သူ့ကို တစ်ခဏမျှ ပျောက်ကွယ်သွားစေမည်
Vol. 132 Ch. 1845
ကျန်းရီက တိုက်ခိုက်တော့မည် ဖြစ်ရာ သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေရှိသည်။ အမှန်တွင် သူ ဖုန့်နီကို နေခဲ့ခိုင်းခြင်းမှာ ရတနာကို စောင့်ကြည့်ရန် မဟုတ်ဘဲ ခွမ်ကျန့်၊ ယန်ဖူနှင့် တောက်မင်တို့ကို စောင့်ကြည့်ထားရန်ဖြစ်သည်။ သူတို့သုံးယောက်က တိုက်ပွဲနေရာအနီးသို့ ကပ်လာ၍ မဖြစ်ပေ။
ရွှီး...
ဖုန့်နီသည် ကျန်းရီ၏ အမိန့်ကို သဘောပေါက်၏။ ထို့ကြောင့် ဓားပျော့ကို ထုတ်ကာ ခွမ်ကျန့်၊ ယန်ဖူနှင့် တောင်မင်တို့ကို သတ်ဖြတ်အရှိန်အဝါနှင့် စိုက်ကြည့်နေလိုက်သည်။ သူတို့ လှုပ်သည်နှင့် သူမက ချက်ချင်း တိုက်ခိုက်လိုက်မည်ဖြစ်ကြောင်း ထင်ရှားပေသည်။
“ဟားဟားဟား... ဟယ်မျိုးနွယ်မှာ ပါရမီရှင်တွေ အများကြီး ရှိတယ်လို့ ကျုပ်ကြားဖူးတာ ကြာပါပြီ။ အခု သခင်လေးကျန်းက ကစားချင်မှတော့ ဒီအဘိုးကြီးက အဖော်ပြုပေးရမှာပေါ့”
အခြေအနေများက ဤအဆင့်အထိပင် ရောက်လာပြီဖြစ်ရာ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဟဲ့ရွှီဝမ်သည် ကြမ်းကြုတ်သော သားရဲတစ်ကောင်အလား ကျန်းရီအနောက်မှ လိုက်၍ မြောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။ ကျန်းရီက ဤနေရာတွင် မတိုက်ခိုက်လိုခြင်းကို ဟဲ့ရွှီဝမ် များစွာစိတ်ထဲမထားပါ။ ကျန်းရီက မျက်နှာပျက်ရမည်ကို စိုး၍ အခြားတစ်နေရာသို့ သွားခြင်းဖြစ်ရမည်ဟုသာ တွေးသည်။ ကြည့်နေသည့်သူများ ရှိမနေတော့လျှင် ကျန်းရီ ထိုမျှခေါင်းမာနေလိမ့်မည် မဟုတ်ချေ။
ခွမ်ကျန့်၊ ယန်ဖူနှင့် တောင်မင်တို့သည် တိုက်ပွဲကို သွားကြည့်လိုက်ကြ၏။ ဟဲ့ရွှီဝမ်ကို တိုက်ခိုက်ခိုင်းခဲ့သူမှာ သူတို့ မဟုတ်ပါလား။ ထို့ကြောင့် ဟယ်ကျန်း မရှုမလှ ရှုံးသွားသည်ကို သူတို့ ကိုယ်တိုင်တွေ့မြင်လိုကြပေသည်။ ဟဲ့ရွှီဝမ်က ဟယ်ကျန်းကို နှိပ်စက်နိုင်မည်ဆိုလျှင်မူ အကောင်းဆုံးဖြစ်သည်။
သို့သော် ဖုန့်နီ၏ သတ်ဖြတ်အရှိန်အဝါကြောင့် သူတို့ မလှုပ်ဝံ့ကြပေ။ ကျန်းရီက ဟဲ့ရွှီဝမ်ကို စိန်ခေါ်လိုက်ပြီဖြစ်ရာ ဟဲ့ရွှီဝမ်က ကျန်းရီ၏ နောက်လိုက်ကို အန္တရာယ်မပြုနိုင်လောက်တော့သည် မဟုတ်လော။
“အဘိုးဟဲ့”
ခွမ်ကျန့်သည် တွေးတောပြီးနောက် အသံပို့လွှတ်လိုက်၏။
“ကျွန်တော့်အတွက် အဲ့မျိုးမစစ်ရဲ့ အရိုးအကုန်လုံးကို ချိုးပေးပါ။ တကယ်လို့ ဟယ်မျိုးနွယ်က မေးလာရင် ကျွန်တော်က အဘိုးဟဲ့ကို အတင်းဖိအားပေးခဲ့တာလို့ ပြောလိုက်ပါ”
အမှန်တွင် ခိုင်းနေရန်ပင် မလိုပါ။ ဟဲ့ရွှီဝမ်က နောက်လှည့်ကြည့်၍ ခွမ်ကျန့်ကို အတန်ငယ် ခေါင်းညိတ်ပြလိုက်၏။ မည်သူမှ အသတ်မခံရသေးသ၍ ကျန်းရီ၏ အရိုးအနည်းငယ်ကို ချိုးပစ်ခြင်းနှင့် အရိုးအားလုံးကို ချိုးပစ်ခြင်းတွင် ကွာခြားမှု မရှိပေ။
ကျန်းရီသည် တဖြည်းဖြည်း အရှိန်တင်၍ ချီဟုန်ထံ လျှို့ဝှက်အသံပို့လွှတ်၍ အနီးတွင် စွမ်းအားကြီး သိုင်းသမားများ ပုန်းအောင်းနေ၊ မနေကို စစ်ကြည့်ပေးရန် တောင်းဆိုလိုက်သည်။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံက အလွန်စွမ်းအားကြီးရာ ဤနယ်မြေထဲမှ အဟန့်အတားများက သူ့ကောင်းကင်စိတ်အာရုံကို မဟန့်တားနိုင်ပေ။ ချီဟုန်က အာရုံခံပြီးနောက် ပြန်၍ အသံပို့လွှတ်လိုက်သည်။
“မြောက်ဘက်ကို မိုင်ငါးသောင်း ဆက်ပျံသွားလိုက်ပါ။ ဒီကိစ္စကို မြန်မြန် အဆုံးသတ်ကြတာပေါ့”
ဝှစ်...
ကျန်းရီ မြောက်ဘက်သို့ ဆက်ပျံသန်းသွားလိုက်၏။ ဟဲ့ရွှီဝမ်က အနောက်မှ အေးအေးလူလူ လိုက်လာကြောင်းကို ပြောနေရန်ပင် မလိုပေ။ သူ၏ အဆင့်အတန်းနှင့် စွမ်းအားအရ အလစ်တိုက်ရန် မဆိုထားနှင့် သူ့ဘက်မှ စတိုက်ရန်ပင် မသင့်တော်သည် မဟုတ်ပါလား။ သူ့အမြင်တွင် ကျန်းရီ၏ အရိုးများကို ချိုးပစ်ရန်မှာ ကလေးကစားသကဲ့သို့သာ ရှိပေသည်။
ကျန်းရီက စကားတစ်ခွန်းမှ မဆိုသေးပေ။ မိုင်ခုနစ်သောင်းကျော် ရှစ်သောင်းလောက် ပျံသန်းပြီးနောက် ဟဲ့ရွှီဝမ် စိတ်မရှည်နိုင်ဖြစ်လာသည်။ ကျန်းရီက သူ့ကိုခေါ်ကာ လှည့်ပတ်ပျံသန်းရန် ကြံရွယ်ထားခြင်းလော။ ဖုန့်နီက ထိုအချိန်အတွင်း ရတနာယူရန် ကြိုးစားမည်လော။
ထိုသို့တွေးမိသောအခါ ဟဲ့ရွှီဝမ် မအောင့်နိုင်တော့ဘဲ အေးစက်စက် ပြောလိုက်လေသည်။
“သခင်လေးကျန်း... သခင်လေးက ကျုပ်ကို ဘယ်ကို ခေါ်သွားနေတာလဲ”
“အပိုတွေ ပြောမနေနဲ့၊ ကျွန်တော့်နောက်ကပဲ လိုက်ခဲ့”
ကျန်းရီက နောက်လှည့်ကြည့်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်၏။
“ခင်ဗျားကြောက်ရင် ဖုန်းရှားဆန်းကြယ်နယ်မြေထဲက ထွက်သွားလိုက်လေ”
“မင်း...”
ဟဲ့ရွှီဝမ် အလွန်ဒေါသထွက်သွားဖြင့် သူ့မုတ်ဆိတ်များပင် တုန်ယင်သွား၏။ သူ မျက်ဝန်းများ အေးစက်သွားပြီး ရုတ်တရက် အရှိန်တင်လိုက်သည်။ ထို့နောက် ကျန်းရီ၏ နောက်ကျောကို လက်ကုတ်၍ လှမ်းကုတ်လိုက်၏။ ပြီးမှ အေးစက်စက်လေသံနှင့် ပြောလိုက်သည်။
“သခင်လေးကျန်း... သခင်လေး ဒီအဘိုးကြီးရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ရင် ဒီအဘိုးကြီး ဖုန်းရှားဆန်းကြယ်နယ်မြေထဲက ချက်ချင်းထွက်သွားပြီး ချီလင်းတောင်ကိုသွားပြီး ခွင့်လွှတ်မှု သွားတောင်းခံမယ်”
ဟဲ့ရွှီဝမ်က အလွန်လျင်မြန်၏။ သူက တောက်လန်ထက် အားမနည်းလောက်ပေ။ သို့သော် တောက်နုနှင့် တောက်နူတို့ထက်တော့ သေချာပေါက် ပိုအားနည်းပေသည်။
အနောက်မှ လေခွင်းသံနှင့် အေးစက်စက် သတ်ဖြတ်အရှိန်အဝါကို ခံစားလိုက်ရသောအခါ ကျန်းရီ အတန်ငယ် မျက်နှာထားပြောင်းသွား၏။ သူ ဆတ်ခနဲ နောက်လှည့်လိုက်၏။ သူ့လက်ထဲတွင်လည်း ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သူ လျင်မြန်စွာပင် သူ့အနောက်မှ လက်ကို ခုတ်ချလိုက်သည်။
“ဟွန်း...”
ဟဲ့ရွှီဝမ်သည် ကုတ်ထားသော လက်က လက်သီးအဖြစ် ပြောင်းလဲသွား၏။ ၎င်းလက်သီး ပတ်ပတ်လည်တွင် အနက်ရောင်အရှိန်အဝါက လှည့်ပတ်နေသည်။ ထိုလက်သီးသည် ကျန်းရီ၏လက်နက်နှင့်ပင် ယှဉ်နိုင်ပေသည်။
ဝုန်း...
ကျန်းရီ၏လက်နက်မှာ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုသာ ဖြစ်သည်။ ၎င်းသည် ဟဲ့ရွှီဝမ်၏ လက်သီးနှင့် ထိတိုက်သောအခါ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ကျန်းရီ လက်နာသွားပြီး စွမ်းအားကြီး အားကြောင့် အနောက်သို့ လွင့်ထွက်သွား၏။ သူ သွေးလည်း အန်သွားသည်။ သူ့မျက်ဝန်းထဲတွင် တုန်လှုပ်သော အရိပ်အယောင်တစ်ခု ထွက်လာပေသည်။
“ဒုတိယတိုက်ကွက်”
ဟဲ့ရွှီဝမ်၏ မျက်လုံးများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ ကျန်းရီနောက်သို့ လှစ်ခနဲလိုက်ကာ လက်သီးမြှောက်၍ ကျန်းရီ၏ရင်ဘတ်ကို ထိုးချလိုက်၏။
ထိုအခိုက်တွင် ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာသည်။ သူ၏ ကြောက်ရွံ့နေသော မျက်ဝန်းများကလည်း အေးစက်သွားသည်။ ကျန်းရီသည် ရုတ်တရက် လက်သီးဖြင့် ပြန်ထိုးလိုက်၏။ စူးရှသော အသံတစ်ထွက်ပေါ်လာကာ လက်သီးအဟုန်က အာကာပြင်ကို စုတ်ဖြဲသွားသည်။ ကျန်းရီသည် ဟဲ့ရွှီဝမ်နှင့် လက်သီးချင်း ပြိုင်ထိုးလိုက်ပေသည်။
ဝုန်း...
ဂျွတ်...
ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အရိုးကျိုးသံလည်း ထွက်ပေါ်လာ၏။ ကျန်းရီက အနောက်သို့ သုံးပေးဆုတ်သွားပြီး ဟဲ့ရွှီဝမ်က လွင့်ထွက်သွားသည်။ သူ့ညာဘက်လက်ထဲမှ အရိုအားလုံးနီးပါးက ကျိုးကြေသွားပေပြီ။
ကျန်းရီသည် မိုးမြေစွမ်းအားကို သုံး၍ သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်ကို နှိုးထားပေသည်။ ထို့ကြောင့် သူ့အင်အားက တောက်နူ၏အင်အားနှင့်ပင် ယှဉ်နိုင်နေရာ ဟဲ့ရွှီဝမ်က သူ့တိုက်ခိုက်မှုကို မည်သို့ တောင့်ခံနိုင်မည်နည်း။
“ဒါ..ဒါ...ဒါက...”
ဟဲ့ရွှီဝမ်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွား၏။ သူ မယုံနိုင်သော်လည်း သူ့ညာလက်က အမှန်တကယ် ကျိုးကြေသွားပြီဖြစ်သည်။ ယင်းမှာ အမှန်တရားဖြစ်၍ သူ ရွေးချယ်စရာမရှိတော့ဘဲ ယုံကြည့်လိုက်ရတော့သည်။
ဟဲ့ရွှီဝမ် အမျိုးမျိုး တွေးတောနေသော်လည်း ကျန်းရီက သူ့လက်ကို လက်သီးတစ်ချက်နှင့် မည်သို့ ချိုးပစ်လိုက်နိုင်ကြောင်းကို နားမလည်နိုင်သေးပေ။ ကျန်းရီ၏ အရှိန်အဝါက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ အရှိန်အဝါသာ။
ထိုအခိုက်တွင် ဟဲ့ရွှီဝမ်သည် မဟာနတ်ဘုရားအတတ်အကြောင်းကို မတွေးမိသေးပေ။ လက်ရှိတွင် ကျန်းရီက ဟယ်မျိုးနွယ်ခွဲမှ သခင်လေးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ ဟဲ့ရွှီဝမ် နားမလည်လျှင်လည်း ကျန်းရီက သူ့ကို တွေးချိန်ပေးမည် မဟုတ်ချေ။ ကျန်းရီ အရှိန်အကုန် တင်၍ ဟဲ့ရွှီဝမ်နောက်သို့ လိုက်သွားလိုက်သည်။ သူ လက်သီးဖြင့် ထပ်ထိုးလိုက်ရာ အာကာပြင်စုတ်ပြဲသံ ထပ်မံထွက်ပေါ်လာသည်။ ဟဲ့ရွှီဝမ်သည် ဘယ်ဘက်လက်ထဲတွင် ဓားရှည်တစ်ချောင်းထုတ်၍ ကျန်းရီ၏ လက်သီးချက်ကို ကာလိုက်ရ၏။
ရွှီး...
ကျန်းရီ၏ အခြားလက်တစ်ဘက်ထဲတွင် ဆောင်းဥတုပုလဲ ထွက်ပေါ်လာ၏။ ထို့နောက် ဆောင်းဥတုပုလဲထဲမှနေ၍ ထျန်းဖုန့်ဧကရာဇ် ထွက်လာသည်။ ထျန်းဖုန့်ဧကရာဇ်၏ မျက်လုံးနှစ်လုံးက လင်းလက်လာပြီး မျက်လုံးများထဲမှနေ၍ သဏ္ဌာန်မဲ့ လှိုင်းနှစ်လှိုင်း ပျံထွက်လာသည်။ ၎င်းလှိုင်းနှစ်လှိုင်းက ဟဲ့ရွှီဝမ်၏ မျက်ခုံးနှစ်ခုထားကြားထဲ ဝင်သွားလေသည်။ ထို့နောက် ကျန်းရီ၏ လက်သီးကလည်း ဟဲ့ရွှီဝမ်၏ ဦးခေါင်းပေါ် ကျရောက်သွားသည်။
ဝုန်း...
ထျန်းဖုန့်ဧကရာဇ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ ယင်းမှာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်ရာ ဟဲ့ရွှီဝမ်က မည်သို့ ခုခံနိုင်ပါမည်နည်း။
ကျန်းရီ၏ လက်သီးက ဟဲ့ရွှီဝမ်၏ ဦးခေါင်းပေါ် အလွယ်တကူ ကျရောက်သွားပြီး ဦးခေါင်းကို အက်ကွဲသွားစေသည်။ ထိုးနှက်မှုအဟုန်ကြောင့် သူ့စိတ်ဝိညာဉ်ပင် ပျက်သုဉ်းလုလု ဖြစ်သွားလေသည်။
“ဖုန့်စစ်... သူ့ကို ဆောင်းဥတုပုလဲ ခေါ်သွားလိုက်ပါ”
ကျန်းရီက အသံပို့လွှတ်လိုက်သောအခါ ထျန်းဖုန့်ဧကရာဇ်သည် ပျံသန်းသွားပြီး ဟဲ့ရွှီဝမ်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူတို့ လင်းလက်သွားကာ ဆောင်းဥတုပုလဲ ဝင်သွားကြလေ၏။
“ပြီးပြီ...”
ကျန်းရီ လက်ဖုန်ခါလိုက်၏။ တိုက်ပွဲက စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြီးဆုံးသွားသည်။ သူ့မျက်လုံးထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က မပြောပလောက်ပေ။ သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်ကို မစိုးရိမ်ရလျှင် သူ ထျန်းဖုန့်ဧကရာဇ်ကိုပင် ထုတ်ရန် မလိုဘဲ ဖုန်းရှားဆန်းကြယ်နယ်မြေထဲရှိ လူတိုင်းကို ခြေရာလက်ရာမကျန်စေဘဲ သတ်ပစ်နိုင်ပေသည်။
ကျန်းရီသည် အကြိမ်ကြိမ် တွေးတောပြီးမှ ဟဲ့ရွှီဝမ်ကို ဖမ်းခေါ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဟဲ့ရွှီဝမ်ကို သတ်၍ မရပေ။ မဟုတ်လျှင် အကြီးအကဲများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသလို ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူမည်သူဖြစ်ကြောင်း အပေါ်မခံနိုင်လျှင် သူ ဟဲ့ရွှီဝမ်နှင့် မယှဉ်နိုင်ချေ။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ထျန်းဖုန့်ဧကရာဇ်ကို ထုတ်လိုက်ရခြင်းဖြစ်သည်။ သူ ဟဲ့ရွှီဝမ်ကို တစ်ခဏမျှ ပျောက်နေစေလိုသည်။ ပျောက်သွားခြင်းမှာ သေသွားခြင်းလောက် မကြီးကျယ်သည် မဟုတ်ပါလား။
ဟဲ့ရွှီဝမ်တို့ကဲ့သို့ စွမ်းအားကြီး သိုင်းသမားများသည် သူတို့၏ စိတ်ဝိညာဉ်ကျောက်စိမ်းပြားများကို ချန်ထားခဲ့တတ်ကြ၏။ ဟဲ့ရွှီဝမ် မသေသေးလျှင် သူ့စိတ်ဝိညာဉ်ကျောက်စိမ်းပြားမှာ ကျိုးသွားမည် မဟုတ်ပေ။ ဟဲ့မျိုးနွယ်က ကျန်းရီကို သံသယဝင်လျှင်လည်း ဘာအရေးနည်း။ သို့သော် ဟဲ့ရွှီဝမ်နှင့် ပတ်သတ်၍ မည်သို့ ဆက်လုပ်ရမည်ကို ကျန်းရီ ယခုအထိ မတွေးရသေးပေ။ မည်သို့ပင်ဖြစ်စေ ဟဲ့ရွှီဝမ်က သူ့ဆောင်းဥတုပုလဲထဲတွင် ရှိနေပြီဖြစ်သည်။ ဟဲ့ရွှီဝမ်က ထျန်းဖုန့်ဧကရာဇ်ကို ယှဉ်နိုင်ပါမည်လော။
ဝှစ်...
ကျန်းရီသည် လာခဲ့သောနေရာသို့ ဖြည်းဖြည်းချင်း ပြန်သွားလိုက်၏။ သူ တောင်ထွတ်အနီးသို့ ရောက်လာသောအခါ ခွမ်ကျန့်တို့ အံ့အားသင့်သွားကြသည်။ ကျန်းရီက ဒဏ်ရာတစ်ချက်ပင် မရဘဲ ပြန်လာသည်လော။ အဘယ်ကြောင့် ဟဲ့ရွှီဝမ်က ပြန်ပါမလာရသနည်း။ မည်သည့်ကိစ္စများ ဖြစ်နေပါသနည်း။
“သုံးစက္ကန့်အတွင်း ငါ့မြင်ကွင်းထဲကနေ ထွက်သွားကြ”
ကျန်းရီသည် ခွမ်ကျန့်တို့သုံးယောက်ကို ကြည့်၍ အေးစက်စက်ပြောလိုက်၏။
“မဟုတ်ရင် မင်းတို့ တွားသွားပြီး ပြန်ရလိမ့်မယ်”
ဝှစ်...
တစ်စက္ကန့်အတွင်းမှာပင် ခွမ်ကျန့်တို့သုံးယောက်သား လျင်မြန်စွာ ပျံသန်းကာ မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင်အစက်အပြောက်လေးများအလား ပျောက်ကွယ်သွားကြလေသည်။ သူတို့သည် သိမ်းငှက်တစ်ကောင်ကို မြင်လိုက်ရသော ယုန်သုံးကောင်းကဲ့သို့ပင်။