← Chapters

အပျိုစင်ပြည့်တန်ဆာ

Vol. 132 Ch. 1844

အပျိုစင်ပြည့်တန်ဆာ

Vol. 132 Ch. 1844

တိုက်ပွဲသည် အမွှေးတိုင်သုံးတိုင်စာ ကြာပြီးနောက် ပြီးဆုံးသွား၏။ အားလုံး၏ အရိုးများ ကျိုးကုန်ကြသည်။ ထို့ပြင် ဖုန့်နီက သူတို့အားလုံးကို သယ်၍ မိုင်ရာချီ အဝေးဆီ လွှင့်ပစ်လိုက်သည်။

ဤတစ်ခေါက်တွင် မျိုးနွယ်ကြီးများမှ နံပါတ်တစ် သခင်လေးများ၊ သခင်မလေးများ မလာခဲ့ပေ။ သို့သော် ကျော်ကြားသော သခင်လေး၊ သခင်မလေးများ ဒါဇင်ကျော် ရှိပေသေးသည်။ ကျန်းရီသည် ထိုသူများကို လုံးဝ အပြစ်ပြုမိလိုက်ပေပြီ။

ကျန်းရီ စိတ်မရှိပါ။ ဟယ်ကျန်းအစစ်က သေသွားပြီ မဟုတ်လော။ သူ မီးနဂါးဓား၏ ကျန်နေသော အစိတ်အပိုင်း သုံးပိုင်းကို ရှာတွေ့သည်နှင့် အခြားတစ်ယောက်အဖြစ် ပြောင်း၍ဟန်ဆောင်နိုင်သလို ကောင်းကင်မိစ္ဆာဘုံသို့လည်း ပြန်နိုင်သည်။ ယခုတွင် သူ ရီဖျောင်ဖျောင်အား သွားမတွေ့နိုင်သလို အထက်ဘုံသို့လည်း ပြန်၍ မရပေ။ ထို့ပြင် ကောင်းကင်ဘုံ၌ ဆက်နေပါက အလွယ်တကူ ပြဿနာတက်နိုင်ခြေလည်း ရှိလေသည်။

‘ထားလိုက်ပါတော့... အရင်ဆုံး အစိတ်အပိုင်းသုံးခုစလုံးကို ရှာတာပေါ့’

ကျန်းရီ ခေါင်းခါလိုက်ပြီး တောင်ထွတ်မှ အကာအရံကို ဆက်တိုက်ခိုက်လိုက်၏။ ဖုန့်နီက ပျံသန်းလာပြီး စိုးရိမ်စွာ မေးလိုက်သည်။

“သခင်... ဒီတစ်ခေါက် သခင် အရမ်းရက်စက်သလို ဖြစ်သွားတယ် မဟုတ်လား”

“ဘာကို ရက်စက်ရမှာလဲ”

ကျန်းရီက နှာခေါင်းရှုံ့၍ ပြန်ပြော၏။

“ငါတို့က သူတို့ကို ဒုက္ခိတ ဖြစ်သွားအောင် မလုပ်ရင် သူတို့က ငါတို့ကို ဒုက္ခိတ ဖြစ်သွားအောင် လုပ်လိမ့်မယ်။ မစိုးရိမ်ပါနဲ့... မျိုးနွယ်ကြီးတွေက သခင်လေးတွေ၊ သခင်မလေးကြားမှာ မကြာခဏ ပဋိပက္ခလေးတွေ ဖြစ်တတ်ပါတယ်။ ဘယ်သူမှ မသေသေးသ၍ အကြီးအကဲတွေက ဂရုစိုက်မှာ မဟုတ်ပါဘူး။ တကယ်လို့ အဘိုးကြီးတစ်ယောက်က လူငယ်မျိုးဆက်ရဲ့ ရန်ပွဲမှာ လာကူမယ်ဆိုရင် သူ လောကကြီးရဲ့ လှောင်ပြောင်မှုကို ခံရလိမ့်မယ်။ ပြီးတော့ ဟယ်မျိုးနွယ်မှာလည်း အကြီးအကဲတွေ ရှိတာပဲ... သူတို့ ငြိမ်ခံမှာ မဟုတ်ပါဘူး”

“ဟုတ်..ဟုတ်...”

ဖုန့်နီသည် တွေးတောကာ လက်ခံလိုက်၏။ အဘိုးကြီးများ ထွက်မလာလျှင် ဖုန့်နီသည် လူငယ်များကို အရေးမစိုက်ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ ရောက်မလာသေးသ၍ သူမနှင့် ကျန်းရီတို့သည် အစွမ်းကုန် ထုတ်သုံးရန် လိုမည် မဟုတ်ပေ။ သို့ဆိုလျှင် သူမတို့ မည်သူမည်ဝါဖြစ်ကြောင်းလည်း ပေါ်သွားမည် မဟုတ်ချေ။

ကျန်းရီနှင့် ဖုန့်နီတို့သည် စိတ်အေးလက်အေးနှင့် အကာအရံကို ဆက်တိုက်ခိုက်လိုက်ကြ၏။ ကျန်းရီက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ပတ်ဝန်းကျင် တုန်ခါမှုများကို စေ့စေ့စပ်စပ် အာရုံခံလိုက်သည်။ သူ့ကောင်းကင်စိတ်အာရုံကိုလည်း ရောက်နိုင်သမျှအထိ ထုတ်လွှတ်လိုက်သည်။ သူ မျှော်လင့်ထားသလိုပင် အနီးတွင် ထောက်လှမ်းရေးအချို့ ပုန်းအောင်းနေ၏။ သို့သော် ထိုထောက်လှမ်းရေးများက ဟဲ့ရန်၏ ထောက်လှမ်းရေးများလော သို့မဟုတ် ခွမ်ကျန့်နှင့် ယန်ဖူတို့၏ ထောက်လှမ်းရေးများလောကို သူ မသိပေ။

ကျန်းရီသည် တွေးတောပြီးနောက် ထိုထောက်လှမ်းရေးများကို အရေးမစိုက်ရန် ဆုံးဖြတ်လိုက်၏။ ခွမ်ကျန့်တို့က သူတို့မျိုးနွယ်များမှ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကိုတော့ လှမ်းခေါ်လောက်မည် မဟုတ်ပေ။ သူတို့ သတင်းပြန်ပို့လျှင်ပင် ခေါ်နိုင်လောက်မည်လည်း မဟုတ်ချေ။ သို့ဖြစ်ရာ သူက မည်သည်ကို ကြောက်နေရပါမည်နည်း။

ကျန်းရီနှင့် ဖုန့်နီတို့ သူတို့၏ တိုက်ခိုက်မှုအရှိန်ကို အတန်ငယ် မြှင့်တင်လိုက်ကြ၏။ နေ့ဝက်ကြာအောင် တိုက်ခိုက်ပြီးနောက် အကာအရံ၏ အလင်းက အလွန်မှေးမှိန်လာသည်။ ထို့ကြောင့် သူတို့ စိတ်လှုပ်ရှားလာကြသည်။ ကြည့်ရသည်မှာ အကာအရံ လုံးဝပျောက်ကွယ်သွားရန် နှစ်နာရီမှ လေးနာရီလောက်သာ လိုတော့ပုံပင်။ မကြာခင်တွင် မီးနဂါးဓား၏ ပဉ္စမမြောက် အစိတ်အပိုင်း ထွက်ပေါ်လာပေ‌တော့မည်။

ဝှစ်...

ထိုအခိုက်တွင် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပေါ်လာ၏။ တောင်ဘက် ကောင်းကင်မှနေ၍ လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီး လူလေးယောက် ပျံသန်းလာသည်။ ကျန်းရီနှင့် ဖုန့်နီတို့ တစ်ချက်လှမ်းကြည့်လိုက်ကြပြီးနောက် မျက်နှာထားများ အေးစက်သွားလေသည်။

ခွမ်ကျန့်၊ ယန်နူနှင့် တောက်မင်တို့ ပြန်ရောက်လာပြန်ပြီ။ ဤတစ်ကြိမ်တွင် သူတို့နှင့်အတူ ပညာရှင်အသစ်တစ်ယောက်လည်း ပါလာသည်။ ဖုန့်နီသည် တစ်ချက်ကြည့်ပြီးနောက် ကျန်းရီထံ ချက်ချင်း အသံပို့လွှတ်လိုက်၏။

“လေဘုံရဲ့ ဘုံအရှင်ပါလာတာ။ သူက ဟဲ့မျိုးနွယ်ခေါင်းဆောင်ပဲ။ မေးနေစရာမလိုဘူး... သူက လေဘုံမှာရှိတဲ့ တစ်ဦးတည်းသော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားပဲ”

“ဟဲ့မျိုးနွယ်က တကယ်ပဲ ဒီကိစ္စမှာ ဝင်ပါချင်တာလား။ ခွမ်ကျန့်နဲ့ ယန်ဖူတို့က သူတို့လိုချင်တာကို ပေးလိုက်တာ ဖြစ်ရမယ်”

ကျန်းရီ အတန်ငယ် မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် ပျံသန်းလာသူလေးယောက်ကို မျက်နှာသေဖြင့် ကြည့်နေလိုက်သည်။ ထိုလေးယောက်မှာ ကီလိုမီတာသုံးဆယ်အကွာတွင် ရပ်တန့်လိုက်ကြ၏။ ခွမ်ကျန့်၊ ယန်ဖူနှင့် တောက်မင်တို့က မည်သို့မှ မပြောကြပေ။ ဟဲ့မျိုးနွယ်ခေါင်းဆောင်ကမူ လက်ဆုပ်၍ ပြောလိုက်သည်။

“သခင်လေးကျန်း.... ဒီအဘိုးကြီး သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီလည်း လက်ဆုပ်၍ ပြန်ပြောလိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် မျိုးနွယ်ခေါင်းဆောင်ဟဲ့။ ကျွန်တော် မျိုးနွယ်ခေါင်းဆောင်ဟဲ့အတွက် ဘာများ လုပ်ပေးရမလဲ”

“မတောင်းဆိုဝံ့ပါဘူး”

ဟဲ့ရွှီဝမ်က လက်ဆုပ်၍ ဆက်ပြောသည်။

“သခင်လေးကျန့်၊ သခင်လေးဖူနဲ့ သခင်မလေးမင်တို့က ပဋိပက္ခကြားမှာ ဝင်ဖျန်ဖြေပေးဖို့ ကျုပ်ကို အကူအညီတောင်းထားလို့ပါ။ သခင်လေးကျန်း စိတ်မဆိုးဖို့ ကျုပ် မျှော်လင့်ပါတယ်”

“ဪ... ပဋိပက္ခကြားမှာ ဝင်ဖျန်ဖြေမှာလား”

ကျန်းရီ ပြုံးလိုက်၏။

“မျိုးနွယ်ခေါင်းဆောင်ဟဲ့က ဘယ်လိုမျိုး ဖျန်ဖြေပေးချင်လို့လဲ”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဟဲ့ရွှီဝမ်က ပြန်ပြောသည်။

“ဒီကိစ္စက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတဲ့ ကိစ္စ မဟုတ်ပါဘူး။ သခင်လေးကျန်းက သူတို့ရဲ့ အရိုးတွေကို ချိုးပစ်ဖို့ သခင်လေးရဲ့ နောက်လိုက်ကို ခိုင်းခဲ့တယ်တဲ့။ သခင်လေး အဲ့ကိစ္စကို မေ့ပစ်ပေးလို့ ရနိုင်မလား။ သခင်လေးကျန့် ပြောတာကတော့ အဲ့ရတနာကို သူတို့မျိုးနွယ်က အရင်ရှာတွေ့တာတဲ့။ အဲ့ဒါကို အတည်ပြုဖို့ကတော့ မလွယ်ပါဘူး။ အဲ့တော့ ဒီအဘိုးကြီးကပဲ ကြားကနေ ဝင်ဖျန်ဖြေပေးပါမယ်။ သခင်လေးက အဲ့ရတနာကို သူတို့ကို ပေးလိုက်ပါ။ အဲ့ဒါဆို ဒီပဋိပက္ခလည်း ပြေလည်ပြီးပေါ့။ ဘယ်လိုလဲ”

“ဟားဟားဟား...”

ကျန်းရီတစ်ယောက် ဒေါသထွက်လွန်း၍ အော်ရယ်လိုက်၏။ ထို့နောက် သူ ဟဲ့ရွှီဝမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“မေးနေစရာမလိုဘူး... ခင်ဗျားက တောက်၊ ခွမ်နဲ့ ယန်မျိုးနွယ်တွေကို မျက်နှာလိုမျက်နှာရ လုပ်ချင်တာပဲ။ ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ကိစ္စတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်။ ဟယ်မျိုးနွယ်က အလွယ်တကူ အနိုင်ကျင့်ခံမယ်လို့ ခင်ဗျားထင်လား။ ခင်ဗျားက တောက်၊ ခွမ်နဲ့ ယန်မျိုးနွယ်တွေကို အပြစ်မပြုနိုင်သလို ဟယ်မျိုးနွယ်ကိုလည်း အပြစ်မပြုနိုင်ဘူး။ ခင်ဗျား မယုံရင် စမ်းကြည့်လိုက်ပေါ့”

ကပ်လောကတစ်ခုလုံးတွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများမှာ ထပ်သီးများဟု သတ်မှတ်ခံကြရသည်။ လွန်ခဲ့သော တစ်နှစ်ကသာဆိုလျှင် ကျန်းရီသည် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို စော်ကားဝံ့မည် မဟုတ်ချေ။ သို့သော် ကောင်းကင်မိစ္ဘာဘုံထဲတွင် တစ်နှစ်ကျော် နေခဲ့ပြီးနောက် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက သူ့အတွက် အရေးမပါ‌တော့ပေ။ ထိုလေဘုံလေးမှ နံပါတ်တစ် သိုင်းသမားက မျက်နှာပြောင်ပြောင်နှင့် လိမ်နေသည်။ ယခု သူက မီးနဂါးဓား၏ အစိတ်အပိုင်းကို ယူလိုနေသည်လော။ ကျန်းရီက ယင်းကို မည်သို့ သဘောတူရမည်နည်း။

မီးနဂါးဓား၏ အစိတ်အပိုင်းနေရာတွင် သာမန်ရတနာတစ်ခု ဆိုလျှင်၊ ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုပင် ဖြစ်နေပါစေ ကျန်းရီ မည်သို့မှပြောမည် မဟုတ်ပေ။ သူ လှည့်ထွက်သွားမည်ဖြစ်သည်။ သို့သော် မီးနဂါးဓား၏ အစိတ်အပိုင်းကိုမူ ရအောင်ယူရပေမည်။ ၎င်းက ဟဲ့ရွှီဝမ်၏လက်ထဲတွင် ရှိနေလျှင်ပင် သူ လုယူရမည် မဟုတ်ပါလား။ အလွန်ဆုံးမှ သူ ဟဲ့ရွှီဝမ်ကို သတ်လိုက်ရုံသာ ရှိသည်။ သို့ဆိုလျှင် ကောင်းကင်မိစ္ဆာဘုံသို့ ပြန်၍ ပုန်းနေရန်လည်း လိုမည် မဟုတ်ချေ။

ဟဲ့ရွှီဝူသည် ကျန်းရီ၏ ကြိမ်းမောင်းမှုကြောင့် မှင်တက်သွား၏။ သူသည် အမှန်ပင် ယန်ဖူ၊ ခွမ်ကျန့်နှင့် တောက်မင်တို့ထံမှ အကျိုးအမြတ်များ ရခဲ့သည်။ ထိုအကျိုးအမြတ်များမှ ရတနာများ မဟုတ်ပါ။ စစ်သူကြီးရာထူး သုံးနေရာသာဖြစ်သည်။

ယန်ဖူ၊ ခွမ်ကျန့်နှင့် တောင်မင်တို့က ဟဲ့မျိုးနွယ်ဝင်များကို မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်နှင့် ရူးသွပ်မဟာဧကရာဇ်စစ်တပ်တို့တွင် စစ်သူကြီးရာထူး ပေးမည်ဟု ဟဲ့ရွှီဝမ်ကို ကတိပေးခဲ့ကြသည်။ အဓိကစစ်တပ်ကြီး သုံးတပ်ထဲတွင် စစ်သူကြီးတစ်ယောက်စီ ရှိထားလျှင် ဟဲ့မျိုးနွယ်အတွက် အကျိုးအမြတ်များစွာ ရှိပေလိမ့်မည်။ နောင်တွင် ဟဲ့မျိုးနွယ်ဝင်များသည် ထိုစစ်တပ်သုံးတပ်ထဲ အလွယ်တကူ ဝင်နိုင်လာပြီး ရာထူးများလည်း မြန်မြန် တက်ကြပေလိမ့်မည်။ ထိုအခါ အဆက်အသွယ်များစွာ ရှိလာပြီး ဟဲ့မျိုးနွယ်က လေဘုံ၏ နံပါတ်တစ်မျိုးနွယ်ဆိုသော အချက်မှာ အခြေခိုင်သွားမည်ဖြစ်သည်။

ဟဲ့ရွှီဝမ်၏ မျက်လုံးထဲတွင် ဟယ်ကျန်းမှာ ဟယ်မျိုးနွယ်ခွဲမှ သခင်လေးတစ်ယောက်သာဖြစ်သည်။ မျိုးနွယ်ခွဲနှင့် ပင်မမျိုးနွယ်၏ အဆင့်အတန်းက မိုးနှင့်မြေလို ကွာခြားသည်။ သူ ဟယ်ကျန်းကို အပြစ်ပြုလိုက်၍ ဟယ်မျိုးနွယ်က မကျေမနပ် ဖြစ်မည်ဆိုလျှင်ပင် အကျိုးဆက်ကြီးကြီးမားမားတော့ ဖြစ်လာလောက်မည် မဟုတ်ချေ။ ထို့ကြောင့် သူ မျက်နှာအရေထူထူနှင့် ရှေ့ထွက်ခဲ့ခြင်းပင်။

ဟဲ့ရွှီဝမ်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်ပြီး လေဘုံ၏ နံပါတစ်လည်းဖြစ်သည်။ ဟယ်မျိုးနွယ်ခွဲမှ သခင်လေးတစ်ယောက်က သူ့ကို မျက်နှာသာပေးသင့်သည်။ သူက အနိုင်ကျင့်လျှင်ပင် ခေါင်းငုံ့ခံသင့်သည်။ ထိုသခင်လေးက အလွန်ဆုံးမှ ဟယ်မျိုးနွယ်ကို တိုင်သည်မျိုးသာ လုပ်နိုင်သည် မဟုတ်ပါလား။

သို့သော် ဟယ်ကျန်းက ကျန်းရီဖြစ်နေလိမ့်မည်ဟု ဟဲ့ရွှီဝမ် ထင်မထားပေ။ ထို့ပြင် ကျန်းရီက သူ့ကို ကြိမ်းလည်းကြိမ်းမောင်းခဲ့သေးသည်။ ကျန်းရီက သူ့ကို တိုက်ခိုက်လိုနေသည်လော။

ဟဲ့ရွှီဝမ်တစ်ယောက် မျက်မှောင်ကြုတ်လျက် ဒွိဟဖြစ်နေ၏။ သူ့အဆင့်အတန်းနှင့် လူငယ်တစ်ယောက်ကို တိုက်ခိုက်လိုက်လျှင် တစ်လောကလုံးက သူ့ကို လှောင်ပြောင်ကြပေလိမ့်မည်။ သို့သော် သူက ခွမ်ကျန့်၊ ယန်ဖူနှင့် တောင်မင်တို့ကို ထိုရတနာအား အရယူပေးမည်ဟု ကတိပေးပြီးလည်းဖြစ်၍ ယခု ပြန်ဆုတ်သွားလျှင် ထိုသုံးယောက်က ကျေနပ်မည် မဟုတ်ချေ။

နောက်ဆုံးတွင် ဟဲ့ရွှီဝမ် အံကြိတ်ကာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူ မျက်နှာပျက်ရလျှင်လည်း ရှိစေတော့။ သူ့မျိုးဆက်များ ထာဝရကောင်းစားရမည့် အရေးက သူမျက်နှာပျက်ရသည်ထက် ပိုအရေးကြီးပေသည်။ သူ အေးစက်စက် ပြောလိုက်သည်။

“သခင်လေးကျန်း... ဒီအဘိုးကြီးက ပဋိပက္ခကို ဖျန်ဖြေပေးရအောင် ရောက်လာတာပါ။ ဘာလို့ သခင်လေးက ဒီအဘိုးကြီးကို စော်ကားနေရတာလဲ။ ဟယ်မျိုးနွယ်က သူတို့ရဲ့ လူငယ်မျိုးဆက်ကို အဲ့လိုပဲ ဆုံးမထားလား။ ဒီအဘိုးကြီးကို ပြန်တောင်းပန်ပြီး လေဘုံထဲက ချက်ချင်း ထွက်သွားလိုက်ပါ။ မဟုတ်ရင်တော့ ဒီအဘိုးကြီးက ဟယ်မျိုးနွယ်အကြီးအကဲတွေကိုယ်စား သခင်လေးကို ဘယ်လိုပြုမူရမယ်ဆိုတာ သင်ပေးရမှာပဲ”

“ဟားဟားဟား...”

ကျန်းရီ လုံးဝဒေါသထွက်သွား၏။ သူအမုန်ဆုံးလူစားမျိုးမှာ မကောင်းသောလူများ မဟုတ်ဘဲ သူတော်ကောင်းယောင်ဆောင်သူများဖြစ်သည်။ မိမိခန္ဓာကိုယ်ကို ဆောင်ကြာမြိုင်တွင် ရောင်းစားပြီးနောက် အပျိုတံဆိပ်ကပ်လိုသေးသည်လော။

ကျန်းရီ အရှေ့သို့ ပျံသန်းသွားလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

“အဘိုးကြီး... ခင်ဗျားက ဒီနှစ်တွေအတွင်း ခွေးတစ်ကောင်လို နေလာခဲ့တာလား။ ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုပြုမူရမယ်ဆိုတာ သင်ပေးချင်တာလား။ ခင်ဗျားကပဲ သင်ပေးနိုင်မလား၊ ဒီသခင်လေးကပဲ သင်ပေးနိုင်မလားဆိုတာ လာစမ်းကြည့်လိုက်လေ”

“ဖုန့်နီ... ရတနာကို စောင့်ကြည့်ထား”

ကျန်းရီသည် ဖုန့်နီကို အေးစက်စက်လေသံနှင့် မှာပြီးနောက် မြောက်ဘက်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

“ကျွန်တော်တို့ရဲ့ ရတနာတွေကို လုရဲသူတိုင်း နေရာမှာပင် အသတ်ခံရမယ်”

***

All Chapters