← Chapters

ကြိုယူထားပြီ

Vol. 132 Ch. 1840

ကြိုယူထားပြီ

Vol. 132 Ch. 1840

နေ့တစ်ဝက် ကြာပြီးနောက် ကျန်းရီ ဖုန့်နီနှင့်အတူ အပြင်ထွက်သွားလိုက်၏။ သခင်လေးများနှင့် သခင်မလေးများက သူ့အ‌ပေါ် ရန်လိုပုံပေါ်နေကြောင်း သူ တွေ့လိုက်ရသည်။ သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရှိနေသည်။ သူ့အဆင့်အတန်းကြောင့် မည်သူကမှ သူ့ကို မသတ်ဝံ့သော်လည်း သူတို့သည် ပူးပေါင်းကာ သူ အခက်တွေ့ရအောင် လုပ်ကြပေလိမ့်မည်။

အချိန်ကျရန် နီးလာသောအခါ အဖွဲ့သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်၍ ဖုန်းရှားဆန်းကြယ်နယ်မြေဆီ တည်နေရာပြောင်းရွှေ့ကြရန် ဟန်ပြင်ကြ၏။ တစ်နာရီကြာပြီးနောက် ဟဲ့ရန်၏ လက်ထဲမှ ကျောက်စိမ်းအဆောင်က လင်းလက်လာသည်။ သူ လက်ဝှေ့ယမ်းကာ စိတ်လှုပ်တရှား ပြောလိုက်လေသည်။

“ဟုတ်ပြီ... အခု ကျွန်တော်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလို့ရပြီ”

တည်နေရာပြောင်းရွှေ့အစီအရင်က သေးသော်လည်း တစ်ကြိမ်လျှင် လူဒါဇင်ကျော် တည်နေရာပြောင်းရွှေ့ပေးနိုင်၏။ လေဘုံမှ သခင်လေးများနှင့် သခင်မလေးများသည် အိမ်ရှင်ဝတ္တရားအတိုင်း ဧည့်သည်များကို ဦးစားပေးကြသည်။ ကောင်းကင်ဘုံမှ သခင်လေးများ၊ သခင်မလေးများကိုသာ အရင် တည်နေရာပြောင်းရွှေ့ခိုင်းလိုက်ကြပေသည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးနောက် အရင် တည်နေရာမပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ ခွမ်ကျန့်၊ ယန်နူနှင့် တောက်မင်တို့ကိုသာ အရင် ဝင်သွားစေလိုက်သည်။

ဟဲ့ရန်က ခွမ်ကျန့်တို့နှင့်အတူ ထွက်သွား၏။ ဟဲ့ရန်၏ ရင်ထဲတွင် ခွမ်ကျန့်နှင့် ယန်ဖူတို့က ဟယ်ကျန်းထက် ပို၍ အရေးကြီးပေသည်။ ထိုနှစ်ယောက်က မဟာဧကရာဇ်နှစ်ပါး၏ တိုက်ရိုက်မျိုးဆက်များဖြစ်ကြပြီး ဟယ်ကျန်းမှာ ချီလင်းဧကရီ၏ မျိုးဆက်ပင် မဟုတ်သည် မဟုတ်ပါလော။

လူအများစု တည်နေရာပြောင်းရွှေ့ပြီးသွားမှ ကျန်းရီသည် ပျင်းရိဟန်ဖြင့် ဖုန့်နီနှင့်အတူ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်၏။ ခွမ့်ကျန်နှင့် အခြားသူများက မီးနဂါးဓား၏ အစိတ်အပိုင်းကို ရသွားမည်ကို သူ မစိုးရိမ်ပါ။

ဖုန်းရှားဆန်းကြယ်နယ်မြေကို အနည်းဆုံး အကြိမ်ထောင်ကျော် ဖွင့်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် မီးနဂါးဓား၏ အစိတ်အပိုင်းက အထဲတွင် ရှိနေသေးသည်။ ထို့ကြောင့် သာမန်လူများက ၎င်းကို မရနိုင်ကြောင်း ထင်ရှားသည်။ သို့သော် ကျန်းရီကမူ ချီဟုန်၏ လမ်းညွှန်မှုအောက်မှနေ၍ အလွယ်တကူ ရနိုင်လောက်ပေသည်။ ထို့ကြောင့် သူ စောဝင်ဝင်၊ နောက်ကျမှဝင်ဝင် အရေးမကြီးပေ။

လေဘုံမှ သခင်လေးများနှင့် သခင်မလေးများက ကျန်းရီနှင့်အတူ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ ကျန်းရီသည် သူတို့နှင့် အာလာပသလ္လာပများ ပြောမနေဘဲ အစောင့်ကိုသာ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးရန် ချက်ချင်း ပြောလိုက်သည်။

ရွှီး...

အဖြူရောင်အလင်း လင်းလက်လာ၏။ ဤတစ်ကြိမ်တွင် နှစ်နာရီသာ တည်နေရာပြောင်းရွှေ့ပြီးနောက် ကျန်းရီတို့ တစ်ဘက်မှ တည်နေရာပြောင်းရွှေ့အစီအရင်ထဲတွင် ထွက်ပေါ်လာကြသည်။ ထိုနေရာက တောင်ကြားလေးတစ်ခုပင်။ ထိုတောင်ကြား၏ သုံးဘက်သုံးတန်ကို တောင်များက ဝန်းရံထားသည်။ အရှေ့သို့ ဦးတည်သော တောင်ကြားလမ်းကလည်း တစ်လမ်းသာ ရှိပေသည်။

ကျန်းရီ ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အာရုံခံလိုက်၏။ သူ့နှုတ်ခမ်းစွန်းက အတန်ငယ် တွန့်လှုပ်သွားသည်။ ဤနေရာတွင် သူ့ကောင်းကင်စိတ်အာရုံက ကန့်သတ်ခံထားရသည်။ ကောင်းကင်စိတ်အာရုံကို ကီလိုမီတာအနည်းငယ်အထိသာ ပို့လွှတ်နိုင်ပေသည်။

“ဟွန်း... အဲ့ဒါက လှည့်ကွက်အသေးလေးတစ်ခုပဲ။ တောင်ကြားထဲကထွက်ပြီး မြောက်ဘက်ကိုသွား... အစိတ်အပိုင်းက မြောက်ဘက်မှာ”

ကျန်းရီ၏ စိတ်ထဲတွင် ချီဟုန်၏အသံ ထွက်ပေါ်လာ၏။ ကျန်းရီ စိတ်အားတက်သွား၏။ ချီဟုန်ရှိနေလျှင် ထိုအစိတ်အပိုင်းကို ရှာတွေ့ရန် အလွန်လွယ်ကူပေလိမ့်မည်။ များစွာ ကြိုးစားရန်ပင် လိုလိုက်မည် မဟုတ်ချေ။

ချီဟုန်သာမရှိလျှင် ကျန်းရီ အစိတ်အပိုင်းအားလုံးကို ရှာနိုင်လိမ့်မည် မဟုတ်ပေ။ ဥပမာဆိုရသော် အဘယ်ကြောင့် သူက အကြောင်းမရှိဘဲ လေဘုံကို လာရမည်နည်း။ သူ လာခဲ့လျှင်လည်း ဤဆန်းကြယ်နယ်မြေထဲ သေချာပေါက် ဝင်လိမ့်မည် မဟုတ်ချေ။

“သွားမယ်...”

ကျန်းရီသည် ဖုန့်နီကို လက်ယမ်းပြလိုက်ပြီး ဖုန့်နီနှင့်အတူ အရှေ့သို့ သွားလိုက်သည်။ သူက သူ့ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားသလို ဖုန့်နီမှာလည်း ထို့အတူပင်။ အပေါ်ယံတွင် သူတို့နှစ်ယောက်စလုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် တူကြပေသည်။ သူတို့သည် အရမ်းမမြန်သော်လည်း လေဘုံမှ သခင်လေးများနှင့် သခင်မလေးများထက်တော့ မြန်ကြ၏။ မကြာခင်မှာပင် သူတို့ကြားမှ အကွာအဝေးက ကြီးလာပေသည်။

ယန်ဖူ၊ ခွမ်ကျန့်နှင့် အခြားသူများက ကျန်းရီတို့ထက် နှစ်နာရီစော၍ ရောက်ခဲ့၏။ ကျန်းရီနှင့် ဖုန့်နီတို့သည် အတော်ကြာအောင် ပြေးပြီးသော်လည်း သူတို့အရှေ့တွင် မည်သူ့ကိုမှ မတွေ့ကြသေးပေ။ ကျန်းရီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ အစိတ်အပိုင်းကို ရသည်နှင့် ချက်ချင်း ဤဆန်းကြယ်နယ်မြေထဲမှ ထွက်ကာ လေဘုံမှလည်း ထွက်သွားမည်ဖြစ်သည်။ ထိုသခင်လေး၊ သခင်မလေး အုပ်စုနှင့် သူ မပတ်သတ်လိုပေ။

တောင်ကြားထဲမှ ထွက်ပြီးနောက် အရှေ့တွင် အဆုံးမဲ့သော ကျတ်တီးမြေတစ်ခုကို တွေ့လိုက်ရ၏။ ဤဆန်းကြယ်နယ်မြေက အလွန်ကြီးမားလောက်သည်။ မဟုတ်လျှင် ယခုလောက်ဆို ရတနာအားလုံးကို ယူပြီးလောက်ပြီ မဟုတ်ပါလား။ အဘယ်ကြောင့် ရတနာရှာပွဲများ ထပ်လုပ်နေရဦးမည်နည်း။

ကျန်းရီသည် ဖုန့်နီကို ကြည့်၍ မြောက်ဘက်သို့ တစ်ဖြောင့်တည်း ပျံသန်းသွားလိုက်၏။ သူတို့၏ အမြန်နှုန်းက သူတို့ပြသနိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူတို့ အခြားမည်သူ့ကိုမှ မတွေ့ခဲ့ရသလို မည်သည့်တုန်ခါလှိုင်းကိုမှလည်း မခံစားခဲ့ရပေ။ ချီဟုန်ကလည်း ထပ်မံ၍ အသံမပို့လွှတ်သေးချေ။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာ မရှိဘဲ မြောက်ဘက်သို့သာ ဆက်ပျံသန်းနေရပေသည်။

“သခင်... အရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ်”

ဖုန့်နီ၏ စိတ်ဝိညာဉ်က ကျန်းရီ၏ စိတ်ဝိညာဉ်ထက် အတန်ငယ် ပိုသန်မာသည်။ ရှစ်နာရီကြာ ပျံသန်းပြီးနောက် ဖုန့်နီက ရုတ်တရက် ပြောလိုက်သည်။ ကျန်းရီ အရှိန်လျှော့ချလိုက်ပြီး ခေတ္တမျှ တွေးတောလိုက်၏။ ပြီးမှ သူ ဖုန့်နီကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

“သူတို့ကို ပတ်သွားမယ်”

“မရတော့ဘူး...”

ဖုန့်နီက ခါးသက်သက် ပြုံး၍ ပြောလိုက်၏။

“သူတို့က ခွမ်ကျန့်၊ ယန်ဖူနဲ့ တောက်မျိုးနွယ် ပန်းသုံးပွင့်ပဲ။ သူတို့ ဒီကို ရောက်လာကြပြီ”

“ဟမ်...”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ မကြာခင်မှာပင် သူ၏ ကောင်းကင်စိတ်အာရုံက သူတို့ထံ ပျံသန်းလာနေသော လူတစ်စုကို အာရုံခံမိလိုက်သည်။ သူ့အပေါ်သို့လည်း ကောင်းကင်စိတ်အာရုံများ ကျရောက်လာသည်။ သူ ရွေးချယ်စရာ မရှိတော့ဘဲ အေးစက်စက်သာ ရပ်နေလိုက်ရလေသည်။

ဝှစ်...

လူဒါဇင်ကျော် ပျံသန်းလာ၏။ ခွမ်ကျန့်၏ မနှစ်မြို့ဖွယ် မျက်လုံးများက ဖုန့်နီကို ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။ ထို့နောက် သူ ကျန်းရီကို ဆက်ကြည့်ကာ ပြောလိုက်သည်။

“ဟယ်ကျန်း... ငါတို့ မြောက်ပိုင်းတစ်ခုလုံးကို ကြိုယူထားလိုက်ပြီ။ မင်း ရတနာတွေကို တခြားနေရာမှာ သွားရှာလိုက်”

“ကြိုယူထားတာလား”

ကျန်းရီ၏ မျက်နှာထားက အေးစက်သွားသည်။ မီးနဂါးဓား၏ အစိတ်အပိုင်းက မြောက်ဘက်တွင် ရှိနေသည်။ ခွမ်ကျန့်တို့က မြောက်ပိုင်းတစ်ခုလုံးကို ကြိုယူထားပြီဆိုလျှင် သူ ဖုန်းရှားဆန်းကြယ်နယ်မြေထဲ ဝင်လာခြင်းက အလကား ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ အေးစက်စက် ရယ်ကာ ပြန်ပြောလိုက်သည်။

“ဘာကို အခြေခံပြီးတော့လဲ။ ဒီဆန်းကြယ်နယ်မြေက မင်းတို့မျိုးနွယ်ပိုင်တဲ့ နယ်မြေ မို့လို့လား”

“ငါ့လက်သီးက မင်းလက်သီးထက် ပိုကြီးတယ်ဆိုတဲ့အပေါ် အခြေခံပြီးတော့ပဲကွ”

ခွမ်ကျန့် စိတ်မထိန်းနိုင်တော့ပေ။ သူ စိတ်ကြီးဝင်စွာ ပြောလိုက်သည်။

“မင်း မကျေနပ်ရင် စမ်းကြည့်နိုင်တယ်။ မင်း ငါ့ရဲ့ တိုက်ကွက်ဆယ်ကွက်ကို ခံနိုင်ရင် ငါ မင်းကို မြောက်ပိုင်းထဲ ဝင်ခွင့်ပေးမယ်”

“ဆယ်ကွက်လား...အဟင်း...”

တောက်မင်က ပါးစပ်ကို ကာ၍ ရယ်လိုက်၏။

“သခင်လေးကျန့်... သခင်လေးက သူ့ကို အထင်ကြီးလွန်းနေတာပဲ။ ကျွန်မအထင်တော့... သူက သုံးကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး”

သခင်မလေးကုန်းယန်က ထပ်ဖြည့်ပြောသည်။

“မမမင်... သခင်လေးကျန်းကို အဲ့လိုမပြောပါနဲ့။ သူက ဟယ်မျိုးနွယ်ရဲ့ အကျော်ကြားဆုံး သခင်လေးငါးယောက်ထဲက တစ်ယောက်ပဲ။ ဘယ်လိုလုပ် သုံးကွက်တောင် မခံနိုင်ဘဲ နေမှာလဲ”

ကျန်းရီ ပြန်မပြောပေ။ ခွမ်ကျန့်၊ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့၏ အတိုင်အဖောက်ညီညီ စကားများကို ကြားပြီးနောက် သူ ချီတုံချတုံ ဖြစ်သွားသည်။ ခွမ်ကျန့်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်သာ ဖြစ်သည်။ သူ့အရှိန်အဝါအရ သူ၏စွမ်းအားက ကောင်းကင်ဘုရင်ဝူ၏ စွမ်းအားနှင့် ဆင်တူလောက်သည်။ ယခင်တွင်ဆိုလျှင် ကျန်းရီသည် သူ့ကို စိတ်ထဲပင် ထည့်မည် မဟုတ်ပေ။ ယခု သူ၏ အစွမ်းအကုန်လုံးကို ထုတ်သုံးလိုက်လျှင် သူ ခွမ်ကျန့်ကို တစ်ကွက်တည်းနှင့် သတ်ပစ်နိုင်ပေသည်။

ပြဿနာမှာ သူ အစွမ်းကုန် မသုံးနိုင်ခြင်းပင်။ သူ ခွမ်ကျန့်ကို သတ်၍လည်း မဖြစ်ပေ။ ခွမ်ကျန့်က ရူးသွပ်မဟာဧကရာဇ်၏ မျိုးဆက်တစ်ယောက် မဟုတ်ပါလား။ သူ ခွမ်ကျန့်ကို သတ်လိုက်လျှင် အုတ်‌အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။

ထို့ပြင် ကျန်းရီ တိုက်ခိုက်သည်နှင့် သူ့တိုက်ကွက်များက တစ်ခုခု မှားနေကြောင်း အခြားသူများက သတိထားမိသွားနိုင်သည်။ ထိုအခါ သူ့မည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေရှိပေသည်။ မပေါ်သွားဘဲ သံသယအဝင်ခံရရုံဆိုလျှင်လည်း ပြဿနာတက်နိုင်ပေသည်။

ဖုန့်နီက ရုတ်တရက် အသံပို့လွှတ်လိုက်၏။

“သခင်... ကျွန်မကို တိုက်ခွင့်ပေးပါ။ ကျွန်မ အုပ်ချုပ်သူအဆင့် တိုက်ခိုက်စွမ်းအားကိုပဲ ပြမှာပါ။ သူတို့ ကျွန်မကို သံသယဖြစ်ရင်တောင် ကျွန်မအကြောင်းကို သိနိုင်မှာ မဟုတ်ပါဘူး”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ ယနေ့ သူ မတိုက်ခိုက်လျှင် ခွမ်ကျန့်နှင့် တောက်မင်တို့က သူ့ကို ရတနာရှာခွင့် ပေးမည့်မဟုတ်ပေ။ ကျန်းရီ ခွမ်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။

“ခွမ်ကျန့်... ဒီက ငါ့ရဲ့မိတ်ဆွေနဲ့ လက်ရည်စမ်းကြည့်လိုက်ပါ။ မင်း သူ့ရဲ့ တိုက်ကွက်ဆယ်ကွက်ကို ခံနိုင်ရင် ငါတို့ ဒီရတနာရှာပွဲကို လက်လျှော့လိုက်မယ်”

“ဝိုး...”

ခွမ်ကျန့်ဘက်တွင် ဆူညံသွား၏။ ဖုန့်နီက သူမ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားသဖြင့် လက်ရှိတွင် သူမသည် အုပ်ချုပ်သူအဆင့်သို့ ရောက်ခါစသူတစ်ယောက်နှင့် တူနေသည်။ ခွမ်ကျန့်၏ တစ်ကိုယ်လုံးတွင်မူ ရတနာများ ပြည့်နေသည်။ သို့သော် ကျန်းရီက ခွမ်ကျန့်မှာ ဖုန့်နီ၏ တိုက်ကွက်ဆယ်ကွက်ကို မခံနိုင်လောက်ဟု ပြောနေသည်လော။

“ဟားဟားဟား...”

ခွမ်ကျန့်၏ လက်ထဲတွင် ဧရာမလှံပုဆိန်တစ်လက် ထွက်ပေါ်လာပြီး ကိုယ်ပေါ်တွင် အနက်ရောင် စစ်ချပ်ဝတ် ထွက်ပေါ်လာ၏။ သူ ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်သောအခါ သူ့အရှိန်အဝါလည်း ထိုးထွက်လာသည်။ စစ်ချပ်ဝတ်နှင့် လှံပုဆိန်တို့လည်း လင်းလက်လာသည်။ ၎င်းတို့နှစ်ခုစလုံးက တာအိုကောင်းကင်ဝိညာဉ်ရတနာများ ဖြစ်ကြပေသည်။

ခွမ်ကျန့်သည် ကျန်းရီကို လှံပုဆိန်နှင့် ရွယ်၍ ပြောလိုက်၏။

“ဟယ်ကျန်း... မင်း ယောက်ျားဆိုရင် သူရဲဘောမကြောင်နဲ့။ မင်းက ဘာသဘောနဲ့ ငါ့ကို မိန်းမတစ်ယောက်နဲ့ တိုက်ခိုင်းရတာလဲ။ မင်းက ငါ့ကို အထင်သေးတာလား။ လာစမ်း... မင်းနဲ့ငါနဲ့ပဲ ယှဉ်မယ်။ မင်း ငါ့ကို ပေတစ်ထောင် ဆုတ်သွားအောင် လုပ်နိုင်ရင် ဒါမှမဟုတ် ငါ့တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ရင် မင်းနိုင်တယ်”

‘အရူးပဲ’

ကျန်းရီ စိတ်ထဲမှ ဆဲလိုက်ပြီး မလှုပ်မယှက်ဆက်နေကာ ဖုန့်နီကို ကြည့်လိုက်၏။ ဖုန့်နီ၏ လက်ထဲတွင် အဖြူရောင် ဓားပျော့တစ်လက် ထွက်ပေါ်လာသည်။ သူမသည် ဓားပျော့ကို ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။

“ခွမ်ကျန့်... သခင်လေးက ရှင့်ကို အထင်သေးတာ မဟုတ်ဘူး။ ရှင်က သခင်လေး ကိုယ်တိုင် ဝင်တိုက်ရအောင် မထိုက်တန်တာပဲ။ အရင်ဆုံး ကျွန်မရဲ့ တိုက်ကွက်တွေကို ခံကြည့်”

ဝှစ်...

ဖုန့်နီ၏ မိစ္ဆာစွမ်းအား ထိုးထွက်လာ၏။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးကလည်း ငန်းတစ်ကောင်အလား ပျံသန်းသွားသည်။ ကောင်းကင်ထဲ၌ ဓားပျော့အရိပ်များ ပြည့်နှက်သွားသည်။ ထိုအခိုက်တွင် ခွမ်ကျန့်သည် သောင်းချီသော အဆိပ်ပြင်းမြွေများက သူ့အား ပေါက်လိုက်သလို ခံစားလိုက်ရလေ၏။

“ဟွန်း...”

ခွမ်ကျန့် ခက်ထန်စွာ နှာမှုတ်လိုက်၏။ ထို့နောက် သူ့လှံပုဆိန်ပေါ်မှ သင်္ကေတပုံသဏ္ဌာန်များက တောက်ပစွာ လင်းလက်လာပြီး လှံပုဆိန်လည်း အကန့်အသတ်မရှိ ကြီးမားလာသည်။ သူ ဖုန့်နီ၏ ခန္ဓာကိုယ်ကို လှံပုဆိန်နှင့် ပိုင်းကာ အော်ပြောလိုက်သည်။

“မိစ္ဆာလေးတစ်ကောင်က စိတ်ကြီးဝင်နေတာလား။ ဒီလိုဆိုမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

***

All Chapters