လီဆာရှောင်ပြေးပြီ
Vol. 9 Ch. 4
မြို့ကိုရှင်းလို့ပြီးလုပြီဖြစ်တဲ့အတွက် ဖရက်နဲ့ဆိုဖီယာတို့က ဘုရားကျောင်းထဲကနေ ထွက်လာကြပါတယ်။ စုဆောင်းနိုင်တဲ့ ဝိညာဥ်စွမ်းအားအကန့်အသတ်ကိုလည်း ပြည့်မီအောင်လုပ်နိုင်ခဲ့ပြီဖြစ်လို့ သူတို့ပြန်ရတော့မယ့်အချိန်ပါ။ ဒါပေမဲ့ ဖရက်နဲ့ဆိုဖီယာက ဘုရားကျောင်းထဲကနေ ထွက်ထွက်ချင်းမှာပဲ တစ်နေရာကို ကြည့်လိုက်တယ်။ သူတို့ဆီကို လူနှစ်ယောက် လမ်းလျှောက်လာနေတာကို မြင်နေရလို့ပါ။
"ငါ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ချင်တိုင်းသတ်ပြီး ဒီအတိုင်းထွက်သွားလို့ရမယ်ထင်နေလား။" တစ်ယောက်က မာဖီးယားလိုမျိုး အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ထားတဲ့ ဆယ်ကျော်သက်လူငယ်ဖြစ်ပြီး နားမှာငွေရောင်နားကပ်ကို တပ်ဆင်ထားတယ်။ ဖက်ရှင်ပုံစံက အရင်တွေ့နေကျနဲ့ သိပ်မတူတော့ပေမဲ့ ယင်ကောင်ဗိုလ်ချုပ်ပါ။
"မင်းတို့တွေက ငါ့ကိုအေးအေးဆေးဆေး သီချင်းနားထောင်လို့မရအောင် နှောင့်ယှက်နေတာပဲ။" လည်ပင်းမှာနားကြပ်ကို တင်ထားတဲ့ ပိုးဖလံဗိုလ်ချုပ်ကတော့ ဆိုဖီယာတို့ကို အငြိုးအတေးကြီးကြီးနဲ့ လက်ညိုးညွန်ပြပြီး ပြောလိုက်ပါတယ်။
ဖရက်ကတော့ သူတို့ကိုမထီမဲ့မြင်ပုံစံနဲ့ ကြည့်လိုက်ပြီးတော့ လက်ကိုလေထုထဲဆန့်ထုတ်လိုက်တယ်။ မိုးကောင်းကင်မှာ တိမ်ဆိုင်တိမ်ခဲတွေ စုစည်းလာပြီး ကောင်းကင်ပေါ်ကနေ မိုးကြိုးတစ်ချက်ပစ်ချလိုက်တယ်။ မိုးကြိုးလျှပ်စီးရဲ့အလင်းရောင်ရိုက်ခတ်မှုအောက်မှာ ဖရက်ရဲ့ပုံရိပ်က အလွန်သားနားနေပြီးတော့ သူ့ဆံပင်တွေက တိုက်လေကြောင့်လှုပ်ယမ်းနေတယ်။
"လူသားတွေကို လုပ်ချင်သလိုလုပ်ထားပြီး ဒီစကားကို ပြောရဲသေးတယ်ပေါ့လေ။" သူက သွားကြားထဲကနေ ထွက်လာတဲ့လေသံနဲ့ ယင်ကောင်ကိုပြောလိုက်ပြီး အရှိန်အဟုန်အပြည့်နဲ့ ပြေးတက်သွားတယ်။
ဆိုဖီယာကလည်း ပိုးဖလံကိုကြည့်လိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ တိုက်တာအဆောက်အဦးတွေအားလုံး ပြိုကွဲသွားပြီး ဧရာမကျောက်ဆိုင်ကျောက်ခဲဝဲဂယက်ကြီးအဖြစ် ပြောင်းလဲသွားတယ်။ ပိုးကောင်ဗိုလ်ချုပ်တွေရောက်လာပြီဖြစ်တဲ့အတွက် မတိုက်ဘဲဒီနေရာကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။
ဖရက်နဲ့ယင်ကောင်နှစ်ယောက်လုံးက အသံမြန်နှုန်းကို ချိုးဖောက်သွားတယ်။ ယင်ကောင်က ပိုမြန်ပေမဲ့ ဖရက်ရဲ့တုံ့ပြန်နိုင်စွမ်းကလည်း အရင်ကနဲ့ မတူတော့ဘူး။
ဘုန်း.....
ဖရက်ရဲ့မိုးကြိုးသွားဓားနဲ့ ပိုးကောင်တစ်ပိုင်းပုံစံယင်ကောင်တို့ရဲ့လက်က လေထုထဲမှာ ထိပ်တိုက်တွေ့ဆုံမိတယ်။ သူတို့နှစ်ယောက်ရဲ့တည်ရှိမှုနဲ့တင် အနားမှာရှိနေတဲ့လေထုတစ်ခုလုံး လေးပင်သွားပြီး ပြင်းထန်တဲ့ဖိအားတွေအောက်မှာ ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
ဝေါ့....
ယင်ကောင်က ခွန်အားပိုင်းမှာပိုသန်မာတဲ့အတွက် ဖရက် နောက်ကိုဆုတ်လိုက်ရပြီး သွေးတွေကိုပါးစပ်ထဲကနေ အန်ထုတ်လိုက်ရတယ်။ ဒါပေမဲ့ သူကတိုက်ပွဲကာလမှာ နည်းနည်းလေးမှ အာရုံမလွတ်ရဲဘူး။ ဖရက်က ယင်ကောင်ကိုလက်ညိုးညွန်ပြလိုက်ပြီး တိမ်ဆိုင်တိမ်ခဲတွေထဲမှာ နောက်ထပ်မိုးကြိုးဓားတွေကိုဖွဲ့စည်းလိုက်တယ်။ အသင်္ချေဓားများကခုန်ခြင်းလို့နာမည်ပေးခံထားတဲ့ [Ultimate Skill: Unlimited Blades Dancing]ကို အသင့်ပြင်ပြီးပါပြီ။
ဂျိန်း... ဂျိန်း... ဂျိန်း... ဂျိန်း....
မိုးကြိုးဓားသွားတွေတစ်ခုပြီးတစ်ခု ယင်ကောင်ဆီကို သွားရောက်ထိမှန်တယ်။ ပိုးကောင်အရေခွံနဲ့အလွန်အမင်းပူပြင်းတဲ့မိုးကြိုးထိတွေ့ရာကနေ မသတီစရာကောင်းတဲ့ ညှော်နံကြီးတစ်ခုထွက်လာတယ်။ ဖရက်က မိုးကြိုးဓားသွားတွေကုန်ခါနိးတော့ လက်ထဲမှာ မိုးကြိုးလေးကိုဖွဲ့စည်းလိုက်ပြီး လေးညို့ကို အားကုန်ဆွဲလိုက်တယ်။ မြင်ကွင်းရှင်းတာနဲ့ ယင်ကောင်ကို လေးနဲ့ပစ်ခွင်းဖို့ အသင့်ပါပဲ။
ခရက်....
ဆက်တိုက်ပစ်ချနေတဲ့ မိုးကြိုးတွေရပ်စဲသွားချိန်မှာ မီးခိုးငွေ့တွေက ဖြည်းဖြည်းချင်းကျဲပါးသွားတယ်။ ယင်ကောင်ရဲ့ခြေထောက်က မီးခိုးငွေ့တွေအပြင်ကို ခြေချလိုက်ပြီး မြေပြင်ကိုအက်ကွဲသွားစေတယ်။ သူ့ရဲ့သက်တံရောင်လက်နေတဲ့ အရေခွံတွေက အက်ကွဲနေပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး အချိန်မရွေးပြိုကွဲသွားတော့မလိုပဲ။
"မိစ္ဆာကောင်၊ သေလိုက်တော့။" ဖရက်က လေးကြိုးကို လွှတ်လိုက်တယ်။ မိုးကြိုးမြားက ယင်ရဲ့ရင်ဘတ်နားကို ချက်ချင်းရောက်သွားတယ်။ ဒါပေမဲ့မျက်တောင်တစ်ခတ်စာတောင် မရှိတဲ့အချိန်အတွင်းမှာပဲ ယင်ကောင်က သူ့လက်ကိုမြှောက်ပြီး မိုးကြိုးမြှားခေါင်းကို လက်ပြန်ရိုက်ချလိုက်တယ်။
ဒိန်း... ဝေါဝရော....
မိုးကြိုးမြားက ယင်ကောင်ရဲ့ရင်ဘတ်ကို ထိရမယ့်အစား လမ်းလွဲသွားပြီး နောက်က အထပ်မြင့်တိုက်တစ်ခုကိုပဲ ထိမှန်သွားတယ်။ အဲဒီအထပ်မြင့်တိုက်က တစ်စစီပြိုကွဲပျက်စီးသွားပြီး တကယ့်ပစ်မှတ်ရဲ့ထိခိုက်မှုဆိုလို့ ယင်ကောင်ရဲ့လက်မှာ အသားစတချို့လွတ်နေတာလောက်ပဲရှိတယ်။ ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒီဒဏ်ရာတွေပြန်ကောင်းသွားတယ်။
"ငါ့ရဲ့သေဆုံးသွားတဲ့ ရဲဘော်တွေအတွက် မင်းဘဝကို အဆုံးသတ်ပေးမယ်။" ယင်ကောင်က ဖရက်ကို လက်ညိုးနဲ့ညွန်ပြလိုက်တယ်။ သူ့ခန္ဓာကိုယ်ကလည်းအလျင်အမြန်ပြောင်းလဲနေတယ်။ ပိုးကောင်အရေခွံတွေပေါ်မှာ ထူးခြားတဲ့အစိမ်းရောင်လိုင်းတွေပေါ်လာပြီး ခမ်းနားပြီးကြောက်ဖို့ကောင်းတဲ့ အငွေ့အသက်တစ်ခုက တိုက်ပွဲမြေပြင်ကို ဖုံးလွှမ်းလာတယ်။
နောက်ဆုံးပြောင်းလဲမှုအနေနဲ့ ယင်ကောင်ရဲ့ပေါင်းစပ်မျက်လုံးတွေ အစိမ်းရောင်ဖြစ်သွားတာပဲ။
"ဟားဟား၊ ယင်ကောင်။ မင်းက ငါ့ထက်အရင် အဲဒီအခြေအနေကို ဝင်ရောက်သွားပြီပေါ့။ ဒါပေမဲ့ ငါမင်းကို မရှုံးသေးဘူးနော်။" တစ်ဖက်မှာ ဆိုဖီယာရဲ့စိတ်စွမ်းအင်အချုပ်အနှောင်တွေကနေ ရုန်းထွက်လာတဲ့ ပိုးဖလံကလည်း နတ်သူငယ်မလေးနဲ့အကွာအဝေးတစ်ခုခြားလိုက်ပြီး ယင်ကောင်ဘေးနားမှာသွားရပ်လိုက်တယ်။
"အဲဒီအစွမ်းရောင်တက်တူးလိုဟာတွေက ဘာထူးခြားလို့လဲ။" ဖရက်ကတော့ လေးကိုဓားနှစ်လက်အဖြစ်ပြောင်းလိုက်ပြီး အသင့်ရပ်စောင့်နေတယ်။ ဆိုဖီယာကတော့ ဖရက်ဘေးမှာဆင်းလိုက်ပြီး ရန်သူနှစ်ယောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပါတယ်။
"စီနီယာပိုးကောင်ဗိုလ်ချုပ်တွေရဲ့သင်္ကေတ။ ယင်ကောင်က အပြည့်အဝဖွံဖြိုးတဲ့အဆင့်ကို ကျော်လွန်သွားပြီး ပိုအားကောင်းတဲ့ ဆင့်ကဲပြောင်းလဲမှုအဆင့်ကို ဝင်ရောက်သွားတာ။" ဆိုဖီယာရှင်းပြနေချိန်မှာပဲ သူတို့ရှေ့ကယင်ကောင်ရဲ့အရွယ်အစားက ကြီးမားလာတယ်။ ဖရက်ကို ပိုးကောင်တစ်ပိုင်းပုံစံနဲ့တိုက်မယ့်အစား ယင်ကောင်က ပိုးကောင်ပုံစံအပြည့်နဲ့တိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။
ယင်မမဲရိုင်းကြီးရဲ့အရွယ်အစားက သိပ်ပြောင်းလဲမှုမရှိပေမဲ့ ခန္ဓာကိုယ်ပေါ်မှာအစိမ်းရောင်တက်တူးလိုမျိုးအရာတွေရှိနေတယ်။ နောက်တော့ ယင်ကောင်က သူ့အတောင်ပံတွေကို ဖြန့်လိုက်တယ်။
ကျွီ....
အတောင်ပံခတ်တဲ့အရှိန်က အသံမြန်နှုန်းထက်အဆများစွာမြန်နေပြီး သာမန်လူတွေ ဘယ်လိုမှနားမခံနိုင်တဲ့ နှုန်းလွန်အသံလှိုင်းတစ်ခုကိုထုတ်လွှင့်တယ်။
"အား...." ဖရက်ချက်ချင်းဒူးထောက်ကျသွားတယ်။ သူ့နားကိုလက်တွေနဲ့ဖုံးအုပ်ထားပေမဲ့ အလကားပါပဲ။နားထဲကနေ ချက်ချင်းဆိုသလို သွေးတွေစီးကျလာပြီ။ ဆိုဖီယာက ဖရက်ရှေ့ကိုတက်လာပြီး လက်ကိုဆန့်ထုတ်ကာ လက်ဝါးဖြန့်လိုက်တယ်။ စိတ်စွမ်းအင် အရံအတားတစ်ခုက သူ့ရှေ့မှာပေါ်လာပြီး အသံလှိုင်းကိုပိတ်ပင်လိုက်တယ်။ ဒီတော့မှ ဖရက်က သူ့နားကို ပိတ်ထားတဲ့လက်တွေကို ချလိုက်ပြီး ဆိုဖီယာကိုမော့ကြည့်ပါတယ်။
"ဒီအသံလှိုင်းက မင်းအပေါ်ကိုပါသက်ရောက်တာလား။" ဖရက်ရဲ့မျက်လုံးအိမ်တွေထဲမှာ မယုံနိုင်မှုကိုတွေ့နိုင်တယ်။ သူ့ရှေ့က ဆိုဖီယာရဲ့နားကနေလည်း သွေးတွေစီးကျနေလို့လေ။ ဆိုဖီယာက ခေါင်းညိတ်လိုက်ပြီးပြောလိုက်လေရဲ့။
"အခြေအနေမကောင်းဘူး၊ ဆုတ်ကြမယ်။"
"ဘယ်ကိုဆုတ်မှာလဲ။" ဆိုဖီယာစကားမဆုံးခင်မှာပဲ သူတို့နှစ်ယောက်ကြားထဲက စကားသံထွက်ပေါ်လာတယ်။ ယင်ကောင်က သူတို့နှစ်ယောက်ကြားထဲမှာရှိနေပြီး လက်တွေခြေတွေနဲ့တစ်ပြိုင်နက်တည်းတိုက်လိုက်တယ်။
ဝုန်း....
ဆိုဖီယာရောဖရက်ပါ တစ်ကွဲတပြားစီ လွင့်စင်သွားတယ်။ ဖရက်က မြေပြင်တစ်နေရာမှာ ဒူးထောက်နေရပြီး မယုံနိုင်စွာနဲ့ ယင်ကောင်ကြောင့် ပျက်စီးသွားတဲ့ သူ့ရဲ့စက်ရုပ်လက်အတုကို ဆုပ်ကိုင်ထားလိုက်တယ်။ မက်ဒါနာလုပ်ပေးထားတဲ့ စက်ရုပ်လက်က ရစရာမရှိလောက်အောင် ကြေမွနေပြီဖြစ်ပြီး ရှော့ဖြစ်နေတာကြောင့် မီးပွားတွေပွင့်ထွက်လို့နေပါတယ်။
"မဖြစ်နိုင်တာ၊ မင်းသမီးလေးဖန်တီးပေးထားတဲ့ လက်က။"
"သတိကပ်စမ်း။" ဆိုဖီယာက အော်ပြောလိုက်တယ်။သူ့တစ်ကိုယ်လုံးကို အစိမ်းရောင်စွမ်းအင်လှိုင်းတွေက ဖုံးအုပ်ထားပြီး သူနဲ့တစ်လက်မလောက်အကွာမှာတော့ ယင်ကောင်ရှိနေတယ်။ ယင်ကောင်ရဲ့လက်တံနဲ့ ဆိုဖီယာရဲ့မျက်နှာက လက်မအနည်းငယ်ပဲခြားပါတယ်။ ယင်ကောင်ရှေ့ဆက်လို့မရအောင် ဆိုဖီယာက စိတ်စွမ်းအင်နဲ့တားထားနိုင်လို့သာ ဆိုဖီယာအသက်ဆက်ရှိနေသေးတာပါ။
"ယင်ကောင်ငါလာကူပြီ။" ပိုးဖလံကလည်း ယင်ကောင်အချုပ်ခံထားရတာတွေ့တော့ သူ့ကိုယ်သူ ပိုးကောင်ပုံစံအပြည့်ပြောင်းလိုက်တယ်။ ပိုးဖလံရဲ့တောင်ပံက ကောင်းကင်တစ်ခုလုံးကိုဖုံးအုပ်သွားပြီး ဆိုဖီယာကိုဝင်တိုက်ဖို့လုပ်တယ်။
တစ်ပြိုင်နက်တည်းဆိုသလိုပဲ ဆိုဖီယာရဲ့နဖူးမှာရှိနေတဲ့ သလင်းကျောက်က ပိုပြီးတော့အက်ကွဲသွားခဲ့ပါပြီ။ သူက တီးတိုးရေရွတ်လိုက်တယ်။
"ကမ္ဘာလောကကြီး ငါ့အမိန့်ကိုနာခံ။" အနားမှာရှိနေတဲ့ တောင်တန်းတွေ၊ မြစ်ချောင်းတွေနဲ့သစ်တောတွေအားလုံး ဖရာလီတာရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီး နတ်သူငယ်မလေးရဲ့ကျောနောက်မှာ ဖယ်ရီတောင်ပံငယ်တစ်ခုပေါက်လာတယ်။ သူ့ခန္ဓာကိုယ်နားမှာတော့ ဓာတ်ကြီးငါးပါးကိုကိုယ်စားပြုတဲ့ စွမ်းအင်ဘောလုံးငါးခုက ပတ်ပျံနေတယ်။
မီးစွမ်းအင်လုံးက ဆိုဖီယာနဲ့ပထမဆုံးပေါင်းစပ်သွားပြီး သူ့လက်ထဲမှာ မီးတောက်တစ်ခုဖြစ်ပေါ်လာပြီး ပြေးဝင်လာနေတဲ့ ပိုးဖလံကိုချိန်လိုက်တယ်။
"သေစမ်း...." ပိုးဖလံမျက်လုံးပြူးသွားတယ်။ ဧရာမမီးတောက်ကြီးက သူ့ဆီတည့်တည့်ပြေးဝင်လာနေပါပြီ။
"ဂါး......" မီးကိုတိုးမိတဲ့ ပိုးဖလံက ချက်ချင်းပြန်ပြီးဆုတ်ဖို့ကြိုးစားပေမဲ့ နောက်ကျသွားပြီ။ သူ့တောင်ပံတွေကို မီးစွဲသွားပြီး မီးကိုငြှိမ်းသက်ဖို့ ပိုးကောင်ပုံစံကိုပယ်ဖျက်ကာ ပိုးကောင်တစ်ဝက်ပုံစံနဲ့ မြေမှာလူးလှိမ့်နေရတယ်။ တစ်ဖက်မှာတော့ ယင်ကောင်က အချုပ်အနှောင်ကနေ လွတ်လာပါပြီ။
"သေစမ်း...." ဆိုဖီယာက စိတ်အကာအရံကိုဖောက်ဝင်လာတဲ့ ယင်ကောင်ကို ထိန်းသိမ်းဖို့အတွက် ရွှေရောင်စွမ်းအင်လုံးနဲ့ပေါင်းစပ်ကာ ယင်ကောင်ရဲ့ခေါင်းကိုကန်လိုက်တယ်။
ဘောင်း....
ဆိုဖီယာရဲ့ခြေကန်ချက်ကြောင့် ယင်ကောင်လွင့်သွားပေမဲ့ ကြီးကြီးမားမားထိခိုက်မသွားသေးဘူး။ ဒါကြောင့်သူက ချက်ချင်းဆိုသလိုပဲ ရေ၊ လေနဲ့လျှပ်စီးတို့ကို ပေါင်းစပ်ကာ ဧရာမမိုးသက်မုန်တိုင်းကြီးကိုဆင့်ခေါ်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမုန်တိုင်းကြီးက အချင်းဒိုင်ယာမီတာဆယ်မိုင်နီးပါးရှိတဲ့ ဟာရီကိန်းအသေးစားတစ်ခုအဖြစ်ချက်ချင်းကြီးထွားလာပြီး
ယင်ကောင်နဲ့ပိုးဖလံက မုန်တိုင်းကြားမှာပိတ်မိသွားပြီ။ ဆိုဖီယာတို့ကတော့ မုန်တိုင်းရဲ့အလယ် မုန်တိုင်းမျက်လုံးထဲမှာရှိနေတယ်။
"ဒီမုန်တိုင်းက သူတို့ကိုခနပဲတားနိုင်မှာ။ ပြန်ဆုတ်ကြစို့။" ဆိုဖီယာက ဖရက်ကိုပြောလိုက်တယ်။ မကြာခင်မှာပဲ မုန်တိုင်းမျက်လုံးအလယ်မှာ ပေါ်တယ်တစ်ခုပွင့်လာပြီး ဖုတ်ကောင်ဇွန်ဘီလေးထွက်လာခဲ့ပါပြီ။ ဖရက်က အားနည်းနေပြီးလမ်းမလျှောက်နိုင်တော့တဲ့ ဆိုဖီယာကိုတွဲထူလိုက်တယ်။
"ဒီစွမ်းအားရဲ့ဒုတိယအကြိမ်ကို အလကားဖြုန်းတီးပစ်လိုက်မိပြီ။ ငါတော်တော်အသုံးမကျတာပဲ။" ဆိုဖီယာရဲ့ဒီအစွမ်းက စုစုပေါင်းသုံးကြိမ်ပဲသုံးနိုင်တာ။ ပြီးတော့ သူ့ဝိညာဥ်အပေါ် အများကြီးဆိုးကျိုးသက်ရောက်မှုရှိတယ်မဟုတ်လား။ လောလောဆယ် ဘာမှမလုပ်နိုင်တဲ့အတွက်ကြောင့် ဆိုဖီယာနဲ့ဖရက်က ပေါ်တယ်ထဲ ခြေလှမ်းဝင်လိုက်တော့တယ်။
....
"မမလေး၊ မမလေး။ ထပါတော့ရှင့်။ မနက်နေမြင့်နေပါပြီ။" အေမီရဲ့အသံကြောင့် မက်ဒါနာမျက်လုံးကိုဖွင့်ကြည့်တော့ အေမီက မက်ဒါနာကိုအပေါ်ကနေမိုးပြီး စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။
"အိုး၊ အေမီရေ။ မင်္ဂလာနံနက်ခင်းပါ။"
"ကျွန်မက မင်္ဂလာနေ့လယ်ခင်းပါလို့ ပြောရတော့မယ်တောင်မှတ်နေတာ၊ အိပ်ပုပ်မမလေးရဲ့။ ဆယ်နာရီထိုးတော့မယ်လေ။"
"အယ်၊ ငါအဲဒီလောက်အထိ အကြာကြီးအိပ်ပျော်သွားတာလား။"
မက်ဒါနာက မေးလိုက်တော့ အေမီက အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ မက်ဒါနာက မယုံသေးတဲ့အတွက် ဖုန်းကိုထုတ်ကြည့်တော့ တကယ်ပဲကိုးနာရီလေးဆယ့်ငါးဖြစ်နေပြီ။
"ခရီးပန်းသွားလို့ အကြာကြီးအိပ်ပျော်သွားတာနေမယ်။" မက်ဒါနာက ပြောလိုက်ပြီး ကပိုကရိုဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်တယ်။ အဲဲဒီနောက်တော့ အိပ်ရာထပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်ရပါတယ်။ သွားတိုက်၊ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးတဲ့နောက်တော့ မက်ဒါနာက အေမီနဲ့အတူ စားသောက်ဆိုင်ရှိတဲ့အောက်ထပ်ကို ဆင်းလာခဲ့တယ်။
မနက်စာစားချိန်ကျော်သွားလို့လားမသိပေမဲ့ ဆိုင်ထဲမှာ လူသိပ်မရှိဘဲ ရှင်းနေတယ်။ မနေ့ကတွေ့ခဲ့တဲ့ စားပွဲထိုးအစ်မကြီးတောင် ပျင်းပျင်းနဲ့တစ်နေရာမှာ ထိုင်လို့ရယ်။ သူတို့ထိုင်ခုံမှာဝင်ထိုင်မှ ဘာစားမလဲ လာမေးပါတယ်။
"ဒါနဲ့၊ အေမီရေ။ လီဆာကိုလည်း မတွေ့ပါလား။" လွတ်နေတဲ့ စားပွဲဝိုင်းမှာထိုင် စားစရာတချို့မှာပြီးတဲ့နောက်တော့ မက်ဒါနာက အေမီကိုမေးလိုက်တယ်။
အေမီက နားထောင်နေရင်းကနေ ခေါင်းကို သာသာလေးစောင်းလိုက်တယ်။ ဆံစတချို့ ဘေးကိုငိုက်ကျသွားပြီး အေမီက မက်ဒါနာဖို့ ချစ်စရာအလွန်ကောင်းနေပါတယ်။
"လီဆာက မမလေးကို စိတ်ဆိုးနေသေးတဲ့ပုံပဲ။ မမလေးရှိနေလို့ ဆိပ်ကမ်းပြာမှာမနေတော့ဘူးဆိုပြီး ဒီမနက်ပဲ တစ်နေရာကိုထွက်သွားပြီလေ။"
"ဘာ၊ လီဆာက နောက်တစ်ခါ အိမ်ပြေးမလေးလုပ်ပြန်ပြီပေါ့။ အေမီ၊ နင်ဘာလို့ သူ့ကိုမတားတာလဲ။"
မက်ဒါနာက အေမီရဲ့ပခုံးကိုဆုပ်ကိုင်ကာ မေးလိုက်တော့ အေမီက လက်ကလေးတစ်ချောင်းထောင်ပြီး အခုလိုမျိုးရှင်းပြပါတယ်။
"ကျွန်မက အေမီကိုတားချင်တယ်ဆိုရင်တောင် မမလေးရဲ့အကူအညီမပါဘဲ သူ့ကိုတားလို့မရဘူးလေ။"
"ဒါလည်းဟုတ်ပြန်တာပဲ။" လီဆာက အေမီထက် အများကြီးပိုအစွမ်းထက်တယ်ဆိုတာကို စဥ်းစားမိတော့ မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူးရယ်။
"ဒါပေမဲ့ နင်တကယ်လိုအပ်ရင် ငါ့ကိုစောစောလာနှိုးလို့ရတယ်မဟုတ်လား။ ဘာလို့လီဆာထွက်သွားပြီးမှငါ့ကိုလာနှိုးတာလဲ။" မက်ဒါနာက သဘာဝကျကျတွေးပြီးတော့ မှပြောလိုက်တာ။ အေမီက တမင်သက်သက် လီဆာထွက်သွားခါနီး မက်ဒါနာကိုမနှိုးခဲ့တဲ့ပုံပဲ။
"အင်း၊ လီဆာက အဝေးကြီးကို ထွက်သွားတာမဟုတ်ဘူးလေ။ ကျွန်မဂြိုဟ်တုကနေ ခြေရာခံရသလောက်တော့ လီဆာက ဘရာဇီးနိုင်ငံထဲမှာပဲရှိသေးတယ်။ ဘရာဇီးလိယာမြို့တော်အကျော်က ဂွိုင်လစ်ပြည်နယ် အနာပိုလစ်မြို့မှာရောက်နေတာ။"
မက်ဒါနာက တစ်ချက်စဥ်းစားလိုက်တယ်။ ဘရာဇီးက အကျယ်ကြီးမလို့ ရီယိုဒီဂျနေးရိုးကနေဆိုရင် ဂွိုင်လစ်ပြည်နယ်ကဝေးပေမဲ့ သူတို့တစ်နိုင်ငံတည်းမှာပဲ ရှိနေကြသေးတာပါ။
"လီဆာက ရေဂင်ကိုရှာနေတာဆိုတော့ ကျွန်မသူ့ကို နှောင့်ယှက်လို့မကောင်းဘူးမဟုတ်လား။ ပြီးတော့ သူ့မှာ ရေဂင်ကိုခြေရာခံနိုင်တဲ့ နည်းလမ်းတစ်ခုခုရှိနေပုံလဲပေါ်တယ်။"
အေမီရဲ့စကားကြောင့် မက်ဒါနာက အခြေအနေကို ပိုပြီးလေးလေးနက်နက် စဥ်းစားကြည့်လိုက်တယ်။လီဆာက ရေဂင်ကိုခြေရာခံနိုင်တယ်ဆိုတာကြားတော့ မက်ဒါနာက အတော်လေးစိတ်ဝင်စားသွားတယ်။
"လီဆာက ရေဂင်ကို ခြေရာခံနိုင်တယ်။ အဲဒါက ဖြစ်နိုင်လို့လား။" အေမီက မက်ဒါနာရဲ့သံသယကိုကြားတော့ ခေါင်းညိတ်ပြလိုက်ပြီး ရှင်းပြတယ်။
"ကျွန်မတောင်မှ ဂြိုဟ်တုဂိုင်ယာကိုသုံးပြီးမှ ရေဂင်က တောင်အမေရိကမှာရှိနေမှန်း သတိထားမိတာဆိုပေမဲ့ လီဆာကတော့ ဒီကိုကျွန်မတို့ထက်အရင် ကြိုရောက်ပြီး ရေဂင်ကိုရှာနေတာလေ။ ဒီတော့ အစတည်းက ရေဂင်ရှိနေတဲ့ နေရာအကြမ်းဖျင်းကို သူသိတယ်ဆိုတဲ့သဘောပဲ။ ပြီးတော့ ကျွန်မဒီကိုရောက်ကတည်းက ရေဂင်ရှိနိုင်တဲ့နေရာကိုသိရဖို့ ဘရာဇီးက သတင်းအချက်အလက်တွေနဲ့တွက်ချက်နေတာ။"
မက်ဒါနာက အေမီရဲ့ရှင်းပြချက်တွေကို နားထောင်နေရင်းနဲ့ အဓိပ္ပါယ်ရှိတယ်လို့ တွေးလိုက်မိပါတယ်။ အဲဒီနောက် ခေါင်းညိတ်လိုက်ပြီးတော့
"လီဆာသွားနေတဲ့နေရာမှာ ရေဂင်ရဲ့ခြေရာလက်ရာတွေ တွေ့ရတယ်လို့ နင်ပြောချင်တာလား။" မက်ဒါနာက တုံးအတဲ့လူတစ်ယောက်မဟုတ်တော့ အေမီပြောချင်တဲ့စကားကို နားလည်တယ်။ အေမီကလည်း အခုလိုမျိုးထပ်ဖြည့်ပြောတယ်။
"အန်နာပိုလစ်မှာ တကယ်ပဲပုံမှန်မဟုတ်တဲ့ ပိုးကောင်တွေရဲ့လှုပ်ရှားမှုကိုတွေ့ရတယ်။ ဘရာဇီးက ဂွိုင်လစ်ပြည်နယ်ထဲက လက်ကျန်မြို့တွေကို ဦးစားပေးကာကွယ်နေပေမဲ့ ရေဂင်အတွက်ပဲဖြစ်ဖြစ် ပိုးကောင်တွေအတွက်ပဲဖြစ်ဖြစ် လှုပ်ရှားဖို့ကောင်းတဲ့နေရာတွေပဲ။"
"ဒီတော့ နင့်ရဲ့အစီအစဥ်က လီဆာကိုသူ့ဘာသာ ရေဂင်ကိုရှာခွင့်ပေးပြီး ငါ့ကိုနောက်ကနေ လိုက်ကူခိုင်းမှာပေါ့။" မက်ဒါနာက အေမီရဲ့သဘောကို စပြီးနားလည်လာတယ်။ "ဒါပေမဲ့ လမ်းမှာတစ်ခုခုမတော်တဆဖြစ်ရင် မခက်ဘူးလား။" မက်ဒါနာက စိုးရိမ်စိတ်နဲ့အတူ သက်ပြင်းချလိုက်တယ်။
"မစိုးရိမ်ပါနဲ့ မမလေးရှင့်၊ အေမီက အစွမ်းထက်တဲ့ စောင့်ရှောက်သူသားရဲတစ်ကောင်ပါ။ ရေဂင်က ပိုပြီးအင်အားကြီးပေမဲ့ လီဆာကို လွယ်လွယ်မနိုင်နိုင်ပါဘူး။ ပြီးတော့ ကျွန်မတို့က သူ့ကိုနောက်ကနေ ပုန်းလျှိုးကွယ်လျှိုးနဲ့ အခြေအနေလိုက်ကြည့်နေမှာလေ။ ဘာပဲပြောပြော လီဆာက ကျွန်မတို့နဲ့တိုက်ရိုက်ပူးပေါင်းမှာမှမဟုတ်တာ။"
မက်ဒါနာက သက်ပြင်းချလိုက်ပြီး အေမီရဲ့အကြံကို လက်ခံဖို့ဆုံးဖြတ်လိုက်တယ်။ လီဆာနောက်ကို သူတစ်ချိန်လုံးလိုက်ကပ်နေရင်း လီဆာအမြဲငြင်းဆန်နေမှာဖြစ်တာကြောင့် ခရီးပေါက်မှာမဟုတ်ဘူးလေ။ အခုလိုမျိုး လွှတ်ထားပြီးနောက်ကနေလိုက်ကြည့်တာကမှ ပိုပြီးအလုပ်တွင်ကျယ်မှာပါ။
"ကောင်းပြီလေ၊ မနက်စာစားပြီးရင် လီဆာကိုနောက်ကနေ လိုက်ချောင်းကြတာပေါ့။" မက်ဒါနာက ပြောလိုက်တယ်။ အေမီကလည်း ခေါင်းညိတ်လိုက်တယ်။ မကြာခင်မှာပဲ ဆိုင်ရှင်အဖွားက စားစရာတွေအသင့်ဖြစ်ပြီဖြစ်ကြောင်းပြောတော့ အေမီက ကိုယ်တိုင်သွားယူပေးတယ်။
ဒီနေ့အတွက်မနက်စာကတော့ ဘရာဇီးပြောင်းဖူးကိတ်ပါ။ ပုံမှန်ကိတ်လုပ်နည်းနဲ့တူပေမဲ့ ဂျုံအစား ပြောင်းဂျုံ၊ ပြောင်းဖူးမှုန့် စတာတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ကြက်၊ဥ နွားနို့ စတာတွေလည်းထည့်သွင်းရပြီး မုန့်နှစ်သားလုပ်ပြီးရင် ပန်ကိတ်လုပ်သလိုပဲ မီးဖိုအပြားပေါ်ထောပတ်သုတ် မုန့်ပြားကိုတင်ပြီး မိနစ်သုံးဆယ်ဖုတ်ရတာ။
မက်ဒါနာက သူ့ရှေ့ရောက်လာတဲ့ ရွှေဝါရောင်ကိတ်မုန့်ကို စားချင်စိတ်အပြည့်နဲ့ကြည့်လိုက်တယ်။ မွှေးပျံပြီးနူးညံ့ညင်သာတဲ့ ပြောင်းကိတ်ရနံကြောင့် သူ့ကိုယ်သူ ကောင်းကင်ဘုံပေါ်ရောက်နေတယ်လို့ ခံစားမိလေရဲ့။