မိန်းမပျက်
Vol. 132 Ch. 1839
တောက်မျိုးနွယ်၏ ပန်းသုံးပွင့်က တစ်ထေရာတည်းနီးပါး ရုပ်တူကြ၏။ သူမတို့မှာ သုံးမွှာပူးကဲ့သို့ပင်။ ကျန်းရီသည် သူမတို့သုံးယောက်၏ အမည်များကို သိသော်လည်း မည်သူက မည်သည့်အမည်ရှိကြောင်းကိုမူ မသိပေ။ ယခု သူ့ကို စကားပြောနေသည့် မိန်းမပျိုလေး၏ အမည်နှင့် သူမက ဟယ်ကျန်းနှင့် ပတ်သတ်မှု ရှိမရှိကိုလည်း သူ မသိချေ။
ထို့ကြောင့် ကျန်းရီ ယေဘုယျသာ ပြောလိုက်ရသည်။
“ဘယ်သူက သခင်မလေးတောက်ကို သတိမရဘဲ နေမှာလဲ။ သခင်မလေးတောက်ရဲ့ စကားတွေကို ဟယ်ကျန်းကို ရင်နာစေပါပြီ”
သခင်မလေးတောက်က မျက်နှာပျက်သွားသဖြင့် ကျန်းရီ ရင်ထိတ်သွား၏။ သူ စကားပြော မှားသွားပြီဟုလည်း တွေးလိုက်မိသည်။ သို့သော် သခင်မလေးတောက်က ပို၍စိတ်ကောက်သွားဟန်နှင့် ပြောလိုက်လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
“သခင်လေးကျန်းက အရင်ကထက်တောင် ပိုပြီး နှလုံးသားမဲ့လာတာပဲ။ အရင်တုန်းက သခင်လေးက ကျွန်မကို သခင်မလေးမင်လို့ ခေါ်တာ... အခုတော့ သခင်မလေးတောက်လို့ ခေါ်နေပြီပေါ့လေ။ ကြည့်ရတာ သခင်လေးကျန်းက တောက်မင်ကို စိတ်ဆိုးနေတုန်းပဲ ထင်တယ်”
ထိုအခါမှ ကျန်းရီ ရှက်ကိုးရှက်ကန်းနှင့် နှာခေါင်းကုတ်လိုက်ရ၏။ ရုတ်တရက် သူ့ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာ၏။
“ဟယ်ကျန်း... မင်းရဲ့ မိစ္ဆာအစေခံမလေးက မဆိုးဘူး။ ငါ့ကို သူနဲ့ ကစားခွင့်ပေးမလား။ ငါ မင်းကို နောက်ကျ ထိပ်တန်း မိန်းမလှလေးသုံးယောက် ပြန်ပေးမယ်လေ။ ဘယ်လိုလဲ”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ ခွမ်ကျန့်ကို လှမ်းကြည့်လိုက်သည်။ ထိုခွမ်ကျန့်က ဖုန့်နီကို ပေါ်တင်တောင်းနေပေသည်။ ဖုန့်နီမှာ သူ၏ အစေခံမဟုတ်ပါ။ ဟုတ်လျှင်လည်း သူမကို ခွမ်ကျန့်ဆီ ပေးမည် မဟုတ်ပါ။
ကျန်းရီ အေးစက်စက် နှာခေါင်းရှုံ့၍ အသံပြန်ပို့လွှတ်လိုက်သည်။
“သခင်လေးခွမ်ကျန့်... တောင်းပန်ပါတယ်။ သူက ကျွန်တော့်ရဲ့ အစေခံမလေး မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ မိစ္ဆာမိတ်ဆွေပါ။ ကျွန်တော့်ကို ပေးမဲ့ မိန်းမလှလေးတွေကို သခင်လေးပဲ ယူထားလိုက်ပါ”
“ဟားဟား...”
ကျန်းရီက သူ့ကို မျက်နှာသာ မပေးသဖြင့် ခွမ်ကျန့် အတန်ငယ် မကျေမနပ်ဖြစ်သွား၏။ သူ ထရပ်ကာ ပြောလိုက်သည်။
“ဟဲ့ရန်... အချိန်ကျတော့မယ်။ သွားပြီး ဖုန်းရှားဆန်းကြယ်နယ်မြေအပြင်ဘက်မှာ စောင့်နေတာပေါ့”
“ကောင်းပါပြီ”
ဟဲ့ရန်သည် အခြေအနေက အတန်ငယ် အိုးတိုးအမ်းတမ်းဖြစ်ကြောင်း မြင်ရသဖြင့် တင်းမာနေမှုများကို ဖျန်ဖြေရန် ကြိုးစားလိုက်သည်။
“အားလုံးပဲ အတူသွားကြတာပေါ့။ အရင်ဆုံး ဖုန်းရှားဆန်းကြယ်နယ်မြေအနားက ဖုန်းယွင်ဘုံကို သွားကြမယ်။ အဲ့ဘုံက ကျွန်တော်တို့မျိုးနွယ်က ထိန်းချုပ်ထားတဲ့ ဘုံအသေးလေးပဲ။ ဖုန်းရှားဆန်းကြယ်နယ်မြေ ဖွင့်တာနဲ့ အားလုံး ချက်ချင်း ဝင်လို့ရတာပေါ့”
“သွားကြစို့”
ခွမ်ကျန့်က ကျန်းရီကို တစ်ချက်ထပ်ကြည့်ပြီး အပြင်သို့ လျှောက်ထွက်သွား၏။ သူက ခွမ်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး ကျန်းရီ၏ အဆင့်အတန်းမှာ ဟယ်မျိုးနွယ်ခွဲမှ သခင်လေးတစ်ယောက်သာဖြစ်သည်။ အဆင့်အတန်းကွာခြားမှုက ကြီးမားပေသည်။ ကျန်းရီက သူ့ကို မျက်နှာသာမပေးလျှင် သူကလည်း ကျန်းရီကို မျက်နှာသာပေးမည် မဟုတ်ပေ။
ယန်ဖူသည် ကိစ္စအချို့ကို ခန့်မှန်းလိုက်ပြီး ကျန်းရီကို မကျေမနပ်ဖြစ်သွား၏။ ထို့ကြောင့် သူ့လူများကို ဦးဆောင်၍ ခွမ်ကျန့်နှင့်အတူ ထွက်သွားလိုက်သည်။ တောက်မျိုးနွယ်၏ ပန်းသုံးပွင့်မှာလည်း သခင်မလေးတစ်စုနှင့်အတူ ထွက်သွားကြသည်။
“သခင်လေးကျန်း...”
သခင်မလေးတစ်ယောက်သည် ရုတ်တရက် တောက်မျိုးနွယ် ပန်းသုံးပွင့်၏ အုပ်စုမှ ခွဲထွက်လာပြီး ကျန်းရီဆီ လျှောက်လာ၏။ သူမ ပြုံးကာ ပြောလိုက်သည်။
“ကျွန်မက လီမျိုးနွယ်က လီရွေပါ။ သခင်လေးကျန်း ကျွန်မကို မှတ်မိပါသေးလား”
“လီမျိုးနွယ်လား”
ကျန်းရီ အတန်ငယ် တွေဝေသွား၏။ ဟယ်ကျန်းက အဘယ်သို့ သာမန်မျိုးနွယ်တစ်ခုမှ သခင်မလေးတစ်ယောက်နှင့် သိနေရသနည်း။ ထို့ပြင် ကောင်းကင်ဘုံ၌ လီမျိုးနွယ်များမှာ တစ်ခုမကပေ။ ထိုလီရွေက မည်သည့်လီမျိုးနွယ်ကနည်း။ ထို့ကြောင့် သူ အိုးတိုးအမ်းတမ်းနှင့်သာ ပြန်ပြောလိုက်ရသည်။
“ကျွန်တော် နည်းနည်းတော့ ဇဝေဇဝါပဲ။ ဒါပေမဲ့ တွေ့ရတာ ဝမ်းသာပါတယ် သခင်မလေးလီ”
“ခစ်ခစ်...”
သခင်မလေးလီသည် ချိုသာစွာပြုံး၍ အသံပို့လွှတ်လိုက်၏။
“သခင်လေးကျန်းက မေ့တတ်လိုက်တာ။ ကျွန်မရဲ့ အဘိုးက ချီလင်းဧကရီစစ်တပ်က စစ်သူကြီး လီဖုန့်လေ”
“ဪ...”
ကျန်းရီသည် သိသွားဟန်ဆောင်၍ ပြန်ပြောလိုက်၏။
“သခင်မလေးလီက စစ်သူကြီးလီရဲ့ မြေးမလေးကိုး။ ကျွန်တော် သခင်မလေးကို မမှတ်မိခဲ့တာ တောင်းပန်ပါတယ်”
ထိုအခိုက်တွင် ကျန်းရီတစ်ယောက် စိတ်ထဲတွင် အော်ဟစ်နေမိ၏။ ထိုလီဖုန့်ကို သူက မည်သို့ သိမည်နည်း။ သူက ဟယ်ကျန်း မဟုတ်ပေ။ ချီလင်းဧကရီစစ်တပ်ထဲမှ လူများမဆိုထားနှင့် ဟယ်မျိုးနွယ်မှ လူများကိုပင် သူ မသိပေ။
လီရွေသည် ကျန်းရီက စကားဆက်ပြောလိုဟန် မရှိကြောင်း တွေ့လိုက်သောအခါ ပြုံး၍ နှုတ်ဆက်လိုက်ပြီးနောက် အရှေ့မှ သခင်မလေးအုပ်စုထံ ပြန်သွားလိုက်သည်။ ကျန်းရီလည်း ထိုအုပ်စုနောက်မှလိုက်၍ ရဲတိုက်အပြင် ထွက်ကာ မြို့ရင်ပြင်ဆီ သွားလိုက်သည်။ ထို့နောက် သူ ဧရာမတည်နေရာပြောင်းရွှေ့အစီအရင်ကြီးတစ်ခုထဲ ဝင်လိုက်လေသည်။
အစီအရင်က အဖြူရောင်အလင်း လင်းလက်လာ၏။ ဤတစ်ကြိမ်တွင် ကျန်းရီတို့ ဆယ်နာရီနီးပါး တည်နေရာပြောင်းရွှေ့ပြီးနောက် မြို့ငယ်လေးတစ်မြို့ထဲတွင် ပြန်ပေါ်လာသည်။ မြို့မှာ အလွန်စည်ကားနေ၏။ မြို့ရင်ပြင်ထဲတွင် လူများစွာ စုဝေးနေကြသည်။ သူတို့အုပ်စု ရောက်လာသောအခါ သခင်လေးများနှင့် သခင်မလေးများ ရှေ့ထွက်လာကြ၏။ သူတို့က လေဘုံထဲရှိ မျိုးနွယ်ကြီးများမှ သခင်လေး၊ သခင်မလေးများ ဖြစ်ရပေမည်။
မျှော်လင့်ထားသလိုပင်...
ထိုသခင်လေးများနှင့် သခင်မလေးများတို့သည် ခွမ်ကျန့်၊ ယန်ဖူနှင့် တောက်မျိုးနွယ် ပန်းသုံးပွင့်တို့ထံ သွားကာ မိတ်ဆွေဖွဲ့ကြသည်။ ကျန်းရီကို မိတ်ဆွေလာဖွဲ့သူများမှာမူ များစွာ မရှိပေ။ လူအနည်းငယ်က လာရောက်မိတ်ဆွေဖွဲ့ကြသော်လည်း ကျန်းရီသည် စကားတစ်ခွန်းစ၊ နှစ်ခွန်းစသာ ပြန်ပြောပေသည်။ သူက စကားများစွာ မပြောလိုကြောင်း ထင်ရှားသည်။ ထို့ကြောင့် မိတ်ဆွေလာဖွဲ့သူများမှာ ရွေးချယ်စရာ မရှိတော့ဘဲ ထွက်သွားကြရလေသည်။
ဟဲ့ရန်သည် အဖွဲ့ကို ဦးဆောင်၍ မြောက်ဘက်ရှိ ရဲတိုက်တစ်လုံးကို ခေါ်သွား၏။ ဖုန်းရှားဆန်းကြယ်နယ်မြေကို ဖွင့်ရန် နေ့တစ်ဝက် လိုပေသေးသည်။ ထိုဆန်းကြယ်နယ်မြေက ဤဘုံနှင့် အလွန်နီးရာ ဤနေရာက စောင့်နေရန် အကောင်းဆုံးနေရာဖြစ်ပေသည်။
ကျန်းရီက သီးသန့်ရဲတိုက်ငယ်တစ်လုံးထဲတွင် နေလိုက်၏။ သူသည် ရဲတိုက်ထဲ ရောက်သည်နှင့် အကာအရံများကို ချက်ချင်းနှိုး၍ မီးဝိညာဉ်ပုလဲကို ထုတ်လိုက်သည်။ ချီဟုန်က မီးနဂါးဓား၏ အစိတ်အပိုင်းက လေဘုံ၏ အနောက်ဘက်တွင် ရှိသည်ဟု အာရုံခံမိခဲ့သည်။ လေဘုံ၏ အနောက်ဘက်တွင် ဆန်းကြယ်နယ်မြေတစ်ခုသာ ရှိသည်။ ယင်းမှာ ဖုန်းရှားဆန်းကြယ်နယ်မြေပင်။
ဖုန်းရှားဆန်းကြယ်နယ်မြေထဲရှိ ရတနာများကို ကျန်းရီ စိတ်မဝင်စားပါ။ ယခုတွင် သာမန် တာအိုကောင်းကင်ရတနာများကလည်း သူ့အတွက် များစွာ အသုံးမဝင်တော့ပါ။ ထို့ကြောင့် ဖုန်းရှားဆန်းကြယ်နယ်မြေထဲ မဝင်၍ရလျှင် သူ မဝင်လိုပေ။ သို့သော် ယခုတွင် ရွေးချယ်စရာမရှိဘဲ သူ ဖုန်းရှားဆန်းကြယ်နယ်မြေထဲ ဝင်ရပေတော့မည်။
သို့သော် ကျန်းရီ သတိလက်လွတ် အဖြစ်မခံပါ။ သူ ဟဲ့ရန်ထံသွား၍ အနီးပတ်ဝန်းကျင်၏ မြေပုံတစ်ချပ် တောင်းလိုက်၏။ အနောက်ဘက်တွင် အမှန်ပင် ဖုန်းရှားဆန်းကြယ်နယ်မြေသာ ရှိကြောင်း အတည်ပြုပြီးမှ သူ့ရဲတိုက်ကို ပြန်ကာ ဆန်းကြယ်နယ်မြေဖွင့်မည့် အချိန်ကို စောင့်နေလိုက်လေသည်။
အပြင်ဘက်တွင် စားသောက်ပွဲ ကျင်းပနေသည်။ ဟဲ့ရန်က အကြိမ်ကြိမ် လူစေလွှတ်၍ ကျန်းရီကို ဖိတ်သည်။ သို့သော် ဖုန့်နီကသာ ကျန်းရီကိုယ်စား ငြင်းလိုက်ပေသည်။ ကျန်းရီသည် အခန်းအောင်း ကျင့်ကြံကာ အပြင်မှ ကိစ္စများကို လျစ်လျူရှုထားသည်။ သို့သော် နာရီနှစ်ဆယ်ကြာပြီးနောက် အကာအရံများက လင်းလက်လာလေသည်။
ကျန်းရီ အကာအရံများကို ပိတ်လိုက်ပြီး အပြင်ဘက်သို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်၏။ တောက်မင်က အလယ်ခန်းမထဲတွင် ရပ်နေပြီး ဖုန့်နီတစ်ယောက် အကြံအိုက်နေသည့်ပုံကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ ထရပ်ကာ အခန်းအပြင် ထွက်လိုက်ပြီး အားတင်းပြုံး၍ ပြောလိုက်သည်။
“သခင်မလေးတောက်... သခင်မလေးက ဘာကိစ္စရှိလို့ ကျွန်တော့်ဆီ လာလည်တာပါလဲ”
“ကျွန်မကို သခင်မလေးတောက်လို့ မခေါ်ပါနဲ့။ အဲ့လိုခေါ်တာကြီးက အရမ်းသူစိမ်းဆန်တယ်”
တောက်မင်က အတော်လေး အရပ်ရှည်၏။ သူမ၏ ခြေထောက်က ရှည်လျားသွယ်လျသည်။ ယခုတွင် သူမသည် လိမ္မော်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အလွန်လှပကြော့ရှင်းနေပေသည်။ သူမ ကျန်းရီကို မျက်လုံးရွဲကြီးများနှင့် ကြည့်ကာ စကားပြောရန် ဟန်ပြင်လိုက်၏။ ထို့နောက် သူမသည် ဖုန့်နီကို မျက်စိစွေကြည့်၍ ပြောလိုက်သည်။
“မင်း ထွက်သွားလို့ရပြီ။ ငါ မင်းရဲ့သခင်လေးနဲ့ အရေးကြီးစကားပြောစရာ ရှိတယ်”
ဖုန့်နီက ကျန်းရီကို လှမ်းကြည့်၏။ ကျန်းရီ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ဖုန့်နီ ရွေးချယ်စရာ မရှိတော့ဘဲ ထွက်သွားလိုက်ရလေသည်။
ထိုအခါမှ တောက်မင်သည် လက်ဆန့်တန်း၍ အလင်းတန်းတစ်တန်း ထုတ်လွှတ်ကာ အလယ်ခန်းမ၏ အကာအရံများကို နှိုးလိုက်သည်။ ထို့နောက် သူမ ကျန်းရီ၏ရင်ခွင်ထဲ ပြေးဝင်လိုက်ပြီး ကျန်းရီ၏ ခါးကို တင်းကြပ်စွာ ဖက်ကာ သူမတစ်ကိုယ်လုံးကို ကျန်းရီ၏ကိုယ်နှင့် ပူးကပ်ထားလိုက်သည်။ ပြီးမှ နောင်တရဟန်နှင့် ကျန်းရီကို မော့ကြည့်ကာ ပြောလိုက်၏။
“သခင်လေး... ကျွန်မမှားပါတယ်၊ ဟုတ်ပြီလား။ ကျွန်မက တကယ်ကို ခွမ်ကျန့်တို့ ယန်ဖူတို့နဲ့ ဘာမှ မပတ်သတ်ပါဘူး။ ကျွန်မက သခင်လေးကိုပဲ ကြိုက်တာပါ။ သခင်လေး တောက်မင်ကို ခွင့်လွှတ်ပေးပါနော်”
“အာ...”
ကျန်းရီ ရင်တုန်သွား၏။ ဟယ်ကျန်းနှင့် တောက်မင်တို့က အမှန်ပင် ပတ်သတ်မှု ရှိနေပေသည်။ သူတို့က အတူအိပ်ခဲ့ဖူးကြောင်းလည်း ထင်ရှားသည်။
ထိုတောက်မင်သည် ကျန်းရီကို အလွန်ရွံရှာစေ၏။ သူမ၏လေသံအရ သူမက ယန်ဖူ၊ ခွမ်ကျန့်တို့နှင့်လည်း အတူအိပ်ခဲ့ဖူးကြောင်း ထင်ရှားပေသည်။ ယခု ဟယ်ကျန်းက သဝန်တိုသဖြင့် သူမကို ရှောင်နေခြင်းဟု သူမက ထင်နေ၏။ ထို့ကြောင့် သူမ ကိုယ်တိုင်လာ၍ တောင်းပန်ခြင်းပင်။
ကျန်းရီသည် တောက်မင်ကို တွန်းထုတ်ပစ်လိုနေသည်။ သို့သော် တောက်မင်က သူ့ကို ပိုတင်းကြပ်စွာပင် ဖက်လာလေသည်။ ထို့ပြင် သူမက သူကို နမ်းရန်ပင် လုပ်လိုက်သေးသည်။ သူမနှုတ်ခမ်းများက သူ့နှုတ်ခမ်းများအပေါ် ကျလာပေသည်။
ကျန်းရီ လုံးဝ ဒေါသထွက်သွား၏။ သူ တောက်မင်ကို အတင်းတွန်းထုတ်ပစ်လိုက်သည်။ တောက်မင်မှာ အနောက်သို့ ခြေလှမ်း ခြောက်လှမ်း၊ ခုနစ်လှမ်း ရွေ့သွားပြီး ထိုင်ခုံတစ်လုံးအပေါ် ထိုင်ရက်လဲကျသွား၏။
ကျန်းရီသည် မှင်တက်နေသော တောက်မင်ကို မျက်နှာသေဖြင့်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“သခင်မလေးတောက်... ကိုယ့်ကိုယ်ကိုယ်လေးစားမှု ရှိပါ။ ကျွန်တော်က ဖောက်ပြန်တတ်တဲ့ မိန်းမတွေကို မကြိုက်ဘူး။ သခင်မလေးက ခွမ်ကျန့်တို့၊ ယန်ဖူတို့ ပြီးတော့ တခြားယောက်ျားတွေနဲ့ အိပ်ခဲ့ပြီးပြီဆိုတော့ နောက်ကျရင် ကျွန်တော့်ကို ထပ်လာမရှာပါနဲ့တော့။ ကျွန်တော် သခင်မလေးကို ထွက်တွေ့တော့မှာ မဟုတ်ဘူး”
ကျန်းရီသည် ပြောပြီးနောက် ချက်ချင်း နောက်လှည့်ထွက်ကာ ဘေးခန်းထဲ ဝင်သွားလိုက်သည်။ သူ အခန်း၏ အကာအရံများကိုပင် နှိုးလိုက်ပေသည်။
တောက်မင်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူမ၏ မျက်နှာကလည်း ရေခဲတမျှ အေးစက်နေသည်။ ထိုနောက် သူမ ဘေးခန်းအဝကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
“ကောင်းတယ်.. ဟယ်ကျန်း ရှင်က သတ္တိရှိသားပဲ။ ရှင်က ဒီလောက်နှလုံးသားမဲ့မှတော့ ကျွန်မကိုလည်း နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။ ဒီတစ်ခေါက် ရှင် ဖုန်းရှားဆန်းကြယ်နယ်မြေထဲမှာ ရတနာတစ်ခု ရခဲ့ရင် ကျွန်မရဲ့ မျိုးရိုးနာမည်ကို ရှင့်ရဲ့ မျိုးရိုးနာမည် ပြောင်းပစ်မယ်”
“ခွေးမ...”
ကျန်းရီသည် အခန်းအကာအရံ နှိုးထားသော်လည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေထဲ ဝင်ထား၍ တောက်မင်၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရ၏။ သူ ခေါင်းကိုက်လာသည်။ ဤတစ်ခေါက် ဖုန်းရှားဆန်းကြယ်နယ်မြေထဲ ဝင်မည့်ခရီးက မချောမွေ့မည်ကိုလည်း သူ စိုးရိမ်လာသည်။
သို့သော် သူ ဘာလုပ်နိုင်ပါဦးမည်နည်း။
ထိုမိန်းမပျက်နှင့် ကစားပေးလိုက်ရမည်လော။ သူမအကြောင်းကို တွေးမိရုံနှင့်ပင် ကျန်းရီ ရွံမိသည်။ ထို့ပြင် သူမနှင့် ကစားလိုက်လျှင် သူ့အကြောင်းက ပိုမြန်မြန် ပေါ်သွားသည်သာ ရှိပေလိမ့်မည်။
***