← Chapters

မတူညီသော လမ်းစဉ်များ

Vol. 84 Ch. 1165

မတူညီသော လမ်းစဉ်များ

Vol. 84 Ch. 1165

" ပေါင်လဲ့။ မိုးကောင်းကင်တာအိုက ဘာလဲဆိုတာ မင်း သိလား " ချန်ရှင်းမှာ ဘေးသို့လှည့်သွားပြီး ခပ်လှမ်းလမ်းရှိ မှောင်မိုက်နေသော ကောင်းကင်ကြီးအား လှမ်းကြည့်ရင်း မေးလိုက်သည်။ သူ၏ စကားသံထဲ၌ ခံစားချက်မျိုးစုံ ရောယှက်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ အဖြေကိုပင် မစောင့်ဘဲ သူတစ်ယောက်တည်း ရေရွတ်နေသည့်အလား စကားဆက်ပြောလိုက်သည်။

" မိုးကောင်းကင်တာအိုက သက်ရှိမဟုတ်ဘူး။ မျိုးနွယ်စုတစ်ခု၊ ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုထဲက သက်ရှိတွေ အကုန်လုံးရဲ့ အတွေးတွေအားလုံး ပေါင်းစည်းထားတဲ့ အရာတစ်ခုပဲ။ အဲဒီ အဖွဲ့အစည်းက ကမ္ဘာကြီးရဲ့ အုပ်ချုပ်သူတွေ ဖြစ်လာတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ခွင့်ရှိတယ်။ အဲဒီ စည်းမျဉ်းတွေကို မလိုက်နာတဲ့သူတွေကို ပုန်ကန်သူတွေအဖြစ် သတ်မှတ်ပြီး သတ်ဖြတ်ပစ်ဖို့လိုတယ်။ အဲဒီလိုနဲ့ သက်ရှိတွေအကုန်လုံး အဲ့ဒီစည်းမျဉ်းတွေကို လိုက်နာသွားတဲ့အချိန် အဲဒီ အဖွဲ့အစည်းရဲ့ စိတ်ဆန္ဒက မိုးကောင်းကင်တာအို ဖြစ်လာတာပဲ " ချန်ရှင်းမှာ လေသံတိုးတိုးဖြင့် ရှင်းပြနေ၏။

ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်နေသည်။ သူသည် မိုးကောင်းကင်တာအိုအကြောင်း များများစားစားမသိပါသော်လည်း သူ၏ အတိတ်ဘဝများထဲမှ အတွေ့အကြုံများကြောင့် အနည်းနှင့်အများ ခန့်မှန်းမိထားပြီးသားဖြစ်သည်။

" အဆုံးမဲ့မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုက အဲဒီအတိုင်းပဲ။ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ အကုန်လုံးရဲ့ဘုံစိတ်ဆန္ဒတစ်ခုပေါ့။ ဒါပေမဲ့ အဲဒီ မိုးကောင်းကင်တာအိုရဲ့ပိုင်ရှင်က အဆုံးမဲ့ခေါင်းဆောင်ကြီးရဲ့ တာအိုခန္ဓာကိုယ်တစ်ခုပဲ "

" အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုကလည်း အတူတူပဲ။ အမှောင်ဂိုဏ်းသားတွေ အားလုံးရဲ့ ဘုံစိတ်ဆန္ဒတစ်ခုပေါ့။ အဲဒီ မိုးကောင်းကင်တာအိုရဲ့ ပိုင်ရှင်ကတော့ အမှောင်ဧကရာဇ်ပဲ။ သူက လျှို့ဝှက်ဆန်းကြယ်ပြီး အမှောင်ဂိုဏ်း စတင်ပေါ်ပေါက်လာခဲ့တဲ့ အချိန်ကတည်းက ရှိနေခဲ့တာ "

" ငါ သိသလောက်ဆိုရင် အမှောင်ဧကရာဇ်က လော့ရဲ့ လက်ချောင်းတစ်ချောင်းကြောင့် ပေါ်ပေါက်လာခဲ့တာပဲ။ တခြားလက်ချောင်းလေးချောင်းထဲက တစ်ချောင်းက သဘာဝစည်းမျဉ်းဥပဒေသတွေ၊ တစ်ချောင်းက မှော်စည်းမျဉ်းဥပဒေသတွေ၊ တစ်ချောင်းက မိုးကောင်းကင်ကြီးနဲ့ နောက်ဆုံးတစ်ချောင်းက ကမ္ဘာမြေကြီး ဖြစ်သွားခဲ့တာ။ လက်ဖဝါးကတော့... ဒီ စကြာဝဠာကြီး ဖြစ်သွားခဲ့တာပေါ့ "

" အဲတာ ငါတို့ အမှောင်ဂိုဏ်းရဲ့ နောက်ကြောင်းရာဇဝင်ပဲ။ ငါတို့ရဲ့တာဝန်က ဒီ စကြဝဠာကြီးထဲက အရာအားလုံးကို ချုပ်နှောင်ပြီးတော့ ဘယ်သက်ရှိကိုမှ အပြင်ထွက်ခွင့်မပေးဖို့ပဲ။ ဒါပေမဲ့ အပေါ်ယံမှာတော့ ငါတို့က ဒီကမ္ဘာကြီးထဲမှာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဖြစ်စဉ်တွေ ရှိနေနိုင်အောင် သံသရာစက်ဝန်းကို ထိန်းချုပ်တဲ့ပုံစံ ဟန်ဆောင်ထားကြတာ။ ဘယ်သက်ရှိမှ ထာဝရ အသက်မရှင်နိုင်သလို ဘယ်သက်ရှိမှလည်း သံသရာစက်ဝန်းထဲကနေ မလွတ်မြောက်နိုင်ဘူး "

" ငါတို့ အမှောင်ဂိုဏ်း အဲဒီလိုလည်ပတ်နေခဲ့တာ ငါတို့ကို အဲဒီတာဝန်ပေးထားတဲ့ လော့ အသက်ပျောက်သွားတဲ့ အချိန်အထိပေါ့။ သူ အသက်ပျောက်သွားခဲ့တဲ့ အချိန်ကစပြီး အမှောင်ဂိုဏ်းက တဖြည်းဖြည်းနဲ့ အားအင်ဆုတ်ယုတ်လာခဲ့တာ။ အဲဒီအချိန်မှာပဲ အဆုံးမဲ့မျိုးနွယ်စုက တန်ခိုးအာဏာ စပြီးတော့ ကြီးထွားလာတာပဲ။ ပိုပြီးတော့ တိတိကျကျပြောရမယ်ဆိုရင် အဆုံးမဲ့မျိုးနွယ်စု ပြန်ပြီးတော့ ပေါ်ပေါက်လာတာပေါ့ "

" အဆုံးမဲ့မျိုးနွယ်စု လိုချင်တဲ့အရာက ထာဝရအသက်ရှင်နိုင်ဖို့ရယ် သံသရာစက်ဝန်းထဲကနေ လွတ်မြောက်နိုင်ဖို့ရယ်ပဲ။ အဲတာမှပဲ အချုပ်အနှောင်ကြီးကို ချိုးဖျက်နိုင်မှာ။ အဲဒီ အချုပ်အနှောင်ကြီး ပျက်စီးသွားတာနဲ့ အဆုံးမဲ့မျိုးနွယ်စုက အပြည့်အဝ ပြန်လည်နိုးထလာပြီးတော့ ဟိုးအဝေးကြီးမှာရှိနေတဲ့ အဆုံးမဲ့နယ်မြေအစစ်နဲ့ ချိတ်ဆက်မိသွားမှာ။ အဲဒီအချိန်ရောက်ရင် အဆုံးမဲ့မျိုးနွယ်စုက ပြန်ရောက်လာမှာပဲ "

" အဆုံးမဲ့မျိုးနွယ်စု ပြန်ရောက်လာတာ ရေးကြီးခွင်ကျယ် မဟုတ်ပေမယ့် ငါတို့ အမှောင်ဂိုဏ်းရဲ့ တာဝန်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာလေ " ချန်ရှင်းမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် စကားဆက်ပြောရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့ ပြောလိုက်သည့် စကားများကြောင့် မျက်ဝန်းများ အရောင်တောက်ပသွားရသည်။

" နတ်ဝိဇ္ဇာကြောင့်မလား။ အမှောင်ဂိုဏ်းရဲ့ တာဝန်က အဆုံးမဲ့မျိုးနွယ်စု ပြန်ရောက်လာတာကို တားဆီးဖို့မဟုတ်ပဲ နတ်ဝိဇ္ဇာ ထွက်မပြေးနိုင်အောင် တားဆီးဖို့ပဲ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

ထိုစကားများကြောင့် ချန်ရှင်းမှာ နှုတ်ဆိတ်သွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ထိုအကြောင်းဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ကြည့်ကာ သူမေးခဲ့သည့် မေးခွန်းအား ဖြေလိုက်၏။

ချန်ရှင်းမှာ ထိုမေးခွန်းအား ဖြေပြီးသွားသည်နှင့် နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ နောက်ကျောအား လှမ်းကြည့်နေရင်း အချက်တစ်ချက်အား ပြန်တွေးမိသွားသည်။ သူ ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေသေးပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ နောက်မှလိုက်၍ ပြည်ထောင်စုကြီးထဲမှ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာလာခဲ့စဉ်တုန်းက လမ်းခုလတ်၌ လခြမ်းဧကရာဇ်ကြီးနှင့် ကြုံခဲ့ရခြင်းမရှိပါက သူသည် ခေါင်းတလားကြီးထဲတွင်သာ ရှိနေဦးမည်ဖြစ်ပြီး မျက်လုံးများ ပြန်ပွင့်လာချိန်တွင် အမှောင်ကြယ်ပေါ်သို့ ရောက်နေမည်သာဖြစ်သည်။

ထိုသို့သာဆိုလျှင်... ယခုလို အခြေအနေမျိုးသို့ ရောက်နေလောက်မည်မဟုတ်ပေ။

ထိုစဉ်တုန်းက သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ နူးညံ့သိမ်မွေ့မှု အပြည့်ရှိခဲ့ပြီး ဝမ်ပေါင်လဲ့မှာမူ မောက်မာဝင့်ကြွားနေခဲ့၏။

သူသည် ထိုကဲ့သို့သာ ဖြစ်သွားခဲ့မည်ဆိုလျှင် ယခုတွင် အမှောင်ဂိုဏ်းထဲ၌ အခြေကျနေလောက်ပြီဖြစ်ကြောင်း တွေးမိလိုက်သည်။ သူ့အား ကန့်ကွက်မည့်သူများ ရှိနေခဲ့လျှင်တောင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ ထိုပြဿနာများအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုခု ရှိနေမည်သာဖြစ်သည်။

သို့သော် ယခုတွင်မူ...

သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ မမှားပေ။ အမှောင်ဂိုဏ်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ အစားထိုးခြင်းကိုခံခဲ့ရသဖြင့် ဂိုဏ်းတူအစ်ကိုကြီးမှာ သူ၏ သစ္စာဖောက်မှုကြောင့် နှစ်ပေါင်းများစွာ နောင်တများ ခံစားခဲ့ရ၏။

ထို့ကြောင့် သူသည် သူ၏ အပြစ်များအတွက် ပြန်လည်ပေးဆပ်နိုင်ရန် အလို့ငှာ အမှောင်ဂိုဏ်းအား ယခင်တုန်းကအတိုင်း ဘုန်းမီးနေလပြန်လည်တောက်ပလာအောင် ကူညီပေးမည်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ့ကိုယ်သူ အဆုံးရှုံးခံကာ မိုးကောင်းကင်တာအိုနှင့် တစ်သားတည်းပေါင်းစည်းခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ သူ၏ လုပ်ရပ်မှာ မမှားပေ။

လက်ရှိအမှောင်ဂိုဏ်းမှာလည်း မမှားပေ။ သူတို့မှာ သနားစရာကောင်းသည့်လူများသာ ဖြစ်ကြပေသည်။ အမှောင်ဂိုဏ်းသားအများစုမှာ ပြင်ပကမ္ဘာကြီးနှင့် လုံးဝနီးပါး အဆက်အသွယ် ပြတ်နေသောကြောင့် အတိတ်တုန်းက ရွှေထီးဆောင်းခဲ့သည့် နေ့ရက်များကိုသာ ပြန်လည်တွေးတောကာ သာယာနေကြ၏။ သူတို့မှာ အတိတ်မှပြန်လည်နိုးထလာရန် စိတ်ကူးမရှိကြသလို သူတို့၏ အမှားများကို ဝန်ခံရန်လည်း စိတ်ကူးမရှိကြဘဲ အငြိုးအတေးများ၊ အာဃာတများဖြင့်သာ ပြည့်နှက်နေကြ၏။ ထို့ကြောင့် သူတို့မှာ အရူးတစ်ပိုင်း ဖြစ်နေကြသည်ဟုပင် ဆိုနိုင်ပေသည်။

သို့သော် ထိုသို့ဖြစ်နေခြင်းမှာ မမှားပေ။ သေရမည်ကို ကြောက်ရွံ့နေခြင်းမရှိလောက်အောင် ရူးသွပ်နေသည့်သူများသာလျှင် ဖိနှိပ်ချုပ်တည်းမှုများကို တွန်းလှန်နိုင်စွမ်း ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ အမှောင်ဂိုဏ်းထဲမှ လူများမှာလည်း မမှားပေ။

ဝမ်ပေါင်လဲ့မှာလည်း မမှားပေ။ အမှောင်ဂိုဏ်းအပေါ် ထားရှိခဲ့သည့် သူ၏ သံယောဇဉ်များမှာ လက်တွေ့ဖြစ်ရပ်များကြောင့် ကုန်ဆုံးသွားရပြီဖြစ်သည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအပေါ် ထားရှိခဲ့သည့် သူ၏ ရိုသေလေးစားမှုနှင့်များနှင့် ချစ်ခြင်းမေတ္တာများမှာလည်း အကြင်နာကင်းမဲ့သော မိုးကောင်းကင်တာအိုကြောင့် ပျက်ပြားသွားရပြီဖြစ်သည်။ သူသည် လက်ရှိ အမှောင်ဂိုဏ်းအား ဖိနှိပ်ချုပ်တည်းကာ ထိန်းချုပ်နိုင်အောင်ကြိုးစားရန် အချိန်မရှိပေ။ သူသည် အနာဂတ်တွင် ကြုံတွေ့ရမည့် အန္တရာယ်များအတွက် သူ့ကိုယ်သူ အစွမ်းထက်လာအောင် လုပ်ရန်သာ ဆန္ဒရှိနေသည်။ ထို့ကြောင့် သူသည် အမှောင်ဂိုဏ်းအား သံယောဇဉ်တွယ်နေရမည်ကို မလိုလားပေ။

ထို့အပြင် သူသည် အမှောင်ဂိုဏ်းမှာ အစကတည်းက သူနှင့် သဘောထားကွဲလွဲနေကြောင်း နားလည်ထားပြီဖြစ်သည်။ အမှောင်ဂိုဏ်း၏ တာဝန်မှာ နတ်ဝိဇ္ဇာအား ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိအောင် တားဆီးရန်ဖြစ်ပြီး.... သူသည် ထိုနတ်ဝိဇ္ဇာ၏ အမွေအနှစ်အား လက်ခံရရှိထားသည် မဟုတ်ပါလော။

သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုအချက်အား သတိထားမိထားပြီးသား ဖြစ်ရပေမည်။

သူသည် မိုးကောင်းကင်တာအိုနှင့် မပေါင်စည်းရသေးခင်တုန်းက ထိုအချက်အား မသိထားလောက်ပေ။ သို့သော် မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းပြီးသွားချိန်တွင် အာရုံခံမိသွားခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် ယခုလို ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ဝေခွဲမရဖြစ်နေလောက်ပေသည်။

အကယ်၍ သူ နတ်ဝိဇ္ဇာ၏ အမွေအနှစ်အား လက်မခံတော့ဘဲ သူ၏ အနာဂတ်နှင့် ဤကမ္ဘာကြီးထဲမှ ထွက်ခွာပြီး ပြင်ပကမ္ဘာကြီးအား ကြည့်ရှုလိုသည့် သူ၏ ဆန္ဒများကို စွန့်လွှတ်၍ အမှောင်ဂိုဏ်းထဲတွင်သာ ဆက်နေကာ ၎င်း၏ တာဝန်အား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မည်ဆိုပါက သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ယခင်တုန်းကအတိုင်း ဆက်ရှိနေလောက်ပေသည်။

သို့သော် သူသည် သူ၏ နှလုံးသား စေခိုင်းသည့်အတိုင်း လုပ်ရပေမည်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေပြီး အမှောင်အိပ်မက်ထဲ၌ သူ၏ဆရာ ပြောခဲ့သည့်စကားများကို ပြန်၍စဉ်းစားနေ၏။ သူသည် ထိုသို့စဉ်းစားနေရင်း အဝေးသို့ ထွက်ခွာသွားနေသည့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား လှမ်းကြည့်နေသည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးခဲ့သည့်အဖြေမှာလည်း သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။

" အရင်တုန်းက ငါက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်ခဲ့ပေမဲ့ အခု ငါက မိုးကောင်းကင်တာအို ဖြစ်သွားပြီ။ အမှောင်ဂိုဏ်းက ငါ့ရဲ့ သခင်ပဲ။ ဒီကိစ္စကြီးပြီးရင် မင်းလည်း ထွက်သွားလိုက်တော့ "

ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအား ဦးညွှတ်အရိုအသေပေးလိုက်၏။

" ဂိုဏ်းတူအစ်ကိုကြီး။ ပေါင်လဲ့ အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို အစ်ကို့အတွက် သွားယူပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ အစ်ကိုလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ " ဝမ်ပေါင်လဲ့ ထိုသို့ လှမ်းပြောလိုက်သောအခါ မလှမ်းမကမ်းတွင် ရှိနေသည့် ချန်ရှင်းမှာ ခြေလှမ်းများ ရပ်တန့်သွား၏။ သူသည် ထိုနေရာတွင် အချိန်အတော်အတန်ကြာအောင် မလုပ်ယှက် ရပ်နေလိုက်ပြီးမှ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်။

အမှောင်ဂိုဏ်းထဲတွင် ဂိုဏ်းတူ ညီအစ်ကိုနှစ်ယောက် ရှိနေ၏။ တစ်ယောက်မှာ ဦးညွှတ်နေပြီး အခြား တစ်ယောက်မှာ အဝေးသို့ လျှောက်လှမ်းသွားနေသည်။ သူတို့နှစ်ယောက်မှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားကြသဖြင့် နောက်ဆုံးတွင် တစ်ယောက်ကိုတစ်ယောက်

လှမ်းမမြင်ရတော့ပေ။ အမှောင်ဂိုဏ်းထဲရှိ ရုပ်တုကိုးခုထဲမှ အမြင့်ဆုံးရုပ်တုဖြစ်သည့် နဝမအကြီးအကဲကြီးသာလျှင် အရာအားလုံးကိုရှင်းလင်းပြတ်သားစွာ မြင်နေရသည်။ သူသည် အဝေးသို့ လျှောက်လှမ်းသွားနေသည့် ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူအား လှမ်းကြည့်နေ၏။ သူ၏ လူရိပ်မှာ မှုန်ဝါးဝါးဖြစ်သွားပြီး နောက်ဆုံးတွင်ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ဦးညွှတ်နေသည့် ဂိုဏ်းတူညီလေးဖြစ်သူအား လှမ်းကြည့်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ခေါင်းပြန်မော့လာသည်။ ခန်းမတံခါးမှာလည်း ပြန်ပိတ်သွား၏။

သူတို့နှစ်ယောက်၏ လမ်းစဉ်များမှာ မတူတော့ပေ။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေ၏။ ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားပြီး ငရဲကိုးထပ်ထဲ၌ နေဝင်ချိန်သို့ ရောက်လာချိန်တွင် ပြင်ပကမ္ဘာကြီးထဲမှ အချက်ပေးခရာသံများ ထွက်ပေါ်လာသည်။

ခပ်လှမ်းလှမ်းရှိ အမှောင်မြစ်ထဲတွင် လှိုင်းလုံးကြီးများ ထလာ၏။ ၎င်းတို့၏ ရိုက်ခတ်သံများအား အမှောင်ကြယ်ပေါ်မှပင် ကြားနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအသံများအား ကြားလိုက်ရသည်နှင့် မျက်လုံးများပွင့်လာ၏။

" အမှောင်မြစ်..." ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ခန်းမတံခါးအား တွန်းဖွင့်လိုက်၏။ ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သောအခါ အမှောင်ဂိုဏ်းထဲမှ လူရိပ်ပေါင်းမြောက်မြားစွာ ပျံထွက်လာကြပြီး ကောင်းကင်ယံထဲ၌ စုဝေးနေကြသည်ကို မြင်လိုက်ရသည်။ ကောင်းကင်ကြီး၏ အဆုံးတွင် မှုန်ဝါးဝါးဖြစ်နေသည့် ဧရာမ မျက်နှာကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ မျက်နှာဖြစ်သည်။

သူသည် မြေပြင်ပေါ်ရှိ အမှောင်ဂိုဏ်း၊ အမှောင်ဂိုဏ်းသားများနှင့် ဝမ်ပေါင်လဲ့တို့အား ငုံ့ကြည့်နေ၏။

" အမှောင်မြစ် ပွင့်ပြီ။ အမှောင်ဂိုဏ်းကို ဘုန်းမီးနေလ ပြန်လည်တောက်ပလာအောင် လုပ်နိုင်မယ့် အခွင့်အရေးက မင်းတို့တွေ အကုန်လုံးရဲ့ လက်ထဲမှာပဲရှိတယ် "

" အမှောင်ဂိုဏ်း "

" အမှောင်ဂိုဏ်း "

" အမှောင်ဂိုဏ်း " အမှောင်ဂိုဏ်းသားများ အားလုံးမှာ ကောင်းကင်ယံထဲရှိ မျက်နှာကြီး၏ စကားများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် သံပြိုင် အော်ဟစ်လိုက်ကြ၏။ သူတို့၏ အော်ဟစ်သံများထဲတွင် စိတ်ဓာတ်ပြတ်သားမှုနှင့် ရူးသွပ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

All Chapters