သွားမတွေ့နိုင်
Vol. 132 Ch. 1835
“မိန်းမတစ်ယောက်အပေါ် မှီခိုတာလား”
ဟယ်နုန်ယင်း ပြုံးလိုက်သည်။ အတန်ကြာ အနားယူပြီးနောက် သူမ အားနည်းမနေတော့ပေ။ ထို့ကြောင့် လူးလွန့်ကာ ထထိုင်လိုက်ပြီး လက်စွပ်ထဲမှနေ၍ အားဖြည့်ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။
“ကျွန်တော် ကူညီပေးပါမယ်”
ကျန်းရီ အသိကပ်လာပြီး နတ်ဘုရားသစ်ရွက်ကို ခပ်သွက်သွက် ထုတ်ကာ ၎င်းအတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ ထို့နောက် ဟယ်နုန်ယင်း၏ လက်ကို လက်တစ်ဘက်ဖြင့် ကိုင်ကာ သူမကိုယ်ထဲသို့ ဆန်းကြယ်သော စွမ်းအင်တန်းများ သွင်းပေးလိုက်သည်။
ဟယ်နုန်ယင်းသည် လက်အကိုင်ခံရသောအခါ အတန်ငယ် တုန်ယင်သွား၏။ သူမ၏ မျက်နှာမှာလည်း ထပ်မံနီမြန်းသွားသည်။ သို့သော် မကြာခင်မှာပင် နတ်ဘုရားသစ်ရွက်၏ အစွမ်းထက်မှုကြောင့် အံ့အားသင့်သွားရ၏။ သူမ၏ ဒဏ်ရာများက မြင်သာသော နှုန်းဖြင့် ပြန်ကောင်းလာနေပြီး သူမစိတ်ဝိညာဉ်ထဲမှ အားနည်းနေမှုကလည်း ထက်ဝက်လောက် လျော့ကျသွားလေသည်။
“အဲ့ဒါက... အရှင်မချင်လင်းရဲ့ နတ်ဘုရားသစ်ရွက်လား”
ဟယ်နုန်ယင်း မေးလိုက်၏။ ကျန်းရီက ခေါင်းညိတ်ပြသည်။
“ဟုတ်ပါတယ်... ဒီနတ်ဘုရားသစ်ရွက်ကို အရှင်မချင်လင်းက ပေးထားတာပါ။ ဟုတ်သား... အခု အရှင်မချင်လင်းရော ဘယ်လိုအခြေအနေ ရှိနေလဲ။ သူ့သတင်းတွေ ကြားသေးလား”
ကျန်းရီသည် အပြင်လောကသို့ ပြန်ရောက်ပြီးနောက် ရှေးဦးစွာ သတင်းများ စုံစမ်းရန် ဆုံးဖြတ်ထားသည်။ ယခင်တွင် သူ တပ်သားများကို မေးခွန်းများ မမေးနိုင်ခဲ့သော် ယခု ဟယ်နုန်ယင်းကို သူသိလိုရာများ မေးနိုင်ပြီဖြစ်သည်။ ဟယ်နုန်ယင်းမှာ အကြွင်းမဲ့ ယုံကြည်ရသူ မဟုတ်ပါလား။
“ကြားတယ်”
ဟယ်နုန်ယင်းက ခေါင်းညိတ်ကာ ပြောသည်။
“အရှင်မချင်လင်းက မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်မဟာဧကရာဇ်တို့ လိုက်ဖမ်းတာကို ခံခဲ့ရတာ။ အဲ့တုန်းက ချီလင်းဧကရီလည်း သွားစူးစမ်းခဲ့တယ်။ အရှင်မချင်လင်း တစ်စစီဖြစ်သွားတယ်လို့ ချီလင်းဧကရီက ပြောတယ်။ အခု သူ ဘယ်ရောက်နေလဲဆိုတာတော့ ဘယ်သူမှ မသိဘူး”
ကျန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“တစ်စစီဖြစ်သွားတာလား... အဲ့ဒါကဘာလဲ”
ဟယ်နုန်ယင်းသည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ရှင်းပြ၏။
“အရှင်မချင်လင်းက စစ်ဖြိုခွင်းအတတ်ကို သုံးခဲ့တာ။ သူက သူ့ရဲ့ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို စွန့်လွှတ်ပြီး သူ့ကိုယ်သူဖောက်ခွဲ၊ သစ်ကိုင်းတွေအဖြစ် ပြောင်းလဲပြီး ဘုံတစ်သောင်းထဲကို ပျံထွက်သွားတာ။ သူ့ရဲ့ နတ်ဘုရားဝိညာဉ်က အဲ့သစ်ကိုင်းတွေထဲက တစ်ကိုင်းကိုင်းမှာ ရှိနေနိုင်တယ်။ အဲ့နည်းနဲ့ သူက သူ့အသက်ကို ထိန်းသိမ်းထားလို့ရတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံး ပျောက်သွားလို့ အစကနေတော့ ပြန်ကျင့်ကြံရမှာပေါ့’
“အာ...”
ကျန်းရီ မျက်နှာပျက်သွား၏။ အရှင်မချင်လင်းက သူ့အတွက်နှင့် ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို အဆုံးရှုံးခံကာ နှစ်ထောင်ချီ အထီးကျန်မှုကို ခံစားရမည်လော။ သူမ၏ သက်တမ်းက များစွာမကျန်နိုင်တော့သည် မဟုတ်လော။ တစ်နည်းဆိုရသော် သူမ ဧကရာဇ်အဆင့်သို့ ပြန်မရောက်နိုင်ခင်မှာပင် ဆုံးပါးသွားနိုင်သည် မဟုတ်လော။
“အရှင်မချင်လင်း...”
ကျန်းရီ၏ အတွေးထဲတွင် ထိုလှပသောအမျိုးသမီး၏ မျက်နှာ ထွက်ပေါ်လာ၏။ ကျန်းရီ အလွန်အပြစ်ရှိသလို ခံစားနေရသည်။ ထို့ကြောင့် အခွင့်အရေးရလျှင် သူ အရှင်မချင်လင်းကို သွားရှာကာ သူမ ကျင့်ကြံခြင်းစွမ်းအားများ ပြန်ရအောင် မည်သည့်နည်းနှင့်မဆို ကူညီပေးမည်ဟု သန္နိဋ္ဌာန်ချလိုက်လေသည်။
ကျန်းရီ ဟယ်နုန်ယင်းကို ပြန်ကြည့်၍ ပြောလိုက်၏။
“သခင်မလေးနုန်ယင်း... အရှင်မချင်လင်းကို ရှာဖို့ သခင်မလေး ကူညီပေးနိုင်လား”
“ကျွန်မ မရှာနိုင်ဘူး”
ဟယ်နုန်ယင်းက သေချာစွာ ပြောသည်။
“သူက အုပ်ချုပ်သူအဆင့်ကို ပြန်မရောက်မချင်း သာမန်သစ်ပင်တစ်ပင်ပဲ ဖြစ်နေမှာပဲ။ ပြီးတော့ သူက ဘယ်ဘုံကို ရောက်သွားလဲဆိုတာကိုလည်း ကျွန်မတို့ မသိဘူး၊ တကယ်လို့ သိရင်တောင် အဲ့ဘုံထဲက ဘယ်သစ်ပင်က သူဆိုတာကို ခွဲနိုင်မှာ မဟုတ်ဘူး”
“ဟူး...”
ကျန်းရီ၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူ မည်သို့ ခံစားရမည်ကိုပင် မသိတော့ပေ။ ဟယ်နုန်ယင်းက သူ့ကို ကြည့်ကာ အားပေးသည်။
“ကျန်းရီ... အများကြီး တွေးမနေပါနဲ့။ အခု ရှင်လုပ်ရမှာက ကြိုးစားကျင့်ကြံဖို့ပဲ။ ရှင် လုံလောက်အောင် သန်မာလာမှ တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်ပြီး လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ကို ကာကွယ်နိုင်မှာ။ အဲ့ဒါမှ ရှင် သူ့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်နိုင်မှာ”
“ဟုတ်တယ်...”
ကျန်းရီသည်လည်း ယင်းကို နားလည်သဖြင့် အရှင်မချင်လင်းအကြောင်းကို မတွေးမိအောင် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ သူ စိတ်တည်ငြိမ်လာမှ ထပ်မေးလိုက်သည်။
“သခင်မလေးနုန်ယင်း... အထက်ဘုံရော ဘယ်လိုအခြေအနေရှိပါသလဲ။ မိုးပြာမဟာဧကရာဇ်နဲ့ တောက်မျိုးနွယ်က ကျွန်တော့်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ဒုက္ခပေးသေးလား”
“ဟင်းဟင်း...”
ဟယ်နုန်ယင်း ခပ်ရေးရေး ပြုံးလိုက်၏။
“အဲ့ကိစ္စအတွက် ရှင် ချီလင်းဧကရီကို ကျေးဇူးတင်ရမယ်။ ချီလင်းဧကရီကြောင့်သာ မဟုတ်ရင် ရှင့်ရဲ့... မိန်းမတွေ၊ ညီနောင်တွေနဲ့ မိတ်ဆွေတွေ အသတ်ခံရပြီးလောက်ပြီ။ ချီလင်းဧကရီက သူတို့ကို ဆယ်နှစ် ကာကွယ်ပေးမယ်လို့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ အခု အထက်ဘုံက အရမ်းအေးချမ်းနေပါတယ်။ ရှင့်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေလည်း အဆင်ပြေနေကြပါတယ်”
“အာ...”
ကျန်းရီ၏ မျက်ဝန်းများထဲတွင် အပျော်နှင့် ပြည့်နှက်သွား၏။ သူ ချက်ချင်းပင် ဟယ်နုန်ယင်းကို အလေးအနက် ဦးညွှတ်ကာ ပြောလိုက်သည်။
“သခင်မလေးနုန်ယင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ဟယ်နုန်ယင်း မည်သို့မှ ပြန်မပြောပါ။ ချီလင်းဧကရီက ထိုကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမှာ သူမ တောင်းဆိုခဲ့၍ဖြစ်သည်။ မဟုတ်လျှင် ချီလင်းဧကရီကဲ့သို့ အဆင့်အတန်းရှိသူတစ်ယောက်က ကျန်းရီ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ သေသည်၊ ရှင်သည်ကို အရေးစိုက်နေမည် မဟုတ်ပါ။ သူမ ထိုသူများကို ကာကွယ်ပေးလျှင် မိုးပြာမဟာဧကရာဇ်နှင့် တောက်မျိုးနွယ်အပေါ် အပြစ်ပြုလိုက်မိသလို ဖြစ်သွားမည် မဟုတ်ပါလား။
ကျန်းရီသည် ကျေးဇူးတင်စကားဆိုပြီးနောက် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးမှ သူ အမေးလိုဆုံး မေးခွန်းကို မေးလိုက်လေသည်။
“သခင်မလေးနုန်ယင်း ယန်ကိုးပါးစစ်တပ်ထဲကို ပါရမီရှင်တစ်ယောက် ရောက်လာတယ်လို့ ကျွန်တော်ကြားပါတယ်။ သူက သက်တမ်း နှစ်ဆယ်သန်းရှိတဲ့ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တယ်လို့ ပြောကြတယ်။ သခင်မလေး သူ့ကို သိပါသလား”
“သိတယ်”
ဟယ်နုန်ယင်းက ပြုံးကာ ခေါင်းညိတ်၏။
“ရှင် မှန်းတာ မှန်ပါတယ်။ သူက ရှင့်အမေပဲ။ သူက ဝိညာဉ်ဘုရင်ရဲ့ သားရဲထိန်း ဆန်းကြယ်စွမ်းရည်ကို တတ်မြောက်သွားရုံတင်မကဘူး ဝိညာဉ်ဘုရင်ထက်တောင် သာသွားသေးတယ်။ အခု ကောင်းကင်ဘုရင်ဝေနဲ့ ကောင်းကင်ဘုရင်ယွင်တို့က သူ့ကို အရမ်းအလေးထားနေကြတယ်။ သူတို့ သူ့ကို ခေါ်ပြီး နေရာအနှံ့မှာ စွမ်းအားကြီး ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတွေကို လိုက်ရှာနေကြတယ်။ သူတို့က ဟွင့်သွမ့်သားရဲစစ်တပ်တစ်တပ် တည်ထောင်ဖို့ လုပ်နေကြတာလေ”
‘သူက တကယ်ကို ငါ့အမေပဲ’
ကျန်းရီ ရုတ်ခြည်း စိတ်လှုပ်ရှားလာ၏။ သူ ချက်ချင်း ယန်ကိုးပါးစစ်တပ်ဆီသို့ ပျံသန်း၍ ရီဖျောင်ဖျောင်နှင့် တွေ့လိုက်လိုစိတ်လည်း ပေါက်လာပေသည်။
သို့သော် ဟယ်နုန်ယင်း ဆက်ပြောလိုက်သော စကားက သူ့ရင်ထဲမှ မီးကို ရေနှင့် ငြှိမ်းလိုက်သလို ဖြစ်သွား၏။
“ကျန်းရီ... ရှင် ရှင့်အမေကို သွားမရှာသင့်သေးဘူး။ ပြီးတော့ ရှင့်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို တွေ့ဖို့လည်း အထက်ဘုံကို ပြန်မဆင်းသင့်သေးဘူး။ တောက်မျိုးနွယ်ရဲ့ သူလျှိုတွေက နေရာအနှံ့မှာ ရှိနေတုန်းပဲ။ ရှင် ရှင့်အမေကို သွားတွေ့လိုက်တာနဲ့ ရှင် ဘယ်သူဆိုတာ ပေါ်သွားလိမ့်မယ်။ အခု ရှင်မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ အကုန်လုံးက မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲမှ ရှိနေကြတယ်။ အဲ့ဆန်းကြယ်နယ်မြေအပြင်ဘက်မှာ ထောက်လှမ်းရေးတွေ အများကြီး ရှိနေတယ်။ ရှင် အဲ့ဆန်းကြယ်နယ်မြေထဲ ဝင်သွားရင်လည်း ရှင့်အကြောင်းက ချက်ချင်း ပေါ်သွားမှာပဲ”
ကျန်းရီ၏ အကြည့်များ အေးစက်သွား၏။ သို့သော် သေချာတွေးတောပြီးနောက် သူ နားလည်သွားသည်။ သူ ကောင်းကင်မိစ္ဆာဘုံထဲတွင် တစ်နှစ်နီးပါး ရှိနေခဲ့သော်လည်း တောက်မျိုးနွယ်က သူ့ကို လိုက်ရှာရန် လက်မလျှော့သေးပေ။ သူတို့က သူ့ကို ရှာမတွေ့သဖြင့် သူ့မိသားစုဝင်များနှင့် မိတ်ဆွေများ အနီးတွင် သူလျှိုများ ထည့်ထားခဲ့သည်။ သူ ပေါ်လာသည်နှင့် သို့မဟုတ် ထူးဆန်းသောကိစ္စတစ်ခုခု ဖြစ်လာသည်နှင့် ထိုသူလျှိုများက တောက်မျိုးနွယ်နှင့် မိုးပြာမဟာဧကရာဇ်ထံ ချက်ချင်း သတင်းပို့လိုက်ကြမည်ဖြစ်သည်။
ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
“သခင်မလေးနုန်ယင်း... ကျွန်တော့်မှာ ကျွန်တော့်ရဲ့ ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းပေးနိုင်တဲ့ အတတ်တစ်ခု ရှိတယ်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားမှ မဟုတ်ရင် အဲ့အတတ်ကို ဖောက်မြင်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော် အထက်ဘုံကို လျှို့ဝှက်ပြီး ပြန်သွားမယ်ဆိုရင်...”
“မရဘူး...”
ကျန်းရီ စကားမဆုံးသေးခင်မှာပင် ဟယ်နုန်ယင်းက ကြားဖြတ်၍ ပြောလိုက်သည်။ သူမ လေသံတိုးတိုးနှင့် ဆက်ပြောသည်။
“တောက်မျိုးနွယ်က ကောင်းကင်ဘုံကလူတွေကို အထက်ဘုံဆီ ပြန်ဆင်းခွင့်မပေးဘူးလို့ လျှို့ဝှက်သတင်းဖြန့်ထားတယ်။ အခု ကောင်းကင်ဘုံက ဘယ်သူကမှ အထက်ဘုံကို မပြန်နိုင်ကြဘူး။ ပြီးတော့ အထက်ဘုံရဲ့ ဘုံတိုင်းမှာလည်း သူလျှိုတွေ ရှိနေတယ်။ မျိုးနွယ်ကြီးတွေ တော်တော်များများလည်း လာဘ်ထိုးခံထားရပြီ။ တကယ်လို့ အထက်ဘုံထဲကို သူစိမ်းတစ်ယောက် ရောက်လာရင် သူတို့ အဲ့သူစိမ်းကို ချက်ချင်း စစ်ဆေးကြမှာ။ ရှင် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေကို မရောက်ခင် တောက်မျိုးနွယ်က လူတွေ ရှင့်ဆီကို အရင်ရောက်လာလိမ့်မယ်။ ရှင် ဘယ်သူဆိုတာ ပေါ်သွားတာနဲ့ မိုးပြာမဟာဧကရာဇ်လည်း ချက်ချင်း အထက်ဘုံကို ရောက်လာမှာ။ ရှင် မိုးပြာမဟာဧကရာဇ်လက်ကနေ ဒုတိယအကြိမ် ထွက်ပြေးနိုင်လိမ့်မယ်လို့ ယုံကြည့်မှု ရှိလား”
ယခု ကျန်းရီ အတန်ငယ် စိတ်လှုပ်ရှားလာပေပြီ။
“ကျွန်တော် တစ်သက်လုံး အထက်ဘုံကို ပြန်လို့မရတော့ဘူးလား”
“အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်အတွင်းတော့ ပြန်လို့ရမှာ မဟုတ်ဘူး”
ဟယ်နုန်ယင်းက သေချာစွာပြန်ဖြေသည်။
“တောက်မျိုးနွယ်က ရှင့်မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို စောင့်ကြည့်နေတာ မရပ်သေးသ၍ ရှင် သူတို့နဲ့ သွားတွေ့လို့ မဖြစ်ဘူး။ ရှင့်မှာ မိုးပြာမဟာဧကရာဇ်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မဲ့ စွမ်းရည် ရှိလာရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမဲ့... ဒီအတောအတွင်း တမလွန်ဘုံက အဆက်မပြတ် တိုက်စစ်ထိုးနေခဲ့တာ။ အခြေအနေက ပိုဆိုးလာနေပြီ။ အဲ့တော့ တောက်မျိုးနွယ်က သူတို့ရဲ့ သူလျှိုတွေကို မကြာခင် ပြန်ခေါ်ရမှာပါ”
“ကောင်းပါပြီ”
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချ ချကာ အရှိတရားကို လက်ခံလိုက်သည်။ လက်ရှိတွင် သူ့၌ မိုးပြာမဟာဧကရာဇ်ကို ယှဉ်နိုင်မည့်စွမ်းရည် မရှိသေးပေ။ ထို့ကြောင့် သူ စွန့်စား၍ မဖြစ်ချေ။ ဤတစ်ခေါက်တွင် သူ့၌ အခြားအရေးကြီးတာဝန်တစ်ခုလည်း ရှိနေသည်။ မီးနဂါးဓား၏ ကျန်သောအစိတ်အပိုင်းများကို ရှာရန်ပင်။ ထိုသတင်းသာ ပေါက်ကြားသွားလျှင် သူ အသတ်မခံရလောက်သော်လည်း အခြားရွေးချယ်စရာမရှိဘဲ ကောင်းကင်မိစ္ဆာဘုံသို့သာ ပြန်ရပေလိမ့်မည်။
‘အရင်ဆုံး မီးနဂါးဓားရဲ့ ကျန်နေတဲ့ အစိတ်အပိုင်းတွေကို သွားရှာတာပေါ့။ နည်းနည်းကြာမှ ငါ့အမေကို သွားတွေ့ပြီး အထက်ဘုံကို ပြန်တာပေါ့’
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်၏။ သူ့ရင်ထဲတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုတို့ ပြည့်နှက်နေသည်။ သူ့အမေက ယန်ကိုးပါးစစ်တပ်တွင် ရှိကြောင်း သိသော်လည်း သူ သူမကို သွားမတွေ့နိုင်ပေ။ ယင်းမှာ မည်မျှ ဝမ်းနည်းစရာ ကောင်းပါသနည်း။
***