ဟယ်ကျန်းကို ဒုက္ခိတဖြစ်သွားအောင် လုပ်မယ်
Vol. 132 Ch. 1842
ခွမ်ကျန့်၏ ဒဏ်ရာများက ပျောက်လုနီးပါး ဖြစ်နေပေပြီ။ နေ့တစ်ဝက် ကုန်သွားခဲ့ပြီ မဟုတ်ပါလား။ မျိုးနွယ်ကြီးများမှ သခင်လေးတိုင်းတွင် ထိပ်တန်းအဆင့် ဆေးလုံးများ ရှိကြသည်။ ထို့ကြောင့် အပေါ်ယံဒဏ်ရာများကို ကုသရန်မှာ အလွန်လွယ်ပေသည်။
ခွမ်ကျန့်နှင့် ယန်ဖူတို့သည် လူတစ်စုကို ဦးဆောင်၍ ကျန်းရီနှင့် ဖုန့်နီတို့ကို အဝေးမှ ကြည့်နေသည်။ တစ်ခဏနေမှ ခွမ်ကျန့် အေးစက်စွာ ပြောလိုက်သည်။
“ဟယ်ကျန်း... ရတနာတွေကို ငါတို့နဲ့ ခွဲဝေယူမယ်ဆိုရင် ဘယ်လိုလဲ”
ကျန်းရီသည် တိုက်ခိုက်နေခြင်းကို ရပ်၍ လှည့်ကြည့်ကာ ခပ်ရေးရေးပြုံးလျက် ပြန်ပြောလိုက်၏။
“ဘာကြောင့်လဲ။ မင်းတို့က မင်းတို့ရဲ့စွမ်းအားကို သုံးပြီး သူများတွေကို အနိုင်ကျင့်ပြီး ရတနာတွေ လုမှာလား။ ကောင်းကင်ဘုံက သခင်လေးတွေ၊ သခင်မလေးတွေတဲ့... မင်းတို့က အဲ့လောက် အရှက်မဲ့တယ်လား”
ကျန်းရီ၏ စကားကြောင့် သခင်မလေးများစွာ အရှက်ရသွားကြ၏။ သူမတို့သည် ခေါင်းငုံ့ကာ ကျန်းရီနှင့် မျက်လုံးချင်းဆုံ၍ မကြည့်ရဲကြတော့ပေ။ ယန်ဖူသည်လည်း အတန်ငယ် ရှက်သွားသည်။
သို့သော် ခွမ်ကျန့်မှာ အရှက်ကွဲခဲ့ရပြီး ဖြစ်၍ မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ အေးစက်စက် ဆက်ပြောလိုက်၏။
“သူများတွေကို အနိုင်ကျင့်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါတို့က ရတနာတွေကို လုမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။ အဲ့ရတနာတွေက မင်းမျိုးနွယ် ပိုင်တာ မို့လို့လား။ ပြောရရင်... ပြီးခဲ့တဲ့တစ်ခေါက် ဖုန်းရှားဆန်းကြယ်နယ်မြေ ဖွင့်တုန်းက ငါ့မျိုးနွယ်က ဒီတောင်နဲ့ပတ်သတ်ပြီး တစ်ခုခု မှားနေတာကို သတိထားမိခဲ့တယ်။ မင်းသာ မြောက်ဘက်ကိုမလာခဲ့ရင်၊ မင်းနောက်လိုက်က ငါ့ကို မတိုက်ခိုက်ခဲ့ရင် ငါ အဲ့အစီအရင်ကို ဖျက်ပြီးနေတာ ကြာလောက်ပြီ။ လုတဲ့အကြောင်း ပြောချင်သေးရင် မင်းကသာ ငါတို့ရဲ့ ရတနာကို လုတာပဲ”
“ဟားဟားဟား...”
ကျန်းရီသည် အလွန်ဒေါသထွက်သွားသဖြင့် တဟားဟား အော်ရယ်လိုက်၏။ ပြီးမှ သူ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ရူးသွပ်မဟာဧကရာဇ်က အရမ်းကျော်ကြားတယ်။ ဒါပေမဲ့ ဘယ်လိုလုပ် သူ့မှာ ဒီလိုဉာဏ်နည်းနဲ့ မျိုးဆက်တစ်ယောက် ရှိနေရတာလဲ”
“အပိုစကားတွေ ပြောမနေနဲ့”
ခွမ်ကျန့်က အေးစက်စက် ပြောလိုက်၏။
“ပြောစမ်း... ရတနာတွေကို ခွဲပေးမှာလား၊ မပေးဘူးလား”
ကျန်းရီ ပခုံးတွန့်ကာ မေးလိုက်သည်။
“ငါက ခွဲမပေးဘူးဆိုရင်ရော မင်းတို့က ငါ့ကို ဝိုင်းတိုက်ကြမှာလား။ ဟယ်မျိုးနွယ်က ဒေါသမထွက်တတ်ဘူးလို့ မင်းတို့ ထင်လား”
ကျန်းရီသည် ပြောပြောဆိုဆိုနှင့် အားလုံးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ သူ့အကြည်က ဓားတစ်ချောင်းအလား စူးရှနေသည်။ သူ့သတ်ဖြတ်အရှိန်အဝါလည်း ထွက်လာသည်။ သူ၏ သတ်ဖြတ်အရှိန်အဝါက မည်မျှ ကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုအခိုက်တွင် အားလုံး၏ မျက်လုံးထဲ၌ ကျန်းရီက သေမင်းတစ်ပါးကဲ့သို့ ရှိနေပေသည်။ သူသည် သူ၏တာအိုကို သက်သေပြရန် သတ်ဖြတ်တော့မည့် သူရဲကောင်းတစ်ယောက်လိုပင်။ သခင်မလေးများဆိုလျှင် အသက်ပင် မရှူနိုင်ကြတော့ချေ။
“သခင်လေးကျန့်... ကျွန်တော်တို့ ပြီးခဲ့တာတွေကို ပြီးစေတော့လို့ သဘောထားလိုက်လို့ မရဘူးလား”
ဟဲ့ရန်က ခွမ်ကျန့်ကို ဖျောင်းဖျလိုက်၏။ အစောတွင် ကျန်းရီ ကြည့်သည်ကို ခံရချိန်၌ သူ ထိတ်လန့်သွားခဲ့ပေသည်။ ယခင်တွင် ဟယ်ကျန်းက ဟယ်မျိုးနွယ်ခွဲမှ သခင်လေးတစ်ယောက်သာဖြစ်၍ သူ့ကို များစွာအရေးမစိုက်မိခဲ့ပေ။ ယခုတွင် ထိုသခင်လေးက အလွန်စွမ်းအားကြီးပြီး အားကောင်းသော အရှိန်အဝါတစ်ခု ရှိကြောင်း သူ သိသွားပေပြီ။ ဟယ်ကျန်းသာ အချိန်မတိုင်ခင် မသေလျှင် သေချာပေါက် ဟယ်မျိုးနွယ်၏ အဆင့်မြင့်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ဟဲ့ရန်သည် ဟယ်ကျန်းအပေါ် အပြစ်မပြုမိလိုပေ။
“မင်းစကားက ဘာအဓိပ္ပာယ်လဲ”
ခွမ်ကျန့် စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။
“သူတို့ဘက်က နှစ်ယောက်တည်း၊ ငါတို့ဘက်က လူအများကြီး။ ငါတို့က သူတို့နှစ်ယောက်ကို ကြောက်တယ်လို့ မင်းက ထင်လို့လား။ မင်းတို့အကုန်လုံး ဘာမှ မကြောက်ကြနဲ့။ တကယ်လို့ ဟယ်မျိုးနွယ်က အပြစ်တင်ရင် အကျိုးဆက်တွေ အကုန်လုံးကို ငါပဲ ခေါင်းခံမယ်”
“ကျွန်တော် တောင်းပန်ပါတယ် သခင်လေးကျန့်... ကျွန်တော် ဟယ်မျိုးနွယ်ကို အပြစ်မပြုဝံ့ပါဘူး”
ဟဲ့ရန်သည် အံကြိတ်၍ ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူနှင့်အတူ ပါလာခဲ့သော အုပ်ချုပ်သူအဆင့် သိုင်းသမား အနည်းငယ်ကို ခေါ်၍ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသည်။ လေဘုံမှ မျိုးနွယ်ကြီး ဆယ်ခုကျော်သည်လည်း ထိတ်လန့်ကာ ဟဲ့ရန်နောက်မှ လိုက်၍ ထွက်သွားကြသည်။ ကောင်းကင်ဘုံမှ သခင်လေး၊ သခင်မလေးများနှင့် သူတို့၏ အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်များသာ ကျန်ခဲ့ပေသည်။
“သုံးစားမရတဲ့ဟာတွေ”
ခွမ်ကျန့် ဒေါသတကြီး အော်လိုက်သည်။ ထို့နောက် သူ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် ယန်ဖူတို့ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းတို့ရော အဲ့ကောင်စုတ်ကို ကြောက်လား”
တောက်မင်သည် ကျန်းရီ၏ အရှိန်အဝါကြောင့် ရှိန်နေပြီဖြစ်သည်။ သို့သော် ခွမ်ကျန့်၏ စိတ်ဆွမှုကို ခံလိုက်ရသောအခါ အံကြိတ်၍ ပြောလိုက်၏။
“ဟာသပဲ... တောက်မင်က သခင်လေးဟယ်ကျန့်ရဲ့ အရည်အချင်းကို ကိုယ်တိုင်မြည်းစမ်းကြည့်ချင်နေတာ”
ဝှစ်....
တောက်မင်သည် ပြောပြီးသည်နှင့် အရှေ့သို့ ပျံသန်းသွားလိုက်၏။ သူမ၏လက်ထဲတွင်လည်း ယပ်တောင်တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုယပ်တောင်မှနေ၍ ချိုအီသော မွှေးရနံတစ်ခု ထွက်နေသည်။ သူမသည် ယပ်တောင်ကို ယမ်း၍ ခုနစ်ရောင်ခြယ် အလင်းတန်းများကို တစ်တန်းပြီးတစ်တန်း ပစ်လွှတ်လိုက်၏။ ထိုအလင်းတန်းများက ကျန်းရီကို မတိုက်ဘဲ လေလှိုင်းများအဖြစ် ပြောင်းလဲသွားကာ ကျန်းရီပတ်ပတ်လည်မှ အာကာပြင်ကို လွှမ်းခြုံသွားသည်။
‘စိတ်ဝိညာဉ် တိုက်ခိုက်မှုလား’
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ ရနံ့မွှေးသော လေလှိုင်းများက ထူးခြားသော စွမ်းအင်တန်းများအဖြစ် ပြောင်းလဲကာ သူ့စိတ်ဝိညာဉ်ထဲ ကျူးကျော်ရန် ကြိုးစားနေသည်ကို သူ ခံစားနေရပေသည်။ သူ တံဆိပ်စာလုံးများကို ထုတ်မသုံးနိုင်သဖြင့် သူ့မျက်လုံးများ ဝေဝါးလာလေသည်။
ယင်းကို မြင်လိုက်ရသောအခါ တောက်မင်၏ မျက်လုံးများ အရောင်လက်သွား၏။ သူမ ဖြန့်ထားသော ပန်းရောင်ယပ်တောင်ကို ပိတ်၍ ကျန်းရီ၏ ခေါင်းကို ရိုက်ချလိုက်သည်။
ဖုန့်နီက ကျန်းရီနှင့် သိပ်မဝေးပေ။ ပေရာကျော်အကွာတွင်သာ ရှိနေသည်။ သို့သော် သူမ ကျန်းရီကို မကူညီလိုက်ချေ။ ကျန်းရီ၏ စိတ်ဝိညာဉ်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူမ ကောင်းစွာသိပေသည်။ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုလေးက သူ့အတွက် မမှုလောက်ပေ။
“ဟွန်း...”
တောက်မင်၏ ယပ်တောင်က အစိမ်းရောင်၊ အနီရောင် လင်းလက်လာ၏။ ၎င်းယပ်တောင်က သာမန်အသုံးအဆောင်တစ်ခု မဟုတ်ကြောင်း ထင်ရှားသည်။ ၎င်းသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို သယ်ဆောင်၍ ကျန်းရီ၏ ဦးခေါင်းအပေါ် ကျဆင်းလာပေသည်။
ရွှီး...
ထိုအခိုက်တွင် ကျန်းရီ၏ မျက်ဝန်းများက ရုတ်တရက် ပြန်ကြည်လင်သွား၏။ သူ မည်သည့်ဆန်းကြယ်စွမ်းရည်၊ မည်သည့်စည်းမျဉ်းကိုမှ မထုတ်လွှတ်လိုက်ဘဲ လက်တစ်ဘက်မြှောက်က ခပ်ဖွဖွ ရိုက်လိုက်သည်။
ဖြန်း...
ခပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာပြီး အားလုံး၏ အာရုံများက ထိုလက်ဝါးအပေါ် ကျရောက်သွားကြ၏။ သူတို့သည် ကျန်းရီ၏လက်ဝါးက တောက်မင်၏ပါးကို ရက်ရက်စက်စက် ရိုက်လိုက်၍ သူမမျက်နှာ ပုံပျက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။ ထို့နောက် သူမမျက်နှာတစ်ခြမ်းက ရွဲ့စောင်းသွားပြီး သူမသည် ဂုံနီအိတ်တစ်လုံးအလား လွင့်ပျံထွက်သွားလေသည်။
ရှူး...ရှူး...
လူများစွာ အလိုလို ပင့်သက်ရှိုက်မိသွားကြ၏။ ထိုရိုက်ချက်က အလွန်မြန်ကာ အလွန်ပြင်းထန်သည်။ တောက်မင်၏ လှပသော မျက်နှာလေးက ပုံပျက်ပန်းပျက် ဖြစ်သွားပေတော့မည်။
တောက်မင်ထံတွင် ထိပ်တန်းအဆင့် ဆေးဝါးများ ရှိနိုင်ပါ၏။ သို့သော် သခင်လေး၊ သခင်မလေး များစွာ၏ အရှေ့တွင် မျက်နှာပုံပျက်သွားခြင်းဖြစ်ရာ တစ်သက်လုံး လှောင်ပြောင်ခံရလောက်ပေသည်။
ဝုန်း...
တောင်မင်သည် အဝေးမှ တောင်တစ်လုံးနှင့် ဝင်ဆောင့်ပြီး ပြန်ကန်ထွက်လာ၏။ သူမသည် ဆောင့်ချက်ကြောင့် မူးဝေနေပြီး မြေပြင်ပေါ်တွင် အပတ်အနည်းငယ် လိမ့်သွားပြီးနောက် မြောင်းတစ်ခုထဲ လိမ့်ကျသွားသည်။
“အား...အား...အား...”
ထိုမြောင်းထဲတွင် ဗွက်ပုတ်များ ပြည့်နေ၏။ တောင်မင်သည် မြောင်းထဲမှ လျင်မြန်စွာ ပျံထွက်လိုက်သော်လည်း တစ်ကိုယ်လုံး ဗွက်ပုတ်များ ပေကုန်သည်။ သူမ၏ ဆံပင်များမှာလည်း ရှုပ်ပွနေသည်။ သူမ၏ အဝတ်များမှာ စုတ်ပြဲနေပြီး သူမ၏ မျက်နှာတစ်ခြမ်းက ဝက်ခေါင်းကဲ့သို့ ယောင်ကိုင်းနေပေသည်။ သူမသည် ထိပ်တန်း သခင်မလေးတစ်ယောက်နှင့် မတူတော့ပေ။
တောင်မင်သည် ဒေါသထွက်လွန်းသဖြင့် ရူးသလိုလိုပုံစံ ဖြစ်လာ၏။ သူမသည် မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ဟယ်ကျန်းထံ ပျံသန်းကာ အော်ပြောလိုက်သည်။
“ဟယ်ကျန်း... ကျွန်မ ရှင့်ကို သတ်မယ်၊ ရှင့်ကို သတ်မယ်”
“ခွေးမ...”
ကျန်းရီ လှမ်းကြည့်လိုက်၏။ သူ့မျက်ဝန်းများက သက်တမ်းနှစ်သောင်းရှိသော ရေခဲကဲ့သို့ အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ ထွက်နေသော သတ်ဖြတ်အရှိန်အဝါကလည်း ပိုသိပ်သည်းလာပြီး တောင်မင်းကို လွှမ်းခြုံသွားသည်။ ပြီးမှ သူ အေးစက်စက် ပြောလိုက်လေသည်။
“မင်း သွေးရူးသွေးတန် ထပ်လုပ်ရင် ငါ မင်းရဲ့ အူတွေကို ဆွဲထုတ်ပစ်မယ်ဆိုတာကို မင်းယုံလား”
ကျန်းရီသည် ဤတစ်ခေါက်တွင် သူ၏ သတ်ဖြတ်အရှိန်အဝါကို အဆုံးစွန် ထုတ်လွှတ်လိုက်သည်။ သူ၏သတ်ဖြတ်အရှိန်အဝါမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းပါသနည်း။ တောင်မင်ကဲ့သို့ မိန်းမပျိုလေးတစ်ယောက်က ထိုကဲ့သို့ ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါတစ်ခု၏ လွှမ်းခြုံမှုကို မည်သည့်အခါက ခံဖူးပါမည်နည်း။
ထိုပြင် ကျန်းရီ၏ မျက်ဝန်းများကလည်း သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်၏ မျက်ဝန်းများအလား ခက်ထန်နေသည်။ ယင်းတို့ကို သူ၏ ရက်စက်သော စကားများနှင့် ပေါင်းစပ်လိုက်သောအခါ တောက်မင် ရုတ်တရက် သတိပြန်ကပ်သွားပြီး နေရာမှာပင် ရပ်တန့်သွားသည်။ သူမ အရှေ့ကို ခြေတစ်လှမ်းပင် ဆက်မတိုးဝံ့တော့ချေ။
“အာ...”
အားလုံး မျက်နှာပျက်သွားကြ၏။ သူတို့အားလုံးလည်း ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါကြောင့် တုန်လှုပ်နေကြသည်။ ယန်ဖူ၊ သခင်မလေးကုန်းယန်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။ ထိုသခင်လေးဟယ်ကျန်း၏ တိုက်ခိုက်စွမ်းအားနှင့် အရှိန်အဝါက ထိုမျှ အားကောင်းနေသည်လော။ သူတို့ပင်လျှင် သူနှင့် မယှဉ်နိုင်ကြပေ။ တောက်ဖုန့်၊ ယန်မျိုးနွယ်၏ ပထမသခင်လေး၊ ခွမ်မျိုးနွယ်၏ ပထမသခင်လေးတို့နှင့် ယှဉ်လျှင်ပင် ထိုဟယ်ကျန်းက ပို၍ စွမ်းအားကြီးနေလောက်ပေသည်။
သို့သော် သူက ထိုမျှစွမ်းအားကြီးနေလျှင် အဘယ်ကြောင့် ဟယ်မျိုးနွယ်၏ ပထမသခင်လေး ဖြစ်မနေရသနည်း။ မည်သူကမှ ဟယ်ကျန်းက ကျန်းရီ ဖြစ်နေလိမ့်မည်ဟု သံသယမဖြစ်ကြပါ။ ဟယ်နုန်ယင်းက ချီလင်းဧကရီ၏ မျက်နှာသာပေးမှုကို ခံရ၍သာ ဟယ်ကျန်းကို ကျော်၍ ဟယ်မျိုးနွယ်၏ နံပါတ်တစ် ဖြစ်နေရခြင်းဖြစ်မည်ဟု တွေးလိုက်ကြသည်။
ခွမ်ကျန့်နှင့် ယန်ဖူတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်က မျိုးနွယ်ကြီးများမှ သခင်လေးများ ဖြစ်ကြသည်။ သို့သော် ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့၏ မျက်လုံးထဲတွင် သူတို့က အသုံးမကျသူများသာဖြစ်ကြောင်းကို သူတို့ သိကြသည်။
ထို့ပြင် ဟယ်ကျန်း၏ တိုက်ခိုက်စွမ်းအားနှင့် အရှိန်အဝါအရ သူက ချီလင်းဧကရီနှင့် ဟယ်မျိုးနွယ်၏ တန်ဖိုးထားမှုကို သေချာပေါက် ခံရပေလိမ့်မည်။ အကယ်၍ ယနေ့တွင် တစ်ခုခု မှားသွားလျှင် သူတို့ ဟယ်ကျန်းကို လက်စားချေနိုင်လိုက်လျှင်ပင် ချီလင်းဧကရီနှင့် ဟယ်မျိုးနွယ်တို့ ဝင်မပါခင်မှာပင် သူတို့မျိုးနွယ်များ၏ အပြစ်ပေးမှုကို ခံရနိုင်ပေသည်။
“တိုက်ကြတာပေါ့”
သို့သော် နောက်ဆုံးတွင် သူတို့၏ မာနက သူတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အနိုင်ရသွား၏။ ဟယ်ကျန်း၏ အဆင့်အတန်းက သူတို့၏ အဆင့်အတန်းထက် များစွာနိမ့်နေသေးသည်။ အကယ်၍ သူတို့ ယနေ့တွင် ဟယ်ကျန်းကို ပြန်မတိုက်လျှင် နောင်တွင် ကောင်းကင်ဘုံ၌ ဦးမော့နိုင်တော့မည် မဟုတ်ပေ။ သူတို့နှစ်ယောက် ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ပြီးမှ ခွမ်ကျန့်ကာ အော်ပြောလိုက်သည်။
“အားလုံးပဲ အတူတိုက်ကြမယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ငါ တာဝန်ခံမယ်”
ဝှစ်...ဝှစ်...
ခွမ်ကျန့်နှင့် ယန်ဖူတို့ တစ်ပြိုင်တည်း အရှေ့သို့ ပျံသန်းသွားကြ၏။ သူတို့၏ ကိုယ်ရံတော်များသည်လည်း ရွေးချယ်စရာမရှိတော့ဘဲ နောက်မှ လိုက်သွားကြရသည်။ တောက်မင်လည်း အသိပြန်ကပ်လာကာ အော်ပြောလိုက်သည်။
“အတူ တိုက်ကြမယ်၊ ဟယ်ကျန်းကို ဒုက္ခိတဖြစ်သွားအောင် လုပ်မယ်”
***