← Chapters

ချီးကျူးဖွယ် အမျိုးသမီး

Vol. 132 Ch. 1832

ချီးကျူးဖွယ် အမျိုးသမီး

Vol. 132 Ch. 1832

‘အဲ့ဒါ အရမ်းဖြစ်နိုင်တယ်’

ကျန်းရီသည် တွေးရင်း တွေးရင်းနှင့် ပို၍စိတ်လှုပ်ရှားလာ၏။ ရီမျိုးနွယ်မှ တိုက်ရိုက်မျိုးဆက်များသာ ဟွင့်သွမ့်သားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သည့် ဆန်းကြယ်စွမ်းရည်ကို တတ်မြောက်နိုင်ကြသည်။ တိုက်ရိုက် အမျိုးသမီးမျိုးဆက်ထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူမှာ ရီဖျောင်ဖျောင် ဖြစ်သည်။

ကျန်းရီသည် ရီဖျောင်ဖျောင်၏ ကျင့်ကြံခြင်းအဆင့်က မည်မျှရှိခဲ့ကြောင်းကို မသိသော်လည်း သူမက အထက်ဘုံ၏ နံပါတ်တစ် သခင်မလေး ဖြစ်ခဲ့ဖူးရာ သူမ၏ ပါရမီနှင့် အလှအပမှာ သေချာပေါက် ထိပ်တန်း ဖြစ်ပေလိမ့်မည်။ သူမသည် သူတော်စင်ဝိညာဉ်တောင်အောက်တွင် အထက်ဘုံအချိန် နှစ်နှစ်နီးပါး ဖိနှိပ်ခံခဲ့ရသည်။ ထိုနှစ်နှစ်အတွင်း သူမ ကြိုးစားကျင့်ကြံနေခဲ့လောက်သည်။ အတိတ်တွင် သူမသည် လောကတစ်ခွင် လှည့်လည်သွားလာရသည်ကို သဘောကျခဲ့၏။ ထို့ကြောင့် ခြေငြိမ်ငြိမ်နှင့် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံမစိုက်နိုင်ခဲ့ပေ။ သို့သော် တောင်အောက်တွင် ဖိထားခံရချိန်အတွင်းမူ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်ခဲ့၍ ကျင့်ကြံခြင်းအဆင့် ထိုးတက်သွားခြင်း ဖြစ်နိုင်ပေသည်။

‘တကယ်ပဲ အမေလား’

ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူ့ခံစားချက်များကိုလည်း မနည်းထိန်းထားရသည်။ သို့သော် သူ မထိန်းနိုင်ပါ။ ထိုအခါမှ သူ လှုပ်လှုပ်ရွရွ ဖြစ်နေသည်ကို အခြားသူများက သတိပြုမိသွားကြသည်။ ထို့ကြောင့် သူ ခပ်သွက်သွက် စကားလမ်းကြောင်းလွှဲလိုက်ရသည်။

“သူက အချိန်တိုအတွင်း စစ်သူကြီးတစ်ယောက် ဖြစ်လာတာလား။ ကျွန်တော်တို့ကရော ဘယ်တော့မှ စစ်သူကြီး ဖြစ်မှာလဲ”

“အရူးပဲ... မင်းက ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်တောင် မရောက်သေးတာ၊ အိပ်မက်မက်မနေနဲ့တော့”

“ဟားဟားဟား... သူ့နာမည်က လုံရှားမဟုတ်လား။ သူဦးနှောက်က တစ်ခုခု မှားနေတာထင်တယ်။ သူက စစ်သူကြီး ဖြစ်ချင်တာတဲ့လား”

“စစ်သူကြီးတဲ့လား... ဟားဟားဟား”

တပ်သားများသည် ကျန်းရီကို သူက အရူးတစ်ယောက်အလား ကြည့်နေကြ၏။ သို့သော် မည်သူကမှ သူ့ကို များစွာအရေးမစိုက်ကြပါ။ ကျန်းရီသည် အချိန်ကိုက် ခေါင်းကုတ်ပြလိုက်ပြီး မျက်လုံးမှိတ်ကာ ဒဏ်ရာကုသနေယောင်ဆောင်လိုက်ပေသည်။

ထိုအခါ တပ်သားများသည် ကျန်းရီကို အရေးမစိုက်တော့ဘဲ သူတို့ဘာသာ ဆက်စကားပြောလိုက်ကြ၏။ ကျန်းရီ၏ရင်ထဲတွင် ကမ္ဘာဦးကောင်းကင်ဘုံသို့ ချက်ချင်းသွား၍ ထိုအမျိုးသမီးက ရီဖျောင်ဖျောင် ဟုတ်၊ မဟုတ်ကို အတည်ပြုလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေပေသည်။

သို့သော် ဟယ်နုန်ယင်းက ကမ္ဘာဦးကောင်းကင်ဘုံသို့ မပြန်လိုသေးပေ။ စစ်တပ်တစ်တပ်လုံး ဟွင့်သွမ့်နတ်ဘုရားလှေများထဲတွင်သာ နေနေရသည်။ အထက်အမိန့်မရလျှင် ကျန်းရီ မလှုပ်ရှားဝံ့ပါ။ သူ တိတ်တဆိတ်သာ စောင့်နေရလေသည်။

နေ့ဝက်... တစ်ရက်...

အဝေးမှနေ၍ နောက်ထပ် တမလွန်ဘုံစစ်တပ်တစ်တပ် ထွက်ပေါ်လာပြန်၏။ ဟွင့်သွမ့်နတ်ဘုရားလှေများ အားလုံးထဲတွင် ဟယ်နုန်ယင်း၏အသံ ထွက်ပေါ်လာသည်။

“တပ်ဖွဲ့အကုန်လုံး တိုက်ခိုက်ကြ”

ဝှစ်...ဝှစ်...ဝှစ်...

စစ်တပ်တစ်တပ်လုံးတွင် ဟယ်နုန်ယင်း၏ အမိန့်က အရေးအပါဆုံးဖြစ်သည်။ တပ်သားအားလုံးနှင့် တပ်မှူးများသည် တုံ့ဆိုင်းမနေကြဘဲ အပြင်သို့ ချက်ချင်း ပျံထွက်လိုက်ကြသည်။ ကျန်းရီလည်း ရွေးချယ်စရာမရှိသဖြင့် နောက်မှ လိုက်ထွက်သွားရပေသည်။

‘လခွမ်း...’

ကျန်းရီသည် အခြေအနေကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် နှုတ်ခမ်းမဲ့သွား၏။ ဤတစ်ခေါက်တွင် တမလွန်ဘုံစစ်တပ်က အင်အား သိန်းချီရှိပေသည်။ ထိုအင်အားမှာ သူတို့အင်အားထက် နှစ်ဆလောက်ပိုများရာ သူတို့ ဤတိုက်ပွဲကို နိုင်နိုင်ပါမည်လော။

အကယ်၍ ကျန်းရီသာ အစွမ်းကုန်ထုတ်သုံးမည်ဆိုလျှင် တိုက်ပွဲကို အနိုင်တိုက်နိုင်လောက်သည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် ဟယ်နုန်ယင်းက သူ့ကို မှတ်မိသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီ ခေါင်းကိုက်နေ၏။ စစ်တပ်ဖျက်ဆီးခံလိုက်ရမှ သူ တိတ်တဆိတ် ထွက်ပြေးသွားရမည်လော။ သို့ရာတွင် သူက ဟယ်နုန်ယင်း တိုက်ပွဲတွင် ကျသွားမည်ကို ကြည့်နေရက်ပါမည်လော။

“တိုက်ကြ...”

ဟယ်နုန်ယင်းက အနီရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ငွေရောင်လေးရှည်ကို ကိုင်ထား၏။ သူမ လေထဲတွင် ရပ်နေပုံမှာ ပန်းချီကားတစ်ချပ်အလား လှပပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်ကလည်း သူမဘေးမှ လိုက်နေရာ ထိုမြင်ကွင်းမှာ အလွန်ရှိန်ဖွယ်ပင်။ ကျန်းရီသည် ယောက်ျားများစွာက သူမကို တပ်မက်သော မျက်ဝန်းများနှင့် ကြည့်နေကြသည်ကို မြင်ရ၏။ ထို့ကြောင့် သူမက မည်မျှဆွဲဆောင်မှုရှိကြောင်းကို သိနိုင်ပေသည်။

ဟယ်နုန်ယင်းသည် အော်ပြောပြီးနောက် ရှေ့ဆုံးမှဦးဆောင်ပျံသန်းသွားကာ စစ်တပ်တစ်တပ်လုံး၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည်။ ခေါင်းဆောင်က ရဲရဲဝံ့ဝံ့နှင့် ရှေ့ဆုံးမှ ဦးဆောင်သောအခါ တပ်သားအားလုံး စိတ်ဓာတ်တက်ကြွသွားကြ၏။ သူတို့သည် သူမနောက်မှ လိုက်သွားကြပြီး အဝေးမှနေ၍ အလင်းတန်းများ ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်ကြသည်။ အာကာသဟင်းလင်းပြင်ထဲတွင် လင်းထိန်သွားသည်။ ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ထပ်မံစတင်ပေပြီ။

ဟယ်နုန်ယင်းက ရဲရင့်ကာ စွမ်းအားကြီး၏။ သူမ၏ ငွေရောင်လေးက အာကာသဟင်းလင်းပြင်ထဲတွင် ငွေရောင်မြားများ ပြည့်နှက်နေစေသည်။ ၎င်းမြားများသည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားစေနေသည်။ သို့သော် စစ်သူကြီးတစ်ယောက်က မည်မျှစွမ်းအားကြီးပါစေ ရန်သူစစ်တပ်၏အင်အားက သူတို့စစ်တပ်၏အင်အားထက် နှစ်ဆများသည်ဆိုသော အချက်ကိုမူ မပြောင်းလဲနိုင်ပါပေ။ ထို့ကြောင့် မကြာခင်မှာပင် တမလွန်ဘုံစစ်တပ်က အသာစီးရလာလေသည်။

ဟယ်နုန်ယင်းနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်တို့သည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ၏ ထိန်းထားမှုကို ခံနေရ၏။ တမလွန်ဘုံတပ်သားများမှာမူ လူသားတပ်သားများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေကြသည်။

ကြောက်စရာအကောင်းဆုံးမှာ တမလွန်ဘုံအရှိန်အဝါပင်။ ဤဘက်က ဖိနှိပ်ခံလိုက်ရသည်နှင့် တမလွန်ဘုံအရှိန်အဝါက တပ်သားများကို အဆက်မပြတ် ထိန်းချုပ်ပေလိမ့်မည်။ ထိန်းချုပ်ခံလိုက်ရသော တပ်သားများက တမလွန်ဘုံ၏ ရုပ်သေးရုပ်များဖြစ်သွားကာ လူသားတပ်သားများကို ပြန်သတ်ကြမည်ဖြစ်သည်။ ထိုအတိုင်း ဆက်ဖြစ်လျှင် စစ်တပ်တစ်တပ်လုံး ရှင်းပစ်ခံလိုက်ရပေမည်။

“သခင်မလေး... ပြန်ဆုတ်ကြတာပေါ့”

“သခင်မလေး.. ကျုပ်တို့ တောင့်မခံနိုင်တော့ဘူး။ ပြန်မဆုတ်ရင် ကျုပ်တို့အကုန်လုံး တိုက်ပွဲမှာ သေရလိမ့်မယ်”

“သခင်မလေး... သခင်မလေး အရင်ဆုံး ပြန်ဆုတ်လိုက်ပါ။ ကျုပ်တို့ နောက်ပိုင်းကို ကာထားပေးပါမယ်”

အုပ်ချုပ်သူအဆင့် သိုင်းသမား အချို့က အော်ပြောလိုက်ကြ၏။ သူတို့က ဟယ်မျိုးနွယ်မှ သိုင်းသမားများနှင့် ချီလင်းဧကရီ၏ လက်အောက်ခံများဖြစ်ကြသည်။ သူတို့ တိုက်ပွဲတွင် ကျသွားခြင်းက အရေးမကြီးပါ။ သို့သော် ဟယ်နုန်ယင်း တစ်ခုခု ဖြစ်သွားလျှင် သူတို့ ချီလင်းဧကရီကို မည်သို့ အဖြေပေးရမည်နည်း။ ချီလင်းဧကရီက ဟယ်နုန်ယင်းကို သူမ၏မြေးအရင်းတစ်ယောက်လို သဘောထားကြောင်းကို သူတို့ ကောင်းစွာသိကြပေသည်။

“ဘာကို ပြန်ဆုတ်မှာလဲ။ စစ်ကူတွေ ရောက်လာတော့မှာ။ တောထူဆန်းကြယ်နယ်မြေက အရမ်းအရေးပါတယ်။ ကျွန်မတို့ အဆုံးရှုံးခံလို့ မဖြစ်ဘူး။ အားလုံးပဲ နည်းနည်းလောက် ဆက်တောင့်ခံထားကြပါ။ ကျွန်မတို့ သေတဲ့အထိ တိုက်ပွဲဝင်ကြမယ်”

ဟယ်နုန်ယင်းသည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကြောင့် အကြိမ်ကြိမ် လွင့်ထွက်သွားနေ၏။ သူမကလည်း အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးကို လွင့်ထွက်သွားစေနေသည်။ သူမနှုတ်ခမ်းစွန်းမှ စီးကျနေသော သွေးများမှာ သူမ၏ အနီရောင်စစ်ချပ်ဝတ်တွင် စွန်းကာ ချပ်ဝတ်ကို ပို၍နီရဲလာစေသည်။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင်မူ ပြတ်သားမှုများ ပြည့်နှက်နေသည်။ သူမသည် ပြန်ဆုတ်မည့်ပုံ မပြဘဲ အရှေ့သို့ ထပ်ခါ ထပ်ခါ ပြန်သွားနေပေသည်။

“သတ်ကြ...”

ဟယ်နုန်ယင်းက စစ်တပ်တစ်တပ်လုံး၏ ခေါင်းဆောင်ဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်လည်းဖြစ်သည်။ သူမက ပြန်မဆုတ်လိုလျှင် မည်သူမှ သူမ ပြန်ဆုတ်အောင် မလုပ်နိုင်ပါ။ ထို့ကြောင့် စစ်သူကြီးများနှင့် တပ်မှူးများသည် အံကြိတ်၍သာ ဆက်တိုက်ခိုက်လိုက်ရလေတော့သည်။

‘ချီးကျူးလောက်တဲ့ မိန်းကလေးပဲ’

ကျန်းရီ ရင်ထဲမှ သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူ့ဘဝတွင် သူ လေးစားသူမှာ အနည်းငယ်သာရှိသည်။ ဟယ်နုန်ယင်းမှာ ထိုသူများထဲမှ တစ်ယောက် ဖြစ်သွားပေပြီ။

ဟယ်နုန်ယင်းသည် မျိုးနွယ်ကြီးများမှ သာမန်သခင်မလေးများနှင့် လုံးဝကွာခြားသည်။ ထို့ပြင် သခင်လေးများပင် ဤအခြေအနေ၌ ပြန်ဆုတ်ရန် ရွေးချယ်ကြမည်ဖြစ်သည်။ ဆန်းကြယ်နယ်မြေတစ်ခုကို ဆုံးရှုံးလိုက်ရလျှင်လည်း နောင်တွင် ပြန်သိမ်းယူနိုင်သည် မဟုတ်ပါလား။

သို့သော် ဟယ်နုန်ယင်းမှာမူ သေသည်အထိ တိုက်ခိုက်တော့မည်ဖြစ်သည်။ စစ်တပ်တစ်တပ်လုံးသည် ပြန်မဆုတ်နိုင်တော့သည့်ဖြစ်ရာ သူတို့၏ ကျနေသော စိတ်ဓာတ်များကို ပြန်ဆွဲတင်ရလေသည်။ ဟယ်နုန်ယင်းကဲ့သို့ သခင်မလေးတစ်ယောက်ကပင် သေသည့်အထိ တိုက်ခိုက်တော့မည်ဖြစ်ရာ သူတို့လို သာမန်တပ်သားလေးများက မည်သည်ကို ကြောက်နေရပါမည်နည်း။ သူတို့ သေရမည်ဖြစ်ရာ တိုက်ခိုက်ရင်းနှင့်သာ အသေခံရပေမည်။ ထိုမှ သူတို့ ဂုဏ်တက်ကာ သူတို့မျိုးဆက်များအတွက် အကျိုးခံစားခွင့်များ ရယူပေးနိုင်မည်ဖြစ်သည်။

ကျန်းရီလည်း အံကြိတ်၍ မသိမသာ စတင်ကူညီပေးလိုက်၏။ သို့သော် သူသည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို မတိုက်ခိုက်ဘဲ အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကိုသာ တိုက်ခိုက်ပေသည်။ အစတွင် သူသည် ဟန်ဆောင်နေခဲ့သော်လည်း တဖြည်းဖြည်းနှင့် အမှန်တကယ် တိုက်ခိုက်လာသည်။ ယခုတွင် သူ၏ တိုက်ခိုက်မှုများက ပြင်းထန်လာပြီဖြစ်ရာ ရန်သူများကို အလွယ်တကူ ရှင်းပစ်နိုင်နေပေသည်။

“သတ်ကြ... သတ်ကြ... သတ်ကြ”

ကျန်းရီသည် သွေးဆူလွယ်သော လူငယ်တစ်ယောက်ကဲ့သို့ ဟန်ဆောင်၍ သွေးရူးသွေးတန်းပုံစံနှင့် တိုက်ခိုက်ပြလိုက်၏။ သူသည် တမလွန်ဘုံမိစ္ဆာအုပ်စုငယ်‌လေးများဆီ ထပ်ခါ ထပ်ခါ တိုးဝင်သွားနေသည်။ တပ်မှူးများက သူ့ကို မလောရန် လှမ်းအသံပို့လွှတ်မှုများကိုလည်း မကြားယောင်ပြုထားလိုက်သည်။ သူ တိုက်ခိုက်လိုက်တိုင်း တမလွန်ဘုံမိစ္ဆာများကို တစ်ကောင်ပြီးတစ်ကောင် သတ်နိုင်လိုက်သည်။ သူက မယုံနိုင်လောက်အောင် ခက်ထန်နေပေသည်။

“ဟူး...”

ကျန်းရီနောက်မှ တပ်မှူးသည် ကျန်းရီကို အရေးမစိုက်တော့ပေ။ စစ်ကူများက အချိန်မီ ရောက်မလာလျှင် သူတို့အားလုံး အနှေးနှင့်အမြန်ဆိုသလို သေရမည်သာ မဟုတ်ပါလား။ တပ်မှူးသည် ကျန်းရီ၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုများက တမလွန်ဘုံမိစ္ဆာများကို အချိန်တစ်ခုအထိ သတ်နိုင်မည်ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့် ကျန်းရီက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရကာ တမလွန်ဘုံ၏ ရုပ်သေးရုပ် ဖြစ်သွားလိမ့်မည်ဟု တွေးပေသည်။

တဖြည်းဖြည်းနှင့် ကျန်းရီသာ မဟုတ်တော့ဘဲ စွမ်းအားကြီး သိုင်းသမားများစွာလည်း သူသေကိုယ်သေ တိုက်ခိုက်လာကြ၏။ သူတို့သည် သူတို့၏ သေရေး၊ ရှင်ရေးကို အမှုမထားကြတော့ပေ။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် တမလွန်ဘုံမိစ္ဆာများစွာ အသတ်ခံလိုက်ရပြီး လူသားမျိုးနွယ်ဘက်က အသာစီး ရလာလေသည်။

သို့သော်...

ထိုအခြေအနေက ယာယီသာဖြစ်ကြောင်း ထင်ရှားပါ၏။ နှစ်နာရီအတွင်းမှာပင် သူသေကိုယ်သေ တိုက်ခိုက်နေကြသော တပ်သားများသည် အသတ်ခံရသူကခံရ၊ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရသူကခံရနှင့် ရှိလာသည်။ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရသူများသည် နောက်ပြန်လှည့်ကာ လူသားတပ်သားများကို ပြန်တိုက်ကြလေသည်။

“အာ...”

တပ်မှူးများနှင့် တပ်မှူးချုပ်များသည် ကျန်းရီ၏ ထူးခြားမှုတစ်ခုကို သတိပြုမိသွားကြ၏။ ကျန်းရီက နှစ်နာရီကြာအောင် တိုက်ခိုက်နေခဲ့ပြီး အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာ ထောင်ကျော်ကို သတ်ခဲ့သော်လည်း ယခုအထိ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို မခံရသေးသည်လော။

“ကောင်းတယ် ကောင်လေး။ မင်း ဒီတစ်ခေါက် မသေခဲ့ရင် ငါ မင်းကို တပ်မှူးခန့်မယ်။ ဆက်သတ်ထား...”

တပ်မှူးချုပ်တစ်ယောက်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီသည် ပတ်ဝန်းကျင်ကို အာရုံခံကာ ခါးသက်သက် ပြုံးလိုက်၏။ သူက သေချာပေါက် သေမည်မဟုတ်ပါ။ သို့သော် စစ်ကူက နှစ်နာရီမှ လေးနာရီအတွင်း ရောက်မလာလျှင် သူ့ကို တပ်မှူးခန့်မည့် ထိုတပ်မှူးချုပ်က သေရပေလိမ့်မည်။

***

All Chapters