ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်
Vol. 132 Ch. 1833
စစ်ကူက ရောက်မလာသေးပေ။ အင်အားနှစ်သိန်းရှိခဲ့သော စစ်တပ်သည် ယခုတွင် တစ်သိန်းပင် မပြည့်ချင်တော့။ ထို့ပြင် ကျန်သော တပ်သားများထဲမှ နှစ်သောင်းလောက်မှာလည်း ဒဏ်ရာရထားကြသည်။
တမလွန်ဘုံစစ်တပ်ဘက်ကလည်း အကျအဆုံးများသည် ဆိုသော်ငြား ထိုဘက်တွင် အနည်းဆုံး တပ်သားနှစ်သိန်း ကျန်ပေသေးသည်။ ထို့ပြင် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံထားရသော လူသားတပ်သားများကလည်း တစ်သောင်းကျော်လောက် ရှိနေသည်။
ဟယ်နုန်ယင်းသည် အကြိမ်များစွာ လွင့်ပျံသွားနေ၏။ သူမထံတွင် အလွန်စွမ်းအားကြီးသော စစ်ချပ်ဝတ် ရှိသော်လည်း သူမ ဒဏ်ရာရထားပေသည်။ ကျန်းရီ၏ ခန့်မှန်းချက်အရ သူမ၏ စစ်ချပ်ဝတ်က ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခု ဖြစ်နိုင်သည်။ ၎င်းမှာ ချီလင်းဧကရီက သူမကို ပေးထားသော အကာအကွယ်ရတနာတစ်ခု ဖြစ်ရမည်။ ချီလင်းဧကရီက ဟယ်နုန်ယင်းကို အလွန်ချစ်ခင်၏။ သို့ဖြစ်ရာ သူမ တိုက်ပွဲထွက်ရမည့်အချိန်တွင် မည်သို့ အကာအကွယ်ရတနာတစ်ခု မပေးလိုက်ဘဲ နေနိုင်ပါမည်နည်း။
ဒဏ်ရာရခြင်းမှာ ပြဿနာကြီးတစ်ခု မဟုတ်ပါ။ အရေးအကြီးဆုံး ပြဿနာမှာ ဟယ်နုန်ယင်း၏ မျက်ဝန်းများက နီရဲလာခြင်းဖြစ်သည်။ ယင်းမှာ သူမ၏ စိတ်ဝိညာဉ်က တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို စခံနေရပြီဆိုသော အဓိပ္ပာယ်ပင်။ ဤအတိုင်း ဆက်သွားပါက သူမ ထိန်းချုပ်ခံလိုက်ရပေလိမ့်မည်။
အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်ထဲတွင်လည်း ငါးယောက်မှာ သေဆုံးသွားပြီဖြစ်သည်။ သူတို့သည် ဟယ်နုန်ယင်းကို ပြန်ဆုတ်ရန် အကြိမ်များစွာ အသံပို့လွှတ်ခဲ့ပြီး သူမကို အတင်းဆွဲခေါ်သွားရန်ပင် တွေးမိခဲ့ကြသည်။ သို့သော် ဟယ်နုန်ယင်းမှာ ပြန်မဆုတ်ရန် ဆုံးဖြတ်ချက်ပြတ်သားနေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက် သူမအနားကို ကပ်သွားသောအခါ သူမက ထိုသိုင်းသမားကို အဝေးသို့ လွင့်ပျံထွက်သွားအောင် လုပ်ပစ်ခဲ့ပေသည်။ ထို့ကြောင့် အားလုံး ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်၍သာ သူမနှင့်အတူ သေသည်အထိ ဆက်တိုက်ခိုက်လိုက်ရလေသည်။ သူတို့၏ ရင်ထဲတွင်တော့ စစ်ကူများ မကြာခင်တွင် ရောက်လာပါစေဟု ဆုတောင်းနေကြလေသည်။
ကျန်းရီလည်း အလွန်စိတ်လှုပ်ရှားလာသည်။ ဟယ်နုန်ယင်းက သူ၏ကျေးဇူးရှင်တစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူမ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရမည်ကို သူ မည်သို့ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ဟယ်နုန်ယင်း၏ အကျင့်စရိုက်အရ သူမသာ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်ကို ခံရတော့မည်ဆိုလျှင် တမလွန်ဘုံ၏ ရုပ်သေးရုပ် အဖြစ်ခံမည့်အစား သူမကိုယ်သူမ ဖောက်ခွဲပစ်လိုက်ပေလိမ့်မည်။
သို့သော်...
ကျန်းရီ မည်သို့မှ မတတ်နိုင်ပါ။ ဟယ်နုန်ယင်းကို အုပ်ချုပ်သူအဆင့် သိုင်းသမားများက ဝန်းရံထားသည်။ သူကမူ တပ်သားငယ်လေးတစ်ယောက်သာဖြစ်သည်။ သူ သူမအနီးသို့ မည်သို့ ကပ်နိုင်ပါမည်နည်း။ သူမ၏ စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားပေးရန် ကပ်သွားလိုက်သည်နှင့် သူ မည်သူဖြစ်ကြောင်း တန်းပေါ်သွားပေလိမ့်မည်။
ဤနေရာမှ တပ်ဖွဲ့အားလုံးက ချီလင်းဧကရီဘက်မှ ဖြစ်သော်လည်း ထိုတပ်ဖွဲ့များထဲ၌ တောက်မျိုးနွယ်မှ သူလျှိုများ မရှိဟု မည်သူက အာမခံနိုင်မည်နည်း။ သူ့အကြောင်း ပေါ်သွားလျှင် မဆိုထားနှင့် လူအချို့က သူ့ကို သံသယဝင်သွားလျှင်ပင် သူ ပြဿနာအကြီးကြီး တက်သွားပေလိမ့်မည်။ ထို့ကြောင့် သူ အဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကိုသာ ဆက်သတ်နေရင်း ဟယ်နုန်ယင်းကို ကူညီနိုင်ရန် အခွင့်အရေးပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေရလေသည်။
အချိန်ကုန်လာသည်နှင့် တပ်သားများ ပို၍ ပို၍ သေဆုံးလာ၏။ နောက်ထပ် အုပ်ချုပ်သူအဆင့် သိုင်းသမား သုံးယောက်လည်း သေဆုံးသွားသည်။ ဟယ်နုန်ယင်း၏ မျက်ဝန်းများကလည်း ပိုနီရဲလာသည်။ ကျန်သော အုပ်ချုပ်သူအဆင့် သိုင်သမားများ၏ မျက်လုံးများလည်း နီရဲလာကြသည်။ သူတို့ ဆက်၍ တောင့်မခံနိုင်တော့ကြောင်း ထင်ရှားပေသည်။
ဝှစ်...ဝှစ်...
နောက်ဆုံးတွင် တောင်ဘက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ဟင်းလင်းပြင်အဆုံး၌ ဟွင့်သွမ့်နတ်ဘုရားလှေများ ပျံသန်းလာသည်ကို လှမ်းမြင်ရ၏။ တစ်စုံတစ်ယောက်က အော်ပြောလာသည်။
“နုန်ယင်း... နည်းနည်းလောက် တောင့်ခံထားဦး။ အဘိုး(၄)လာပြီ”
“အဘိုး(၄)...”
အုပ်ချုပ်သူအဆင့် သိုင်းသမားများ စိတ်အားတက်သွားကြပြီး အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို လွင့်ထွက်သွားအောင် အားကုန်သုံးကာ တိုက်ခိုက်လိုက်ကြ၏။ သို့သော် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး တစ်ယောက်က တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲ၍ ဟယ်နုန်ယင်း၏ ခန္ဓာကိုယ်ထဲ ပျံဝင်သွားပြီး သူမကို တမလွန်ဘုံ၏ ရုပ်သေးရုပ်အဖြစ် ပြောင်းပစ်ရန် ကြိုးစားလိုက်သည်။
“နုန်ယင်း...”
အဝေးရှိ ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းမှနေ၍ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်က ရွှေတောင်ပံမဟာဂဠုန်တစ်ကောင်အလား ပျံထွက်လာ၏။ သူ့အနောက်တွင်လည်း မရေမတွက်နိုင်သော တပ်သားများနှင့် ပညာရှင်များ ပျံထွက်လာကြသည်။ တပ်သားအရေအတွက်မှာ အနည်းဆုံး တစ်သန်းလောက်ရှိပေသည်။
တမလွန်ဘုံမျိုးနွယ်က လူသားများ၏ စိတ်ဝိညာဉ်ထဲ ဝင်သွားလျှင် အပြင်လူများက မည်သို့မှ မကူညီပေးနိုင်တော့ပေ။ ထို့ကြောင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်စုသည် မည်သို့လုပ်ရမည်မသိ ဖြစ်နေကြ၏။ သူတို့သည် ဟယ်နုန်ယင်းကို ဆွဲခေါ်၍သာ လျင်မြန်စွာ ပြန်ဆုတ်သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် စစ်တပ်ကိုလည်း ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ စစ်ကူများ ရောက်လာပေပြီ။ ထို့ပြင် စစ်ကူမှာ တပ်သားတစ်သန်းဖြစ်ရာ သူတို့ သူသေကိုယ်သေ ဆက်တိုက်ခိုက်ရန် မလိုတော့ပေ။
ကျန်းရီလည်း စစ်တပ်နောက်မှလိုက်၍ ပြန်ဆုတ်လိုက်၏။ ထို့နောက် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ ဟယ်နုန်ယင်းကို အာရုံခံလိုက်သည်။ သူမခန္ဓာကိုယ် ပတ်ပတ်လည်မှ အနက်ရောင်အရှိန်အဝါက ပို၍ သိပ်သည်းလာနေသည်။ ထို့ကြောင့် သူ စိတ်လှုပ်ရှားလာ၏။ အကယ်၍ စစ်ကူများထဲတွင် တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားပေးနိုင်သည့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ပါမလာလျှင် ဟယ်နုန်ယင်းအတွက် အန္တရာယ်ရှိပေသည်။ သူက ကူညီနိုင်သည်။ သို့သော် ကူညီရန် အခွင့်အရေး မရသေးပေ။
ဝှစ်...
ဆံပင်ဖြူနှင့် အဘိုးအိုသည် အဝေးမှနေ၍ ပျံသန်းလာ၏။ သူသည် တမလွန်ဘုံစစ်တပ်နှင့် မတိုက်ခိုက်ဘဲ ဟယ်နုန်ယင်းကို ချက်ချင်း လက်လွှဲခေါ်၍သာ အနီးဆုံး ဟွင့်သွမ့်နတ်ဘုရားလှေတစ်စီးဆီ ပျံသွားလိုက်သည်။ သူက သူမ၏ ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားပေးရန် နည်းလမ်းတစ်ခု ရှာလိုနေကြောင်း ထင်ရှားပေသည်။
‘သူက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်ပဲ။ သူ့မှာ နည်းလမ်းတစ်ခု ရှိလောက်ပါတယ်’
ကျန်းရီ အတန်ငယ် စိတ်အေးသွား၏။ စစ်သူကြီးအချို့၏ ညွှန်ကြားမှုအောက်တွင် သူ စစ်တပ်နောက်မှ လိုက်၍ အနားယူရန် ဟွင့်သွမ့်နတ်ဘုရားလှေတစ်စီးဆီ ပျံသန်းသွားလိုက်သည်။ စစ်ကူများကမူ တမလွန်ဘုံစစ်တပ်ဆီ ပျံသွားကာ တိုက်ခိုက်လိုက်ကြသည်။
မူလတပ်သားများမှာ အနားယူကာ ဒဏ်ရာကုသရန် လိုအပ်နေကြသည်။ သူတို့အားလုံးနီးပါးကလည်း တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံနေကြရသည်။ တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားနိုင်မည့် နည်းလမ်းတစ်ခုကို ရှာမတွေ့လျှင် တပ်သားများစွာ ထိန်းချုပ်ခံလိုက်ရပေမည်။
“ကောင်လေး... မဆိုးဘူး။ အစောက တိုက်ပွဲမှာ မင်း အရမ်းရဲရင့်ခဲ့တယ်။ မင်းရဲ့ စွမ်းဆောင်ရည်က ကောင်းတယ်။ ငါ မင်းကို သတိထားကြည့်နေခဲ့တာ။ မင်းနာမည်က ဘာလဲ”
ကျန်းရီ ဟွင့်သွမ့်နတ်ဘုရားလှေထဲ မဝင်နိုင်သေးခင်မှာပင် အုပ်ချုပ်သူအဆင့် စစ်သူကြီးတစ်ယောက်က ပျံသန်းလာပြီး မေးလိုက်၏။ ကျန်းရီ ခပ်သွက်သွက် ပြန်ပြောလိုက်သည်။
“စစ်သူကြီး... ကျွန်တော့်ရဲ့ နာမည်က လုံရှားပါ”
“ကောင်းတယ်...”
အုပ်ချုပ်သူအဆင့် စစ်သူကြီးက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ ဘေးမှ တပ်သားများကို ဝေ့ဝဲကြည့်ပြီးနောက် ဆက်ပြောသည်။
“မင်းရဲ့ တပ်မှူးချုပ်က တိုက်ပွဲမှာ ကျသွားတယ် မဟုတ်လား။ အခုလောလောဆယ် မင်း တပ်မှူးချုပ်အဖြစ် ယာယီ တာဝန်ထမ်းဆောင်နိုင်တယ်။ ငါတို့ ပြန်ရောက်ရင် မင်းကို သင့်တော်သလို ဆုချီးမြှင့်မှာပါ”
“တပ်မှူးချုပ်လား”
ကျန်းရီ မှင်တက်သွား၏။ ထိုရာထူးတက်မှုမှာ အလွန်မြန်နေသည် မဟုတ်ပါလား။ သူက ရာထူးသုံးဆင့် ခုန်တက်သွားခြင်းပင်။ သူက ယာယီတပ်မှူးချုပ် ဆိုသော်လည်း မည်သည်မှ မှားမသွားလျှင် မကြာခင်မှာပင် တပ်မှူးချုပ်အစစ်အမှန် ဖြစ်သွားနိုင်သည် မဟုတ်လော။
“ကျေးဇူးတင်ပါတယ် စစ်သူကြီး”
တပ်သားများစွာသည် ကျန်းရီကို ကြည့်နေကြ၏။ ထို့ကြောင့် ကျန်းရီ အံကြိတ်၍သာ ထို အုပ်ချုပ်သူအဆင့် စစ်သူကြီးကို ကျေးဇူးတင်လိုက်ရသည်။ သူတို့တပ်ဖွဲ့မှ တပ်သားအားလုံးက သူ့ကို မနာလိုသော၊ အားကျသော မျက်ဝန်းများနှင့် ကြည့်နေကြပေသည်။
“အားလုံးပဲ အနားယူလိုက်ကြပါဦး။ ကိုယ့်ကိုယ်ထဲက တမလွန်ဘုံအရှိန်အဝါတွေကို ရှင်းဖို့လည်း အာရုံစိုက်ထားကြပါ”
စစ်သူကြီးသည် လက်ဝှေ့ယမ်းကာ မှာကြာပြီးနောက် အခြားတပ်ဖွဲ့ဆီသို့ ဆက်သွားလိုက်လေသည်။ ကျန်းရီက အခြားတပ်သားများနှင့်အတူ ဟွင့်သွမ့်နတ်ဘုရားလှေထဲ ဝင်ရန် ဟန်ပြင်လိုက်စဉ်တွင် အဝေးမှနေ၍ လူတစ်ယောက် ပျံသန်းလာ၏။ ထို့နောက် လူသားတပ်သားအားလုံး၏ နားထဲတွင် အသံအိုတစ်သံ ထွက်ပေါ်လာသည်။
“ဘယ်သူ တမလွန်ဘုံအရှိန်အဝါတွေကို သန့်စင်ပေးနိုင်လဲ။ အခု နုန်ယင်းက ထိန်းချုပ်ခံရတော့မယ်။ နုန်ယင်းကို ကယ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ဆုလာဘ်အများကြီး ချီးမြှင့်မယ်”
“အာ...”
ကျန်းရီ မျက်နှာထား ပြောင်းသွား၏။ ထို ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားကပင် မည်သို့မှ မလုပ်နိုင်ရာ ဟယ်နုန်ယင်း၏ အခြေအနေက အတော်လေး ဆိုးပုံရသည်။ သူမ အချိန်မရွေး ထိန်းချုပ်ခံလိုက်ရနိုင်ပေသည်။
ကျန်းရီ ရင်နာလာ၏။ သူ တုံ့ဆိုင်းနေချိန်တွင် အခြားဟွင့်သွမ့်နတ်ဘုရားလှေအပြင်ရှိ တပ်မှူးနှစ်ယောက်က ပျံသန်းလာပြီး လက်ဆုပ်ကာ ပြောလိုက်ကြ၏။
“အရှင်... ကျုပ်တို့ကို ကြိုးစားကြည့်ခွင့်ပေးပါ”
‘ဟုတ်ပြီ...’
ကျန်းရီသည် လူနှစ်ယောက်က ရှေ့ထွက်လိုက်ပြီဖြစ်၍ ဆက်ကြောက်မနေတော့ပေ။ သူတစ်ယောက်တည်းဆိုလျှင် သံသယအဝင်ခံရနိုင်သည်။ ယခုတွင်မူ သုံးယောက်ဖြစ်သွားပြီဖြစ်၍ သူလည်း ရှေ့ထွက်လိုက်သည်။
“အရှင်... ကျွန်တော်လည်း ကြိုးစားကြည့်ချင်ပါတယ်”
“မြန်မြန် ဝင်လာခဲ့”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုသည် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ ကျန်းရီနှင့် တပ်မှူးနှစ်ယောက်တို့သည် ဟယ်နုန်ယင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပျံသန်းသွားလိုက်ကြ၏။ အဘိုးအိုက သူတို့သုံးယောက်ကို အရှေ့လှေဝမ်းဆီသို့ ခေါ်သွား၏။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်းတို့ သန့်စင်တဲ့အချိန်ကျရင် ဂရုစိုက်ရမယ်။ နုန်ယင်းကို မထိခိုက်စေနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း ဖိအားမပေးနဲ့။ ပြီးတော့... မင်းတို့ ယီးတီးယားတားလုပ်ရင် ငါ မင်းတို့ကို စွဲဖြဲပစ်မယ်”
တပ်မှူးနှစ်ယောက်သည် ကြောက်ကြောက်ရွံ့ရွံ့နှင့် ကုတင်ပေါ်တွင် လှဲနေသော ဟယ်နုန်ယင်းဆီ လျှောက်သွားလိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က ဟယ်နုန်ယင်း၏ ခေါင်းပေါ်တွင် လက်တင်လိုက်သည်။ သူ့လက်က အဖြူရောင်အလင်း လင်းလက်လာပြီး စွမ်းအင်တန်းတစ်တန်းသည် ဟယ်နုန်ယင်း၏ ဦးခေါင်းထဲ အဆက်မပြတ် စီးဝင်သွားပေသည်။
သို့သော်...
တစ်ခဏကြာပြီးနောက် ထိုတပ်မှူးက ခေါင်းခါကာ ပြောလိုက်၏။
“တောင်းပန်ပါတယ် အရှင်၊ ကျုပ် ဘာမှ မတတ်နိုင်ပါဘူး။ စစ်သူကြီးရဲ့ စိတ်ဝိညာဉ်က တမလွန်ဘုံအရှိန်အဝါရဲ့ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးတာကို ခံထားရပါတယ်။ ကျုပ် အတင်းသန့်စင်လိုက်ရင် သူ့စိတ်ဝိညာဉ် ထိခိုက်သွားမှာကို စိုးရပါတယ်”
“မင်း သွားနိုင်ပြီ”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုက ပြောလိုက်သောအခါ အခြားတပ်မှူးက အရှေ့တိုးလိုက်သည်။ သို့သော် သူသည်လည်း ခေတ္တမျှ စစ်ဆေးပြီးနောက် ခေါင်းခါကာ လက်ဆုပ်ဦးညွှတ်၍ နောက်ဆုတ်သွားလေသည်။
“မင်းမှာ နည်းလမ်းတစ်ခုရှိလား”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုသည် ကျန်းရီကို နောက်ဆုံးသော ကောက်ရိုးတစ်မျှင်အလား ကြည့်လိုက်၏။ ကျန်းရီသည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ အတတ်ကို စစ်သူကြီးအပေါ်မှာပဲ သုံးပါမယ်။ အရှေ့လှေဝမ်းထဲမှာ တခြားသူတွေ ရှိနေလို့ မရပါဘူး”
“ဟမ်...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို၏ မျက်ဝန်းများ အေးစက်သွား၏။ သူ၏ သတ်ဖြတ်အရှိန်အဝါလည်း ထိုးထွက်လာပေသည်။
***