← Chapters

အရူး

Vol. 132 Ch. 1841

အရူး

Vol. 132 Ch. 1841

ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်တို့ တိုက်ခိုက်ခြင်းမှာ ကစားပွဲတစ်ပွဲကဲ့သို့သာ ဖြစ်သည်။

ဖုန့်နီက သူမ၏ကျင့်ကြံခြင်းအဆင့်ကို အုပ်ချုပ်သူအဆင့်အထိ ဖိနှိပ်ထားသော်လည်း သူမသည် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဖြစ်နေဆဲပင်။ သူမ အုပ်ချုပ်သူအဆင့် စွမ်းအားကိုသာ သုံးမည်ဆိုလျှင်ပင် အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ပေသေးသည်။

ခွမ်ကျန့် တိုက်ခိုက်လိုက်သည်နှင့် ဖုန့်နီသည် သူ့တိုက်ခိုက်မှု၏ လားရာနှင့် စွမ်းအားကို ခန့်မှန်းလိုက်ပြီးဖြစ်သည်။ ထို့ကြောင့် သူမ ငြင်သာစွာ ကိုယ်ကိုယို့၍ တိုက်ခိုက်မှုကို ရှောင်လိုက်လေသည်။

ဝုန်း...

ခွမ်ကျန့်၏ လှံပုဆိန်က အောက်ဘက်ရှိ မြေပြင်ကို ပြင်းထန်စွာ ခုတ်မိသွားသည်။ မြေပြင်ပေါ်တွင် အက်ကြောင်းရှည်ကြီးတစ်ကြောင်း ပေါ်သွားသည်။ လေထဲတွင်လည်း ဖုန်လုံးကြီးများ ထသွားပေသည်။ ကျန်းရီသည် ထိုလှံပုဆိန်မှနေ၍ ကွဲပြားသော ဓာတ်စွမ်းအင်သုံးမျိုးကို ခံစားမိ၏။ ယင်းတိုက်ခိုက်မှုက အနှစ်သာရသုံးမျိုးကို ပေါင်းစည်းထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ခွမ်ကျန့်၏ တိုက်ခိုက်စွမ်းအားက မဆိုပါပေ။

ဝှစ်...

ဖုန့်နီသည် လေတွင် လွင့်နေသော ရွက်ကြွေလေးတစ်ရွက်အလား ဝေ့ဝဲ၍ ခွမ်ကျန့်၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနေ၏။ တစ်ခဏအတွင်းမှာပင် သူမ ခွမ်ကျန့်အနီးသို့ ရောက်သွားသည်။ သူမသည် ရှုပ်ထွေးသော တိုက်ခိုက်မှုများကို မသုံးဘဲ ဓားပျော့ကို လှုပ်ယမ်း၍ သောင်းချီသော ဓားရိပ်များ ထုတ်၍သာ ခွမ်ကျန့်ကို ထိုးချလိုက်သည်။ ခွမ်ကျန့်တစ်ယောက် သူ မည်သည့်ဘက်သို့ ရှောင်ပါစေ ဓားထိုးခံရတော့မည်ဟု ခံစားသွားရ၏။ နောက်ဆုံးတွင် သူ ရှုံးလျှင်လည်း အတူရှုံးမည်ဟု တွေးကာ လှံပုဆိန်ကို မြှောက်၍ ဖုန့်နီကို ခုတ်ချလိုက်လေသည်။

ဝုန်း...

ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ခွမ်ကျန့် အနောက်သို့ လွင့်ထွက်ကာ သွေးအန်သွားသည်။ သူ့လှံပုဆိန်မှာမူ ဖုန့်နီကို ထိပင် ထိမသွားချေ။ ဖုန့်နီ၏ ခန္ဓာကိုယ်က ငါးတစ်ကောင်ကဲ့သို့ပင်။ ခွမ်ကျန့်၏ လှံပုဆိန် လှုပ်ရှားလိုက်သည်နှင့် သူမ ခါးလိမ်ကာ ရှောင်ပြီး ဖြစ်သွားပေသည်။

ဝှစ်...

ဖုန့်နီသည် သူမ၏ဓားနှင့် ခွမ်ကျန့်ကို လွင့်ထွက်သွားအောင် လုပ်ပြီးသော်လည်း မရပ်တန့်သေးပေ။ သူမသည် လိပ်ပြာတစ်ကောင်အလား အရှေ့သို့ ပျံသန်းကာ ဆက်တိုက်ခိုက်လိုက်သည်။

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ခွမ်ကျန့်တစ်ယောက် ထပ်ခါ ထပ်ခါ လွင့်ထွက်၍ သွေးအန်နေရ၏။ သူ့တွင် တာအိုကောင်းကင်ဝိညာဉ်ရတနာ စစ်ချပ်ဝတ် ရှိသော်လည်း သူ့ကိုယ်ထဲမှ အရိုးအားလုံး ကျိုးနေလောက်ပေပြီ။ ဖုန့်နီ၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်ပါလား။ သူမက အစွမ်းကုန် မသုံးလျှင်ပင် ခွမ်ကျန့် တောင့်ခံနိုင်မည် မဟုတ်ပေ။

“သခင်လေးကျန့်...”

“သခင်လေးကျန့်...”

ယန်ဖူ၊ တောက်မျိုးနွယ် ပန်းသုံးပွင့်၊ သခင်လေးကုန်းယန်နှင့် အခြားအဖော်များအားလုံး မှင်တက်သွားကြ၏။ သူတို့သည် သခင်လေးဟယ်ကျန်း၏ နောက်လိုက်က ထိုမျှသန်မာလိမ့်မည်ဟု ထင်မထားကြပေ။ ခွမ်ကျန့်မှာ တိုက်ကွက်တစ်ကွက်ကိုပင် မကာနိုင်ဘဲ ရှိနေလေသည်။

သူတို့၏ ကောင်းကင်စိတ်အာရုံများက ခွမ်ကျန့်၏ လက်များ ကျိုးသွားပြီးဖြစ်ကြောင်း အာရုံခံမိလိုက်ကြ၏။ သူ လှံပုဆိန်ကိုပင် ဆုပ်ကိုင်မထားနိုင်တော့၍ လှံပုဆိန် ကျသွားသည်မှာ ကြာပြီဖြစ်သည်။ ခွမ်ကျန့်၏ မျက်နှာပေါ်တွင် ဒေါသနှင့် တုန်လှုပ်မှုတို့ ပြည့်နှက်နေသည်။ သို့သော် သူ့တွင် အလျှော့ပေးပြီဟု အော်ရန်ပင် အင်အားမရှိတော့ချေ။

“တော်လောက်ပြီ”

ကျန်းရီသည် ခွမ်ကျန့်၏ အခြေအနေကို တွေ့သောအခါ အရေးမစိုက်ဟန်နှင့် အော်ပြောလိုက်၏။ ဖုန့်နီ ဓားပျော့ကို ချက်ချင်း သိမ်းလိုက်ပြီး ခွမ်ကျန့်ကို မြေကြီးထဲသို့ ကန်ထည့်လိုက်သည်။ ထို့နောက် ကြော့ရှင်းစွာ လက်ဆုပ်၍ ကျန့်ရီဘေးသို့ ပြန်ပျံသန်းသွားလိုက်လေသည်။

“သခင်လေးကျန့်...”

ခွမ်ကျန့်၏ နောက်လိုက် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က ပျံသန်းသွား၏။ သူတို့သည် ခွမ်ကျန့်ကို မြေကြီးထဲမှ တူးထုတ်ကာ သူ့ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးလိုက်ကြသည်။

“အားလုံးပဲ... ကျွန်တော် ဒီမှာ ရတနာ ရှာနိုင်ပြီလား”

ကျန်းရီသည် အားလုံကို အရေးမစိုက်ဟန်နှင့် ဝေ့ဝဲကြည့်လိုက်၏။ ယန်ဖူနှင့် အခြားသူများမှာ ဒေါသထွက်နေကြသော်လည်း မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေကြသည်။ ကျန်းရီ ထိုသခင်လေးများ၊ သခင်မလေးများ၏ တုံ့ပြန်စကားကိုပင် စောင့်မနေတော့ဘဲ ဖုန့်နီကို ခေါ်၍သာ မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ သူ ခွမ်ကျန့်၊ ယန်ဖူနှင့် တောက်မင်တို့ကို တစ်ချက်ပင် ထပ်မကြည့်ခဲ့ပေ။

ကျန်းရီက မည်သို့မှ မပြောခဲ့သော်လည်း အားလုံးသည် မျက်နှာပေါ်တွင် ပူခနဲ ဖြစ်သွားကြ၏။ ကျန်းရီက သူတို့ကို ပါးပိတ်ရိုက်သွားသကဲ့သို့ပင်။

ကျန်းရီသည် တစ်ချက်ပင် မလှုပ်ရှားခဲ့ပါ။ သူက သူ၏နောက်လိုက် မိစ္ဆာကိုသာ စေလွှတ်ခဲ့သည်။ ထိုနောက်လိုက်မိစ္ဆာက ခွမ်ကျန့်ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ ခွမ်ကျန့်တစ်ယောက် ပြန်ပင် မတုံ့ပြန်နိုင်ခဲ့ချေ။

အရေးအကြီးဆုံးမှာ ခွမ်ကျန့်အပါအဝင် အားလုံးသည် သူတို့ မည်သို့ ရှုံးသွားရသည်ကိုပင် မသိခြင်းပင်။ ဖုန့်နီက သူမ၏ တိုက်ခိုက်စွမ်းအားကို များစွာ မဖော်ပြခဲ့ပါ။ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်များကိုလည်း မသုံးခဲ့ပါ။ သို့သော် သူမ၏ ရိုးရှင်းသော တိုက်ကွက်တစ်ကွက်က ခွမ်ကျန့်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပေသည်။

“ဖူး...”

ခွမ်ကျန့်သည် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်၏ ကုသပေးမှုကို ခံယူနေရင်း သွေးအန်လိုက်၏။ သူ့မျက်ဝန်းထဲတွင်လည်း အမုန်းတရားများ ပြည့်နှက်နေသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“ဟယ်ကျန်း... မင်း စောင့်နေ။ ငါ ဒီအနေ့အတွက် လက်စားမချေနိုင်ရင် ငါ့မျိုးရိုးနာမည်က ခွမ် မဟုတ်တော့ဘူး”

ခွမ်ကျန့်က ကောင်းကင်စွမ်းအား သုံး၍ အော်ပြောလိုက်ခြင်း ဖြစ်သဖြင့် သူ့အသံမှာ ကီလိုမီတာငါးထောင်ပတ်လည်အတွင်း ပဲ့တင်ထပ်သွားသည်။ ကျန်းရီက အဝေးသို့ မရောက်သေးသဖြင့် သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ကျန်းရီ လေထဲတွင် ရပ်လိုက်၏။ သူ စိတ်မထိန်းနိုင်တော့ဘဲ ကောင်းကင်စွမ်းအားသုံးကာ ပြန်အော်လိုက်သည်။

“အရူး...အသုံးမကျတဲ့ကောင်”

“ဖူး...”

ခွမ်ကျန့်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်ကာ သတိလစ်သွားလေသည်။

***

“သခင်... ကျွန်မတို့က အရမ်းထင်ပေါ်နေတယ် မဟုတ်လား။ အဲ့ သခင်လေးတွေ၊ သခင်မလေးတွေက ကျွန်မတို့အကြောင်းကို စုံစမ်းရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့အကြောင်း ပေါ်သွားမှာလား”

ကျန်းရီနှင့် ဖုန့်နီတို့ မြောက်ဘက်သို့ ဆက်ပျံသန်းနေကြ၏။ လမ်းတွင် ဖုန့်နီက စိုးရိမ်တကြီး မေးလိုက်သည်။ ဟယ်ကျန်း သေသွားပြီဆိုသော သတင်းကို ဟယ်မျိုးနွယ်က ဖုံးဖိထားသော်လည်း ဟယ်မျိုးနွယ်ထဲတွင် သူလျှိုများ ရှိနေလျှင် ထိုအကြောင်းကို သူတို့ အလွယ်တကူ စုံစမ်းသိရှိသွားနိုင်သည် မဟုတ်လော။

ကျန်းရီက အရှင်မချင်လင်းနှင့် ဆက်ဆံ‌ရေးကောင်းများ ရှိခဲ့သည်။ ယခု သူ့ဘေးတွင်လည်း မိစ္ဆာမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိနေရာ လူများက သူ့ကို သံသယစဝင်လာနိုင်သည်။ အကယ်၍ တောက်လန်က လာစစ်ဆေးလျှင် အရာအားလုံး ပေါ်သွားပေလိမ့်မည်။

“အဆင်ပြေပါတယ်”

ကျန်းရီ စိတ်ထဲ သိပ်မထားပါ။ ဟယ်နုန်ယင်းက သူ့ကို ဟယ်ကျန်းအဖြစ် ဟန်ဆောင်စေလိုက်ပြီဖြစ်၍ လိုအပ်သည်များကို ပြင်ဆင်ထားပေလိမ့်မည်။ အနည်းဆုံးတော့ အချိန်တိုအတွင်း သူ့အကြောင်း ပေါ်သွားလိမ့်မည် မဟုတ်ပေ။

ဖုန့်နီ မေးခွန်းများစွာ ဆက်မမေးတော့ပေ။ နှစ်ယောက်သာ အရှေ့သို့သာ ဆက်ပျံသန်းနေကြသည်။ ဆယ်နာရီနီးပါး ပျံသန်းပြီးနောက် ချီဟုန်၏ အသံပို့လွှတ်မှု ထွက်ပေါ်လာ၏။

“ငါ ရှာတွေ့ပြီ။ အဲ့ဒါက အရှေ့က တောင်ထွတ်ထဲမှာပဲ။ အဲ့က အကာအရံတွေကို အတင်း‌ဖောက်လိုက်”

“ဟုတ်ကဲ့ပါ”

ကျန်းရီ မျက်လုံးအရောင်လက်သွား၏။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ သူတို့အရှေ့ရှိ တောင်ထွတ်ကို အာရုံခံလိုက်သည်။ တစ်ကြိမ် အာရုံခံပြီးနောက် သူ မည်သည်ကိုမှ ရှာမတွေ့သေးပေ။ သူ ခေတ္တမျှ တွေးတောပြီးနောက် လက်မြှောက်၍ အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်လေသည်။

ဝုန်း...

တောင်ထွတ်က တုန်ခါသွားပြီး ကျောက်တုံးများ လိမ့်ဆင်းသွား၏။ ကျန်းရီနှင့် ဖုန့်နီတို့သည် မည်သည့်အကာအရံကိုမှ အာရုံမခံမိသလို မူမမှန်မှုကိုလည်း မခံစားမိကြပေ။ သို့သော် မကြာခင်မှာပင် သူတို့နှစ်ယောက် ပြဿနာတစ်ခုကို တွေ့သွားကြ၏။ ကျန်းရီ တိုက်ခိုက်လိုက်ပြီးနောက် ကျောက်တုံးများ လိမ့်ဆင်းသွားသော်လည်း သူ့တိုက်ခိုက်မှု ထိမှန်သွား‌သောနေရာတွင် အပေါက်ဖြစ်မသွားခဲ့ပေ။ ယခုတွင် ကျန်းရီ၏ ကောင်းကင်စွမ်းအားက အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ သူ့အနေဖြင့် တောင်ထွတ်တစ်ခုတွင် အပေါက်ဖြစ်သွားအောင် အလွယ်တကူ လုပ်နိုင်ပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီနှင့် ဖုန့်နီတို့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။ သို့သော် သူတို့ အစွမ်းကုန် ထုတ်မသုံးဝံ့ကြပါ။ ပတ်ဝန်းကျင်တွင် အခြားသူများ ရှိနေနိုင်သည် မဟုတ်ပါလား။ ဤနေရာတွင် ကောင်းကင်စိတ်အာရုံများကို ဝေးဝေးသို့ ပို့လွှတ်၍ မရပေ။ သို့သော် အနီးနားတွင် ပုန်းအောင်းနေသူများ ရှိနေလျှင် မည်သို့လုပ်မည်နည်း။

ဆယ်ချီကျော် တိုက်ခိုက်ပြီးသည်အထိ တောင်အပေါ်ယံမှ ကျောက်များသာ လိမ့်ဆင်းသွားသည်။ တောင်အတွင်းလွှာက ပြိုမကျသေးပေ။ ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ အာရုံခံလိုက်၏။ ထိုအခါ သူ တောင်ထွတ်ထဲရှိ တုန်ခါလှိုင်းခပ်ရေးရေးတစ်ခုကို ခံစားလိုက်ရသည်။ ယင်းမှာ အကာအရံတစ်ခုမှ ထွက်လာသော တုန်ခါလှိုင်းပင်။

‘အဲ့အစိတ်အပိုင်းကို ဖုန်းရှားမဟာဧကရာဇ်က ရသွားခဲ့တာလား။ ပြီးတော့ သူက ဒီတောင်ထွတ်ကို ပိတ်ဖို့ အဲ့လောက်စွမ်းအားကြီးတဲ့ အစီအရင်ကို သုံးထားတာလား။ အဲ့အစိတ်အပိုင်းကို ဒီလောက်နှစ်တွေအများကြီး ကြာတာတောင် ဘယ်သူမှ ရှာမတွေ့တာ မထူးဆန်းတော့ပါဘူး’

ကျန်းရီ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုအစီအရင်က အလွန်ခိုင်မာလွန်းသည်။ သူနှင့် ဖုန့်နီတို့ အစွမ်းကုန် ထုတ်သုံးမည်ဆိုလျှင်ပင် အစီအရင်ကို ဖျက်ရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။ အကယ်၍ ချီဟုန်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ တိုက်ခိုက်မည်ဆိုလျှင်တော့ ပိုလွယ်ကူလောက်သည်။ သို့သော် သူတို့ပတ်ပတ်လည်တွင် လူများ ရှိနေသည်။ အကယ်၍ ချီဟုန်တို့က တိုက်ခိုက်မည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်ပင် ဤကို ချက်ချင်း ရောက်လာလောက်ပေသည်။

ထို့ကြောင့် ကျန်းရီနှင့် ဖုန့်နီတို့သည် ဆက်တိုက်ခိုက်ရင်း အစီအရင်၏ စွမ်းအင်ကို ဖြည်းဖြည်းချင်း ကုန်သွားအောင် လုပ်နေရ၏။

‘အဲ့အရူးခွမ်ကျန့် လာပြီးပြဿနာမရှာဖို့ မျှော်လင့်ပါတယ်’

တစ်နာရီကြာအောင် တိုက်ခိုက်ပြီးနောက် ကျန်းရီ တွက်ချက်မှုအချို့ ပြုလုပ်လိုက်၏။ အစီအရင်၏စွမ်းအင် ကုန်သွားရန် အနည်းဆုံး အချိန်တစ်ရက်လောက် လိုပေလိမ့်မည်။ ထိုတစ်ရက်မှာ အထက်ဘုံအချိန်ဖြစ်သည်။ ထိုမျှအချိန်အတွင်း ခွမ်ကျန့်တို့က သူတို့ကို မတွေ့ဘဲ နေမည် မဟုတ်ချေ။

မျှော်လင့်ထားသလိုပင်...

နေ့ဝက်မပြည့်ခင်မှာပင် လူတစ်စု ပျံသန်းလာ၏။ အစောတွင် ကျန်းရီနှင့် ဖုန့်နီတို့ လူဒါဇင်ကျော်နှင့် တွေ့ဆုံခဲ့ရ၏။ ယခုတွင်မူ ထိုလူများက တစ်ရာကျော်နေပြီဖြစ်သည်။ သူတို့ထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်လေးဆယ်ကျော်လည်း ပါပေသည်။ ထိုလူစုက အလွန်ခက်ထန်ကြ၏။ သူတို့က ကောင်းသောရည်ရွယ်ချက်နှင့် လာခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။

***

All Chapters