၏ နာမည်တပ် ခေါ်ဆိုမှုကြောင့် ရွှယ်ထျန်းမှာ တုန်ခနဲ ဖြစ်သွားလေ၏။ လက်ထပ်ပွဲ ကျင်းပနေစဥ်တွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက သူ့အား သတ်ပစ်မည်ဟု ဝေ့ဝူယင်က သတိပေးခဲ့ဖူးသည်။ ထို့ကြောင့်ပင် လွန်ခဲ့သော သုံးလအတွင်း သူ အကောင်းဆုံး ကြိုးစားကာ လက်ထပ်ပွဲ အတွက် စီစဥ်ခဲ့ရသည်။ အမှားအယွင်း တစ်စုံတစ်ရာ ပါသွားမည်ကို စိုးရိမ်သဖြင့် သူ အိပ်ပင်လျှင် မအိပ်နိုင်ခဲ့။ သို့သော်လည်း ယခုတွင်မူ ယွမ်လုံရှီ၏ ရောက်ရှိလာမှုနှင့် အတူ လက်ထပ်ပွဲ တစ်ခုလုံးကား ကစဥ့်ကလျား အဆုံးသတ် သွားခဲ့ရပြီ ဖြစ်လေသည်။

“အ... အမိန့်ရှိပါ ကောင်းကင်ဧကရာဇ်ဝေ့...”

ရွှယ်ထျန်း၏ အသံက အနည်းငယ် တုန်ရီနေသည်။ ကြီးကျယ်မြင့်မြတ်သော သွေးပန်းပဲဖို ဧကရာဇ် တစ်ယောက်၏ ရာဇမာန် အားလုံးကား ထိုအခိုက်၌ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် အဂ္ဂိရတ် ပါရမီ၊ လက်ရှိ အဆင့်အတန်း၊ ကျောထောက်နောက်ခံတို့ကို ဖယ်ရှားလိုက်လျှင်ပင် ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် အင်အားက သူ့အား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် လုံလောက်သည်။ သို့ဖြစ်ရာ သူ မည်ကဲ့သို့ မကြောက်ပဲ နေနိုင်ပါမည်နည်း။

သို့သော်လည်း သူ ထင်မှတ်ထားသည်နှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ လေသံက ဖော်ရွေခြင်း၊ တောင်းပန်ခြင်းများနှင့် ပြည့်နှက်နေခဲ့လေသည်။

“ပထမဆုံး အနေနဲ့ ကျုပ်အတွက် စီစဥ်ပေးထားတဲ့ မင်္ဂလာပွဲမှာ အနိဋ္ဌာရုံတွေ ဖြစ်‌ပေါ်စေခဲ့တဲ့ အတွက် တောင်းပန်ပါရစေ... ဒုတိယ အနေနဲ့ ခင်ဗျား ပြင်ဆင်ပေးထားတာတွေကို ကျုပ် တကယ် သဘောကျ နှစ်ခြိုက် မိပါတယ်... အဲဒီ အတွက် တကယ် ကျေးဇူးတင်ပါတယ်... တတိယ အနေနဲ့ ကျုပ် ခင်ဗျားရဲ့ သမီးတော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်လို့ ကတိပေးပါတယ်”

“ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...”

ရွှယ်ထျန်းက အစာကောက်သည့် ကြက်တစ်ကောင် ကဲ့သို့ ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်၏။ သို့သော်လည်း သူ မသိလိုက်သည့် အရာကား ရွှယ်မျိုးနွယ် တစ်ခုလုံး သေဘေးမှ ကပ်သီလေး လွတ်ကင်းသွားခဲ့ခြင်းကိုပင်။

ဝေ့ဝူယင်၏ ပထမ အစီအစဥ်က မင်္ဂလာပွဲ နှောက်ယှက်ခံရမှုကို အကြောင်းပြကာ ရွှယ်မျိုးနွယ်ကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ ထို့နောက်တွင်မှ တစ်ဖက်လှည့် နည်းလမ်းဖြင့် သူ ချန်းရှောင်ဝေ့ကို ဧကရီ အဖြစ် တင်မြှောက်မည် ဖြစ်သည်။ သို့သော်လည်း သူ့အတွက်  ကြိုးကြိုးစားစား ဆောင်ရွက်နေသည့် ရွှယ်ထျန်းကို မြင်ပြီးနောက်တွင်မူ ဝေ့ဝူယင် ပထမ အစီအစဥ်များကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ဝေ့ဝူယင်က သတိလစ် မေ့မြောနေသည့် ရွှယ်ရီဖေးကို ညင်သာစွာ မ,လိုက်ရင်း ပခုံးထက်သို့ တင်လိုက်၏။ သူမ၏ ရှည်လျားသော ဆံနွယ်များနှင့် ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးက သူ့ပခုံးတစ်ဖက်သို့ လျောကျသွားသည်။ ထိုတော်ဝင် သမီးတော်ကား အသိစိတ် ကင်းမဲ့နေသည့် အခြေအနေတွင်ပင် မရေမတွက်နိုင်သော လူသား မိန်းမများစွာထက် သာလွန် လှပနေဆဲ ဖြစ်လေသည်။

ဝေ့ဝူယင် ထိုင်ရာမှ ထလိုက်ရင်း ရွှယ်ရီဖေး သူ့ပခုံးထက်တွင် သက်တောင့်သက်သာ ရှိနေ၊ မနေ သေချာအောင် စစ်ဆေးလိုက်သည်။ သေချာသွားသော အခါတွင်မှ  သူက ရွှယ်ထျန်းကို ဘက်သို့ နောက်တစ်ကြိမ် လှည့်လိုက်၏။

“ရွှယ်ထျန်း... ငါသုံးရက် အတွက် အနန္တဧကရာဇ်ဂိုဏ်းကို ပြန်တော့မယ်... ဒီအဖြစ်အပျက် အတွက် တောင်းပန်တဲ့ အနေနဲ့ရော ကျေးဇူးတင်တဲ့ အနေနဲ့ရော ခင်ဗျားကို ကျုပ်ရဲ့ ကောင်းကင်နန်းတော်ဆီ ဖိတ်ခေါ်တယ်”

အနည်းငယ် အံ့သြသွားသည့်တိုင် ဝေ့ဝူယင် နှုတ်မှထွက်သည့် စကားလုံးတိုင်းအား ငြင်းဆန်၍ မရနိုင်‌ကြောင်း ရွှယ်ထျန်း  သဘောပေါက်သည်။

“ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်ဝေ့...”

သူက ရိုကျိုးသော အမူအရာဖြင့် ညွှတ်လိုက်၏။ အကယ်၍ ရွှယ်ရီဖေးသာ ဝေ့ဝူယင်၏ တရားဝင် ဇနီးမယား တစ်ယောက် ဖြစ်လာပါက ထိုကဲ့သို့ ကျင့်ဝတ်များကို သူ လိုက်စရာ လိုတော့မည် မဟုတ်ချေ။ ယောက္ခမ တစ်ယောက် အနေဖြင့် သမက်ကို မည်သည့် အဆင့်အတန်းမှ ထည့်သွင်း စဥ်းစား စရာ မလိုပဲ ဆက်ဆံ နိုင်ပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင်မူ ထိုအရာက အိပ်မက် တစ်ခုမျှသာ ဖြစ်ပေသည်။

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ကောင်းတယ်.... ဒီနေ့က စလို့ ခင်ဗျား သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ပြန်မလာခင် အချိန်အထိ ချန်းရှောင်ဝေ့က သွေးပန်းပဲဖို ဧကရာဇ် အဖြစ် ဆောင်ရွက်လိမ့်မယ်”

စကားဆုံးသည်နှင့် သူက ကောင်းကင်ကို ခုန်တက်လိုက်သည်။ ထို့နောက်တွင် မည်သူ့ကိုမှ နှုတ်မဆက်ပဲ ပျံသန်းကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

" ... “

မရေမတွက်နိုင်သော လူများမှာ မိုးကုပ်စက်ဝိုင်း၌ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ဝေ့ဝူယင်ကို ကြည့်ကာ တိတ်ဆိတ်နေကြသည်။ ယနေ့၌ များစွာသော အဖြစ်အပျက်များမှာ မထင်မှတ်သော အလှည့်အပြောင်း များစွာဖြင့် ဖြစ်ပျက်သွားခဲ့သည်။ တစ်ဖက်သတ် မင်္ဂလာပွဲ အစ... ယွမ်လုံရှီ၏ သေဆုံးမှု အဆုံး အရာအားလုံးက ရင်ဖို လှိုက်မောဖွယ် အတိဖြင့် ပြီးစီးသွားခဲ့သည်။

ထို့အပြင်... ကောင်းကင်ဧကရာဇ်ဝေ့၏ နောက်ဆုံး စကားအရဆိုလျှင် ရွှယ်တိုင်းပြည်၏ ဧကရာဇ် ပလ္လင်ပင်လျှင် အပြောင်းအလဲ ဖြစ်သွားနိုင်ချေ ရှိသည်။ ရွှမ်ထျန်းသည် တရားဝင် ဧကရာဇ် ဖြစ်နေဆဲ ဖြစ်သည့်တိုင် အနန္တဧကရာဇ်ဂိုဏ်းသို့ လိုက်ပါသွားရမည် ဖြစ်သည်။ ချန်းရှောင်ဝေ့မှာ သူ၏ နေရာကို ဆက်ခံကာ ယာယီ ဧကရီ ဖြစ်လာပေလိမ့်မည်။ အနာဂတ်၌ ယာယီ ဧကရီမှ အစစ်အမှန် ဧကရီ ပင်လျှင် ဖြစ်လာနိုင်ချေ ရှိသည်။

အနန္တဧကရာဇ်ဂိုဏ်းကြီးသည် ဒေသခံ မဟုတ်သည့် ကြယ်တာရာ အမြုတေ အဆင့်သုံးနှင့် အထက် ပညာရှင်များကို သွေးပန်းပဲဖိုကုန်းမြေတိုက်ကြီးသို့ ဝင်ရောက်ရန် ခွင့်ပြုမထား‌ချေ။ ထို့ကြောင့်ပင် ဒေသခံများထဲမှ တစ်ယောက်မှာ ကြယ်တာရာ အမြုတေ အဆင့်သုံးကို တက်လှမ်းနိုင်သည်နှင့် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၌ ပြိုင်ဘက်ကင်း လာကြသည်။

အဂ္ဂိရတ် ဧကရာဇ်ဝေ့၏ အကူအညီဖြင့် ဆိုပါက ချန်းရှောင်ဝေ့မှာ ထိုအဆင့်ကို ရောက်ရှိရန် သိပ်ခက်ခဲတော့မည် မဟုတ်ချေ။ အနာဂတ်၌ ကြယ်တာရာ အမြုတေ အဆင့်လေးကိုပင် တက်ရောက်နိုင်ဖွယ် ရှိသည်။ သွေးပန်းပဲဖို ဧကရာဇ် နေရာကို မဲစနစ်ဖြင့် ရွေးချယ်သည် ဆိုသော်လည်း ကျင့်ကြံခြင်း အဆင့်က များစွာ အရေးပါသည်။ ပြည်သူများသည် များသောအားဖြင့် ကျင့်ကြံခြင်း အဆင့် မြင့်မားသူကိုသာ ယုံကြည်ကြလေ့ ရှိသည်။

မရေမတွက်နိုင်သော လူများမှာ ရွှမ်ထျန်းကို သနားစွာ လှမ်းကြည့်လိုက်မိ၏။ သို့သော်လည်း သူတို့ ထင်ထားသည်နှင့် ခြားနားစွာပင် ရွှယ်ထျန်း တစ်ယောက်မှာ ပျော်ရွှင်နေခဲ့သည်။ ဝေ့ဝူယင်သည် မထွက်ခွာခင် နတ်ဘုရား အာရုံနှင့် ဆက်သွယ်ကာ သူ့အတွက် အကောင်းဆုံးသော အရာများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်းနှင့် နောက်ထပ် ကျင့်ကြံခြင်း အဆင့်များကို တက်လှမ်းနိုင်ရန် ကူညီပေးမည် ဖြစ်ကြောင်း ပြောဆို ကတိပေးသွားခဲ့သည်။

ပြောရလျှင် သူ ကြယ်တာရာ အမြုတေ အဆင့်နှစ်၌ ပိတ်မိနေသည်က အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိုးတက်မှု တစ်ခုတစ်လေပင် မရှိတော့။ ထိုကဲ့သို့သော အခြေအနေဖြင့် ထီးနန်း စိုးစံရခြင်းက ဘာအဓိပ္ပာယ် ရှိသနည်း။

သို့သော်လည်း ယခုတွင်မူ သူ့အတွက် လမ်းစ တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ထိုလမ်းစက သူ့အား ဤရေအိုင်ငယ်လေးထဲမှ ဆွဲထုတ်ကာ ကြီးငယ် ခမ်းနားသည့် သမုဒ္ဒရာဆီ ပို့ဆောင် ပေးပေလိမ့််မည်။ ယခုကဲ့သို့ ချောမောလှပသည့် သမီးတစ်ယောက် ချီးမြှင့်ပေးခြင်း အတွက် ကောင်းကင်ကို ရွှယ်ထျန်း ကျေးဇူးတင်လိုက်မိ၏။

ဝမ်းသာ မျက်ရည်များကို သုတ်လိုက်ပြီးနောက် သူ ပြင်ဆင်စရာ ရှိသည်များကို စတင် ပြင်ဆင်လိုက်တော့သည်။ သူ့တွင် သုံးရက်သာလျှင် အချိန်ရှိပေသည်။

...

နောက်သုံးရက် အတွင်းမှာပင် ချန်းရှောင်ဝေ့သည် သွေးပန်းပဲဖို ယာယီ ဧကရီ၏ သြဇာအာဏာကို လွှဲပြောင်း ရယူခဲ့သည်။ ထိုဆုံးဖြတ်အား ကန့်ကွက်ရဲသူ တစ်ယောက်မျှ မရှိခဲ့။ ချန်းရှောင်ဝေ့သည် ဒေသခံ စစ်စစ် ဖြစ်သည်။ ပါရမီ မြင့်မားသူ ဖြစ်သည်။ ထို့အပြင် ဝေ့ဝူယင် ကဲ့သို့ ကောင်းကင်ဧကရာဇ် နောက်ခံကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရွှယ်တိုင်းပြည် တစ်ခုလုံးတွင် ယာယီ ဧကရီ နေရာကို ဆက်ခံရန် သူမထက် ပို၍ သင့်တော်သူ တစ်ယောက်မှ မရှိတော့ချေ။

...

သက်ကယ် တဲအိမ်တစ်ခုတွင် ကျောက်ခုတင် တစ်လုံးနှင့် ကုလားထိုင် တစ်ခုတို့ ရှိသည်။ ဝေ့ဝူယင်သည် ကုလားထိုင်၌ ထိုင်နေရာ ရွှယ်ရီဖေးမှာ ခုတင် အစွန်း၌ ခြေချကာ ထိုင်နေခဲ့၏။ သူမ၏ ဟေဇယ် မျက်လုံးများနှင့် သူ၏ ငွေရောင် မျက်လုံးများက တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကာ အမျိုးမျိုးသော ခံစားချက်များကို ဖလှယ်နေကြဟန် ရသည်။

အချိန်အတော်ကြာပြီးနောက် ရွှယ်ရီဖေးက မျက်လွှာကို ချလိုက်၏။ ထို့နောက်တွင် သူမက ဝေ့ဝူယင် သံသယ ဖြစ်နေမည်ကို စိုးရိမ်သည့် အလား မဝံ့မရဲ လေသံကလေးနှင့် ပြောလိုက်သည်။

“ကျွန်မက အပျိုစင် တစ်ယောက်ပါ...”

“ ... “

ဝေ့ဝူယင်မှာ တဒင်္ဂမျှ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ ထို့နောက်တွင် သူ သဘောပေါက်သွားကာ ရယ်မောလိုက်မိသည်။

“ငါသိပြီးသားပါ...”

သူသည် ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် သူမ၏ ခန္ဓာကိုယ် အတွင်း တည်ရှိနေသည့် မူလယင်များကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့က အသန့်စင်ဆုံး အလတ်ဆတ်ဆုံး အခြေအနေတွင် တည်ရှိနေရာ မည်သည့် ယောကျ်ားနှင့်မျှ ဆက်ယှက်မှု မပြုလုပ်ရသေးကြောင်း သိသာစေသည်။

ဝေ့ဝူယင်သည် မိန်းမ တစ်ယောက်၏ တန်ဖိုးကို အပျိုစစ်ခြင်း မစစ်ခြင်းနှင့် ဆုံးဖြတ်တတ်သည့် ယောက်ျားမျိုး မဟုတ်ပါချေ။  သို့သော်လည်း သူ ရွှယ်ရီဖေး၏ စိုးရိမ် ပူပန်မှုကို နားလည်ပါသည်။ သူနှင့် ယွမ်လုံရှီမှာ သာမန် မဟုတ်သော ဆက်ဆံရေး ရှိသူများ အဖြစ် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၌ ကျော်ကြားသည်။ ထိုစကားလုံးကို လူတိုင်း အဓိပ္ပာယ်ကောက် လွဲနိုင်သည်။ ရွှယ်ရီဖေးသည် အခြားလူများ မည်ကဲ့သို့ တွေးစေကာမူ ဝေ့ဝူယင် အထင်လွဲမည်ကို စိုးရိမ်သည်။ ထို့ကြောင့်ပင် အစောကတည်းက ရှင်းလင်းစွာ ပြောပြရန် သူမ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရွှယ်ရီဖေးက မျက်လုံးများကို ပင့်တင်ရင်း ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ဝတ်ရုံအောက်တွင်မူ သူမ၏ လက်ကလေးများက အနည်းငယ် တုန်ယင်နေသည်။ အဘယ်ကြောင့်မသိ... ဝေ့ဝူယင်နှင့် မျက်လုံးချင်း ဆုံတွေ့တိုင်း ရင်ခုန် စိတ်လှုပ်ရှားမှုကို သူမ ခံစားရသည်။

ဝေ့ဝူယင်က ကုထားထိုင်မှ ထကာ ခုတင်စွန်းတွင် သူမနှင့် ဘေးချင်းကပ် လိုက်သည်။ ထို့နောက် သူမ၏ အနည်းငယ် တုန်ရီနေသည့် လက်ကလေးများကို ဆုပ်ကိုင်လိုက်၏။

“မင်း စိတ်လှုပ်ရှားနေတာလား...”

“ကျွန်မ... ကျွန်မ... မဟုတ်...”

ရွှယ်ရီဖေး၏ မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ ပုံမှန်ဆိုလျှင် သူမသည် ရှက်တတ်သည့် မိန်းကလေးမျိုး မဟုတ်ချေ။ မ‌ရေမတွက်နိုင်သော လူများက သူမကို ဉာဏ်ကောင်းကာ မာယာများသည့် မြေခွေးမ တစ်ယောက် ဟုပင် ပြောဆိုကြသည်။ သို့သော်လည်း ဝေ့ဝူယင်နှင့် နှစ်ကိုယ်တည်း တည်ရှိနေသည့် အခိုက်အတန့်၌ သူမ၏ ထိုအရည်အချင်း အားလုံးမှာ ပျောက်ကွယ်သွားခဲ့ရလေပြီ ဖြစ်သည်။

“ငါတို့တွေ တရားဝင် နှုတ်မဆက်ရသေးဘူးနော်... ငါ့နာမည်က ဝေ့ဝူယင်ပါ”

ဝေ့ဝူယင်က စကားလမ်း‌ကြောင်း ပြောင်းလိုက်၏။ သူတို့ နှစ်ယောက် မျက်နှာချင်းဆိုင် ပထမဆုံး တွေ့ဆုံခဲ့သည်က မင်္ဂလာပွဲတွင် ဖြစ်သည်။ သို့သော်လည်း ထိုနေ့တွင် ယွမ်လုံရှီ၏ ရောက်ရှိလာမှုနှင့် အတူ သူတို့ မည်သည့် စကားမျှ များများစားစား မဆိုဖြစ်ခဲ့။ ထို့အပြင် လွန်ခဲ့သည့် သုံးရက်လုံးတွင်လည်း သူမမှာ မေ့မြောနေခဲ့သည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်မှာ တရားဝင် မိတ်မဆက်ရသေးဟု ဆိုနိုင်ပေသည်။

ရွှယ်ရီဖေးက ဝေ့ဝူယင်အား လှပသော ရွှန်းလဲ့သော ဟေဇယ် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ကျွန်မ နာမည်က ရွှယ်ရီဖေးပါ...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“ဒီနေ့ အနန္တဧကရာဇ်ဂိုဏ်းကို ငါပြန်တော့မယ်... မင်း ငါနဲ့ လိုက်ခဲ့မှာလား”

“အင်း...”

ရွှယ်ရီဖေးက တစ်ချက် မတုန့်ဆိုင်းပဲ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း စိတ်လှုပ်ရှားမှုလှိုင်း တစ်ခုက သူမ၏ နှလုံးသားကို တဒိတ်ဒိတ် ခုန်သွားစေ၏။

သူမသည် ဝေ့ဝူယင်၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင်  သာမန် ကိုယ်လုပ်တော်များ ကဲ့သို့ ထားရာနေ၊ စေရာသွား ဆက်ဆံခံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ခြားနားစွာပင် ဝေ့ဝူယင်က သူမအား ရွေးချယ်ခွင့် ပေးခဲ့သည်။ ထိုအရာက သူမတွင် လွတ်လပ်မှုများ ရှိနေသေးသည်ဟု ဆိုလိုပေသည်။

***

All Chapters