မိန်းမတစ်ယောက်အပေါ် မမှီခိုချင်ဘူး
Vol. 132 Ch. 1834
အတတ်တစ်ခုကို သုံးလိုလျှင် သုံးနိုင်၏။ သို့သော် အဘယ်ကြောင့် အခြားသူများက ကြည့်၍ မရရမည်နည်း။ ဟယ်နုန်ယင်း၏ အဆင့်အတန်းက မြင့်သည်။ အကယ်၍ ထိုတပ်သားက သူလျှိုတစ်ယောက်ဖြစ်နေပြီး ဤအခွင့်အရေးကို အသုံးချကာ ဟယ်နုန်ယင်းကို သတ်သွား သို့မဟုတ် ပြန်ပေးဆွဲသွားလျှင် မည်သို့ လုပ်မည်နည်း။
ထို ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုမှာ ဟယ်မျိုးနွယ်၏ အခွဲမျိုးနွယ်တစ်ခုမှ မျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ သူသည် ဟယ်နုန်ယင်း ကြီးပြင်လာသည်ကို ကြည့်ခဲ့ရ၍ သူမအပေါ် အလွန်ချစ်ခင်သည်။ သို့ဖြစ်ရာ သူ သူမကို မျက်စိအောက်မှ အပျောက်မခံနိုင်ပါပေ။
အဘိုးအိုက အေးစက်စက် လေသံနှင့် ပြောလိုက်သည်။
“မင်း အတတ်တစ်ခု သုံးရမယ်ဆိုလည်း သုံးလိုက်။ ဘာလို့ အပိုတွေ ပြောနေတာလဲ။ ငါ မင်းကို လက်ဝါးချက်တစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်တယ်ဆိုတာကို ယုံလား။ မစိုးရိမ်ပါနဲ့... ငါ မင်းရဲ့ လျှို့ဝှက်အတတ်အကြောင်းကို သူများတွေကို လျှောက်မပြောပါဘူး”
“မရပါဘူး”
ကျန်းရီ အံကြိတ်ကာ လေသံမာမာနှင့် ပြန်ပြောလိုက်၏။
“အရှင်... ကျွန်တော့်ရဲ့ လျှို့ဝှက်အတတ်က ကျွန်တော့်ရဲ့ သက်စောင့်အတတ်ပါ။ အဲ့အတတ်ကို တခြားသူတွေကို ကြည့်ခွင့်မပေးနိုင်ပါဘူး။ မစိုးရိမ်ပါနဲ့... ကျွန်တော်လည်း စစ်သူကြီးကို လေးစားချစ်ခင်ပါတယ်။ ကျွန်တော်က ဘာလို့ သူ့ကို အန္တရာယ်ပြုရမှာပါလဲ။ ပြီးတော့ ကျွန်တော့်ရဲ့ မျိုးနွယ်ဝင်တွေက ချီလင်းဒေသထဲမှာ ရှိပါတယ်။ တကယ်လို့ ကျွန်တော် တစ်ခုခု လုပ်လိုက်ရင် ကျွန်တော့်မျိုးနွယ်တစ်ခုလုံး အသတ်ခံရမှာ မဟုတ်လား”
ကျန်းရီ၏ တံဆိပ်စာလုံးများက အလွန်ထူးခြားသည်။ သူသည် ၎င်းတို့ကို အထက်ဘုံ၏ မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် အကြိမ်များစွာ သုံးခဲ့ဖူးသည်။ မိုးပြာမဟာဧကရာဇ်နှင့် တောက်မျိုးနွယ်ထံတွင် သေချာပေါက် ထိုသတင်းအချက်အလက်များ ရှိပေလိမ့်မည်။ ထို့ကြောင့် သူက ဟယ်နုန်ယင်းကို ကယ်ရန် တံဆိပ်စာလုံးများ သုံးလိုက်သည်ဆိုသော သတင်းသာ ပျံ့နှံ့သွားလျှင် သူ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ပေါ်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ သူ ဟယ်မျိုးနွယ်ခွဲ၏ မျိုးနွယ်ခေါင်းဆောင်ကိုပင် သိခွင့်မပေးနိုင်ပေ။
“မင်းက သေချင်နေတာပဲ”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို ဒေါသထွက်သွား၏။ သူသည် လက်ဝါးမြှောက်၍ ကျန်းရီ၏ ခေါင်းကို ရိုက်ရန် ရွယ်လိုက်သည်။ ကျန်းရီက အံကြိတ်ကာ လက်ဆုပ်၍ ခေါင်းငုံ့ထားပြီး အဘိုးအိုကို သူ့အား တိုက်ခိုက်ခွင့် ပြုထားပေသည်။
လက်ကြီးက ကျန်းရီ၏ ခေါင်းအရှေ့တွင် ရပ်တန့်သွားသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုသည် ကျန်းရီကို အကြိမ်အနည်းငယ် အာရုံခံကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“မင်း တစ်ခုခု လုပ်ရဲရင် ငါ မင်းရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်။ မြန်မြန်... နုန်ယင်းကို ကယ်လိုက်”
အဘိုးအိုသည် ခြိမ်းခြောက်ပြီးနောက် အရှေ့လှေဝမ်းထဲမှ ထွက်သွားသည်။ ထိုအခါမှ ကျန်းရီ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အရှေ့လှေဝမ်း၏ အကာအရံများကို နှိုးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ ဧကရာဇ်အဆင့် အဘိုးအိုက လျှို့ဝှက်မစူးစမ်းနေကြောင်း အတည်ပြုလိုက်သည်။ ပြီးမှ သူ တံဆိပ်စာလုံးများကို မျက်ခုံးနှစ်ခုကြားမှနေ၍ ထုတ်ကာ ဟယ်နုန်ယင်း၏ ဦးခေါင်းထဲ ပျံဝင်သွားစေလိုက်လေသည်။
ယခုတွင် ဟယ်နုန်ယင်းက အမှန်ပင် အန္တရာယ်များသော အခြေအနေထဲ ရောက်နေသည်။ သူမစိတ်ဝိညာဉ်၏ တစ်ဝက်လောက်က ထိန်းချုပ်ခံထားရပြီဖြစ်သည်။ သူမထံတွင် အသိစိတ်အနည်းငယ်သာ ကျန်လောက်တော့သည်။ အကယ်၍ သူမကသာ စိတ်ဓာတ်မခိုင်မာခဲ့လျှင် ယခု အပြည့်အဝ ထိန်းချုပ်ခံထားရပြီး ဖြစ်လောက်ပေသည်။
တံဆိပ်စာလုံးများက တမလွန်ဘုံအရှိန်အဝါ၏ သဘာဝရန်သူဖြစ်သည်။ တံဆိပ်စာလုံးများက ဟယ်နုန်ယင်း၏ စိတ်ဝိညာဉ်ထဲ ဝင်သွားသောအခါ အထဲမှ တမလွန်ဘုံအရှိန်အဝါများက သိသိသာသာ လွင့်ပြယ်သွားသည်။
တံဆိပ်စာလုံးများ အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ဟယ်နုန်ယင်း၏ စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါ တစ်ဝက်ကျော်လောက်က သန့်စင်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် တံဆိပ်စာလုံးများကို ဟယ်နုန်ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း လှည့်ပတ်စေလိုက်၏။ သို့ဖြင့် သူမခန္ဓာကိုယ်ပတ်ပတ်လည်မှ အနက်ရောင်အရှိန်အဝါက လျင်မြန်စွာ ပျောက်ကွယ်လာသည်။ သူမ၏ မျက်နှာလေး သွေးရောင်ပြန်သန်းလာပြီး သူမ၏ အသက်ရှူနှုန်းက ပုံမှန်ပြန်ဖြစ်သွားလေသည်။
‘တော်လောက်ပြီထင်တယ်’
ကျန်းရီသည် ဟယ်နုန်ယင်း၏ ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါ အကုန်လုံးကို သန့်စင်မပေးလိုပါ။ သူမ သတိလည်လာမည်ကို သူ စိုးရိမ်ပေသည်။ ထို့ကြောင့် သူမ ထိန်းချုပ်ခံရမည့် အန္တရာယ် မရှိတော့ကြောင်း အတည်ပြုပြီးသည်နှင့် သူ တံဆိပ်စာလုံးများကို ပြန်သိမ်း၍ အရှေ့လှေဝမ်း၏ အကာအရံများကို ပြန်ပိတ်လိုက်သည်။
ဝှစ်...
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုသည် အရှေ့လှေဝမ်းထဲ လျင်မြန်စွာ ဝင်လာပြီး ကောင်းကင်စိတ်အာရုံသုံး၍ ဟယ်နုန်ယင်းကို အာရုံခံကြည့်လိုက်၏။ သူမ၏မျက်နှာက သွေးရောင်ပြန်လွှမ်းနေကြောင်းကို တွေ့သောအခါ သူ ရုတ်ခြည်း ဝမ်းသာလုံးဆို့သွားသည်။ ကျန်းရီက လက်ဆုပ်၍ နှိမ့်ချဟန်နှင့် ပြောလိုက်၏။
“ကံကောင်းလို့ ကျွန်တော် အရှင့်ကို စိတ်မပျက်စေခဲ့ပါဘူး။ အရှင်... ကျွန်တော် သွားပါတော့မယ်၊ စစ်သူကြီး အနားယူတာကို မနှောင့်ယှက်တော့ပါဘူး”
“နေဦး...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုးက ရုတ်တရက် အော်ပြောလိုက်သည်။ ထို့နောက် သူ ကျန်းရီကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
“မင်းက ဘယ်သူလဲ”
“အာ...”
ကျန်းရီ၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်တစ်ခု ပေါ်သွား၏။ သို့သော် သူ ချက်ချင်း ဣန္ဒြေပြန်ဆည်ကာ လက်ဆုပ်၍ မေးလိုက်သည်။
“အရှင်... အဲ့ဒါကို ဘာလို့ မေးရတာပါလဲ”
“ဟင်းဟင်း...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို၏ သတ်ဖြတ်အရှိန်အဝါက ကျန်းရီအပေါ်သို့ ကျရောက်လာ၏။
“ငါတောင် ရှောင်ယင်းရဲ့ ခန္ဓာကိုယ်ထဲက တမလွန်ဘုံအရှိန်အဝါကို ဖယ်မပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ မင်းကတော့ စက္ကန့်ပိုင်းအတွင်း ဖယ်ပေးနိုင်လိုက်တယ်ပေါ့လေ။ အဲ့လို စွမ်းအားကြီး လျှို့ဝှက်အတတ်မျိုးနဲ့ဆိုရင် မင်း ကောင်းကင်ဘုံမှာ အရင်ကတည်းက နာမည်ကြီးနေရမှာပေါ့။ ဘာလို့ ချီလင်းဧကရီစစ်တပ်ထဲမှာ သာမန်တပ်သားလေးတစ်ယောက် ဖြစ်နေရမှာလဲ”
ကျန်းရီ ရင်တုန်သွားပြီး အခြေအနေ ဆိုးပြီဟု တွေးလိုက်သည်။ သူ အကာအရံများကို ချက်ချင်း ပိတ်ပေးလိုက်မိသည်ကို နောင်တရသွားသည်။ ဤသို့ ဖြစ်လာမည်ကိုသာ သိခဲ့လျှင် သူ အချိန်ပိုဆွဲထားခဲ့ပေလိမ့်မည်။
ကောင်းကင်ဘုံရှိ မည်သူကမှ တမလွန်ဘုံအရှိန်အဝါများကို လျင်မြန်စွာ မသန့်စင်ပေးနိုင်ပေ။ ထိုကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ရှိလျှင်လည်း ယခင်ကတည်းက ကျော်ကြားနေလောက်သည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီက သံသယဖြစ်စရာ ကောင်းနေပေသည်။
ယခုတွင် ကျန်းရီ မည်သို့ လုပ်နိုင်ဦးမည်နည်း။ သူ ထို ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုကို သတ်ပစ်ရမည်လော။ ယင်းသို့ မလုပ်နိုင်ပါ။ ထို့ကြောင့် သူ အံကြိတ်၍သာ လိမ်လိုက်ရတော့သည်။
“အရှင်... ကျွန်တော် အဲ့လျှို့ဝှက်အတတ်ကို တတ်တာ မကြာသေးပါဘူး။ ကျွန်တော် စစ်သူကြီးကို ကယ်လိုက်တဲ့ ကိစ္စမှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ထင်ရင်လည်း အရှင် ကျွန်တော့်ကို သတ်ပစ်လိုက်ပါ”
“ဟားဟားဟား...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုက ကျယ်လောင်စွာ ရယ်လိုက်ပြီး ရွဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“ဒီအခြေအနေမှာတောင် မင်းက ငါ့ကို မင်းရဲ့စွမ်းဆောင်ချက်နဲ့ ခြိမ်းခြောက်ရဲသေးတယ်လား။ သာမန်တပ်သားတစ်ယောက်က ငါ့ကို အဲ့လိုပြောရဲလိမ့်မယ်လို့ မင်းထင်လား။ ငါ့ရဲ့ သတ်ဖြတ်အရှိန်အဝါကို ခံစားရပြီးရင် အခု မင်းလို ရပ်နေရဲလိမ့်မယ်လို့ ထင်လား။ မင်းရဲ့လုပ်ရပ်တွေမှာ ဟာကွက်တွေချည်းပဲ။ မင်း ဘယ်သူဆိုတာ ပြောမှာလား၊ မပြောဘူးလား။ မပြောရင်တော့ ငါ့ကို မသက်ညှာဘူးလို့ အပြစ်မတင်နဲ့”
“အာ...”
ကျန်းရီ ခေါင်းကိုက်လာ၏။ ထို ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို၏ စကားများက မှန်ပေသည်။ သူ့နေရာတွင် သာမန်တပ်သားတစ်ယောက်ဆိုပါက ဒူးထောက်ပြီးနေလောက်ပေပြီ။ သို့သော် ကျန်းရီသည် မိုးမြေနှင့် သူ့မိဘများကိုသာ ဒူးထောက်ပေသည်။ အခြားမည်သူ့ကိုမှ ဒူးမထောက်ဘူးပါ။ ထို့ကြောင့် သူ သဘာဝကျကျ သရုပ်မဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုတွင် ကျန်းရီ မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။ သူ ထိုဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုကို သတ်လိုက်လျှင် စစ်တပ်ထဲ၌ ဆက်ရောနှောနေ၍ ရတော့မည် မဟုတ်ချေ။ သံသယလည်း အဝင်ခံရမည်ဖြစ်သည်။ သို့သော် ထိုအဘိုးအိုကို မသတ်လျှင်လည်း သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လက်ရှိတွင် အဘိုးအိုက သူ့ကို အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံ ပေါ်နေပေသည်။
“အရှင်...”
ကျန်းရီ အံကြိတ်၊ လက်ဆုပ်၍ မထူးဇာတ်ခင်းရတော့၏။
“ကျွန်တော် လိပ်ပြာလုံပါတယ်။ တကယ်လို့ အရှင်က ပြဿနာတစ်ခု ရှိနေတယ်လို့ တွေးရင် အရှင် ကျွန်တော့်ကို သတ်ပစ်နိုင်ပါတယ်”
“မပြောဘူးပေါ့လေ...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို၏ မျက်ဝန်းများ အေးစက်သွား၏။ ထို့နောက် သူ ကျန်းရီ လည်ပင်းဆီ လက်လှမ်းလိုက်သည်။ ကျန်းရီ ရင်ခုန်မြန်လာ၏။ နောက်ဆုံးတွင် သူ အံကြိတ်လိုက်ပြီး ထိုအဘိုးအိုကို ဒဏ်ရာရသွားအောင်လုပ်၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်လေတော့သည်။
“ရပ်လိုက်...”
ထိုအခိုက်တွင် အားနည်းသော အသံလေးတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို၏ လက်က လေထဲတွင် ရပ်တန့်သွားသည်။ ၎င်းနောက် သူ ဝမ်းသာအားရနှင့် ခေါင်းလှည့်ကြည့်လိုက်၏။ ထိုအခါမှ ကျန်းရီ ရင်ထဲမှ အလုံးကြီး ကျသွားလေသည်။
ဟယ်နုန်ယင်းက သတိလည်လာပြီဖြစ်သော်လည်း အားနည်းနေသေးသည်။ သူမသည် ကျန်းရီနှင့် အဘိုးအိုတို့ကို ကြည့်၍ ပြောလိုက်သည်။
“အဘိုး(၄)... သူနဲ့ပတ်သတ်ပြီး ဘာမှ မှားမနေပါဘူး။ သူက သူလျှိုတစ်ယောက် မဟုတ်ပါဘူး”
“အဲ့ဒါက...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအို၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ လက်သွား၏။ ကျန်းရီလည်း ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ဟယ်နုန်ယင်း၏ လေသံအရ သူမက သူမည်သူဖြစ်ကြောင်းကို ခန့်မှန်းပြီးသွားလောက်ပေပြီ။
ဟယ်နုန်ယင်း ဆက်ပြောသည်။
“အဘိုး(၄)... အခု ကျွန်မ အဆင်ပြေနေပါပြီ။ အဘိုး အရင်ဆုံး စစ်တပ်ကို သွားကြီးကြပ်လိုက်ပါ။ မစိုးရိမ်ပါနဲ့... အဲ့လူနဲ့ပတ်သတ်ပြီး ဘာမှ မှားမနေပါဘူး။ ပြီးတော့ သူ့အကြောင်းကို လျှို့ဝှက်ထားပေးပါ။ တခြား ဘယ်သူမှ မသိပါစေနဲ့”
“ဟင်...”
ဧကရာဇ်တစ်ပိုင်းအဆင့် အဘိုးအိုသည် ဟယ်နုန်ယင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲမှ ပြတ်သားမှုကို မြင်သောအခါ သူ ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို စိတ်ဝင်တစားနှင့် တစ်ချက်ကြည့်ပြီးနောက် အပြင်သို့ လျှောက်ထွက်သွားလိုက်လေသည်။
ထိုအဘိုးအို ထွက်သွားပြီးနောက် ကျန်းရီလည်း ဟယ်နုန်ယင်းနှင့် အကြည့်ချင်းဖလှယ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲမှ အပြုံးရိပ်ရေးရေးကို မြင်သောအခါ ကျန်းရီ ခေါင်းခါလိုက်ပြီး အရှေ့လှေဝမ်း၏ အကာအရံများကို နှိုးကာ ပြန်ပြုံးပြ၍ ပြောလိုက်သည်။
“သခင်မလေးဟယ်... ကျွန်တော်တို့ ထပ်ဆုံပြန်ပြီ”
ဟယ်နုန်ယင်းက တောက်ပစွာပြုံး၍ အားနည်းစွာ ပြန်ပြော၏။
“ကျန်းရီ... ရှင်က တကယ့်လူပဲ။ မိုးပြာမဟာဧကရာဇ် လိုက်သတ်တာ ခံရတာတောင် မသေခဲ့ဘဲ အကြာကြီး ပုန်းနေနိုင်ခဲ့တယ်။ အခုလည်း ကျွန်မရဲ့ စစ်တပ်ထဲ ခိုးဝင်လာနိုင်ခဲ့တယ်။ ကျွန်မ ရှင့်အကြောင်းကို ဖော်လိုက်မှာကို ရှင် မကြောက်ဘူးလား”
“ဟားဟားဟား...”
ကျန်းရီ ရယ်လိုက်၏။
“ကောင်းကင်ဘုံက လူတွေအကုန်လုံးက ကျွန်တော့်အကြောင်းကို ဖော်နိုင်ပါတယ်။ ဒါပေမဲ့ ဟယ်နုန်ယင်းဆိုတဲ့ သခင်မလေးကတော့ ဘယ်တော့မှ အဲ့လိုလုပ်မှာ မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ်”
ဟယ်နုန်ယင်းသည် ကျန်းရီ၏ စိတ်ရင်းနှင့်ပြောသော စကားကို အသိအမှန်ပြုဟန်ဖြင့် ပြုံးပြလိုက်သည်။
“ကျန်းရီ... ရှင့်အကြောင်း ပေါ်သွားနိုင်တဲ့ အန္တရာယ်ကို စွန့်စားပြီး ကျွန်မကိုယ်ထဲက တမလွန်ဘုံအရှိန်အဝါတွေကို ဖယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ ကျွန်မအပေါ် ယုံကြည်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာ မလိုပါဘူး”
ကျန်းရီ ပခုံးတွန့်လိုက်သည်။
“သခင်မလေးဟယ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် မိုးပြာဒေသထဲမှာ သေခဲ့လောက်ပါပြီ။ ကျွန်တော်ကသာ သခင်မလေးအပေါ် အကြွေးတင်နေတာပါ။ အဲ့အသက်ကြွေးအတွက် ဒီတစ်ဘဝလုံး ပြန်ဆပ်တောင် ကြေနိုင်မှာ မဟုတ်ပါဘူး”
“ဒီတစ်ဘဝလုံးတဲ့လား”
ဟယ်နုန်ယင်း ရှက်သွေးဖြာသွားပြီး ရှက်ရွံ့စွာ အကြည့်လွှဲလိုက်၏။ ကျန်းရီသည် သူ စကားပြောမှားသွားကြောင်း သတိပြုမိကာ အိုးတိုးအမ်းတမ်းနှင့် နှာခေါင်းကုတ်၍ ရှင်းပြလိုက်ရ၏။
“သခင်မလေးဟယ်... အထင်မလွဲပါနဲ့။ ကျွန်တော်က တခြားအဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး...”
ဟယ်နုန်ယင်းသည် ကျန်းရီကို ပြန်ကြည့်လိုက်၏။ သူမ ဣန္ဒြေဆည်ကာ ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မတို့ ဟယ်မျိုးနွယ်ထဲ ဝင်လိုက်ပါ။ ရှင်နဲ့ မိုးပြာမဟာဧကရာဇ်ကြားက ရန်ငြိုးကို ဖြေရှင်းပေးဖို့ ကျွန်မ ချီလင်းဧကရီကို အကူအညီတောင်းပေးပါမယ်”
ကျန်းရီ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ပြီးမှ သူ ခေါင်းခါလိုက်လေသည်။
“သခင်မလေးရဲ့ စေတနာအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... ကျွန်တော်က မိန်းမတစ်ယောက်အပေါ် မမှီခိုချင်ပါဘူး”
***