မမျှော်လင့်သော အဖြစ်အပျက်
Vol. 17 Ch. 231
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“လွန်ခဲ့တဲ့ သုံးရက်တုန်းက ငါ ယွမ်လုံရှီကို သတ်ပစ်လိုက်ပြီ... အဲဒါကို မင်း ရိပ်မိချင် ရိပ်မိမှာပါ... သူ သေဆုံးပြီးတဲ့နောက် ကျန်ခဲ့တဲ့ ယန်နဂါးဝိညာဥ်ကို သန့်စင်ပြီး မင်းရဲ့ နှလုံးသားထဲ ထည့်ပေးထားတယ်... ဆန္ဒရှိမယ် ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် ပြန်စလို့ ရတယ်... လိုအပ်တဲ့ အရာမှန်သမျှ ငါ ထောက်ပံ့ပေးမယ်”
“ ... “
ရွှယ်ရီဖေးမှာ အံ့အားသင့်သွား၏။ ယွမ်လုံရှီ သေဆုံးသွားပြီလား...။ ထို့နေ့၌ ဝေ့ဝူယင်က သူ့အသက်ကို နှုတ်ယူမည်ဟု အသေအချာ ပြောခဲ့သည့်တိုင် ယွမ်လုံရှီ အမှန်တကယ် သေဆုံးလိမ့်မည်ဟု သူမ ထင်မှတ် မထားခဲ့ချေ။ သူကား ပြိုင်ဘက်ကင်း ပါရမီနှင့် အတူ အမျိုးမျိုးသော အခက်အခဲများ အကြားမှ လွတ်အောင် ရုန်းထွက်နိုင်သူ ဖြစ်သည်။
နောက်ဆုံး၌ သူမ သက်ပြင်းသာ ချလိုက်မိ၏။ ဘဝက ရှုပ်ထွေးကာ မထင်မှတ်သည့် အလှည့်အပြောင်း များစွာနှင့် ပြည့်နှက်နေသည်။ သူမနှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သည့် ယွမ်လုံရှီ သေသွားခဲ့ချေပြီ ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သည် ဆိုချင်ဆို သူ့အတွက် လက်စားပြန်ချေရန် သူမတွင် ရည်ရွယ်ချက် မရှိပါချေ။
“ကျေးဇူးတင်ပါတယ်...”
သူမ အဘယ်ကြောင့် သူ့ကို ကျေးဇူးတင်ရသနည်း။ ယန်နဂါးဝိညာဥ်ကို ပေးအပ်ခဲ့သည့် အတွက်လော သို့မဟုတ် ယွမ်လုံရှီကို ဘဝထဲမှ ဖယ်ရှားပေးခဲ့သည့် အတွက်လော။ သူမ ကိုယ်တိုင်ပင် ထိုအဖြေကို မသိခဲ့ချေ။ သို့သော်လည်း သေချာတာ တစ်ခုကတော့ အနာဂတ်တွင် ဘဝ ဆုံးဖြတ်ချက်များကို သူမ ကိုယ်တိုင် ပြုလုပ်ရတော့မည် ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ... အကျိုးဆက် အားလုံးက သူမ တစ်ယောက်တည်းပေါ်တွင်သာ လုံးလုံးလျားလျား မူတည် နေပေတော့မည်။
အနန္တ ဧကရာဇ်ဂိုဏ်းသို့ ပြန်ရန် အစီအစဥ်များကို အနည်းငယ် ဆွေးနွေးပြီးနောက်တွင် ရှောင်ပိုင်မှာ ဟီသံ ခပ်ကျယ်ကျယ်ပေးရင်း သက်ကယ် တဲအိမ်ငယ်နံဘေးသို့ ကျဆင်းလာသည်။ ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်ကာ တံခါးဝဆီသို့ ဦးတည်လိုက်၏။
“သွားဖို့ အချိန်ရောက်ပြီ...”
...
ဟူး... ဟူး...
အနက်အဖြူကြား မြင်းတစ်ကောင်သည် ဒဏ္ဍာရီလာ အတောင်ပံများကို ဖြန့်ကျက်ရင်း သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ ကောင်းကင်တွင် ပျံသန်းနေ၏။ မရေမတွက်နိုင်သော တိုင်းသူပြည်သားများမှာ ကောင်းကင်ကို ကြည့်ရင်း အလွန်ကျော်ကြားသည့် အဂ္ဂိရတ် ဧကရာဇ်ဝေ့၏ ပုံပြင်များကို ပြန်လည် ကြားယောင် နေမိကြသည်။
ရွှယ်ရီဖေးနှင့် ဝေ့ဝူယင်တို့သည် ရှောင်ပိုင်၏ ကျောထက်၌ ဘေးချင်းယှဥ်ကာ ထိုင်နေကြ၏။ အမျိုးမျိုးသော အကြောင်းအရာများကို ပြောဆိုကြရင်း သူတို့ နှစ်ယောက်မှာ တစ်ယောက် အကြောင်း တစ်ယောက် ပိုမို သိရှိလာကြသည်။
ထိုအထဲမှ ဥပမာပြရသော်... ဝေ့ဝူယင် သွေးပန်းဖို ကုန်းမြေတိုက်ကြီးသို့ လာရောက်ရသည့် အဓိက အကြောင်းရင်းက သူ့ အဖွဲ့အတွက် လူသစ် အချို့ စုဆောင်းရန် ဖြစ်ကြောင်း ရွှယ်ရီဖေး သိရှိလာရသလို ဝေ့ဝူယင် ဘက်မှလည်း သူမ ကြိုက်တတ်သည့် အရောင်၊ အစားအစာ၊ အဝတ်အစား စသည်တို့ကို သိရှိလာရသည်။
စကားပြောရင်း ပြောရင်း... သူတို့ နှစ်ယောက် အကြားရှိ မရင်းနှီးမှု ပုဝါပါးက တဖြည်းဖြည်း ကွာကျလာခဲ့သည်။ အထူးသဖြင့် ဝေ့ဝူယင်၏ ဉာဏ်ရည်ထက်မြက်သည့် မှတ်ချက်များနှင့် ဟာသများက တန်ခိုး စွမ်းအင်များကိုပင် သယ်ဆောင်ထားဟန် ရသည်။ သူမမှာ ဟန်မဆောင်နိုင်အောင် ပြုံးရယ်ရင်း သွားများ မပေါ်စေရန် အတွက် လက်ဖြင့်ပင် အုပ်ထားခဲ့ရ၏။
တစ်ချိန်တည်း၌ ဝေ့ဝူယင်နှင့် ပတ်သက်သည့် သူမ၏ သဘောထားကလည်း တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ ပထမ၌ ဝေ့ဝူယင်မှာ မောက်မာကာ ရက်စက် ကြမ်းကြုတ်သော စရိုက်ကို ပိုင်ဆိုင်ထားသည့် လူထူးဆန်း တစ်ယောက်ဟု သူမ ယူဆထားခဲ့သည်။ အများပြည်သူမှာ ဝေ့ဝူယင် ဆိုသော နာမည်ကို ထိုကဲ့သို့ပင် ပုံဖော်ကြသည်။ သူသည် အနန္တဧကရာဇ်ဂိုဏ်းထဲသို့ ဝင်ဝင်ချင်းပင် သူ၏ ကောင်းကင် နတ်မြင်းပျံ အတွက် အင်အားကြီး အဖွဲ့တစ်ခုကို ရှင်းလင်းပစ်ခဲ့သလို မကြာသေးခင် ကာလများကလည်း မိန်းမ တစ်ယောက် အတွက် မျိုးနွယ်စုကြီး တစ်ခုလုံးကိုပါ ပြိုလဲစေခဲ့သည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှု သတင်းများကို ကြားရစဥ်က သူမမှာ ကြက်သီးပင် ဖြန်းဖြန်းထခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ဝေ့ဝူယင်မှာ ရင်းနှီးဖော်ရွေကာ မိန်းမများကို လေးစားတတ်သူ တစ်ယောက်ဟု သူမ စတင် ခံစားလာရသည်။ သူက အလွန် ကျော်ကြားသော ကုန်တိုက်ကြီး တစ်ခုကို စျေးဝယ်လိုက်ပို့မည် ဟု ပြောသော အခိုက်၌ သူမ စိတ်များပင် လှုပ်ရှားခဲ့ရသည်။ မိန်းကလေး အများစုသည် လှပသော အသုံးအဆောင် ပစ္စည်းများ ဝယ်ယူစုဆောင်းရသည်ကို နှစ်ခြိုက်ကြပြီး သူမသည်လည်း ထိုအထဲမှ တစ်ယောက် ဖြစ်သည်။ သူမသည် ငယ်ရွယ်စဥ်ကပင် ရတနာများ၊ ဝတ်စုံများကို အလွန် နှစ်ခြိုက်ကာ ကျော်ကြားသည့် ဗိသုကာ ပညာရှင်များ၊ ပန်းပဲ ပညာရှင်များထံမှ ဝယ်ယူလေ့ ရှိသည်။
မကြာခင်မှာပင် သူတို့သည် ဟင်းလင်းပြင် ဂိတ်တံခါး တည်ရှိရာ သွေးပန်းပဲဖို ကြယ်တာရာ မျှော်စင် ရှိရာဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ယင်းကား ကာကွယ်သူ ချီလန်း၏ နေအိမ်ဖြစ်ကာ တောက်ပသော အလင်း တစ်ခုဖြင့် တစ်လောကလုံးကို ဖြန့်ကျက် စီးမိုးထား၏။ ထိုနေရာတွင် ရွှယ်ရီဖေးသည် ရင်းနှီးနေသည့် မျက်နှာများကို မြင်တွေ့လိုက်ရ၏။
သွေးပန်းပဲဖို ကြယ်တာရာ မျှော်စင်တွင် လူလေးယောက် ရှိနေကြပြီး ထိုအထဲမှ သုံးယောက်ကို သူမ ကောင်းကောင်း သိပေသည်။ သူတို့မှာ သူမ၏ ဖခမည်းတော် ရွှယ်ထျန်း၊ အကိုတော် ရွှယ်ယုနှင့် သူမအား ကာကွယ် စောင့်ရှောက်ပေးနေသည့် အဘိုးအို ရှန်းယန်တို့ ဖြစ်ကြသည်။ နောက်ဆုံးသော တစ်ယောက်မှာမူ သွေးပန်းပဲဖို ကာကွယ်သူ ချီလန်းပင် ဖြစ်သည်။
ရှန်းဟန်ကို ကြည့်ရင်း ရွှယ်ရီဖေး၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွား၏။ ထိုအဘိုးအိုသည် မိခင်ဖြစ်သူထံ သူမအား ကာကွယ်ပေးပါမည်ဟု ကတိပေးခဲ့ဖူးသည်။ သို့သော်လည်း သူမ ငယ်ရွယ်စဥ် အခါတည်းက အမျိုးမျိုးသော အခက်အခဲများကြားတွင် တစ်ယောက်တည်း ထားခဲ့ကာ ထွက်သွားခဲ့သည်။ သူမနှင့် ယွမ်လုံရှီတို့ ဆုံဆည်းကာ အမျိုးမျိုးသော အဖြစ်အပျက်များကို ဖြတ်ကျော်ပြီးနောက်မှ သူ ပြန်လည် ပေါ်လာခဲ့ကာ သူမကို တရားဝင် ကာကွယ်ပေးခဲ့သည်။
သူမသည် ရှန်းယန်အပေါ်၌ အကြွေးများ တင်နေသည်ကြောင်း ဝန်ခံသည့်တိုင် ထိုအဘိုးကြီးမှာ အခြားလူများ၏ အသက်ကို သူ့မျက်နှာလောက်ပင် ဂရုမစိုက်တတ်သည့် အချောင် အခွင့်အရေးသမား ဖြစ်ကြောင်းလည်း သိရှိထားသည်။ ယွမ်လုံရှီ၏ မြင့်တက်လာမှုနှင့် ကျော်ကြားလာမှုများကြောင့်သာ မဟုတ်လျှင် သူ ဘယ်တော့မှ ပြန်ပေါ်လာလိမ့်မည် မဟုတ်ချေ။
တစ်ချိန်တည်း၌ သူမ၏ အကိုတော် ရွှယ်ယု၊ ရွှယ်ထျန်း၏ အချစ်တော်မှာလည်း အတွင်းပိုင်း၌ လှိုက်ကာ ပုပ်သိုးနေသူ တစ်ယောက် ဖြစ်သည်။
“သူတို့ ရောက်လာကြပြီ...”
ပျံသန်းလာသည့် ရှောင်ပိုင်ကို ကြည့်ရင်း ရွှယ်ထျန်းတို့ သုံးယောက်၏ မျက်နှာများက ဝင်းပသွားကြ၏။ အထူးသဖြင့် ရွှယ်ယု၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပနေသည်။ သူသည် ကြီးကျယ်ခမ်းနားလွန်းသည့် အနန္တဧကရာဇ်ဂိုဏ်းကို သွားရောက် လည်ပတ်ရန် အခွင့်အရေး ရရှိလိမ့်မည်ဟု ဘယ်တုန်းကမှ အိပ်မက်ပင် မမက်ရဲခဲ့ချေ။ ထိုအရာကား ကြယ်တာရာ နယ်မြေကြီး၏ မဟာဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည်။ ဂုဏ်ထူးဆောင် တပည့် (ကျွန်တပည့်) အနေဖြင့် ဝင်ရောက်ခွင့် ရရန်ပင် အလွန် ခက်ခဲလွန်းသည်။
“ဟူး...”
ရှောင်ပိုင်က မျှော်စင်ရှေ့ ကြမ်းပြင်ထက်တွင် ဆင်းသက်လိုက်သည်။ ရွှယ်ထျန်းတို့ သုံးယောက်သားမှာ အံ့သြထိတ်လန့်စွာဖြင့် နောက်သို့ ခြေတစ်လှမ်းစီပင် ဆုတ်လိုက်မိကြသည်။ ထိုသတ္တဝါကြီးက ဒဏ္ဍာရီလာ ကောင်းကင် နတ်မြင်းပျံလော။ သူတို့သည် ကောင်းကင်နတ်မြင်းပျံ အကြောင်း စာအုပ်များထဲ၌ ဖတ်ဖူးသည့်တိုင် အပြင်တွင်မူ ယခုမှသာ မြင်ဖူးကြခြင်း ဖြစ်ပေသည်။
ရှောင်ပိုင်၏ ကျောထက်၌ ရွှယ်ရီဖေး၏ အမူအရာက မတုန်မလှုပ်ပင် ရှိနေခဲ့၏။ သူမတွင် ဖခင် ဖြစ်သူနှင့် ပတ်သက်၍ ကောင်းမွန်သည့် ခံစားချက် တစ်စုံတစ်ရာ မရှိပါချေ။ အကယ်၍ သွေးသား တော်စပ်မှုကြောင့်သာ မဟုတ်ပါက သူမ ထိုပုဂ္ဂိုလ်ကို လုံးလုံးလျားလျား လျစ်လျူမိလိမ့်မည် ဖြစ်သည်။ ရွှယ်ယုအား ကြည့်သည့် သူမ၏ မျက်လုံးများတွင် ဆိုလျှင် ရွံရှာခြင်း အငွေ့အသက် အချို့ပင် ပါဝင်နေသည်။
ထိုဖအေတူ မအေကွဲ အကိုတော်တွင် သူမနှင့် ပတ်သက်၍ မလျော်ကန်သော အတွေးများ ရှိနေကြောင်း သူမ သိရှိပေသည်။ အကယ်၍ ယွမ်လုံရှီနှင့် ရှန်းယန်တို့၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက ထိုအကောင်မှာ ယခုအချိန်တွင် သူမအား ကျူးလွန်ပြီးလောက်ပြီ ဖြစ်သည်။ ပထမ၌ ထိုလူများကို ပြန်ပို့ဖို့ ဝေ့ဝူယင်ထံ တောင်းဆိုရန် သူမ စဥ်းစားလိုက်မိသေး၏။ သို့သော်လည်း သူမ၏ အရေးပါမှုက ထိုမျှလောက် မရှိသေးဟု ယူဆကာ ပြန်လည် ငြိမ်နေလိုက်သည်။
ဝှစ်...
ဝေ့ဝူယင်က ရွှယ်ရီဖေး၏ လက်ကို ဆွဲကိုင်ကာ ရှောင်ပိုင်၏ ကျောထက်မှ ခုန်ချလိုက်၏။ ညင်သာသော လေပွေ တစ်ခုသည် သူတို့ နှစ်ယောက်ကို မကာ ကြမ်းပြင်ပေါ် ညင်သာစွာ ချပေးသည်။ ရှောင်ပိုင်သည် သက်တောင့်သက်သာ ရှိသော အမူအရာနှင့် ဝေ့ဝူယင်တို့ နောက်မှ လိုက်လာခဲ့၏။
ဝေ့ဝူယင်သည် ရွှယ်ထျန်းတို့ သုံးယောက်ကို တစ်ချက်မျှသာ ကြည့်ကာ ချီလန်းဘက်သို့ လှည့်လိုက်သည်။
“အားလုံး အဆင်သင့်ပဲလား...”
ချီလန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူက ဦးဆောင်ကာ ကြယ်တာရာ မျှော်စင်အတွင်းဆီသို့ လှမ်းဝင်လိုက်သည်။ ဝေ့ဝူယင်သည် ရွှယ်ရီဖေးနှင့် အတူ သူ့နောက်မှ လိုက်လာခဲ့၏။ မကြာခင်မှာပင် လျှို့ဝှက် ဆန်းကြယ်သော အလင်းတစ်ခုက ကြယ်တာရာ နန်းတော်အတွင်း တောက်ပလာခဲ့တော့သည်။
ရွှယ်ထျန်းတို့ သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် အမျိုးမျိုးသော အမူအရာများနှင့် ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက်တွင် အသက် ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရင်း ကြယ်တာရာ နန်းတော် အတွင်း လှမ်းဝင် လိုက်ကြတော့သည်။
ထိုနေ့၌ ဝေ့ဝူယင်တို့သည် ဟင်းလင်းပြင် ဂိတ်တံခါးမှ တစ်ဆင့် အနန္တဧကရာဇ်ဂိုဏ်းသို့ ပြန်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ စုမေ့နှင့် ကျူးဟိုင်တို့မှာမူ ရှေးဟောင်းဂိတ်တံခါးနှင့် ပတ်သက်သည့် ကိစ္စများကို စုံစမ်းရန် လွန်ခဲ့သော တစ်လခန့်ကပင် ထွက်ခွာသွားခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ လူအားလုံး စုံလင်ပြီဟု ဆိုနိုင်ပေသည်။
ဟင်းလင်းပြင် ဂိတ်တံခါးအတွင်း ရပ်နေစဥ်၌ ရွှယ်ရီဖေး၏ နူးညံ့ ပျော့ပျောင်းသော ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရီသွား၏။ သူမ၏ ယင်ဝိညာဥ်သည် တစ်စုံတစ်ရာကို အလွန်တရာ ထိတ်လန့်နေဟန် ရသည်။ ထိုအရာမှာ အန္တရာယ်ကို ကြိုတင် ခန့်မှန်းနိုင်သည့် သတ္တဝါတိုင်း၏ တူညီသော မူလဗီဇတစ်ခုပင် ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုအချင်းအရာကို သတိထားမိလိုက်သော်လည်း ယင်နဂါးကြောက်လန့်နေသည်က မည်သည့် ဖြစ်မှန်း စဥ်းစားမရခဲ့ချေ။
ဘုန်း...
ရုတ်ချည်းပင် အရိပ်အယောင် မရှိသည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ လောကတစ်ခုလုံး တုန်လှုပ်သွား၏။ သွေးပန်းပဲ ကုန်းမြေတိုက်ကြီး၏ ကောင်းကင်တွင် တည်နေသည့် ကြယ်တာာ မျှော်စင်ကား အပိုင်းပိုင်း အစစ ပျက်စီးကာ စွမ်းအင်များ အဖြစ် ပြန့်ကျဲသွားခဲ့ပြီ ဖြစ်သည်။ မျှော်စင်အောက်ရှိ မရေမတွက်နိုင်သော လူများမှာ ကောင်းကင်ကို ကြည့်ရင်း နေတစ်စင်း ပေါက်ကွဲသွားသလို မြင်တွေ့လိုက်ရ၏။
ထိုအရာမှာ အလွန် လှပလှသော်လည်း တစ်ခဏချင်းပင် ကီလိုမီတာ ဆယ်ချီကို ဖြန့်ကျက်သွား၏။ ပြင်းထန်သော အပူလှိုင်းများသည် ကြောက်မက်ဖွယ်ကောင်းအောင် ထွက်ပေါ်လာကာ ထပ်ခါထပ်ခါ မြေပြင်ပေါ် အရှိန်ပြင်းပြင်း ကျရောက်လာကြ၏။ အားနည်းသော လူပေါင်းများစွာမှာ ချက်ချင်းပင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားကြကာ သေဆုံးသွားကြ၏။ ထိုရိုက်ခတ်မှုက ရွှယ်တိုင်းပြည်၏ ဆယ်ပုံတစ်ပုံခန့်ကိုပင် လွှမ်းခြုံသွားခဲ့လေသည်။
အလွန်ဝေးကွာသော အရပ်မျက်နှာ တစ်ခု၌ မျက်နှာဖုံးအုပ်ထားသော ပုံရိပ်တစ်ခုသည် ပေါက်ကွဲမှုကို လှမ်းကာ ကြည့်နေခဲ့သည်။ တလက်လက် တောက်ပနေသော ၎င်း၏ မျက်လုံးများထဲ၌ ဂုဏ်ယူခြင်း အငွေ့အသက် အချို့မှာ ခိုအောင်းနေ၏။ တစ်ခဏကြာပြီးနောက် ထိုပုံရိပ်သည် ထွက်ခွာရန် နောက်သို့ လှည့်လိုက်၏။ သို့သော်လည်း လူတစ်ယောက်က တိတ်တဆိတ်နှင့် သူ၏ လမ်းကို ပိတ်ဆို့ထားခဲ့လေသည်။
ဂုဏ်ယူနေသည့် ၎င်း၏ မျက်ဝန်းများတွင် မရေရာခြင်းနှင့် သံသယများက ရုတ်ချည်း ဖြစ်ပေါ်လာကာ ထိုမှ တစ်ဆင့် အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ အဖြစ် ပြောင်းလဲသွားသည်။ တစ်ချက်ပင် တုန့်ဆိုင်းခြင်း မရှိပဲ သူက ကောင်းကင်ကို ဖောက်ထွင်းကာ လွတ်မြောက်ရန် ကြိုးစားလိုက်၏။
ရောက်ရှိလာသည့် ပုဂ္ဂိုလ်က မည်သို့မျှ မလှုပ်ရှားပဲ မျက်နှာဖုံးတပ် ပုံရိပ်၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေကာ အလိုမကျခြင်းများနှင့် ပြည့်နှက်နေ၏။
“မင်းကြောင့် လူတွေ အများကြီး သေကုန်ပြီ...”
***