တောက်မျိုးနွယ်၏ ပန်းသုံးပွင့်
Vol. 132 Ch. 1838
သခင်လေးအတုဖြစ်သော ကျန်းရီသည် ဖုန်းရှားဆန်းကြယ်နယ်မြေအကြောင်း မဆိုထားနှင့် လေဘုံအကြောင်းပင် တစ်ခုမှ မသိပေ။ သို့သော် ထိုအခိုက်တွင် သူ ဘာပြောနိုင်ပါဦးမည်နည်း။ သူက အလည်အပတ် ရောက်လာခြင်းဟု ပြောရမည်လော။ အားလုံးသည် ဤဘုံသို့ ရတနာရှာရန် လာကြမည်ဖြစ်သည်။ သူက ရတနာရှာရန် ရောက်လာခြင်း မဟုတ်လျှင် အများနှင့်မတူ တမူထူးခြားနေပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီ ခပ်ရေးရေးပြုံး၍သာ ပြောလိုက်ရလေသည်။
“ကျွန်တော်လည်း ဒီမှာ ပျော်ပွဲဝင်နွှဲရအောင် ရောက်လာတာပါ။ ကျွန်တော် သခင်လေးဟဲ့ကိုများ အနှောင့်အယှက် ဖြစ်မိစေသေးလားမသိဘူး”
“ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်မှာလဲ”
ဟဲ့ရန်က လက်ခါကာ ပြောသည်။
“သခင်လေးဟယ် ကျွန်တော်တို့ လေဘုံကို ရောက်လာတာ ကျွန်တော်တို့က ဂုဏ်ယူရမှာပါ။ ဖုန်းရှားဆန်းကြယ်နယ်မြေ ဖွင့်ဖို့က နှစ်ရက်လိုပါသေးတယ်။ အဲ့နှစ်ရက်အတွင်း ကျွန်တော့်ကို အကောင်းဆုံးဧည့်ခံခွင့် ပြုပါ”
“အဲ့လိုဆိုလည်း ကျွန်တော် သခင်လေးဟဲ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
ကျန်းရီ အာလာပသလ္လာပပြောကာ ဟဲ့ရန်နောက်မှလိုက်၍ ရဲတိုက်ထဲ ဝင်သွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူ ဖုန့်နီထံ လျှို့ဝှက်အသံပို့လွှတ်ကာ အခြေအနေကို စုံစမ်းရန် ခိုင်းလိုက်သည်။ ထိုဖုန်းရှားဆန်းကြယ်နယ်မြေမှာလည်း လေဘုံ၏ အနောက်ဘက်တွင် ရှိနေ၍ သူ ခေါင်းကိုက်နေရသည်။ မီးနဂါးဓား၏ အစိတ်အပိုင်းက ထိုဖုန်းရှားဆန်းကြယ်နယ်မြေထဲတွင်လော။
ဖုန့်နီသည် လေဘုံသို့ ရောက်ခဲ့ဖူး၏။ သို့သော် သူမက သိုသိုသိပ်သိပ်နေခဲ့ရရာ လေဘုံထဲမှ အရေးကြီးပုဂ္ဂိုလ်များက သူမကို သတိမပြုမိခဲ့ပေ။ သူမသည် ဖုန်းရှားဆန်းကြယ်နယ်မြေအကြောင်းကို အတန်ငယ် နားလည်ထား၏။ သို့ရာတွင် သူမ ရောက်ခဲ့စဉ်က ဖုန်းရှားဆန်းကြယ်နယ်မြေကို မဖွင့်ခဲ့၍ ထိုအထဲ ဝင်ခွင့်မရခဲ့ပေ။
ထိုဆန်းကြယ်နယ်မြေက ဧကရာဇ်တစ်ပါး၏ သင်္ချိုင်းမြေဟု ဆိုကြ၏။ ထိုဧကရာဇ်မှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ် လက်အောက်မှ စစ်သူကြီးတစ်ယောက်ပင်။ သို့သော် သူသည်လည်း တမလွန်ဘုံဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။
ထိုဧကရာဇ်က လေဘုံမှဖြစ်၍ သူ သေသောအခါ သူ့အလောင်းကို လေဘုံမှာပင် မြှုပ်နှံခဲ့သည်။ သူ မသေခင်တွင် သူ၏ဝိညာဉ်အစအနက လွတ်မြောက်လာပြီး ဖုန်းရှားဆန်းကြယ်နယ်မြေထဲ၌ အစီအရင်များစွာ ဆင်ခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ လေဘုံမှ လူငယ်မျိုးဆက်သစ်များက ရတနာများရှာရင် အတွေးအကြုံ ရစေရန်ဖြစ်သည်။ ယင်းက လေဘုံ၏ မျိုးဆက်သစ်များကို အကျိုးရှိစေမည်ဖြစ်သည်။
အစတွင် လေဘုံမှ မျိုးဆက်သစ်များသည် ဖုန်းရှားဆန်းကြယ်နယ်မြေထဲတွင် ရတနာများ ရရှိခဲ့ပြီး စွမ်းအားကြီးသော အနှစ်သာရများကို သိမြင်နားလည်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင်မူ ရတနာရှာပွဲက ပြောင်းလဲလာသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများလည်း ရတနာရှာပွဲတွင် ပါဝင်လာရာ လေဘုံမှ မျိုးဆက်သစ်များက ရတနာများ မရနိုင်တော့၍ပင်။
ထို့ကြောင့် လေဘုံမှ သခင်လေးများစွာသည် မကျေမနပ် ဖြစ်ခဲ့ကြသည်။ သူတို့ ဒေါသလည်း ဖြစ်ခဲ့ကြသည်။ သို့သော် သူတို့ ဘာလုပ်နိုင်ပါမည်နည်း။ လေဘုံသည် ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများကို အပြစ်မပြုနိုင်ပေ။ တောက်မျိုးနွယ်နောက်တွင် မိုးပြာမဟာဧကရာဇ်ရှိသည်။ ခွမ်မျိုးနွယ်နောက်တွင် ရူးသွပ်မဟာဧကရာဇ်ရှိသည်။ ယန်မျိုးနွယ်နောက်တွင် ယန်မဟာဧကရာဇ်ရှိသည်။ ဟယ်မျိုးနွယ်နောက်တွင် ချီလင်းဧကရီရှိသည်။ ကုန်းယန်မျိုးနွယ်ကလည်း တောက်မျိုးနွယ်နှင့် အလွန်ရင်းနှီးသည်။ ထို့ပြင် အင်အားကြီးမျိုးနွယ်တစ်ခုမှ သခင်လေး၊ သခင်မလေးတစ်ယောက်ကို အပြစ်ပြုမိခြင်းက မျိုးနွယ်တစ်ခုလုံးကို အပြစ်ပြုမိသကဲ့သို့ဖြစ်သည်။ ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများ ဒေါသထွက်သွားလျှင် သူတို့၏အမျက်ကို လေဘုံက မည်သူမှ တောင်ခံနိုင်လိမ့်မည် မဟုတ်ပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖုန်းရှားဆန်းကြယ်နယ်မြေထဲမှ ရတနာအားလုံးနီးပါးကို ရှာတွေ့သွားသည်။ လေဘုံမှ သခင်လေးများသည်လည်း ဒေါသထွက်မနေကြတော့ပေ။ ထိုအစား ကောင်းကင်ဘုံမှ သခင်လေး၊ သခင်မလေးများနှင့် မိတ်ဆွေဖွဲ့ကာ သူတို့မျိုးနွယ်များအတွက် အကျိုးအမြတ်များရှာလာကြသည်။ ထိုသခင်လေးဟဲ့ရန်၏ မိသားစုနှင့် မျိုးနွယ်ဝင်များစွာသည် ကောင်းကင်ဘုံရှိ စစ်တပ်ကြီးများထဲတွင် ရာထူးမြင့်မြင့်နေရာများကို ရထားကြသည်။ ထို့ကြောင့်လည်း သူတို့က လေဘုံတွင် နံပါတ်တစ်မျိုးနွယ် ဖြစ်နေခြင်းပင်။
ထို့ကြောင့် ဟဲ့ရန်သည် ဟယ်ကျန်းဖြစ်သော ကျန်းရီကို အလွန်ဖော်ရွေနေပြီး အကောင်းဆုံး ရဲတိုက်ထဲတွင် တည်းခိုခိုင်းနေပေသည်။ ရဲတိုက်ထဲတွင် အစေခံမလေးများ ဒါဇင်နှင့်ချီ၍ ရှိနေသည်။ သူမတို့အားလုံးက အလှပဂေးလေးများဖြစ်ကြသည်။ ရဲတိုက်အလယ်ခန်းမကြီးထဲတွင်လည်း သေရည်အမျိုးမျိုး၊ အသီးအမျိုးမျိုး အလျှံပယ်ရှိနေသည်။ ကျန်းရီသည် သခင်လေးဟဲ့ရန်၏ ဧည့်ခံမှုကို ခံရင်း အမြင်ကျယ်လာရပေသည်။
ဟဲ့ရန်နှင့် အတော်ကြာ စကားပြောပြီးနောက် ကျန်းရီ အတန်ငယ် ခေါင်းကိုက်လာ၏။ သူက ဟယ်မျိုးနွယ်အကြောင်းကို များစွာမသိရာ အပေါ်ယံလောက်သာ ပြောလိုက်ရသောအကြိမ်မှာ များ၍လာပေသည်။ တစ်နာရီကြာပြီးနောက် အပြင်ဘက်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုက လင်းလက်လာပြန်၏။ အစီအရင်ထဲမှနေ၍ မိန်းမလှလေးများ ထွက်လာ၏။ ဟဲ့ရန်သည် ကျန်းရီကို ခွင့်ပြုရန်ပြော၍ ကောင်းကင်ဘုံမှ ရောက်လာသော ထိုမိန်းမလှလေးများကို ထွက်ကြိုလိုက်သည်။ ထိုအခါမှ ကျန်းရီ သက်ပြင်းလေးကြီးတစ်ချက် ချလိုက်ရလေသည်။
‘ဒီအတိုင်း ဆက်သွားရင် ငါဟန်ဆောင်နေတာ ပေါ်သွားတော့မှာပဲ’
ကျန်းရီ ခေါင်းကိုက်နေသည်။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ရောက်လာသော မိန်းမလှလေးများထဲမှ တစ်ယောက်ကို သူ မှတ်မိ၏။ သို့သော် ကျန်သုံးယောက်ကိုမူ သူ မသိပေ။
ကျန်းရီသည် သခင်မလေးကုန်းယန်ကို မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် တွေ့ခဲ့ဖူး၍ မှတ်မိခြင်းဖြစ်သည်။ ဟဲ့ရန်က ထိုသခင်မလေးများနှင့် အာလာပသလ္လာပများပြောကာ ကြိုဆိုနေသဖြင့် ကျန်းရီ ကျန်သော မိန်းမလှလေးသုံးယောက်ကို စူးစမ်းရန် အချိန်ရနေသည်။ ထိုမိန်းမလှလေးသုံးယောက်က ရုပ်ချင်းဆင်ကြပေသည်။
တောက်မင်၊ တောက်လင်း၊ တောက်လုံ
တောက်မျိုးနွယ်၏ ပန်းသုံးပွင့်။ သူမတို့က တောက်မျိုးနွယ်၏ အကျော်ကြားဆုံး သခင်မလေးသုံးယောက်ပင်။ ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ထိုသခင်မလေးလေးယောက်ကို အပြင်ထွက်၍ မကြိုဆိုရန် ဆုံးဖြတ်လိုက်သည်။ ဟယ်ကျန်း၏ ကိုယ်ရေးအချက်အလက်များအရ သူက အတန်ငယ် ပျင်းစရာကောင်းသောစရိုက် ရှိပြီး သူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို မကြိုက်ကြောင်း သိရသည်။ အကယ်၍ ကျန်းရီက သခင်လေးများ၊ သခင်မလေးများနှင့် စိတ်ပါလက်ပါ မိတ်ဆွေဖွဲ့နေလျှင် သံသယအဝင်ခံရပေလိမ့်မည်။
“ဖုန့်နီ... ငါတို့ ဘာလုပ်သင့်လဲ။ စောစောထွက်သွားရမလား၊ ဒါမှမဟုတ် ဆက်စောင့်နေရမလား”
ကျန်းရီက ဖုန့်နီအား အခြေအနေကို ရှင်းပြလိုက်၏။ ဖုန့်နီ တစ်ခဏမျှ တွေးတောကာ ခေါင်းခါ၍ အသံပို့လွှတ်လိုက်သည်။
“စောင့်ကြတာပေါ့။ အခုချက်ချင်းကြီး ထွက်သွားဖို့က မသင့်တော်ဘူး။ တခြားသူတွေက ကျွန်မတို့ကို သံသယဝင်လိမ့်မယ်။ ပြီးတော့ မီးနဂါးဓားရဲ့ အစိတ်အပိုင်းက ဖုန်းရှာဆန်းကြယ်နယ်မြေထဲမှာလား ဒါမှမဟုတ် တခြားနေရာမှာလားဆိုတာ ကျွန်မတို့ သေချာမသိရသေးဘူးလေ။ အကုန်လုံး သွားတဲ့အထိ စောင့်ပြီးမှ ကျွန်မတို့ လေဘုံအနောက်ဘက်ကို လိုက်သွားကြတာပေါ့။ အစိတ်အပိုင်းက ဆန်းကြယ်နယ်မြေထဲမှာ မဟုတ်ဘူးဆိုရင် ကျွန်မတို့ ရတနာရှာဖို့ အထဲ မဝင်တော့ဘူးပေါ့”
“အင်း...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ဘေးခန်းတစ်ခန်းထဲဝင်၍ အခန်းအောင်းကျင့်ကြံရင်း စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ သူ ဖုန့်နီကို အပြင်တွင် ချန်ထားခဲ့၏။ ထိုမှ ဟဲ့ရန် မကြာခင်တွင် ကျင်းပမည့် စားသောက်ပွဲထံ ဖိတ်ကြားမှုကို သူမက သူ့ကိုယ်စား ငြင်းပေးနိုင်မည်ဖြစ်သည်။ သူမအနေဖြင့် အခြား သခင်လေးများနှင့် သခင်မလေးများကို တွေ့ရန် မလိုအပ်ပေ။
မျှော်လင့်ထားသလိုပင်...
တဖြည်းဖြည်းနှင့် သခင်လေးများနှင့် သခင်မလေးများ တစ်ယောက်ပြီးတစ်ယောက် တည်နေရာပြောင်းရွှေ့လာကြ၏။ နေ့ဝက်ကြာပြီးနောက် သူတို့အားလုံးနီးပါး ရောက်လာကြသည်။ ထိုအခါ ဟဲ့ရန်သည် ဟဲ့မျိုးနွယ်ကို ကိုယ်စားပြု၍ သခင်လေးများနှင့် သခင်မလေးများအတွက် စားသောက်ပွဲတစ်ပွဲ ကျင်းပပေး၏။ ဟဲ့ရန်သည် ကျန်းရီကိုလည်း ကိုယ်တိုင်လာဖိတ်သည်။ သို့သော် ဖုန့်နီသည် ကျန်းရီက အခန်းအောင်းကျင့်ကြံနေ၍ စားသောက်ပွဲကို မတက်ရောက်နိုင်ကြောင်း ငြင်းလိုက်ပေသည်။
ဟယ်ကျန်းမှာ အတန်ငယ် ပျင်းစရာကောင်းသည်။ ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများအားလုံးက သူ့အကြောင်းကို ကြားဖူးကြသည်။ ယခင်တွင် ဟယ်မျိုးနွယ်ကို ကိုယ်စားပြုသူက ဟယ်ကျန်း မဟုတ်ဘဲ ဟယ်နုန်ယင်းဖြစ်သည်။ ဟယ်ကျန်းမှာ ဟယ်မျိုးနွယ်ခွဲတစ်ခုမှ သခင်လေးတစ်ယောက်သာဖြစ်၍ သူ့ကို မည်သူမှ အရေးမစိုက်ကြပေ။
ဖုန်းရှားဆန်းကြယ်နယ်မြေ ဖွင့်ရန် အချိန်အနည်းငယ် လိုသေးသည်။ ထို့ကြောင့် ၎င်း သခင်လေးများနှင့် သခင်မလေးများသည် အလျင်လိုမနေကြပါ။ သူတို့သည် မကြာမကြာ စုဝေး၍ တစ်ယောက်နှင့်တစ်ယောက် ပရောပရည်လုပ်လေ့ရှိကြသည်။ အကယ်၍ အပြန်အလှန် စိတ်ဝင်စားသူများ ရှိလျှင် သူတို့ အတူပင်အိပ်တတ်ကြပေသည်။
တောက်မျိုးနွယ်၏ ပန်းသုံးပွင့်သည် အညှာလွယ်သူများအဖြစ် ကောင်းကင်ဘုံတွင် ကျော်ကြားသည်။ သူမတို့သည် ကောင်းကင်ဘုံမှ သခင်လေးများစွာနှင့် ပတ်သတ်မှုများ ရှိဖူးကြသည်။ သခင်မလေးကုန်းယန်မှာလည်း မိန်းမကောင်းလေးတစ်ယောက် မဟုတ်ပါ။ တောက်မျိုးနွယ်မှ သခင်မလေးတစ်ယောက်သည် ကျန်းရီထံသို့ ဖိတ်စာပင် ပို့လိုက်သေးသည်။
သို့သော် ကျန်းရီက ဆက်၍ အခန်းအောင်းကျင့်ကြံနေပြီး အပြင်မထွက်လိုက်ပါ။ တစ်ရက်ကြာပြီးနောက် ဟဲ့ရန်က သူတို့ ထွက်ခွာကြတော့မည်ဖြစ်ကြောင်း လာအကြောင်းကြားမှ ဖုန့်နီသည် ကျန်းရီကို အပြင်ခေါ်လိုက်လေသည်။
ကျန်းရီသည် ဖုန့်နီကို ခေါ်၍ ခန်းမကျယ်ကြီးတစ်ခန်းထဲ ဝင်လိုက်၏။ ဖုန့်နီ ခန်းမထဲ ရောက်သောအခါ သခင်လေးအချို့၏ မျက်ဝန်းများက အရောင်လက်သွားကြောင်းကို ကျန်းရီ မြင်လိုက်ရပေသည်။
ဖုန့်နီ၏ မျက်နှာကို ပဝါနှင့် ကာထားသော်လည်း သူမ၏ကိုယ်လုံးကိုယ်ပေါက်နှင့် အငွေ့အသက်မှာ ထိပ်တန်း မဟုတ်ပါလား။ သူမသည် တောက်မျိုးနွယ်၏ ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့ထက် မနိမ့်ပေ။ ယောက်ျားအားလုံးသည် အသစ်အဆန်းကို ကြိုက်တတ်ကြသည်။ ထို့ကြောင့် သခင်လေးများသည် ဖုန့်နီကို တွေ့သောအခါ သိုးတစ်ကောင်ကို မြင်လိုက်ရသော ဝံပုလွေများကဲ့သို့ ဖြစ်သွားကြပေသည်။
သခင်မလေးများမှာမူ ကျန်းရီကို မြင်သောအခါ မျက်လုံးများ လင်းလက်လာကြသည်။ ဟယ်ကျန်း၏ ရုပ်ရည်မှာ မဆိုးပါ။ သူက ခံ့ညားသော ယောက်ျားတစ်ယောက်ဟု ဆိုနိုင်သည်။ ယင်းကို ကျန်းရီ၏ အငွေ့အသက်နှင့် ပေါင်းစပ်လိုက်သောအခါ သူက အလွန်ထင်ရှားနေလေတော့သည်။ သူ့ပုံစံက သခင်မလေးများ၏ နှလုံးသားကို လှုပ်ရှားစေပေသည်။
ကျန်းရီသည် ကိစ္စများစွာကို တွေ့ကြုံခဲ့ပြီး လူများစွာကို သတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့အငွေ့အသက်က ဖန်လုံအိမ်ထဲတွင် ကြီးပြင်းခဲ့ရသော သခင်လေးများ၏ အငွေ့အသက်နှင့် ကွဲပြားနေသည်။ သူသည် ကြက်နက်အုပ်ထဲတွင် ပုန်းနေသော ဖီးနစ်တစ်ကောင်အလားပင်။ သူ့အမွေးများ မရှိလျှင်ပင် သူက ထင်ရှားနေသေးဆဲဖြစ်သည်။
“အားလုံးကို နှုတ်ခွန်းဆက်ပါတယ်”
ဟယ်ကျန်း၏ အကျင့်စရိုက်က အတော်လေး အေးစက်စက်နိုင်သည်။ ထို့ကြောင့် ကျန်းရီသည် သခင်လေးများနှင့် သခင်မလေးများကို တစ်ယောက်ချင်းလိုက်၍ နှုတ်ဆက်မနေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကျန်းရီသည် ကျင့်ကြံနေခဲ့စဉ်က ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ထားခဲ့၏။ ထို့ကြောင့် ထိပ်တန်း သခင်လေး၊ သခင်မလေး အချို့ကို သိထားပေသည်။
အဆင့်အတန်း အမြင့်ဆုံးဖြစ်သော သခင်လေးနှစ်ယောက်က စားပွဲထိပ်ဆုံးတွင် ထိုင်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က အနီရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူသည် အရပ်မြင့်ကာ ကျားတစ်ကောင်အလား တုတ်ခိုင်သည်။ သူမှာ ယန်မဟာဧကရာဇ်၏ မျိုးနွယ်မှ ကျော်ကြားသောသခင်လေး ယန်ဖူဖြစ်သည်။
ယန်ဖူသည် ယန်မျိုးနွယ်၏ ပထမသခင်လေး မဟုတ်ပါ။ ပထမသခင်လေးသည် လေဘုံသို့ လာ၍ ရတနာမရှာနိုင်ဘဲ အာကာသထဲထွက်၍ တမလွန်ဘုံစစ်တပ်နှင့် တိုက်ခိုက်နေရပေသည်။
အခြားသခင်လေးမှာမူ ရူးသွပ်မဟာဧကရာဇ်၏ မျိုးနွယ်မှ ဖြစ်သည်။ သူသည်လည်း ပထမသခင်လေး မဟုတ်ပါ။ သူ့အမည်မှာမူ ခွမ်ကျန့်ဖြစ်သည်။ သူ့အမည်နှင့် သူ့ရုပ်သွင်က လိုက်ဖက်လှ၏။ သူ့ပုံစံမှာ ဖရိုဖရဲ ဖြစ်နေပေသည်။ ထိုအခိုက်တွင် သူသည် ဖုန့်နီကို တစ်ကိုယ်လုံး မျိုပစ်တော့မည့်အလား စိုက်ကြည့်နေ၏။ သူသည် သူ့ရင်ထဲမှ ဆန္ဒကို ဖုံးကွယ်ရန်ပင် ကြိုးစားမနေပေ။
ထိုသခင်လေးနှစ်ယောက်ပြီးလျှင် အဆင့်အတန်းအမြင့်ဆုံးသူများမှာ တောက်မျိုးနွယ်၏ ပန်းသုံးပွင့်ဖြစ်သည်။ ကျန်းရီသည် ထိုသုံးယောက်ကို စူးစမ်းထားပြီးဖြစ်သော်လည်း ယခု မျက်နှာချင်း ဆိုင်တွေ့သောအခါ ကျန်းရီ အလွန်အံ့အားသင့်သွားသည်။ တောက်မျိုးနွယ်၏ ပန်းသုံးပွင့်က အလွန့်အလွန် ဆင်တူကြပေသည်။ သူမတို့က သုံးမွှာပူးကဲ့သို့ပင်။ ယခု သူမတို့သုံးယောက်က အတူတူ ရပ်နေရာ သုံးဆပို၍ မျက်စိပသာဒရနေပေသည်။
“မင်္ဂလာပါ သခင်လေးကျန်း...”
ပန်းသုံးပွင့်ထဲမှ တစ်ပွင့်က ပြောလိုက်၏။ သူမ၏ မြေခွေးကဲ့သို့ မျက်ဝန်းများက ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ ထို့နောက် သူမ စိတ်ကောက်သံလေးနှင့် ပြောလိုက်လေသည်။
“သခင်လေးကျန်း.. ကျွန်မတို့ ချီလင်းမြို့မှာ ခွဲခွာပြီးတဲ့နောက် ကျွန်မကို သတိရသေးရဲ့လား။ ကျွန်မ သခင်လေးကို စားသောက်ပွဲဆီ ဖိတ်တာကိုလည်း သခင်လေးက ငြင်းခဲ့တယ်။ သခင်လေးက ဘာလို့ အဲ့လောက် နှလုံးသားမဲ့ရတာလဲ”
“အာ...”
ကျန်းရီ ရင်ခုန်မြန်သွား၏။ တောက်မျိုးနွယ်၏ ပန်းသုံးပွင့်က ဟယ်ကျန်းနှင့် ပတ်သတ်မှုတစ်ခု ရှိနေသည်လော။ သူ သူ့ကိုယ်သူ မဖော်မိရန် သတိထားရပေမည်။
***