" မိုးကောင်းကင်တာအို ၊ စွမ်းအားတွေကို ထုတ်လွှတ်ပေးပါ "
Vol. 84 Ch. 1166
" အမှောင်ဂိုဏ်း " ဝမ်ပေါင်လဲ့မှာ ခန်းမထဲမှ ထွက်လာပြီး ကောင်းကင်ယံထဲရှိ လူများအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း၏ တည်ကြည်မှုအပြည့် ရှိနေသော မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်ပါသော်လည်း သူ၏ အမူအရာမှာ တဖြည်းဖြည်းနှင့် ပြန်လည်တည်ကြည်သွား၏။
သူသည် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ရာ တွေဝေတုံ့ဆိုင်းနေစရာ မလိုတော့ပေ။
သူသည် ဘဝကြီးမှာ ကြိုတင်မှန်းဆ၍ မရသည့် အရာတစ်ခုဖြစ်ပြီး နောင်တများနှင့် မလွဲမသွေ ကြုံရမည်သာဖြစ်ကြောင်း နားလည်ထားသည်။ ပြီးပြည့်စုံသည့် ဘဝတစ်ခုအား ပိုင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ ထို နောင်တများအား လှပသော အမှတ်တရများအဖြစ် ပြောင်းလဲခြင်းမှာ ပိုကောင်းပေလိမ့်မည်။
" ဒီတစ်ခေါက်... ငါ့ရဲ့ ပထမတာဝန်က ဂိုဏ်းတူအစ်ကိုကြီးအတွက် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို ယူပေးဖို့ပဲ။ ဒုတိယတာဝန်ကတော့ လောကအဆင့်မြှင့် ချပ်ပြားဝိုင်းကို ရှာပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာအောင်လုပ်ဖို့ပဲ " ဝမ်ပေါင်လဲ့ ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ချိန်တွင် အမှောင်ဂိုဏ်းသားများ၏ အော်ဟစ်သံများမှာ လေထဲ၌ ပြည့်နက်နေပြီဖြစ်သည်။ အမှောင်မြစ်ထဲရှိ လှိုင်းလုံးကြီးများ၏ ရိုက်ခတ်သံများမှာလည်း ပို၍ကျယ်လောင်လာ၏။
ထို လှိုင်းသံများမှာ အမှောင်ဂိုဏ်းသားများ၏ အော်ဟစ်သံများအား တဖြည်းဖြည်းနှင့် လွှမ်းခြုံသွားပြီး ဆင့်ခေါ်သံတစ်သံအဖြစ် ပြောင်းလဲကာ ကျင့်ကြံသူအားလုံးကို ဖုံးလွှမ်းသွားသည်။ ဝမ်ပေါင်လဲ့မှာလည်း ထို ကျင့်ကြံသူများထဲတွင် ပါပေသည်။ သူသည် အမှောင်မြစ် သူ့အား ဆင့်ခေါ်နေသည်ကို ခံစားမိနေ၏။
ပို၍ တိတိကျကျဆိုရပါက ထို ဆင့်ခေါ်သံမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်နှင့် ထပ်တူကျနေခြင်း ဖြစ်သည်။
သို့ဖြစ်ရာ အမှောင်ဂိုဏ်း၏ တာအိုအားလုံးမှာ ထို အမှောင်မြစ်ကြီးဆီမှ ဆင်းသက်လာသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ကောင်းကင်ယံထဲရှိ ချန်ရှင်း၏ မျက်နှာကြီးမှာ အောက်တွင်ရှိနေသည့် ကျင့်ကြံသူများအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် အကြည်လွှဲကာ လေသံအောအောကြီးဖြင့် ဆိုလိုက်သည်။
" အမှောင်မြစ်၊ ပွင့်စေ "
သူ ထိုသို့ဆိုလိုက်သည်နှင့် အပြင်ဘက်တွင်ရှိနေသည့် အမှောင်မြစ်မှာ ပို၍ပင် ဗြောင်းဆန်လာ၏။ တစ်ချိန်ထဲမှာပင် အမှောင်ဂိုဏ်းထဲမှ ကျင့်ကြံသူများမှာလည်း လူရိပ်များအဖြစ် ပြောင်းလဲသွားကြပြီး ကောင်းကင်ထဲသို့ ပျံတက်သွားကြ၏။ သူတို့မှာ လေထုကြီးအား ထိုးခွင်းကာ အမှောင်ကြယ်ထဲမှ ပျံထွက်လာကြသည်။
ဝမ်ပေါင်လဲ့မှာလည်း တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်၏။ သူသည် ခြေတစ်လှမ်း လှမ်းပြီးသွားချိန်တွင် လေထဲသို့ ရောက်သွားပြီဖြစ်သည်။ နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ချိန်တွင် အမှောင်ကြယ်၏ အပြင်ဘက်သို့ ရောက်ရှိသွား၏။ တတိယခြေလှမ်း လှမ်းပြီးသွားသောအခါ အမှောင်မြစ်၏ အထက်သို့ ရောက်သွားတော့သည်။
သို့သော် သူသည် တစ်ယောက်တည်းဖြစ်နေ၏။ သူ၏ ရှေ့တွင် အမှောင်မြစ်ထဲသို့ ဝင်ရန် ပြင်နေကြသည့် အမှောင်ဂိုဏ်းသားများ ရှိနေကြသည်။ ထို ကျင့်ကြံသူများထဲတွင် အစွမ်းထက် အငွေ့အသက်များ ပိုင်ဆိုင်ထားကြသည့် အဘိုးကြီး ဆယ်ယောက်ကျော် ရှိနေသည်။
သူတို့အားလုံးမှာ အမှောင်ဂိုဏ်းထဲမှ ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည်။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ တာအိုစိတ်ဆန္ဒများ ဖုံးလွှမ်းနေ၏။ ဝမ်ပေါင်လဲ့မှာ ထို အဘိုးကြီးသည် မီးတောက်ကျိန်စာအား အသုံးပြုထားခြင်းမရှိသော မီးတောက်ခေါင်းဆောင်ကြီးထက်ပင် ပို၍ အစွမ်းထက်နေလိမ့်မည်ဟု ခံစားနေရသည်။ သူသည် သူ၏ စွမ်းအားတစ်မျိုးတည်းနှင့် အရာအားလုံးကို ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိနေသည့်အလားပင်။ အမှောင်မြစ်ထဲရှိ လှိုင်းလုံးကြီးများပင်လျှင် သူ၏ အောက်၌ လာရောက်စုဝေးနေကြရသည်။
ထို့အပြင် မျက်နှာဖုံးတစ်ခု တပ်ထားသဖြင့် မျက်နှာအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိသော အမှောင်ဂိုဏ်းသားတစ်ယောက်လည်း ရှိနေသေးသည်။ ထို ကျင့်ကြံသူမှာ အမျိုးသားတစ်ယောက် ဖြစ်သည့်အချက်ကိုသာ သိနိုင်ပေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် စွမ်းအင်လှိုင်းများမှာ ကြယ်နယ်မြေတစ်ပိုင်းအဆင့်တွင် ရှိနေ၏။
သို့သော် သူ၏ အမှောင်မီးတောက်မှာ အာရုံဖမ်းစားနိုင်စွမ်း အရှိဆုံးအရာဖြစ်နေသည်။ ထို အမှောင်မီးတောက်မှာ အားကောင်းလွန်းလှသောကြောင့် မိုးကောင်းကင်ထဲအထိ ရောက်လုနီးပါးဖြစ်နေ၏။ ယခုတွင် သူသည် ၎င်းအား ထိန်းချုပ်ထားခြင်းမရှိဘဲ ထုတ်လွှတ်ထားသည်ဖြစ်ရာ ၎င်းမှာ သူ၏ ဘေးပတ်ပတ်လည်တွင်ရှိနေသည့် အခြား အမှောင်ဂိုဏ်းသားများနှင့် ထပ်တူကျနေတော့သည်။ သူတို့မှာ လေးစားကြည်ညိုမှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ထိုကျင့်ကြံသူအား လှမ်းကြည့်နေကြ၏။
ဝမ်ပေါင်လဲ့သည် ထို ကျင့်ကြံသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနေစရာပင် မလိုလိုက်ပေ။ သူ ထို ကျင့်ကြံသူအား မြင်လိုက်ရသည်နှင့် ထို ကျင့်ကြံသူမှာလည်း ရန်လိုနေသည့်မျက်ဝန်းများ သူ့အား လှမ်းကြည့်လိုက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ တစ်ခဏမျှ အကြည့်ခြင်းဆုံသွား၏။ ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူသည် သူ အမှောင်ဂိုဏ်းထဲသို့ စတင်ရောက်ရှိလာသည့် အချိန်ကတည်းက သူ့အား မျက်ခြည်မပြတ်တမ်း စောင့်ကြည့်နေခဲ့သည့် လူတစ်ယောက်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ထို့အပြင် ထို ကျင့်ကြံသူမှာ သူ့အား ရန်စခဲ့သည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ် ပြောခဲ့သည့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးဆိုသည့်သူ ဖြစ်ပေသည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ ပေါ်ပေါက်လာခြင်းမရှိပါက ထို ကျင့်ကြံသူမှာ အမှောင်ဂိုဏ်း၏ အသိအမှတ်ပြုခြင်းကို အများဆုံး ရရှိထားသည့် အမှောင်ကလေးငယ် ဖြစ်နေမည်ဖြစ်သည်။
သို့ဖြစ်ရာ သူ ဝမ်ပေါင်လဲ့အား ရန်လိုနေသည်မှာ မထူးဆန်းပေ။
ယခင်တုန်းကဆိုပါက ဝမ်ပေါင်လဲ့၏ စိတ်မျိုးနှင့်ဆိုလျှင် ထိုကဲ့သို့သော ရန်လိုစိတ်များကြောင့် သူသည် ထိုကျင့်ကြံသူအား သူ့ကို အဖေဟု ခေါ်ရအောင် အတင်းအကြပ် ဖိအားပေးရန် တွေးမိလိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ ထို အခြင်းအရာများမှာ ဝမ်ပေါင်လဲ့အတွက် အရေးမပါတော့ပေ။
ယခုတွင် သူသည် သူ ပေးထားသည့်ကတိအတိုင်း သူ၏ ဂိုဏ်းတူအစ်ကိုကြီးအတွက် အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်ကိုသာ ယူပေးနိုင်ရန်သာ တွေးနေသည်။
ထို့ကြောင့် သူသည် ရန်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် ထို ကျင့်ကြံသူ၏ အကြည့်အား ဂရုစိုက်နေခြင်းမရှိဘဲ ခေါင်းငုံ့ကာ သူ၏ အောက်၌ လှိုင်းတံပိုးများထနေသည့် အမှောင်မြစ်အား လှမ်းကြည့်လိုက်၏။
သူသည် ထို အမှောင်မြစ်ထဲတွင် မျက်နှာများ မရေမတွက်နိုင်လောက်အောင် ရှိနေသည်ကိုမြင်လိုက်ရသည်။ ထိုမျက်နှာများမှာ သူနှင့် အခြား အမှောင်ဂိုဏ်းသားများကို ကြည့်နေကြပြီး အာဃာတများနှင့် မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေကြ၏။
သူတို့မှာ ဖိနှိပ်ချုပ်တည်းခံထားရပြီး သူတို့အား အသက်ပြန်ရှင်လာနိုင်စွမ်းမရှိအောင် တားမြစ်ထားသည့် အမှောင်ဂိုဏ်း၏ တာဝန်ကြောင့် ထိုကဲ့သို့ ခံစားနေကြရခြင်းဖြစ်သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက် တောက်လောင်လာသည်နှင့် သူ၏ မျက်ဝန်းများထဲတွင်လည်း အမှောင်အလင်းရောင်များ တောက်ပလာ၏။ သူသည် အမှောင်မြစ်ထဲ၌ မရေမတွက်နိုင်လောက်အောင်ရှိနေကြသည့် ဝိညာဉ်များဆီတွင် အမှောင်မြစ်၏ အောက်ပိုင်းအထိ ဆန့်တန်းနေသော အမျှင်အတန်းများ ရှိနေသည်ကို မသဲမကွဲမြင်နေရသည်။
သို့ဖြစ်ရာ ထို ဝိညာဉ်များမှာ မည်မျှပင် ရက်စက်ကြမ်းကြုတ်စေကာမူ ကြိုးဆွဲရာ ကရသည့် ရုပ်သေးရုပ်များ ဖြစ်နေကြဆဲပင်။ အကယ်၍ ၎င်းတို့၏ နောက်တွင်ရှိနေသည့် ရုပ်သေးဆရာမှာ လှုပ်ရှားခြင်းမရှိပါက ကိစ္စမရှိပါသော်လည်း သူသာ လှုပ်ရှားလိုက်မည်ဆိုပါက ထို ဝိညာဉ်များအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
" ဒီ အမျှင်အတန်းတွေက... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အမှောင်မြစ်၏ အောက်ပိုင်းသို့ လှမ်းကြည့်လိုက်၏။ သို့သော်လည်း သူသည် ထို အမျှင်အတန်းများအား ဖောက်ထွင်းမြင်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ သူသည် ရှင်းလင်းပြတ်သားစွာ မမြင်ရသည့်တိုင်အောင် နှလုံးသားထဲ၌ ခန့်မှန်းချက်အချို့ ပေါ်ပေါက်လာဆဲပင်။
" ဂိုဏ်းတူအစ်ကိုကြီး အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို လိုအပ်နေတာ တခြားအကြောင်းရင်းတစ်ခုခု ရှိရင်ရှိနေလောက်တယ်။ ဒီ အသက်မရှိတော့တဲ့ ဝိညာဉ်တွေရဲ့ နောက်က ကြိုးကိုင်ဆရာက ဆုံးပါးသွားပြီဖြစ်တဲ့ အမှောင်ဧကရာဇ် ဖြစ်နေဖို့ များတယ် "
" သူ သေဆုံးသွားလို့လည်း ကံကြမ္မာစွမ်းအားတွေ အခုထိ ရှိနေသေးတာ။ ဒီ ဝိညာဉ်တွေကတော့ ဒီနေရာမှာ ပိတ်မိနေတုန်းပဲမလို့ ထွက်မသွားနိုင်ကြဘူး " ဝမ်ပေါင်လဲ့တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်နေစဉ် ချန်ရှင်း၏ လူရိပ်မှာ အမှောင်မြစ် အထက်၌ ပေါ်ပေါက်လာ၏။ သူသည် မလိုအပ်သည့် စကားများကို တစ်ခွန်းမှ ပြောမနေဘဲ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ ထိုအခါ သူ၏ နဖူးပေါ်၌ အနက်ရောင်ငါးတစ်ကောင်ပုံစံ အမှတ်အသား ပေါ်ပေါက်လာပြီး မိုးကောင်းကင်တာအိုစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
နောက်ဆုံးတွင် ထိုစွမ်းအားများမှာ သူ၏ ညာဘက်လက်ပေါ်၌ စုဆုံသွားကြ၏။ ထို့နောက် သူ ထိုညာဘက်လက်အား အမှောင်မြစ်ဆီသို့ ဆန့်ထုတ်လိုက်ချိန်တွင် ဧရာမ လက်ဖဝါးကြီးတစ်ခု ပေါ်ပေါက်လာပြီး အမှောင်မြစ်ဆီသို့ ဦးတည်သွားတော့သည်။
အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသလို ဟင်းလင်းပြင်ကြီးမှာလည်း အပြင်းအထန်တုန်ရီသွား၏။ မိုးကောင်းကင်တာအို စွမ်းအားများမှာ အထိန်းအကွပ်မဲ့စွာ ပေါ်ပေါက်လာသည်ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ ဆွံ့အမှင်တက်သွားရ၏။ အမှောင်မြစ်ထဲရှိ ဝိညာဉ်များ၏ မျက်နှာများပေါ်တွင်မူ ကြောက်ရွံ့တုန်လှုပ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ အော်ဟစ်မြည်တမ်းရင်း အမှောင်မြစ်၏ အောက်ခြေသို့ ထွက်ပြေးသွားကြ၏။
တစ်ချိန်ထဲမှာပင် လက်ဖဝါးကြီး အောက်သို့ကျဆင်းလာသည်နှင့် အမှောင်မြစ်ထဲမှ ရေများမှာ ဗြောင်းဆန်သွားပြီး ထို လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထို ချိုင့်ခွက်ကြီးမှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာပြီး နောက်ဆုံးတွင် ၎င်း၏ ဗြက်မှာ ပေတစ်သိန်းကျော်အထိ ရှိသွား၏။ ထိုအခါမှသာ ၎င်းမှာ ထပ်၍ အရွယ်အစားကြီးမားလာခြင်းမရှိတော့ဘဲ ရပ်တန့်သွားသည်။ ရေလှိုင်းများမှာမူ ထို လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီးအား ဗဟိုပြုကာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားကြ၏။
သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထို ချိုင့်ခွက်ကြီးမှာ အရွယ်အစား ကြီးမားလာခြင်းမရှိပါသော်လည်း တဖြည်းဖြည်းနှင့် ပို၍ နက်လာ၏။
နောက်ဆုံးတွင် မီတာငါးသိန်းနီးပါး နက်သော လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီးတစ်ခုမှာ လူတိုင်း၏ ရှေ့၌ ပေါ်ပေါက်လာသဖြင့် သူတို့၏ နှလုံးသားများမှာ အပြင်းအထန် တုန်ရီသွားကြ၏။ သူတို့မြင်နေရသည့် အရာကြီးအား လက်ဖဝါးကြီးတစ်ခုအဖြစ် သတ်မှတ်၍မရတော့ပေ။ ၎င်းမှာ လိုဏ်ခေါင်းတစ်ခု သို့မဟုတ် ဝဲကြီးတစ်ခုနှင့် တူနေပြီဖြစ်သည်။
ထို ဝဲကြီး၏ အဆုံးတွင်မူ မည်သည့်အရာမှ မရှိပေ။ သို့ဖြစ်ရာ အမှောင်မြစ်၏ အောက်ခြေသို့ ရောက်ရန် အဝေးကြီး လိုသေးသည့်ပုံပင်။
ချန်ရှင်းမှာ သူ၏လက်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏ " မိုးကောင်းကင်တာအိုက လိုဏ်ခေါင်းရဲ့ တစ်ဝက်အထိပဲ သွားနိုင်တယ်။ ဒီ လိုဏ်ခေါင်းကို မီတာ တစ်သန်းအထိ ဖောက်ချင်ရင် အမှောင်ကလေးငယ်တွေ မိုးကောင်းကင်တာအို စွမ်းအားရဲ့ ဖိအားတွေကို တောင့်ခံဖို့လိုတယ် "
" ဟုတ်ကဲ့ပါ " ထိုအခါ ဝမ်ပေါင်လဲ့အား ရန်စခဲ့သည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်အပါအဝင် အမှောင်ဂိုဏ်းသားများ အားလုံးမှာ လေသံကျယ်ကျယ်ဖြင့် ဆိုလိုက်ကြ၏။ မျက်နှာဖုံးတပ်ထားသည့် ကျင့်ကြံသူပင်လျှင် အမိန့်နာခံသည့် အမူအရာဖြင့် တရိုတသေ ဦးညွှတ်လိုက်သည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့အား ရန်စခဲ့သည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ လူအုပ်ကြီးထဲမှ အရင်ဆုံး ထွက်လာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ချန်ရှင်းအား တောင်းဆိုလိုက်၏။
" မိုးကောင်းကင်တာအို၊ ကျေးဇူးပြုပြီးတော့ စွမ်းအားတွေကို ထုတ်လွှတ်ပေးပါ "
ချန်ရှင်းမှာလည်း ခေါင်းညိတ်လိုက်ပြီး သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သဖြင့် ထို လူငယ်လေး၏ နဖူးပေါ်တွင် အချုပ်အနှောင် အမှတ်သားတစ်ခု ပေါ်ပေါက်လာသည်။ ထိုအခါ သူသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်မှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။
သို့သော် သူသည် သာမန်လူတစ်ယောက် မဟုတ်သောကြောင့် ထိုနာကျင်မှုများကို အောင့်အီးသည်းခံလိုက်၏။ ထို့နောက် သူသည် အသံကုန်အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်အား အောက်တွင် ရှိနေသည့် လက်ဖဝါးပုံစံ လိုဏ်ခေါင်းကြီးဆီသို့ စေလွှတ်လိုက်တော့သည်။
ထိုအခါ ထစ်ချုန်းသံများထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ အသေးစား လက်ဖဝါးလေးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အောက်သို့ကျဆင်းသွားသဖြင့် အောက်တွင်ရှိနေသည့် လိုဏ်ခေါင်းမှာလည်း ပို၍ပင် နက်ရှိုင်းသွားတော့သည်။
၎င်း၏ အနက်မှာ မီတာနှစ်သောင်းအထိ တိုးသွား၏။
ထိုအချိန်တွင် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး နုံးချည့်သွား၏။ သို့သော် သူသည် နာကျင်မှုများကို မျိုသိပ်ကာ ဝမ်ပေါင်လဲ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် အခြားသူများမှာ သူ့အား လူအုပ်ထဲသို့ ပြန်ခေါ်သွားကြ၏။ ခဏအကြာတွင် နောက်ထပ် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်တစ်ယောက် ရှေ့သို့ ပျံထွက်လာပြီး တောင်းဆိုလိုက်ပြန်သည်။
" မိုးကောင်းကင်တာအို၊ ကျေးဇူးပြုပြီးတော့ စွမ်းအားတွေကို ထုတ်လွှတ်ပေးပါ “