← Chapters

အရိုးအကုန်လုံးကို ချိုးပစ်

Vol. 132 Ch. 1843

အရိုးအကုန်လုံးကို ချိုးပစ်

Vol. 132 Ch. 1843

ခွမ်ကျန့်တို့ဘက်တွင် လက်ရှိ လူလေးဆယ်ကျော် ရှိ၏။ ထိုထဲမှ အယောက်နှစ်ဆယ်မှာ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ဖြစ်ကြသည်။ သို့သော် ကျန်းရီသည် သူတို့ကို မမှုသလို တိုက်ခိုက်လိုစိတ်လည်း မရှိပေ။ ထို့ကြောင့် သူ နောက်ဆုတ်ကာ ဖုန့်နီကို ပြောလိုက်သည်။

“သူတို့ အကုန်လုံးကို ဒုက္ခိတတွေ ဖြစ်သွားအောင် လုပ်လိုက်”

“ဟုတ်ကဲ့ပါ”

ဖုန့်နီသည် ရွက်ကြွေတစ်ရွက်အလား အရှေ့သို့ ဝေ့ဝဲပျံသန်းသွား၏။ လူလေးဆယ်ကျော်ကလည်း သူမဆီ ပျံသန်းလာကြသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများမှာ အဆင့်တစ်ဆင့်သာ ကွာသည်ဖြစ်သော်လည်း သူတို့၏ စွမ်းရည်များမှာမူ မိုးနှင့်မြေလို ကွာခြားကြသည်။ ဖုန့်နီ၏ မျက်လုံးထဲတွင် ထိုလူစုမှာ ပုရွက်ဆိတ်များနှင့် မခြားပေ။ သူမသည် သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။၊

ဝှစ်...

ကျန်းရီက အနီးရှိ တောင်ထွတ်သို့ လျင်မြန်စွာ ဆုတ်ခွာသွားလိုက်၏။ ထို့နောက် လက်မြှောက်ကာ အလင်းတန်းများ ပစ်လွတ်လိုက်သည်။ သူသည် တိုက်ပွဲကို လုံးဝလျစ်လျူရှုကာ အစီအရင်ကို ဆက်တိုက်ခိုက်နေခြင်းပင်။

ဝုန်း...ဝုန်း...ဝုန်း...

ခွမ်ကျန့်တို့ ဒေါသထွက်သွားကြ၏။ သူတို့အားလုံး ဖုန့်နီထံသို့ အဝေးပစ်တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ကြသည်။ ဖုန့်နီ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက လှိုင်းထန်နေသော ပင်လယ်ပြင်ပေါ်တွင် ကခုန်နေသော လိပ်ပြာတစ်ကောင်အလား ဝေ့ဝဲပျံသန်းနေပေသည်။ သူမသည် တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းနိုင်လိုက်၏။ ကျန်သော တိုက်ခိုက်မှုများကိုလည်း လက်ဝါးနှင့် အလွယ်တကူ ဖျက်လိုက်နိုင်သည်။

ဖုန့်နီက အလွန်လျင်မြန်ရာ တစ်ခဏအတွင်းမှာပင် လူတစ်စုကြားသို့ ရောက်သွားသည်။ သူမလက်ထဲ၌ ဓားပျော့ထွက်ပေါ်လာ၏။ ထိုဓားပျော့က မြွေတစ်ကောင်အလား တွန့်လိမ်ကာ အရှေ့သို့ ထိုးထွက်သွားသည်။ ခပ်အုပ်အုပ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူများစွာ လွင့်ပျံသွားကြ၏။ သူမ၏ တိုက်ခိုက်မှုက မယုံနိုင်လောက်အောင် ပြင်းထန်ပေသည်။

ဖုန့်နီသည် ယခုအထိ မည်သည့်ဆန်းကြယ်စွမ်းရည်၊ မည်သည့်စည်းမျဉ်း၊ မည်သည့်လျှို့ဝှက်အတတ်ကိုမှ ထုတ်မသုံးသေးပါ။ သူမသည် ကျင့်ကြံခြင်းအဆင့် ကွာခြားမှုနှင့် သူမ၏ ဉာဏ်ရည်ကိုသာ အမှီပြု၍ ပြိုင်ဘက်များကို လွင့်ပျံထွက်သွားစေနေသည်။ သူမသည် သေမျိုးတစ်စုနှင့် ယှဉ်ပြိုင်နေရသော ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူမက ကောင်းကင်နတ်ဘုရားစွမ်းရည်များကို ထုတ်မသုံးလျှင်ပင် ထိုသေမျိုးတစ်စုက သူမနှင့် ယှဉ်နိုင်ပါမည်လော၊ သူမကို ထိခိုက်အောင် လုပ်နိုင်ပါမည်လော။

ရွှီး...

သို့သော် အဆုံးပိုင်းတွင် ဖုန့်နီ သတိလက်လွတ် မနေဝံ့‌တော့ပေ။ ယန်ဖူ၏ မီးအနှစ်သာရက အလွန်စွမ်းအားကြီးသည်။ ခွမ်မျိုးနွယ်မှ ကိုယ်ရံတော်များကလည်း ဝိညာဉ်ဘုရင်တို့နှင့်ပင် ယှဉ်နိုင်ကြသည်။ ထို့ပြင် သူတို့ထံ၌လည်း အလွန်ထူးခြားသော အနှစ်သာရတစ်ခု ရှိကြပေသည်။

ထို့ကြောင့် ဖုန့်နီသည် ထျန်းဖုန့်မျိုးနွယ်၏ စွမ်းရည်ကို ထုတ်သုံးရတော့၏။ ၎င်းစွမ်းရည်မှာ အလွန်ဆန်းကြယ်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲမှနေ၍ အဖြူရောင်အလင်းတန်းများ ပျံထွက်သွားသည်။ ထိုအလင်းတန်း ထိမှန်ခံလိုက်ရသူတိုင်း စက္ကန့်အနည်းငယ်မျှ တွေဝေသွားကြ၏။ စက္ကန့်အနည်းငယ်မှာ ဖုန့်နီ တိုက်ခိုက်နိုင်ရန်အတွက် လုံလောက်ပေသည်.

ဝုန်း...ဝုန်း...ဝုန်း...

ဖုန့်နီသည် စူးရှကာ ဖျက်ဆီး၍ မရနိုင်သော မြားတစ်စင်းအလား လူအုပ်စုထဲ ထိုးဖောက်နေ၏။ သူမ ရှေ့တိုးသွားလျှင် လူများက ဘေးနှစ်ဘက်သို့ လွင့်ပျံထွက်ကုန်ကြသည်။ တာအိုကောင်းကင်ဝိညာဉ်ရတနာများ သို့မဟုတ် ရှေးဦးဝိညာဉ်ရတနာများ ရှိသူများပင် လွင့်ပျံကာ သွေးအန်ကုန်ကြသည်။ မိမိကိုယ်ကိုယ် ကာကွယ်ရန် စွမ်းအားကြီး ရတနာများ မရှိသူများ၏ အခြေအနေမှာမူ ပိုဆိုးပေသည်။ သူတို့၏ ခန္ဓာကိုယ်များအတွင် အပေါက်များ ဖြစ်နေပြီး သူတို့၏ အရိုးများလည်း ကျိုးနေကြသည်။

ကျန်းရီက ဖုန့်နီအား သူတို့အားလုံးကို သတ်ရန်မပြောဘဲ ဒုက္ခိတများ ဖြစ်သွားအောင် လုပ်ရန်သာ ပြောလိုက်၍ တော်ပေသေးသည်။ မဟုတ်လျှင် ဖုန့်နီသည် စက္ကန့်အနည်းငယ်အတွင်း လူတစ်ဒါဇင်လောက်ကို သတ်ပစ်နိုင်ပေသည်။

ဆောင်းဦးလေက ရွက်ကြွေကို သယ်ဆောင်သွား၏။

ဖုန့်နီ၏ သွက်လက်ကျင်လည်မှုက အားလုံးကို မှင်တက်နေစေသည်။ အစတွင် ခွမ်ကျန့်နှင့် ယန်ဖူတို့သည် ဟယ်ကျန်းတို့က အုပ်ချုပ်သူအဆင့် သိုင်းသမားများသာ ဖြစ်၍ မည်မျှစွမ်းအားကြီးနိုင်မည်နည်းဟု တွေးခဲ့ကြ၏။ သို့သော် ဟယ်မျိုးနွယ်ခွဲ၏ ထိုသခင်လေးသည် ကိုယ်တိုင်ပင် ဝင်မတိုက်ဘဲ သူ့နောက်လိုက်ကိုသာ တိုက်ခိုက်စေလိုက်သည်။ သူ့နောက်လိုက်ကလည်း သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်နေပေသည်။

ကျန်းရီက သူနှင့် ဖုန့်နီမှာ မိတ်ဆွေများဟု ပြောခဲ့၏။ သို့သော် ဖုန့်နီက ကျန်းရီ၏ နောက်လိုက်ဖြစ်ကြောင်း လူတိုင်း ပြောနိုင်သည်။ နှစ်ယောက်ယှဉ်ရပ်ကြသည့်အခါ ဖုန့်နီက ကျန်းရီ၏အနောက် ခြေလှမ်းဝက်အကွာတွင် ရပ်ကြောင်း လူတိုင်း မြင်နိုင်သည်။ ယင်းမှာ သခင်နှင့် နောက်လိုက်ကြားမှ သဘာဝပင်။

ရပ်တန့်၍မရနိုင်...

ငါးမိနစ်အတွင်းမှာပင် လူဆယ်ချီ လွင့်ပျံသွားသည်။ လူဆယ်ယောက်ကျော်သည် ဒဏ်ရာအပြင်းအထန် ရသွား၍ ဆက်တိုက်ခိုက်ရန် အင်အားမရှိကြတော့ပေ။ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့မှာလည်း မသက်သာပါ။ ဖုန့်နီသည် သူမတို့ကို မညှာခဲ့ပါ။ ကျန်းရီက အားလုံးကို ဒုက္ခိတများဖြစ်သွားအောင် လုပ်ပစ်ရန် အမိန့်ပေးလိုက်ပြီဖြစ်ရာ ဖုန့်နီက အဘယ်ကြောင့် ညှာတာရပါမည်နည်း။

အခြေအနေမဆိုးသေးသူမှာ သခင်မလေးလီရွေတစ်ယောက်သာ ရှိသည်။ သူမက သူမအဘိုးမှာ ချီလင်းဧကရီစစ်တပ်မှ စစ်သူကြီးတစ်ယောက်ဟု ပြောခဲ့၏။ ထို့ကြောင့် ကျန်းရီသည် ဖုန့်နီထံ အသံပို့လွှတ်ကာ သူမကို သက်ညှာပေးရန် ပြောထားသည်။ ဖုန့်နီသည် လေထဲတွင် ကြောင်ကြောင်ကြီး ရပ်နေသော လီရွေကို လျစ်လျူရှုက သူမ၏ကိုယ်ရံတော်တစ်ယောက်ကိုသာ လွင့်ပျံထွက်သွားစေလိုက်သည်။ ထို့နောက် တိုက်ခိုက်ရန် အင်အားရှိသေးသူများကို လိုက်လံ တိုက်ခိုက်သည်။ သူမမျက်ဝန်းများထဲမှ အဖြူရောင်အလင်းတန်းများ ထွက်သွားတိုင်း သူမပြိုင်ဘက်များမှာ တွေဝေသွားကြသည်။ ထိုအခါ သူမသည် ထိုသူများ၏ အရိုးများကို ချိုးပစ်လိုက်လေသည်။

“မိန်းမယုတ်.... နင်က ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ”

တောက်မျိုးနွယ် ပန်းသုံးပွင့်ထဲမှ တစ်ပွင့်ဖြစ်သော တောက်လုံထံတွင် ရှေးဦးဝိညာဉ်ရတနာတစ်ခုရှိ၏။ ထို့ကြောင့် သူမကိုယ်တွင်း အပေါက်များ ဖြစ်မသွားသော်လည်း ဖုန့်နီ၏ ဓားပျော့က သူမအရိုးများကို ကျိုးသွားစေသေးသည်။ ထို့ကြောင့် သူမ ဒေါသတကြီးနှင့် အဆက်မပြတ် အော်နေလေသည်။

“နင်က မိစ္ဆာလေးတစ်ကောင်ပဲ။ အဲ့ဒါကိုတောင် ကောင်းကင်ဘုံက သခင်လေး၊ သခင်မလေးတွေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ။ နင် သေရတာထက် ပိုဆိုးဆိုးဝါးဝါး ခံရအောင် ငါ လုပ်ပစ်မယ်...”

ဖုန့်နီသည် တောက်လုံကို ဆက်တိုက်ခိုက်ရန် စိတ်ကူးမရှိခဲ့ပါ။ သို့သော် တောက်လုံ၏ စကားများကို ကြားလိုက်သောအခါ သူမ ဒေါသထွက်သွားသည်။ သူမ နောက်ပြန်လှည့်၍ ထက်ရှသော ဓားတစ်ချောင်းအလား ပျံသန်းသွားလိုက်သည်။ သူမ၏ ဓားပျော့ကလည်း လေထဲတွင် ယမ်း၍ အဆိပ်ပြင်းမြွေများကဲ့သို့သော ဓားရိပ်များကို အရှေ့သို့ ထုတ်လွှတ်လိုက်သည်။ တောက်လုံ မှင်တက်သွား၏။ သူမ ခုခံတိုက်ခိုက်တော့မည့်အချိန်တွင် ဖုန့်နီ၏ မျက်လုံးများက လင်းလက်သွားသည်။ တောက်လန် လှုပ်၍ မရတော့ပေ။ ဖုန့်နီသည် ဓားပျော့နှင့် အကြိမ်ဒါဇင်ကျော် ထိုး၍ တောက်လုံ၏ အရိုးအားလုံးကို ချိုးပစ်လိုက်၏။ ပြီးမှ သူမ တောက်လုံကို ခြေထောက်ဖြင့်နင်းချကာ မြေပြင်ပေါ် ပြုတ်ကျသွားစေလိုက်သည်။

အပြင်လူများအတွက် တောက်မျိုးနွယ်မှ သခင်မလေးများမှာ အဆင့်အတန်းမြင့်မားကြသည်။ သူမတို့က မရေမတွက်နိုင်သော သခင်လေးများအတွက် နတ်မိမယ်လေးများကဲ့သို့ပင်။ သို့သော် ဖုန့်နီ၏မျက်လုံးထဲတွင်မူ သူမတို့က မည်သို့မှ အရေးမပါချေ။ ကျန်းရီက တောက်မင်ကို ရုပ်ပျက်သွားအောင် ရိုက်နိုင်လျှင် သူမသည်လည်း တောက်လုံကို ကိုယ်တစ်ခြမ်းသေသွားအောင် လုပ်ပစ်ဝံ့ပေသည်။

“ညီမသုံး”

တောက်လုံက ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံလိုက်ရ၍ တောက်လင်းသည် အသက်ကိုရင်း၍ အရှေ့သို့ သွေးရူးသွေးတန်းနှင့် ပျံသန်းလာ၏။ ဖုန့်နီ၏ သွေးအေးမှုကို ကောင်းကင်မိစ္ဆာဘုံထဲတွင် သက်သေပြပြီးပြီဖြစ်သည်။ သူမသည် လူသားသခင်မလေးတစ်ယောက် မဆိုထားနှင့် သန်းထောင်ချီသော မိစ္ဆာများ၏ အသက်ကိုပင် အရေးမစိုက်ပေ။

ဝုန်း...

တောက်လင်း၏ အရိုးများလည်း ကျိုးသွားသည်။ သူမသည် တောက်လုံကျသွားသော နေရာသို့ပင် ကျသွားလေသည်။ ယခု ညီအစ်မနှစ်ယောက်စလုံး ဒုက္ခရောက်နေပေပြီ။

ထိုအဖြစ်အပျက်များကြောင့် သခင်မလေးကုန်းယန် ကြောက်ရွံ့သွား၏။ သူမသည် လွင့်ထွက်သွားအောင်သာ တိုက်ခိုက်ခံခဲ့ရပြီး အပေါ်ယံဒဏ်ရာအနည်းငယ်သာ ရထားသည်။ သို့သော် အခြေအနေကို ကြည့်ရသည်မှာ ဖုန့်နီက ရက်စက်သူတစ်ယောက် ဖြစ်ပုံပင်။ ထို့ကြောင့် သူမ အလွန်ကြောက်ရွံ့ကာ အဝေးသို့ ပျံပြေးသွားလိုက်လေသည်။

ဝှစ်...

ဖုန့်နီသည် ကျန်းရီ၏ အမိန့်များကို ဤသည်၍မလွဲ ထမ်းဆောင်၏။ သခင်မလေးကုန်းယန်အနေဖြင့် ထွက်မပြေးခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ သို့သော် သူမ ထွက်ပြေးသောအခါ ဖုန့်နီက သူမကို ပစ်မှတ်ထားလိုက်လေသည်။

ဖုန့်နီ အတန်ငယ် အရှိန်တင်လိုက်၏။ သူမ သခင်မလေးကုန်းယန်ကို အလွယ်တကူ လိုက်မီသွားသည်။ သခင်မလေးကုန်းယန်မှာလည်း အတော်လေး ဉာဏ်ကောင်းပါ၏။ သူမသည် ဖုန့်နီက တိုက်ခိုက်မည်ကို စောင့်မနေဘဲ မျက်လုံးများ မှိတ်၍ သတိလစ်သွားချင်ယောင် ဆောင်လိုက်ပေသည်။

“ဟွန်း...”

သို့သော် ဖုန့်နီကလည်း မည်မျှဉာဏ်ကောင်းပါသနည်း။ သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သခင်မလေးကုန်းယန်၏ ဟန်ဆောင်မှုကို ဖောက်မြင်နိုင်ပေသည်။ ထို့ကြောင့် သခင်မလေးကုန်းယန်ကို မြေကြီးပေါ်သို့ ကန်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာစွမ်းအား ထုတ်၍ ဓားပျော့ကို ယမ်းလိုက်ရာ သခင်မလေးကုန်းယန်၏ အရိုးတစ်ဝက်ကျော် ကျိုးသွားသည်။ သူမ ပါးစပ်မှနေ၍ သွေးများ စီးကျလာသည်။ ဤတစ်ကြိမ်တွင် သူမ အမှန်တကယ် သတိလစ်သွားပေသည်။

“အညံ့ခံပါတယ်၊ ကျွန်မတို့ အညံ့ခံပါတယ်”

ကျန်သော အားနွဲ့သည့် သခင်မလေးများသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြသည်။ သူမတို့အားလုံး မြေပြင်ပေါ်သို့ ပြန်ဆင်းကာ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ ဖုန့်နီသည် သူမတို့ကို လျစ်လျူရှုလိုက်ပြီး ယန်ဖူနှင့် အခြားသူများနောက်သို့ လိုက်သွားကာ ကျန်းရီ၏အမိန့်ကို ဆက်ထမ်းဆောင်လိုက်လေသည်။

ယန်ဖူသည် ဖုန့်နီက အနောက်မှ လိုက်လာကြောင်းကို တွေ့သောအခါ အံကြိတ်၍ ကျန်းရီကို ကြည့်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။

“ဟယ်ကျန်း... မင်း မိတ်ဆွေကို ရပ်ဖို့ ပြောလိုက်။ ဒီတစ်ခေါက် ငါတို့ ရှုံးတယ်။ ငါတို့ အရှုံးကို ဝန်ခံတယ်။ ငါတို့ နောင်ပြန်တွေ့ရင် မျက်နှာမပျက်ရအောင် ငါတို့အတွက် လွတ်လမ်းတစ်ခု ပေးပါ”

ကျန်းရီက တောင်ထွတ်မှ အကာအရံကို တိုက်ခိုက်နေဆဲဖြစ်သည်။ ယန်ဖူ၏ စကားများကို ကြားမှ သူ ရပ်တန့်လိုက်ပြီး ယန်ဖူကို အေးစက်စက် လှည့်ကြည့်ကာ ပြောလိုက်လေသည်။

“မင်းပြောတာ အကျိုးအကြောင်း ညီပါတယ်။ ဒါပေမဲ့ မင်းတို့ ငါတို့ကို ဒုက္ခိတတွေ ဖြစ်အောင် လုပ်တော့မဲ့အချိန်တုန်းကကျ ဘာလို့ လွတ်လမ်းတစ်ခု ထားပေးဖို့ မတွေးခဲ့ရတာလဲ။ မင်းက ငါတို့ ပြန်တွေ့ရင် မျက်နှာပျက်ရမှာကို စိုးရိမ်ရင် ထပ်မတွေ့ဘဲ နေပေါ့ကွ။ ဖုန့်နီ... သူတို့ရဲ့ အရိုးတွေအကုန်လုံးကို ချိုးပစ်လိုက်။ တစ်ယောက်ကိုမှ အလွှတ်မပေးနဲ့”

***

All Chapters