← Chapters

လုပ်ကြံသူ

Vol. 17 Ch. 232

လုပ်ကြံသူ

Vol. 17 Ch. 232

ဝေ့ဝူယင်သည် လုပ်ကြံခံရနိုင်ကြောင်း ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော်လည်း သွေးပန်းပဲဖို ကြယ်တာရာ မျှော်စင်ကိုပါ ဖောက်ခွဲပစ်လိမ့်မည်ဟုတော့ တွက်ချက်မထားခဲ့ချေ။ ထိုလုပ်ကြံသူ၏ စီစဥ်ခြင်းနှင့် အချိန်ကိုက် ကြံစည်ခြင်းတို့မှာ အလွန် ပြောင်မြောက်ကာ ချီးကျူးဖွယ် ကောင်းလှသည်။

သို့သော်လည်း မြေပြင်ရှိ အပျက်အစီးများကို မြင်တွေ့ရသော အခိုက်တွင်မူ သူ သက်ပြင်းချလိုက်မိ၏။ မည်သို့ပင်ဆိုစေကာမူ.... ရှောင်ပိုင်၊ ရွှယ်ရီဖေးနှင့် အခြားလူများ ဘေးကင်းသေးတာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ သူသာ ထိုနေရာတွင် ရှိမနေပါက သူတို့ အားလုံး သေဆုံးသွားနိုင်ပေသည်။

ယခုအခိုက်အတန့်၌ သူတို့သ်ည ရှောင်ပိုင်နှင့် အတူ အမှောင်အာကာသတွင် ရှောင်တိမ်းနေကြသည်။ သာမန် ကျင့်ကြံသူများ အနေဖြင့် သူတို့သည် ဟင်းလင်းပြင်တွင် ကြာရှည်စွာ ရှင်သန် နေထိုင်နိုင်မည် မဟုတ်သည့်တိုင် ရှောင်ပိုင်၏ ထူးခြားသော သွေးမျိုးဆက် စွမ်းအားက သူတို့ကို အချိန်ကာလ တစ်ခုအထိ ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ဝေ့ဝူယင် မျက်လုံးများကို တခဏမျှ မှိတ်လိုက်၏။ ထိုအချိန်၌ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ သူနှင့် ကီလိုမီတာ တစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ကျင့်ကြံခြင်း အခြေခံက ကောင်းကင် အုပ်စိုးသူ အဆင့်တွင်သာ ရှိသည့်တိုင် ခွန်အားမှာမူ ဝိညာဥ်ဆင်းတု အဆင့် ပညာရှင်တစ်ပါးနှင့်ပင် ယှဥ်နိုင်ပေလိမ့်မည်။ ထိုအရာက သူမ၏ ကျင့်ကြံခြင်း အခြေခံ မည်မျှ ခိုင်မာကြောင်း ဖော်ပြနေသည်။

မျက်နှာဖုံးတပ် ပုဂ္ဂိုလ်က ပျံသန်းရင်း နောက်သို့ တစ်ချက် လည်ပြန် ကြည့်လိုက်သည်။ အလွန် တိုတောင်းလှသည့် ထိုအခိုက်အတန့်လေးတွင်ပင် ဝေ့ဝူယင်၏ မျက်လုံးများက ပွင့်ဟလာ၏။ ငွေရောင် မျက်လုံးများနှင့် ဆုံတွေ့သည်နှင့် ချက်ချင်းပင် လောကကြီးမှာ ပြောင်းလဲသွားခဲ့တော့သည်။

ကောင်းကင်ဘုံ နတ်မျက်လုံး... ပုံရိပ်ယောင် ကမ္ဘာ...

ရုတ်ချည်းပင် သူ၏ အမြင်အာရုံကို တစ်စုံတစ်ခုက လွှမ်းမိုးသွားကာ ကမ္ဘာလောကမှာ အနက်ရောင် အဖြစ် ပြောင်းလဲသွား၏။ သို့သော်လည်း မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ထိုအမှောင်ထုက ရိုက်ထုခြင်း ခံရသည့် မှန်တစ်ချက် ကဲ့သို့ အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားကာ ပြန်လည် ကြည်လင်လာ၏။

“ငါ့ရဲ့ ပုံရိပ်ယောင် ကမ္ဘာကို ဖျက်ဆီးလိုက်တာလား...”

ဝေ့ဝူယင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း ထိုအရာက သူ၏ လှုပ်ရှားမှုကို နှောင့်နှေးပစ်နိုင်သည် အထိတော့ မလုံလောက်ခဲ့ပါချေ။ မျက်နှာဖုံးဝတ် ပုဂ္ဂိုလ် နောက်တစ်ဖန် လှုပ်ရှားရန် အချိန်မရခင်မှာပင် သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ကမ္ဘာမြေဆွဲအားမှာ မခန့်မှန်းနိုင်သည့် အဆင့် တစ်ခု အထိ မြင့်တက်သွားသည်။ ၎င်းသည် ကြောက်မက်ဖွယ်‌ကောင်းသည့် အရှိန်အဟုန်နှင့် အတူ မျက်နှာဖုံးတပ်ကို မြေပြင်ဆီ ဆွဲချလိုက်တော့၏။

ဘုန်း...

မျက်နှာဖုံးတပ်သည် အရှိန်ပြင်းစွာ မြေပြင်သို့ ပြုတ်ကျသွားရာ တောင်တန်းများပင် ကြေမွသွားခဲ့၏။ ၎င်းက မြေငလျင် တစ်ခုကို ဖြစ်ပေါ်စေကာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုပင် ပျံ့နှံ့သွားစေခဲ့သည်။ နာကျင်သည့် အော်ဟစ်သံ တစ်ခုက စူးခနဲ ထွက်ပေါ်လာ၏။

“မိန်းမတစ်ယောက်လား...”

ဝေ့ဝူယင် ခပ်ဖြည်းဖြည်းပင် မြေပြင်ထက်သို့ ဆင်းသက်လာ၏။ ကမ္ဘာမြေဆွဲအားသည် မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်ကိုသာ မက ကြယ်တာရာ ဝိညာဥ်ကိုသာ မြေပြင်နှင့် ကပ်အောင် ချုပ်နှောင်ထား၏၊

ဝေ့ဝူယင်သည် သိက္ခာနှင့် ဝတ္တရားအား ခါးဝတ်ပုဆိုးလို စောင့်ဆည်းတတ်သူ တစ်ယောက် မဟုတ်ချေ။ သူက လက်ကို ဆန့်ထုတ်ကာ မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။ သူ ပထမဆုံး မြင်လိုက်ရသည်က လှပသော ရွှေရောင် ဆံနွယ်များ ဖြစ်သည်။

ထို့နောက်... လှပသည့် အမျိုးသမီး တစ်ယောက်၏ မျက်နှာ အစိတ်အပိုင်းများ... သူမကား လုံးဝ သန့်စင်သည့် အယ်ဗန်မှင်စာ မျိုးနွယ် တစ်ယောက် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် လူသား သို့မဟုတ် နတ်ဆိုး တစ်ပါး၏ သွေးများ စီးဆင်းနေခြင်း မရှိချေ။

ထိုအရာက အလွန် ရှားပါးသည့် တည်ရှိမှုမျိုး ဖြစ်၏။ ချင်ချူးမူ ပင်လျှင် သွေးမျိုးဆက် လုံးလုံးလျားလျား သန့်စင်သည့် အယ်ဗန်မျိုးနွယ် တစ်ယောက် မဟုတ်ချေ။

“လုပ်ကြံသူက အဂ္ဂိရတ် အစည်းအရုံးကလူ ဖြစ်မယ်လို့ ငါထင်ထားတာ... ဒါပေမဲ့ ငါနဲ့ ဘယ်လိုမှ သက်ဆိုင်မှု မရှိတဲ့ အဖွဲ့က လူတစ်ယောက် ဖြစ်နေတယ်... ဘယ်လောက် ထူးဆန်းလိုက်လဲ”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ ထိုမိန်းကလေးသည် အထွတ်အမြတ် အလင်း နန်းတော်တွင် မြင့်မားသော အဆင့်အတန်း ရှိသူ တစ်ဦး ဖြစ်ပြီး သူ သူမ၏ ရုပ်ပုံကို မြင်ဖူးခဲ့သည်။ ထိုထက်ပို၍ တိတိကျကျ ဆိုရလျှင် သူမသည် အထွတ်အမြတ် အလင်း နန်းတော်သခင်၏ သမီးပင် ဖြစ်သည်။

အထွတ်အမြတ် အလင်း နန်းတော်သည် ကြယ်တာရာ နယ်မြေ၏ မဟာဂိုဏ်းကြီး ငါးဂိုဏ်း အနက် တစ်ဂိုဏ်း ဖြစ်ပြီး  ကျော်ကြားသည့် အထွတ်အမြတ် အယ်ဗန် ဧကရီက တည်ထောင်ခဲ့သည်။ ထိုခေတ်ထိုအခါက သူမ၏ ဂုဏ်သတင်းက ထာဝရ ဧကရာဇ်၊ ဆန်းကြယ် ဧကရာဇ်တို့ထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိခဲ့ချေ။ သူမသည် ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို စတင် ဖန်တီးခဲ့သူ ဖြစ်ပြီး ဇာတိဝိညာဥ် သုံးခုဖြင့် ကောင်းကင် ကပ်ဘေးကိုပင် စိန်ခေါ်ခဲ့သူ ဖြစ်သည်။

သို့ဖြစ်ရာ... ထိုလုပ်ကြံသူ မိန်းကလေးကို သတ်ဖြတ်ခြင်း သို့မဟုတ် ကြမ်းကြုတ်သော နည်းလမ်းများဖြင့် စစ်ဆေးခြင်းတို့အား ပြုလုပ်ရန် မဖြစ်နိုင်တော့ကြောင်း ဝေ့ဝူယင် နားလည်လိုက်သည်။ ထိုအရာက ဂိုဏ်းကြီးနှစ်ခု အကြား စစ်ပွဲကိုပင် ဦးတည် ခေါ်သွားနိုင်စွမ်း ရှိသည်။

ဝေ့ဝူယင်သည် အထွတ်အမြတ် အလင်း နန်းတော်ကို တစ်ခါမှ ရန်မစခဲ့ဖူးသလို သူတို့နှင့် ပတ်သက်စရာ အကြောင်းရင်း တစ်စုံတစ်ရာလည်း မရှိပါချေ။ ထိုကဲ့သို့သော အခြေအနေတွင် သူမက အဘယ်ကြောင့် သူ့အား လုပ်ကြံရန် ကြိုးစားခဲ့သနည်း။

ထိုအကြောင်းရင်းကို သူ သိလိုပေသည်။ ဝေ့ဝူယင် လက်ဝါးအား ဖြည်းညင်းစွာ မလိုက်၏။ နူးညံ့သည့် ဝိညာဥ် အာရုံတစ်ခုက ဖြည်းညင်းစွာဖြင့် စီးဆင်းလာသည်။ သူက တိုက်ရိုက်ပင် သူမ နဖူးကို လက်ညိုးဖြင့် ခပ်ဖြည်းဖြည်း ထိတွေ့လိုက်သည်။

ဝှစ်...

အဂ္ဂိရတ် ဧဒင် အင်အားသည် ဖြည်းညင်းစွာဖြင့် စီးဝင်သွားကာ သူမ၏ လတ်တလော မှတ်ဉာဏ်များကို စစ်ဆေး ရှာဖွေ လေတော့သည်။

ဝေ့ဝူယင်သည် မလိုလားအပ်သည့် အကျိုးဆက်များကို ရှောင်ရှားရန် အတွက် သူမ၏ အနက်ရှိုင်းဆုံးသော မှတ်ဉာဏ်များကို စစ်ဆေးခြင်း မပြုချေ။ အထွတ်အမြတ် အလင်း နန်းတော်သခင်က သမီးဖြစ်သူကို သည်အတိုင်းတော့ လွှတ်ထားလိမ့်မည် မဟုတ်ချေ။

အကယ်၍ သူမကို အန္တရာယ်ဖြစ်အောင် ကြံစည်ပါက ကျိန်းသေခွာသေပင် အသက်ကယ် ဝှက်ဖဲများမှာ အသက်ဝင်လာပေလိမ့်မည်။ မဟုတ်လျှင်လည်း အထွတ်အမြတ် အလင်း နန်းတော် သခင် ကိုယ်တိုင်ပင်လျှင် ‌ရောက်ရှိ လာနိုင်သည်။ ထို့‌ကြောင့်ပင် ဝေ့ဝူယင်သည် လက်ရှိအခြေကို နားလည်နိုင်ရုံလောက်သာ ရှာဖွေ စစ်ဆေးခဲ့၏။

“အဲဒီလိုလား...”

အတန်ကြာပြီးနောက်၌ ဝေ့ဝူယင်၏ မျက်လုံးများက ရေပြင်ညီ မျဥ်းတစ်ကြောင်းလို ကျဥ်းမြောင်းသွားသည်။ ထိုမိန်းကလေး၏ အမည်က ကျန်းလန်လန် ဖြစ်သည်။ သူသည် အထွတ်အမြတ် အယ်ဗန် ဧကရီမှ တိုက်ရိုက် ဆင်းသက်လာသည့် မျိုးနွယ် တစ်ယောက် ဖြသ်သည်။ ထို့အပြင် လက်ရှိ အထွတ်အမြတ် အလင်း နန်းတော် သခင် ကျန်းဖေးလန်၏ အကြီးဆုံး သမီးလည်း ဖြစ်သည်။ သူမ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ ရောက်ရှိ လာရသည့် အကြောင်းရင်းကတော့ ရိုးရှင်းလှသည်။ ဝေ့ဝူယင်ကို သတ်ဖြတ်ရန် အတွက်ပင်။

အဘယ်ကြောင့်နည်း။ ထိုကိစ္စက အဂ္ဂိရတ် အစည်းအရုံးဝင် တစ်ဦးနှင့် သွယ်ဝိုက်ကာ ပတ်သက်နေသည်ဟု ဆိုနိုင်ပေသည်။ ထိုထက်ပို၍ ရှင်းလင်းစွာ ဆိုရလျှင် ကျန်းလန်လန်သည် ထိုအရာအားလုံးကို အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သူ ထာဝရ နတ်မိမယ် အတွက် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

ဝေ့ဝူယင်မှာ သူမ၏ မှတ်ဉာဏ်များကို ကြည့်ရင်း ကူရာကယ်ရာမဲ့မှုကို ခံစားလိုက်ရ၏။ ထိုမိန်းမသည် ရက်စက်မောက်မာကာ တစ်ကိုယ်ကောင်း ဆန်လွန်းသည်။ သူမ ပြုလုပ်ခဲ့သည့် အရာအားလုံးကား ထာဝရ မင်းသားလေး အဖြစ် ကျော်ကြားသူ  ဝေ့ဝူယင်ကို အချစ်ပြိုင်ဘက် တစ်ယောက် အဖြစ် ယူဆခဲ့ခြင်း တစ်ခုတည်း အတွက်ပင် ဖြစ်သည်။

ဝေ့ဝူယင် တံတွေး ထွေးလိုက်မိ၏။ ထိုမိန်းမကား မိခင်ဖြစ်သူကြောင့်သာ မဟုတ်ပါက အကြိမ်ကြိမ် အခါခါ သေဆုံးရန် ထိုက်တန်သူ တစ်ဦး ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်များ အရဆိုလျှင် ထာဝရ နတ်မိမယ်သည် ဝေ့ဝူယင်ကို လေးစားပြီး ရလဒ်အနေဖြင့် ကျန်းလန်လန်မှာ ခြိမ်းခြောက်မှု တစ်ခုကို ခံစားခဲ့ရသည်။ ထာဝရ နတ်မိမယ်လေး၏ ထိုလေးစားမှုက အချစ်ကို ဦးတည် သွားလေမလား... သို့မဟုတ် အခြားသော ခံစားချက်များကို ဖြစ်ပေါ်စေမလား မသိရသေးသော်လည်း ဖြစ်နိုင်ခြေ တစ်စုံတစ်ရာကို ရှောင်ရှားရန် ကျန်းလန်လန်၏ စိတ်က ခိုင်မာနေပြီဖြစ်သည်။

ဝေ့ဝူယင် လက်ညိုးကို သူမ၏ နဖူးထက်မှ ဖြည်းညင်းစွာ ပြန်လည် ရုတ်သိမ်းလိုက်သည်။ စိတ်စွမ်းအားများ၏ ယှက်နွယ်မှု အလယ်၌ ကျန်းလန်လန်ကား အသိစိတ် လွတ်ကာ မေ့မြောနေခဲ့ပြီ ဖြစ်၏။ ဝေ့ဝူယင် သူမအား ခါးမှ မကာ ထိုင်ရာမှ ထရပ်လိုက်သည်။ ဤကိစ္စကို အနန္တဧကရာဇ်ဂိုဏ်းမှ ကိုင်တွယ်သင့်သည်။ သူ၏ လွှမ်းမိုးမှုနှင့် အဆင့်အတန်းတို့က နည်းနည်းမျှ မနိမ့်ကျသည့်တိုင် ဤအရာက မဟာဂိုဏ်းကြီး တစ်ဂိုဏ်းနှင့် တိုက်ရိုက် ပတ်သက်နေသည့် ပြဿနာ ဖြစ်သည်။ ထို့ကြောင့်ပင် ပေါ့ပေါ့ဆဆ သဘောမထားပဲ ဂိုဏ်းအား ကိုင်ကွယ်ခိုင်းသည် ကသာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။

ဝေ့ဝူယင်သည် သူတော်စင် တစ်ပါး မဟုတ်ချေ။ ထို့ကြောင့်ပင် အကြောင်းရင်းမဲ့ အသက်ဆုံးရှုံးခဲ့ရသူများ အတွက် တရားမျှတမှုကို လိုလားမှုမျိုး သူ့တွင် မရှိချေ။ ထိုအရာက စိတ်မကောင်းစရာ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ် တစ်ခု ဖြစ်သည်ကတော့ မှန်သည်။ ကျန်းလန်လန်ကို သတ်ဖြတ်ခြင်းဖြင့် ကျန်ရစ်သူများ၏ နာကျင်မှု ဝေဒနာကို အနည်းငယ် သက်သာကောင်း သက်သာစေပေလိမ့်မည်။ သို့သော်လည်း အကျိုးဆက် အနေဖြင့် ဖြစ်ပေါ်လာမည့် စစ်ပွဲကြီးက ကုန်းမြေတိုက်ကြီးပေါင်း မြောက်များစွာကိုပင် လောင်ကြွမ်းသွားနိုင်ဖွယ် ရှိသည်။

“အဂ္ဂိရတ် အစည်းအရုံးက ခုချိန်ထိ ဘာမှ မလှုပ်ရှားသေးတာ အံ့သြစရာပဲ...”

ဝေ့ဝူယင်မှာ အချိန်နှင့် စွမ်းအင် အမြောက်အများကို အလဟသတ် ဖြုန်းတီးမိသလို ခံစားလိုက်ရသည်။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ မလာမီတွင် သူ မရေမတွက်နိုင်‌‌သော အကာအကွယ်များနှင့် နည်းဗျူဟာများကို ကြိုတင်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း မထင်မှတ်စွာပင် သူ့အား လုပ်ကြံခဲ့သည်က အထွတ်အမြတ် အလင်းနန်းတော်သာ ဖြစ်နေခဲ့သည်။

သို့သော်လည်း ဝေ့ဝူယင် မသိလိုက်သည့် အချိန်တွင်ပင် အဂ္ဂိရတ် အစည်းအရုံးမှာ အမှန်တကယ် လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် အရိပ်ထဲတွင်သာ ရှိနေခဲ့သေးပြီး ယခုအထိ ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ကြသေးရုံသာ ဖြစ်၏။

ဝေ့ဝူယင် အပျက်အစီးများဖြင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။ ဤဖြစ်ရပ်ကြောင့် မွေးဖွားလာမည့် ဝမ်းနည်းပူဆွေးမှုများ၊ စိတ်ပျက် အားငယ်မှုများကို အလွယ်တကူ ကုစားရန် မဖြစ်နိုင်သော်လည်း ပြန်လည် ထူထောင်မှုများ ပြုလုပ်ရန် အတွက် လိုအပ်သည့် အရင်းအမြစ်များကိုတော့ သူ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

သူသည် သူတော်စင် တစ်ယောက် မဟုတ်သော်လည်း မိမိကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်ယူတတ်သည့် လူတစ်ယောက်တော့ ဖြစ်နေသေးဆဲ ဖြစ်သည်။ လက်ရှိ၌ ရွှယ်တိုင်းပြည်မှာ သူ့လက်အောက်ခံ နယ်မြေတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် လူများအား ကူညီရန် ဟူသော ယင်၏ ရည်ရွယ်ချက်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပေလိမ့်မည်။ ထိုအရာက တစ်ချက်ခုတ် သုံးချက်ပြတ်သည့် ကိစ္စတစ်ရပ် ဖြစ်၏။

...

သုံးရက် ကြာပြီးနောက်...

ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့သည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ရင်း ဇာတိမြေကို ပြန်လည်ပြုပြင်ရန် ကြိုးစားနေကြသည့် ရွှယ်တိုင်းသူပြည်သားများ၏ ရှုခင်းကို ငေးကြည့်နေကြသည်။  လူသားတို့၏ ကြိုးပမ်း အားထုတ်မှုကား လေးစားစရာ ကောင်းလွန်းသည်။။  ကျင့်ကြံခြင်း လောကသည်မည်မျှပင် ရက်စက်ကြမ်းကြုတ်သည်ဖြစ်စေ လူသားများမှာ စည်းလုံးညီညွတ်စွာဖြင့် လွတ်ကင်းရာ နည်းလမ်းများကို အမြဲရှာဖွေတွေ့ရှိခဲ့သည်။

ရွှယ်ရီဖေး၏ မျက်လုံးများမှာ ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ ရွှယ်တိုင်းပြည်က သူမ၏ မွေးရပ်မြေ ဖြစ်သည်။ ထိုမြေတွင် မရေမတွက်နိုင်သည့် က‌လေးများ၊ အဘွားအိုများနှင့် အပြစ်မဲ့သူများ မှီတင်းနေထိုင်ကြသည်။ လူငယ်များနှင့် မိန်းမငယ်များသည် သူတို့ ဘဝများတွင် ပျော်ရွှင်နေခဲ့ကြသည်။ ယခုကဲ့သို့ အဖြစ်ဆိုးကို ဖြတ်ကျော်ပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိရန် အချိန်အတိုင်းအတာ တစ်ခု အထိ လိုအပ်ပေလိမ့်မည်။

“ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ ရည်မှန်းချက် တစ်ခု အတွက် မရေမတွက်နိုင်တဲ့ အပြစ်မဲ့ အသက်တွေကို မြက်ပင်တွေလို ရှင်းလင်းပစ်ခဲ့တာက ဆိုးယုတ်လွန်းပါတယ်”

သူမ၏ အသံက အဆုံးသတ်တွင် အနည်းငယ် တိမ်ဝင်သွား၏။ ဝေ့ဝူယင်သည် အဖြစ်အပျက် မှန်သမျှကို သူမအား ပြောပြထားခဲ့ပြီး ဖြစ်သည်။ အထွတ်အမြတ် အလင်း နန်းတော် သခင်၏ သမီးတော်သည် သူမ၏ မနာလိုမှုနှင့် ပြိုင်ဆိုင်လိုမှုတို့ အတွက် ဝေ့ဝူယင်အား လုပ်ကြံရန် ကြံစည်ခဲ့သည်။ အကျိုးဆက် အနေဖြင့် လူပေါင်း သိန်းနှင့်ချီ သေဆုံးကာ မရေမတွက်နိုင်သည့် လူများ ဒဏ်ရာ ရရှိခဲ့သည်။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ကျင့်ကြံခြင်း လောကက ရက်စက်ကြမ်းကြုတ်ပြီး နေ့စဥ်နေ့တိုင်း အပြစ်မဲ့ သေဆုံးမှုတွေနဲ့ ပြည့်နှက်နေတယ်... အဲဒါကို ဆိုးယုတ်လွန်းတယ်လို့ မင်းအနေနဲ့ ယူဆလို့ ရတယ်... ဒါပေမဲ့ ငါ့ထင်တယ်... သေဆုံးသွားတဲ့လူတွေဟာ မင်းနဲ့ တစ်စုံတစ်ရာ သက်ဆိုင်မှု မရှိဘူး ဆိုရင်‌တော့ မင်းရဲ့ အဲဒီ ထင်မြင် ယူဆချက်က ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်တယ်... တကယ်တော့ ဘယ်အသက်ကမှ တန်ဖိုး ပိုမရှိပါဘူး”

ရွှယ်ရီဖေးမှာ တိတ်ဆိတ်သွား၏။ သူမ၏ ဟေဇယ်မျက်လုံးများတွင် အမျိုးမျိုးသော အတွေးများက ဖြတ်ပြေးနေသည်။ ဝေ့ဝူယင် ပြောတာမှန်ကြောင်း သူမ သိသည်။ တစ်ချိန်တုန်းက ယွမ်လုံရှီသည်လည်း မရေမတွက်နိုင်သော လူများကို တစ်ချက်ပင် မစဥ်းစားပဲ သတ်ဖြတ်ခဲ့ဖူးသည်။ ထိုစဥ်က သူမ သူ့အား ပျော်ရွှင်စွာ ထောက်ခံခဲ့သည်။

‌ဝေ့ဝူယင်က သူမ၏ လက်ကလေးများကို နူးညံ့စွာ ဆုပ်ကိုင်လိုက်၏။ မည်သို့ပင် ဆိုစေ သေဆုံးသွားသူများမှာ သူမ ချစ်ခင်ရသည့် တိုင်းသူပြည်သားများ ဖြစ်နေဆဲ မဟုတ်ပါလား။

“ငါ မင်းရဲ့ ခံစားချက်တွေကို နားလည်ပါတယ်... ငါပဲဖြစ်ဖြစ်... မင်းပဲဖြစ်ဖြစ်... အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ လုံလုံလောက်လောက် သန်မာလာတဲ့ တစ်နေ့ကျရင်တော့ ကျန်းလန်လန် သေရမယ်... ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး...”

မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေ၌ ထိုအရာက သူမကို နှစ်သိမ့်ရန် တစ်ခုတည်းသော စကားလုံးလည်း ဖြစ်ပေသည်။

***

All Chapters