← Chapters

ငါ့ကံက အဲ့လောက်ကောင်းတယ်လား

Vol. 132 Ch. 1837

ငါ့ကံက အဲ့လောက်ကောင်းတယ်လား

Vol. 132 Ch. 1837

ယန်ကိုးပါးမြို့ထဲတွင် အခြေအနေ အလွန်တင်းမာနေ၏။ မကြာသေးခင်အတောအတွင်း တိုက်ပွဲများ အတောမသတ် ရှိနေခဲ့သည် မဟုတ်ပါလား။

မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်များက အဆက်မပြတ် လင်းလက်နေကြပြီး လူများက အချိန်ပြည့် တည်နေရာပြောင်းရွှေ့လာနေကြသည်။ ကောင်းကင်ဘုံသည် ဓာတုဘုံခုနစ်ဘုံဆီ ဆင့်ခေါ်စာ ပို့ထားသည်။ ထို့ကြောင့် ဓာတုဘုံခုနစ်ဘုံမှ စွမ်းအားကြီး သိုင်းသမားများစွာသည် စစ်တပ်အသီးသီးထဲ ဝင်ရန် အဆက်မပြတ် ရောက်လာနေကြလေသည်။

ရွှီး...

တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုက လင်းလက်လာပြီး အစီအရင်ထဲတွင် သခင်လေးတစ်ယောက် ထွက်ပေါ်လာ၏။ အနီးတွင် စောင့်ကြပ်နေကြသော တပ်သားများက ထိုသခင်လေးကို ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံလိုက်ကြသည်။ သူတို့သည် သခင်လေး၏ခါးမှ အမိန့်ပြားကို မြင်သောအခါ ချက်ချင်း ပြုံးသွားကြ၏။

ထိုတည်နေရာပြောင်းရွှေ့အစီအရင်က ဟယ်မျိုးနွယ်နှင့် ချိတ်ဆက်ထားသော အစီအရင်ပင်။ ထို့ပြင် ထိုလူထံတွင် ဟယ်မျိုးနွယ်၏ အမိန့်ပြားလည်း ရှိနေသည်။ သခင်လေးများသာ ထိုအမိန့်ပြားကို ရနိုင်ပေသည်။

ထိုသခင်လေးမှ ကျန်းရီပင်။ သူသည် တည်နေရာပြောင်းရွှေ့ မလာခင်တွင် ဟယ်ကျန်း၏ ပုံစံ ပြောင်းခဲ့သည်။ သူ တစ်ခဏမျှ အနားယူပြီးနောက် ခေါင်းမူပျောက်သွား၏။ အမှန်တွင် သူ ခေါင်းမူးပျောက်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အပေါ်ယံတွင် သူက အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းပြီးခါစသူတစ်ယောက် ဖြစ်၍ အစွမ်းများစွာ ထုတ်ပြ၍ မဖြစ်ပေ။

ကျန်းရီ မျက်လုံးဖွင့်ကာ ယန်ကိုးပါးမြို့ကို ဝေ့ဝဲကြည့်လိုက်၏။ သူ ဤမြို့ထဲသို့ တစ်ကြိမ် ရောက်ဖူးသည်။ ထိုစဉ်က သူ တောက်နူနှင့် တောက်လန်တို့၏ သတ်ဖြတ်မှုကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထို ရင်းနှီးသောမြို့ကို မြင်လိုက်ရသောအခါ သူ အတန်ငယ် ဝမ်းနည်းသွား၏။ ရီဖျောင်ဖျောင်က မြို့အပြင်ဘက်ရှိ ယန်ကိုးပါး‌တောင်ကြားထဲမှ စစ်စခန်းတစ်ခုတွင် ရှိနေသည်။ သို့သော် သူ သူမကို သွားမတွေ့နိုင်ပေ။ သူမ၏ အရှေ့တွင်လည်း သားတစ်ယောက်အနေနှင့် ဒူးထောက်ကန်တော့၍ မရပါချေ။

‘သွားတာပေါ့...’

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင် အပြင်ဘက်သို့ ထွက်လိုက်၏။ ထို့နောက် သူ ယန်ကိုးပါးစစ်တပ်မှ တပ်မှူးတစ်ယောက်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် လေဘုံကို သွားချင်တယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ”

“သခင်လေး ကြွပါ”

ဟယ်မျိုးနွယ်က အရှင်မချီလင်းကို ကိုယ်စားပြုသော မျိုးနွယ်ပင်။ ထို့ကြောင့် ယန်ကိုးပါးစစ်တပ်မှ တပ်မှူးသည် ဟယ်ကျန်းတစ်ဖြစ်လဲ ကျန်းရီ၏ အမိန့်ကို မလွန်ဆန်ဝံ့ပေ။ တပ်မှူးသည် ကျန်းရီကို အဝေးရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီသို့ ခေါ်သွားပေး၏။

လမ်းတစ်လျှောက်တွင် ကျန်းရီသည် ကောင်းကင်စိတ်အာရုံများစွာက သူ့ကို တိတ်တဆိတ် စူးစမ်းနေကြကြောင်း ခံစားနေရ၏။ သို့သော် သူ အရေးမစိုက်ပေ။ သူ၏ နှလုံးသားက ရေတွင်းဟောင်းတစ်တွင်းအလား တည်ငြိမ်နေသည်။ သူ မျက်နှာသေဖြင့်သာ လျှောက်သွားနေပေသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း တော်ဝင်သခင်လေးတစ်ယောက်၏ ထူးကဲသော အငွေ့အသက်တစ်ခု ထွက်နေလေသည်။

ဝှစ်...ဝှစ်...

အဝေးတွင် တပ်သားတစ်စုသည် ရဲတိုက်တစ်လုံးထဲမှ ပျံထွက်၍ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီသို့ လျင်မြန်စွာ သွားနေကြ၏။ ထို့ကြောင့် ကျန်းရီတို့ဘက်မှ တပ်သားများ စိတ်လှုပ်ရှားသွားကြပြီး လှမ်းကြည့်လိုက်ကြသည်။ ကျန်းရီလည်း လှမ်းကြည့်လိုက်ပြီး အတန်ငယ် မျက်နှာထားပြောင်းသွား၏။ သူ ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည် မဟုတ်ပါလား။

ယွင်ပင်း...

မတွေ့ရသည့် တစ်နှစ်ကျော်အတွင်း ယွင်ပင်းက များစွာရင့်ကျင်လာပြီး ပို၍ လှပလာသည်။ မူလတွင် သူမသည် ဖူးခါစ နှင်းဆီဖြူအဖူးတစ်ဖူးနှင့် တူခဲ့သည်။ ယခုတွင်မူ အပြည့်အဝ ပွင့်လန်းနေပေပြီ။

ယွင်ပင်းကို တွေ့သောအခါ ကျန်းရီ၏ မျက်ဝန်းများ အတန်ငယ် ဝေဝါးသွား၏။ သူ့ခေါင်းထဲတွင် သူ ယန်ကိုးပါးစစ်တပ်ထဲ၌ ရှိခဲ့စဉ်က အကြောင်းများ ထွက်ပေါ်လာသည်။ သူ့ခန့်မှန်းချက်သာ မမှားလျှင် သူက ငှက်‌တောင်ပျံတပ်၏ တပ်ဗိုလ်တစ်ယောက် ဖြစ်နေလောက်သေးသည်။ သူ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် တပ်မှူးချုပ်လျန်တို့အကြောင်းကိုလည်း တွေးမိလိုက်သည်။ သို့ဖြင့် သူ တစ်ခဏမျှ မိန်းမောသွားပေသည်။

“ဟင်...”

ကျန်းရီ၏ အသွင်အပြင်က ထူးကဲနေ၏။ သူက ထည်ဝါသော ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ့ပုံစံမှာ ကြက်အုပ်ကြားမှ ကြိုးကြာတစ်ကောင်ကဲ့သို့ ဖြစ်နေရာ ယွင်ပင်းက သူ့ကို ချက်ချင်း သတိပြုမိသွားသည်။ ယွင်ပင်းသည် သူ့ကို ပုံမှန်အတိုင်း တစ်ချက်လှမ်းကြည့်လိုက်၏။ သို့သော် တစ်ချက်ကြည့်ပြီးနောက် တစ်စုံတစ်ခု မှားနေသည်ဟု သူမ ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ ကျန်းရီကို ထပ်ကြည့်လိုက်သည်။ ၎င်းနောက် သူမ၏ မျက်ဝန်းများ အတန်ငယ် စိုစွတ်လာ၏။ သူမ၏ အရှေ့မှ ထိုသခင်လေးက ပုံစံပြောင်းလဲသွားပြီး သူမ၏အိပ်မက်များကို ခြောက်လှန့်နေသည့် ယောက်ျားတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

“အာ...”

ကျန်းရီ ပြန်၍ သတိကပ်လာပြီး တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ယွင်ပင်းလည်း သတိပြန်ကပ်သွားသည်။ ထို့နောက် သူမ အေးစက်စက် အော်ပြောလိုက်သည်။

“အဲ့မှာ ရပ်လိုက်”

ကောင်းကင်စိတ်အာရုံများစွာက ကျန်းရီအပေါ်သို့ ကျရောက်လာ၏။ ကျန်းရီ စိတ်ထဲမှ ညည်းတွားလိုက်သည်။ ယန်ကိုးပါးမြို့ထဲတွင် သူလျှိုများစွာရှိသည်။ သူ သတိမထားလျှင် သံသယအဝင်ခံရနိုင်သည်။ သံသယဝင်ခံရသည်နှင့် သူ ပြဿနာအကြီးကြီး တက်သွားပေလိမ့်မည်။

ကျန်းရီ အသည်းအသန် တွေးတောလိုက်၏။ တစ်ခဏနေပြီးနောက် သူ အံ့အားသင့်သော မျက်နှာထားဖြင့် နောက်လှည့်ကာ မေးလိုက်သည်။

“သခင်မလေးယွင်... သခင်မလေးက ကျွန်တော့်ကို ခေါ်တာပါလား”

ဤတစ်ကြိမ်တွင် မှင်တက်သွားရသူမှာ သခင်မလေးယွင်ပင်းပင်။ သူမ ကျန်းရီကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက် သူ့ကို မရင်းနှီးကြောင်း ခံစားလိုက်ရ၏။ ထို့ပြင် သူ့ခါး၌ ဟယ်မျိုးနွယ်၏ အမိန့်ပြား ရှိနေသည်။ သို့ဖြစ်ရာ သူက သူမရှာနေသူ မဟုတ်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူမ အိုးတိုးအမ်းတန်းနှင့်သာ မေးလိုက်ရသည်။

“ရှင်က ဟယ်မျိုးနွယ်ကလား။ ဒီတစ်လော မမနုန်ယင်းရော အဆင်ပြေရဲ့လား”

ကျန်းရီ အတန်ငယ် ဦးညွှတ်ကာ ပြန်ပြောလိုက်၏။

“ကျွန်တော်က ဟယ်ကျန်းပါ။ ဝမ်းကွဲနုန်ယင်းက အဆင်ပြေနေပါတယ်။ အခုလို အရေးတစိုက် မေးတဲ့အတွက် သခင်မလေးယွင်ကို ကျေးဇူးတင်ပါတယ်”

“ဪ...”

ယွင်ပင်း လက်ဝှေ့ယမ်းကာ ပုံမှန်အတိုင်း ဆက်ပြော၏။

“သခင်လေးဟယ်ကျန်း... ရှင် သွားစရာရှိတာ သွားလို့ရပါပြီ။ ကျွန်မလည်း သွားလိုက်ပါဦးမယ်”

“ကောင်းပါပြီ”

ကျန်းရီ ထပ်မံ၍ ဦးညွှတ်ကာ ယဉ်ယဉ်ကျေးကျေး ဆိုလိုက်သည်။

“သခင်မလေးယွင်ပင်း ဂရုစိုက်ပါ”

ကျန်းရီသည် ပြောပြီးသည်နှင့် တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်၏။ သူ့တွင် ဟယ်မျိုးနွယ်၏ အမိန့်ပြားရှိရာ တည်နေရာပြောင်းရွှေ့ခများ ပေးနေရန် မလိုပေ။ တည်နေရာပြောင်းရွှေ့အစီအရင် လင်းလင်လာပြီးနောက် ကျန်းရီ ပျောက်ကွယ်သွားလေသည်။

ကျန်းရီ ပျောက်ကွယ်သွားချိန်တွင် ယွင်ပင်းသည် နောက်လှည့်ကာ တစ်ချက်ထပ်၍ ကြည့်လိုက်၏။ သူမ ရင်းနှီးသူတစ်ယောက်ကို မြင်လိုက်ရသလို ထပ်ခံစားလိုက်ရသည်။ ကျန်းရီ ထွက်သွားပြီးနောက် သူမ ခါးသက်သက်ပြုံးကာ ရေရွတ်လိုက်လေသည်။

“အခုတလော ငါ အရမ်းပင်ပန်းနေလို့များလား။ ဘာလို့ သူနဲ့တူတဲ့သူတွေကို တွေ့တွေ့နေရတာလဲ”

***

ရွှီး...

ဤတစ်ကြိမ်တွင် ကျန်းရီ ကြာမြင့်စွာ တည်နေရာပြောင်းရွှေ့ခဲ့ရ၏။ နာရီနှစ်ဆယ်ကျော် တည်နေရာပြောင်းရွှေ့ပြီးမှ သူ့ခြေထောက်နှင့် မြေပြင်ထိသွားသည်ကို ခံစားလိုက်ရသည်။ သူ မျက်လုံးမဖွင့်သေးဘဲ မျက်လုံးမှိတ်လျက် အနားယူကာ ခေါင်းမူးပျောက်သွားအောင် စောင့်နေလိုက်သည်။

ပြီးမှ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ သူက မြို့ကြီးတစ်မြို့၏ မြို့ရင်ပြင်တစ်ခုထဲ ရောက်နေကြောင်း သိလိုက်ရသည်။ သိုင်းသမားတစ်စုက မြို့ရင်ပြင်ထဲတွင် လေးလေးစားစား ရပ်နေကြသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက်က ရဲတိုက်တစ်လုံးထဲမှနေ၍ ပျံထွက်လာပြီး ကျန်းရီ၏ ရှေ့တွင် ရပ်ကာ တောက်ပစွာ ပြုံးလိုက်လေသည်။

‘အရမ်းကောင်းတယ်’

ကျန်းရီ စိတ်အေးသွား၏။ ဟယ်နုန်ယင်း သူ့ကို ပေးလိုက်သော သရုပ်တုက အလွန်ကောင်းပေသည်။ ကောင်းကင်ဘုံရှိ မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်က ဓာတုဘုံတစ်ဘုံကို ရောက်လာရာ ဤဘုံမှ စွမ်းအားကြီး သိုင်းသမားများက သူ့ကို သေချာပေါက် ကောင်းစွာ ဆက်ဆံကြမည်ဖြစ်သည်။ သူ သွားလိုရာသွား၊ လုပ်လိုရာလုပ်နိုင်လိမ့်မည်လည်း ဖြစ်သည်။

ကျန်းရီသည် ခေါင်းမူးပျောက်သွားသောအခါ မျက်လုံးဖွင့်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူ့အရှေ့ရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် သူ အတန်ငယ် စိတ်ထင့်သွား၏။ လေဘုံအကြောင်းကို သူ တစ်ခုမှ မသိပေ။ ဤဘုံမှ အင်အားကြီး မျိုးနွယ်များကိုလည်း သူ သိမထားပါ။ သို့သော် ဟယ်မျိုးနွယ်မှ သခင်လေးတစ်ယောက်ဆိုလျှင် ထိုအကြောင်းများကို သိထားသင့်သည် မဟုတ်ပါလား။

‘ဟုတ်သား... ဖုန့်နီ’

ကျန်းရီ အကြံတစ်ခု ရလိုက်၏။ ဖုန့်နီက ဘုံများစွာကို လှည့်ပတ်သွားခဲ့ဖူးသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ သူ ဆောင်းဥတုပုလဲကို ခပ်သွက်သွက် ထုတ်၍ အထဲသို့ အသံပို့လွှတ်လိုက်၏။ ဖုန့်နီက သူ့ကို ဝမ်းသာအားရ ပြန်ဖြေသည်။ သူမ အမှန်ပင် လေဘုံသို့ ရောက်ခဲ့ဖူးသည်။ ထို့ကြောင့် လေဘုံမှ မျိုးနွယ်ကြီးများအကြောင်းနှင့် စွမ်းအားကြီး သိုင်းသမားများအကြောင်းကို အနည်းငယ် သိထားပေသည်။

ရွှီး...

ကျန်းရီ ဖုန့်နီကို အပြင်သို့ ချက်ချင်း ထုတ်လိုက်၏။ သို့သော် ဖုန့်နီ၏ မျက်နှာကိုမူ ပဝါတစ်စနှင့် ကာထားပေသည်။ မည်သူကမှ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ သူမသည် ကောင်းကင်စိတ်အာရုံသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံကာ ချက်ချင်း အသံပို့လွှတ်လိုက်သည်။

“သခင်... သူက ဟဲ့မျိုးနွယ်က အကြီးဆုံးသခင်လေးပါ။ ဟဲ့မျိုးနွယ်က လေဘုံရဲ့ နံပါတ်တစ်မျိုးနွယ်ပဲ။ သူ့နာမည်က ဟဲ့ရန်တဲ့”

ယခု ကျန်းရီ သိသွားပြီဖြစ်ရာ သူ့အရှေ့မှ အုပ်ချုပ်သူအဆင့် သိုင်းသမားကို ကြည့်၍ လက်ဆုပ်ကာ ပြောလိုက်၏။

“ကျွန်တော်က ဟယ်ကျန်းပါ။ ခင်ဗျားက သခင်လေးဟဲ့ရန်ထင်တယ်”

“ဟားဟားဟား...”

ခံ့ညားသော ထိုသခင်လေးက ကျယ်လောင်စွာ ရယ်၍ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်က သခင်လေးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ ကျွန်တော့်ကို ဟဲ့ရန်လို့သာ ခေါ်ပါ။ ကျွန်တော် သခင်လေးဟယ်ကျန်းရဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ကောင်းကင်ဘုံ ဟယ်မျိုးနွယ်ရဲ့ အထူးချွန်ဆုံး သခင်လေးငါးယောက်က လေဘုံမှာလည်း ကျော်ကြားပါတယ်”

ကျန်းရီသည် ဟဲ့ရန်နှင့် အာလာပသလ္လာပအနည်းငယ် ပြောဆိုနေလိုက်၏။ ထိုအခိုက်တွင် ကျန်းရီ၏ ခေါင်းထဲ၌ ချီဟုန်၏ အသံပို့လွှတ်မှု ထွက်ပေါ်လာသည်။

“ဟုတ်တယ်... လေဘုံထဲမှာ တကယ်ကို အစိတ်အပိုင်းတစ်ခု ရှိနေတယ်။ ငါ အဲ့ဒါကို အာရုံခံပြီးပြီ။ အဲ့ဒါက လေဘုံရဲ့ အနောက်ဘက်မှာပဲ။ ကောင်လေး... အဲ့ဒါကို အမြန်ဆုံး သွားယူလိုက်”

‘အနောက်ဘက်လား’

ကျန်းရီ မသိမသာ ခေါင်းညိတ်လိုက်၏။ ယခုတွင် သူက ဟယ်ကျန်း ဖြစ်နေပြီဖြစ်ရာ ထိုအစိတ်အပိုင်းကို အလွယ်တကူ ယူနိုင်ပေလိမ့်မည်။

သို့သော် ဟဲ့ရန်ပြောလိုက်သော စကားက ကျန်းရီကို စိတ်ဓာတ်ကျသွားစေ၏။

“သခင်လေးဟယ်ကျန်းကလည်း ဖုန်းရှားဆန်းကြယ်နယ်မြေထဲဝင်ပြီး ရတနာရှာမလို့ မဟုတ်လား။ တောက်မျိုးနွယ်၊ ယန်မျိုးနွယ်၊ ခွမ်မျိုးနွယ်၊ ကုန်းယန်မျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေကလည်း ရတနာရှာဖို့ လူစေလွှတ်လိုက်မယ်လို့ သတင်းပို့ထားပြီးပါပြီ။ ဒီတစ်ခေါက် ကျွန်တော်တို့ လေဘုံကတော့ စည်ကားနေတော့မှာပဲ”

“တောက်မျိုးနွယ်လား”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ အဘယ်ကြောင့် သူ့ကံက ထိုမျှကောင်းရသနည်း။ သူ လေဘုံကို ရောက်ရုံရှိသေးသည် တောက်မျိုးနွယ်မှ သခင်လေး၊ သခင်မလေးများကလည်း မကြာခင်တွင် ရောက်လာကြတော့မည်လော။

***

All Chapters