← Chapters

ဟင်းလင်းပြင် တာအို

Vol. 17 Ch. 233

ဟင်းလင်းပြင် တာအို

Vol. 17 Ch. 233

ရွှယ်ရီဖေး၏ မျက်လုံးများက တောက်ပသွား၏။ အကယ်၍ တစ်နေ့တွင် အထွတ်အမြတ် အလင်းနန်းတော်ကိုပင် ဂရုစိုက်စရာ မလိုတော့သည့် စွမ်းအားမျိုးအား ပိုင်ဆိုင်လာပါက သူမ လောကကြီးကိုပါ အုပ်စိုး လာနိုင်မည်လော။ ထိုအတွေးက သူမ ရင်ကို တဒိတ်ဒိတ် ခုန်သွားစေ၏။

သူတို့ နှစ်ယောက်သည် စကားစမြည် ဆက်လက် ပြောဆိုနေကြချိန်မှာပင် ဝေ့ဝူယင်၏ ဆက်သွယ်ရေး သလင်းကျောက်မှာ လင်းလက်လာ၏။ ထိုအရာကား အနန္တဧကရာဇ်ဂိုဏ်းမှပင် ဖြစ်သည်။ သွေးပန်းပဲဖို ကြယ်တာရာ မျှော်စင်သည် အနန္တဧကရာဇ်ဂြိုဟ်သို့ ပြန်လည် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပြီး ၎င်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုအကြောင်းကို ဂိုဏ်းထံသို့ အစီရင်ခံ တင်ပြခဲ့ပြီး ဂိုဏ်းမှ သူ့ထံသို့ အကြောင်းပြန်စာ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထိုစာထဲတွင် ရေးထားသည့် အတိုင်းဆိုလျှင် အနန္တဧကရာဇ်ဂိုဏ်း အနေဖြင့် ဟင်းလင်းပြင် ဂိတ်တံခါးကို ပြန်လည် တည်ဆောက်ရန် ဆယ်စုနှစ် အနည်းငယ်စာ အချိန်ယူရလိမ့်မည် ဖြစ်သည်။ ဂိတ်တံခါး တစ်ခုကို တည်ဆောက်ရန် အတွက် အမှောင် ဟင်းလင်းပြင် အတွင်း ဖြတ်သန်းရန် လိုအပ်ပြီး ထိုအရာက အလွန် ခက်ခဲလွန်းသည်။

ယနေ့ခေတ်ရှိ ဂိတ်တံခါး အများစုမှာ  နယ်မြေသခင်၊ အချိန်သခင်နှင့် ကြယ်တာရာသခင် အဆင့်များ၏ ခေတ်တွင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူကြီးများသည် အာကာသ အတွင်း၌ လွတ်လပ်စွာ ကူးလူးသွားလာနိုင်ကြသလို အမှောင်၏ အကန့်အသတ်များ အကြားတွင်လည်း မည်သည့် ပြဿနာမျှ မရှိပဲ ရှင်သန် နေထိုင် နိုင်ကြသည်။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ကြည့်ရသည်က ဤနေရာတွင်သာ ဆက်လက် သောင်တင်နေဦးမည့်ပုံ ရသည်။ နောက်ကိုးနှစ်အကြာတွင် သူ ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ရမည် ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် ဆိုပါက သူ ယုံကြည်ချက် အပြည့်အဝ ရှိသည့်တိုင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးက အန္တရာယ်များ ဝန်းရံနေသည့် နေရာတစ်ခု ဖြစ်သည်။

“ဟမ့်...”

ထိုအချိန်တွင်ပင် ခရာတိုထံမှ အထင်အမြင်သေးသည့် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးက သူ့အတွက် ရိုးနေသည့်တိုင် ရွှယ်ရီဖေး၏ အရှေ့တွင်တော့ အနည်းငယ် ရှက်သွားမိသည်။

“ဘာလဲကွ...”

ဝေ့ဝူယင်က ဝိညာဥ်အာရုံနှင့် ဆက်သွယ်ကာ မေးလိုက်၏။

“ကျုပ်က ဟင်းလင်းပြင် တာအို... ကျုပ် မတည်ရှိနိုင်တဲ့ နေရာလို့ မရှိဘူး... ကျုပ် မသွားနိုင်တဲ့ နေရာ မရှိဘူး... ဘယ်အရာကမှ ကျုပ်ကို ချုပ်နှောင်မထားနိုင်ဘူး”

ခရာတိုက မောက်မာစွာ ကြေညာလိုက်သည်။ ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဥ် အနေဖြင့် ၎င်းသည် နဂါးတစ်ကောင်၏ အမြင့်မားဆုံးသော မာနတရားကို ပိုင်ဆိုင်ထားကာ သူရှူသည့် လေပင်လျှင် အခြားလူများနှင့် ကွဲပြားသလို ဘဝင်လေဟပ်နေသူ ဖြစ်သည်။ သို့သော်လည်း ခရာတိုမှာ စကားကို ကြွားဝါ ပြောဆိုတတ်သူတော့ မဟုတ်ပါချေ။ သူက သူမသွားနိုင်တဲ့ နေရာ မရှိဟု ဆိုလေရာ ထိုစကားထဲတွင် အဓိပ္ပာယ် တစ်ခုခုတော့ ပါရှိနေရပေမည်။

“မင်းအဲဒီလို စကားလုံး အကြီးကြီးတွေ ပြောနေတာက ပြဿနာကို ဖြေရှင်းဖို့ ဘာမှ မကူညီနိုင်ဘူး... ရိုးရိုးပဲ ငါနားလည်အောင် ပြောစမ်းပါ”

ဝေ့ဝူယင်က ဆိုလိုက်၏။ ကြယ်တာရာ ဝိညာဥ် လေးခုထဲ၌ ဘုရင်နှင့် ခရာတိုတို့မှာ မာန အကြီးဆုံး ဖြစ်ကြပြီး အိုရီမှာမူ ပွင့်ပွင်းလင်းလင်းနှင့် ‌ပျော်ရွှင်တတ်သည့် စရိုက်ကို ပိုင်ဆိုင်ထားသည်။ ဧဒင်မှာမူ လျှို့ဝှက် ဆန်းကြယ်ကာ စဥ်းစားချင့်ချိန်တတ်သည့် ပုံစံမျိုး ဖြစ်သည်။

“ခင်ဗျား နေရာကူးပြောင်းတဲ့ အစီအရင် တစ်ခု လိုချင်ရင် ကိုယ့်ဘာသာကို တစ်ခု လုပ်လိုက်ပေါ့”

ခရာတိုက ခပ်ပြတ်ပြတ် ပြောလိုက်၏။ ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်ရင်း စကားလုံး အချို့ကို တီးတိုး ရေရွတ်လိုက်သည်။

“ဟင်းလင်းပြင် ဂိတ်တံခါး...”

“ဟင်းလင်းပြင် တာအို...”

“ဟင်းလင်းပြင်နဂါး ကြယ်တာ ရာ ဝိညာဥ်...”

အဓိပ္ပာယ်ကို ဆက်စပ်မိသည်နှင့် တစ်ပြိုင်နက် သူ၏ ငွေရောင် မျက်လုံးများမှာ တဝင်းဝင်း တလက်လက် တောက်ပသွားခဲ့တော့သည်။

ဟင်းလင်းပြင် တာအိုဆိုသည်မှာ အဘယ်နည်း။ ခရာတို၏ အဆိုအရဆိုလျှင် ဟင်းလင်းပြင် တာအိုသည် အာကာသ၊ အချိန်၊ ကြယ်တာရာ အင်အား၊ ဟင်းလင်းပြင် စွမ်းအင်တို့နှင့် ချိတ်ဆက်နေသည်ဟု ဆိုသည်။ ၎င်းမှာ အလွန် လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအား တစ်မျိုး ဖြစ်ပြီး အဆုံးအစမဲ့သည့် အမှောင် လေဟာနယ်ကြီးနှင့် ကြီးမားစွာ ချိတ်ဆက်နေသည်။

ဝေ့ဝူယင်သည် ဝူယုထံ ဟင်းလင်းပြင် တာအိုနှင့် ပတ်သက်သည့် မေးခွန်းများ မေးခဲ့ဖူးသည်။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့်ကိုပင် ကျော်လွန်ခဲ့ပါသည် ဆိုသော ထိုလူအိုကြီးမှာ တာအိုနှင့် ဟင်းလင်းပြင်တို့၏ အဓိပ္ပာယ်ကို လုံးစေ့ပတ်စေ့ ရှင်းမပြနိုင်ခဲ့ချေ။ တိုက်ကြီးများ၊ ဂြိုဟ်များ၊ ကြယ်တာရာများနှင့် အမျိုးမျိုးသော အန္တရာယ် အေးစက်မှုများ ပြည့်နှက်နေသည့် အမှောင် ဟင်းလင်းပြင် အကြောင်းသာ သူ ရှင်းပြနိုင်ခဲ့သည်.

“ငါ ဘယ်လိုလုပ်ရမှာလဲ...”

ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားပြီးနောက် ခရာတိုကို ‌မေးလိုက်၏။

" ... “

ခရာတိုမှာ ငြိမ်သက်နေ၏။ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မပြုချေ။ သူ့အား ကြည့်ရင်း ဝေ့ဝူယင်မှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။

“ဘာဖြစ်လို့လဲ... ရှင်အဆင်ပြေရဲ့လား”

ရွှယ်ရီဖေးက ဝေ့ဝူယင်၏ လက်ကို ဆုပ်ကိုင်ရင်း မေးလိုက်၏။ လွန်ခဲ့သည့် မိနစ်ပိုင်း အတွင်း၌ ဝေ့ဝူယင်၏ အမူအရာက အမျိုးမျိုး ပြောင်းလဲနေကြောင်း သူမ ဘေးနားမှ သတိထားမိနေခဲ့သည်။ သူ မည်သည့် အကြောင်း တွေးတောနေကြောင်း မသိသည့်တိုင် ထိုအရာက ဆက်သွယ်ရေး သလင်းကျောက်ထံမှ သတင်းနှင့် တစ်စုံတစ်ရာ ပတ်သက်နေကြောင်းတော့ သူမ သိပါသည်။

ဝေ့ဝူယင်က ခေါင်းခါရင်း ဖြူရော်စွာ ပြုံးလိုက်၏။

“အမှန်အတိုင်း ပြောရရင်တော့ သိပ်မပြေဘူး... ဂိုဏ်းက ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု တည်ဆောက်ဖို့ ဆယ်စုနှစ်နဲ့ချီ အချိန်ယူရလိမ့်မယ် တဲ့... ကြည့်ရတာ ငါတို့တွေ ဒီမှာပဲ ပိတ်မိနေတော့မယ် ထင်တယ်”

“အခြား နည်းလမ်း မရှိတော့ဘူးလား...”

ရွှယ်ရီဖေးက မျက်လုံးပင့်ကာ ကြည့်ရင်း‌ မေးလိုက်၏။ ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုကို တည်ဆောက်ရန် မည်မျှ ခက်ခဲကြောင်း သူ သိရှိထားသည်။ ရှေးဟောင်း ဂိတ်တံခါးကို အသုံးပြုရန် သူ စဥ်းစားလိုက်မိသေးသော်လည်း ထိုအရာက သူ သွားချင်သည့် နေရာကို ပို့ပေးပါမည်လား မကျိန်းသေချေ။

ဝေ့ဝူယင် လက်ရှိ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်မိ၏။ သူ့တွင် ထောင်နှင့်ချီသော ကမ္မတန်ဖိုးများ ရှိနေသေးသည်။ ထိုအမှတ်များကို သုံး၍ အနန္တဧကရာဇ်ဂိုဏ်းသို့ ပြန်လို့ရလျှင် မည်မျှ ကောင်းမည်နည်း။ သူ လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချကာ ရွှယ်ရီဖေးကို ကြည့်လိုက်သည်။

“ရွေးချယ်စရာ နည်းလမ်း မရှိတဲ့ အဆုံး ငါ့မှာ စမ်းသပ်စရာ နည်းလမ်း တစ်ခုတော့ ရှိပါသေးတယ်... အဲဒါ အလုပ်ဖြစ်ရင်တော့ ဆယ်စုနှစ်နဲ့ချီ စောင့်စရာ မလိုပဲ ထွက်ခွာနိုင်လိမ့်မယ်... အဲဒါတွေ ထားလိုက်ပါဦးလေ... အခု မင်းအာရုံစိုက်ရမှာက ကျင့်ကြံခြင်းကို ဘယ်လို လျှောက်လှမ်းချင်လဲ ဆိုတာကို ဆုံးဖြတ်ဖို့ပဲ... ယင်နဂါးဝိညာဥ်နဲ့ ယန်နဂါးဝိညာဥ်က မင်းရဲ့ အသိစိတ် ပင်လယ်နဲ့ နှလုံးသားထဲမှာ ရှိနေကြတယ်... ကျင့်ကြံခြင်း အခြေခံကို နည်းနည်းလောက် ပြောင်းလဲလိုက်တာနဲ့ မင်းရဲ့ ကျင့်ကြံခြင်းက နဂါးဝိညာဥ် လမ်းကြောင်းပေါ် ရောက်ရှိသွားလိမ့်မယ်”

ဝေ့ဝူယင်သည် သူမ၏ ကျင့်ကြံခြင်းကို နောက်တစ်ဖန် ပြန်လည် စတင်နိုင်စေရန် လိုအပ်သမျှကို ထောက်ပံ့ပေးရန် ကတိပေးထားခဲ့ပြီး ဖြစ်သည်။ ကံကောင်းစွာပင် သူမသည် ချီပျစ်ခဲခြင်း အဆင့်တွင်သာ ရှိနေသေးပြီး ကျင့်ကြံခြင်း လမ်းကြောင်းကို ဆန္ဒရှိသလို ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း သူ တစ်စုံတစ်ရာ ဖိအားပေးမည် မဟုတ်ပဲ သူမ စိတ်ကြိုက်သာ ဆုံးဖြတ်ခွင့် ရှိပေသည်။

“ကျွန်မ အဲဒီလမ်းကြောင်းကို လျှောက်လှမ်းချင်ပါတယ်”

ရွှယ်ရီဖေးက အနည်းငယ် မတုန့်ဆိုင်းပဲ ဖြေလိုက်၏။ သူမသည် ထိုအရာကို အစောကတည်းကပင် ကြိုတင် စဥ်းစားကာ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

“ကောင်းပြီလေ...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်လေ၏။

...

ရွှယ်ရီဖေး၏ ကျင့်ကြံခြင်း အတွက် အစစ အရာရာ စီစဥ်ပေးပြီးနောက်၌ ဝေ့ဝူယင်သည် ရှောင်ပိုင်ကို ခေါ်ဆောင်ကာ ကောင်းကင်အလွှာပေါ်သို့ တက်လာခဲ့သည်။ ၎င်း၏ ကျယ်ပြန့်သော ကျောပြင်ထက်၌ ရပ်ရင်း ဝေ့ဝူယင်မှာ နဂါးတစ်ပိုင်း အသွင်သို့ ပြောင်းလဲသွားသည်။

နေရောင်အောက်တွင် တလက်လက် တောက်ပနေသည့် ဆဋ္ဌဂံ ပုံသဏ္ဍာန် ငွေရောင် အကြေးခွံများနှင့် အတူ ဝေ့ဝူယင်၏ နဂါးတစ်ပိုင်း အသွင်အပြင်က ပြောမပြတတ်လောက်အောင် လှပတင့်တယ် နေ၏။ ၎င်းတို့က သူ၏ လက်များ၊ ခြေဖဝါး၊ လည်ပင်း၊ ခန္ဓာကိုယ်၊ ပေါင်၊ ပခုံးနှင့် မေးစေ့များကို အချိုးကျကျ ဖုံးအုပ်ထားကာ  ပါးလွှာပြီး မမြင်နိုင်သော မျဉ်းကြောင်းများမှာ သူ့မျက်နှာ အရေပြားအောက်တွင် ဖြတ်ပြေးနေကြသည်။

ဘုန်း... ဘုန်း...

ထိုအခိုက်၌ ဝေ့ဝူယင် အသက်ရှူလိုက်တိုင်း ဟင်းလင်းပြင်မှာ လှုပ်ခါနေခဲ့၏။ သူ၏ ခြေဖဝါးအောက်ရှိ ရှောင်ပိုင်မှာ သွေးမျိုးဆက် စွမ်းအင်အချို့ကို နိုးထထားနိုင်သည့် ကြယ်အဆင့် သားရဲ တစ်ကောင် ဖြစ်သည့်တိုင် ထိတ်လန့်ကာ အနည်းငယ် တုန်ရီနေသည်။ သူသည် ဖြစ်နိုင်လျှင် ထိုနေရာမှ ချက်ချင်းပင် ထွက်ပြေးချင်နေသည့်ဟန် ရသည်။

ဝေ့ဝူယင်မှာ ရှောင်ပိုင်၏ အခြေအနေကို ရိပ်မိသွားရာ အနည်းငယ် ပြုံးလိုက်မိ၏။ သည်ပုံအတိုင်းဆိုပါက နဂါးကို ကြောက်သည့် မြင်းတို့၏ ဗီဇကား ဘယ်တော့မှ ပြောင်းလဲသွားမည့်ပုံ မရချေ။

“မင်း သွားလို့ရပြီ...”

ဝေ့ဝူယင်ထံမှ အမိန့်အား ရသည်နှင့် ရှောင်ပိုင်မှာ ကျေးဇူးတင် မတင်နိုင်တော့ပဲ ‌အောက်သို့ တဟုန်ထိုး ထိုးဆင်း ပျံသန်း သွားလေတော့သည်။ ကောင်းကင်အလွှာထက်၌ တစ်ယောက်တည်း ရပ်ရင်း ဝေ့ဝူယင် အနည်းငယ် ရယ်မောလိုက်မိ၏။

ဟူး... ဟူး...

လေဒြပ်စင် အင်အားသည် ရစ်သိုင်းကာ သူ၏ ခန္ဓာကိုယ်ကို သယ်ဆောင်ထားသည်။ သူသည် ကောင်းကင်အုပ်စိုးသူ တစ်ယောက် မဟုတ်သေးရာ မန်နာကို ထိန်းချုပ်၍ ပျံသန်းနိုင်ခြင်း မရှိသေးချေ။ ထို့ကဲ့သို့သော အခြေအနေတွင် လေဒြပ်စင် အင်အားမှာ သူ ပျံသန်းနိုင်အောင် ထောက်ပံ့ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

“ကဲ... စလိုက်ရအောင်...”

ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ဟင်းလင်းပြင် နဂါး စွမ်းအားကို ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။ မမြင်နိုင်သည့် အင်အားများသည် သူ့အသွေးအသားများထဲတွင် စီးဆင်းကာ နောက်ကျော၌ စုစည်းသွား၏။ ပေါက်ကွဲမှု တစ်ခုနှင့် အတူ အတောင်ပံ နှစ်ခုမှာ ရုတ်ချည်း ကျောပြင်ကို ထိုးခွဲ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ဒဏ္ဍာရီများထဲမှ နဂါးတောင်ပံများနှင့် ချွတ်စွပ်တူညီကာ တစ်ဖက်လျှင် မီတာ သုံးဆယ်မျှ အထိပင် ရှည်လျား နေခဲ့လေသည်။

နဂါး သွေးမျိုးဆက် စွမ်းအား... ဟင်းလင်းပြင် တောင်ပံ...

***

All Chapters