မဟာအင်ပါယာ သူတော်စင်များ၏ ဆုံစည်းမှု
Vol. 17 Ch. 234
ဂါး...
ဝေ့ဝူယင်၏ လည်ချောင်းအတွင်းမှ ကျယ်လောင်သော နဂါးဟောက်သံ တစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ငွေရောင် အလင်းမှိန်ဖျော့ဖျော့ဖျော့ ထွက်နေသည့် နဂါးတောင်ပံများနှင့် အတူ သူ၏ အသွင်သဏ္ဌာန်က အလွန် ခန့်ညားနေ၏။ တိမ်လွှာများအထက်၌ ရပ်ကာ အောက်သို့ ငုံ့ကြည့်နေရင်း ဟင်းလင်းပြင်၏ အုပ်စိုးရှင်တစ်ယောက်လို ဝေ့ဝူယင် ခံစားလိုက်ရသည်။
ချက်ချင်းပင် သူ လေဒြပ်စင် ကြယ်တာရာ အင်အားကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ထို့နောက် ဟင်းလင်းပြင် နဂါး အင်အားကို ထုတ်လွှတ်ရင်း တောင်ပံများကို ခတ်လိုက်လေတော့သည်။ ခတ်ချက် တစ်ခုချင်းစီ၌ ဟင်းလင်းပြင်သည် တုန့်ပြန်ကာ အဆုံးမဲ့ တုန်လှုပ်သွားခဲ့တော့သည်။
...
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပျက်နေစဥ်တွင် အနန္တ ဧကရာဇ်ဂိုဏ်း၌...
ဧကရာဇ်တောင်ထွတ်၏ အဆင့်ရှစ် အလွှာတွင် ကောင်းကင်နန်းတော် တစ်ခုတည်းသာ ရှိသည်။ ထိုကောင်းကင် နန်းတော်ထဲတွင် တောက်ပသည့် ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ ငါးဦး စုံဆည်းနေကြ၏။ သူတို့ကား အနန္တဧကရာဇ်ဂိုဏ်း၏ မဟာ အင်ပါယာ သူတော်စင်ကြီး ငါးဦးပင် ဖြစ်လေသည်။
သူတို့သည် စက်ဝိုင်းသဏ္ဌာန်ဖြင့် မျက်နှာချင်းဆိုင်ကာ ရပ်နေကြသည်။ ထို့ပိကျန်းသည် မီးခိုးရောင် ခပ်မွဲမွဲ ဝတ်စုံကို ဝတ်ဆင်ထားကာ သာမန် အဘိုးအို တစ်ယောက်နှင့် ထူးမခြားနား ရှိ၏။ သူ၏ မျက်လုံးများက ပျင်းရိခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ဖော်ပြထားသည့် အမူအရာနှင့် ခြားနားစွာပင် သူ၏ အတွင်းပိုင်း စိတ်မှာမူ အမျိုးမျိုးသော အတွေးများဖြင့် ရှုပ်ထွေး ပွေလီနေခဲ့လေသည်။ ဖန်တီးခြင်း တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင်၊ အဂ္ဂိရတ် အင်ပါယာ၊ ကြယ်တာရာ အမြုတေ အဆင့်ခြောက် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဤနေရာ၌ သူသည် တာဝန် အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
“အဲဒါက အမှန်ပဲလား...”
အာဏာနှင့် အာဏာနှင့် အစွန်းရောက်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် သုံးမီတာမြင့်သော ဘီလူးကြီး တစ်ကောင်မှ ဆင်းသက်လာခြင်းဖြစ်သည်။ သူသည် တံတောင်ဆစ်နှင့် ဒူးများမှ အနက်ရောင် ကြာဆူး အပေါက်များ ရှိပြီး သူ့မျက်လုံးများက ခရမ်းရောင် မီးတောက်များဖြင့် ပြည့်နှက်နေသည်။ ကြီးမား ကြံ့ခိုင်သော ကြွက်သားများက ခရမ်းရောင်အရေပြား အောက်မှ ဖြတ်ပြေးနေကာ ကတုံးပြောင်ပြောင် ဦးခေါင်းမှာမူ အလွန် ချောမွေ့နေ၏။ သူ၏ ခန္ဓာကိုယ်ကို အနက်ရောင်ချပ်ဝတ်တန်ဆာဖြင့် လွှမ်းခြုံထားသည်။
ထိုဘီလူးကြီး၏ နာမည်က ယောင်ကျန်း ဖြစ်သည်။ သူသည် မဟာ အင်ပါယာ သူတော်စင် အသစ် ဖြစ်ကာ နတ်ဆိုးတောင်ထွတ် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ယောင်ကျန်းသည် မဟာ အင်ပါယာ သူတော်စင် ငါးဦးထဲတွင် အသက် အငယ်ဆုံး ဖြစ်ပြီး သူ၏ ပါရမီနှင့် အလားအလာတို့က အလွန် မြင့်မားသည်။ သူ၏ မျက်လုံးများက ဒေါသအရိပ်အမြွက် တစ်ချို့ဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် မျက်မှောင်ကြုတ်ထားသည်။
“အမှန်ပဲ...”
နူးညံ့သော မိန်းမသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက တေးဂီတသံ ကဲ့သို့ ချိုမြိန်လှကာ ယောက်ျားနှင့် မိန်းမတိုင်းကို အရည်ဖျော်ပစ်နိုင်စွမ်း ရှိသည်။ စစ်သွေး တက်ကြွနေသည့် သူရဲကောင်းများ ပါဝင်သည့် စစ်တပ်ကြီး တစ်ခုပင်လျှင် သူမ၏ အသံကို ကြားပြီးနောက် သတ်ဖြတ်ချင်စိတ်များ ပျောက်ဆုံးသွားနိုင်သည်။
သူမသည် အရပ် ခြောက်ပေကျော်ရှည်မည့် အယ်ဗန်မှင်စာ မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ပြီး အစွန်းအထင်း ကင်းမဲ့သည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကိုးရောင်ခြယ်သော မြူနှင်းသည် သူမ၏ မျက်နှာကို ဖုံးအုပ်ထား၏။
အတွေ့အကြုံရှိသူများသည် သူမခန္ဓာကိုယ်မှ မသိမသာ ဖြာထွက်နေသည့် သန့်စင်သော ယင်ရောင်ဝါကို သတိပြုမိကြလိမ့်မည် ဖြစ်သည်။ အလွန်မြင့်မားသော ကျင့်ကြံခြင်း အဆင့် အထိ မူလယင်ကို ထိန်းသိမ်းထားသည့် ဘေးထွက်ဆိုးကျိုးကား အလွန် ကြီးမားလွန်းလှသည်။ မရေမတွက်နိုင်သော ယောက်ျားသားများမှာ သူမနှင့် အတူ နေထိုင်ကာ ကျင့်ကြံခြင်း အကျိုးအမြတ်များ ယူဆောင်ရန် ကျိန်းသေ စိတ်ကူးယဥ် ကြံစည်နေကြပေလိမ့်မည်။
ကံကောင်းထောက်မစွာပင် ဤကောင်းကင်နန်းတော်သို့ ရောက်ရှိနေသည့် ယောက်ျားသားများမှာမူ ထိုဆန္ဒ ကင်းမဲ့နေကြသည်။ သူမအား ပိုင်ဆိုင်ရန် မဖြစ်နိုင်မှန်း သိကြသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ သူမကား အခြားလူ မဟုတ်... မူလတောင်ထွတ်၏ မဟာ အင်ပါယာ ဧကရီ ချင်းရိုင်ပင် ဖြစ်လေသည်။
“ဟွန့်...”
ယောင်ကျန်းက မကျေမနပ်ဖြင့် နှာမှုတ် လိုက်၏။ ထိုအသံက ကောင်းကင် နန်းတော် တစ်ခုလုံးကို ကျော်လွန်ကာ အောက်ရှိ ကောင်းကင်အလွှာများထိပင် တုန်ရီသွားစေသည်။ ထိုအခိုက်တွင်ပင် အခြား တစ်ယောက်က ဆိုလိုက်၏။
"ကောင်းကင် ဧကရာဇ်ဝေ့ရဲ့ အစီရင်ခံစာ အရ ဆိုရင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးရဲ့ ကာကွယ်သူ ချီလန်းက လုပ်ကြံသူ ကျန်းလန်လန်ကို ဖမ်းဆီးနိုင်ခဲ့တယ်… ဒါပေမဲ့ အဲဒီလုပ်ကြံမှုက စစ်ပွဲစဖို့ ကြိုးစားတဲ့ လက္ခဏာနဲ့တော့ မတူဘူး တဲ့"
အခြားလူများ၏ တင်းမာမှုက အနည်းငယ်မျှ ပြေလျော့သွားသော်လည်း ယောင်ကျန်း၏ ခရမ်းရောင် မီးတောက်များမှာမူ အရှိန်မသေပဲ ပို၍သာ လောင်ကြွမ်းလာ၏။
"ဟမ့်… ဘာလို့ စစ်ပွဲစဖို့ ကြိုးစားတဲ့ လက္ခဏာနဲ့ မတူရမှာတဲ့လဲ… အဲဒီ ကောင်မက ငါတို့ ထိန်းချုပ်ထားတဲ့ ကုန်းမြေတိုက်ကြီးကို ကျူးကျော် ဝင်ရောက်ရုံတင် မကဘူး… အလစ် တိုက်ခိုက်ပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံးမှုကိုတောင် ဖြစ်စေခဲ့တယ်… သူတို့က ရှင်းရှင်းလင်းလင်းကြီးကို သုံးလွှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အတိအလင်း ချိုးဖောက်နေတာ”
ယောင်ကျန်းက ပြောလိုက်သည်။ သူ့အသံကြောင့် ဖြစ်ပေါ်လာသော လေပြင်းများတွင် ကောင်းကင်နန်းတော်ထဲရှိ လူတိုင်း၏ ဝတ်ရုံများမှာ လွင့်ပျံနေ၏။
"ဟူး...”
သက်ပြင်းချလိုက်သူမှာ ဓားသဏ္ဌာန် မျက်ခုံးမွေးများနှင့် မြေခွေးကဲ့သို့ စူးရှရှ မျက်လုံးများကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်း တစ်ယောက် ဖြစ်သည်။ သူ၏ နောက်ကျော၌ အနည်းငယ် လှုပ်ယမ်းနေသည့် အမြီးတစ်ချောင်း ရှိပြီး သူ၏ နားရွက်များက အမွေးအမျှင် အချို့ဖြင့် အနည်းငယ် ချွန်နေသည်။ ပုံမှန်နှင့် ကွဲပြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံ အသွင်သဏ္ဌာန်ကြည့်ခြင်းဖြင့် ထိုပုဂ္ဂိုလ်မှာ ရှို့ရန် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကြောင်း သိနိုင်ပါသည်။ သူကား စစ်တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ကျိချန်ကောင်းပင် ဖြစ်၏။
သူက ခပ်လေးလေး လေသံဖြင့် ပြောလိုက်သည်။
“အဲဒီလောက် မရိုးရှင်းဘူး မဟာ သူတော်စင်ယောင်...”
သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ လက်ရှိ အုပ်စိုးသူ စန်းမျိုးနွယ်သည် လွန်ခဲ့သော အနှစ်နှစ်ရာကျော်က သုံးလွှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို စတင် ထုတ်ပြန်ခဲ့သည်။ ထို့မတိုင်ခင်က အလွန် ပြင်းထန်သော ကြယ်တာရာ စစ်ပွဲတစ်ခု ဖြစ်ပွားနေခဲ့ပြီး အထွတ်အမြတ် အလင်းနန်းတော်၊ အသူရာ နတ်ဆိုး တောင်တန်းတို့ ပေါင်းစပ်ထားသော အင်အားစုနှင့် အနန္တဧကရာဇ်ဂိုဏ်းတို့ တိုက်ခိုက်ခဲ့ကြသည်။
ထိုခေတ်ကာလများ၌ အနန္တဧကရာဇ်ဂိုဏ်းသည် မဟာဂိုဏ်းကြီး ငါးဂိုဏ်းတွင် အသန်မာဆုံးသော အင်အားစု ဖြစ်ခဲ့သည်။ နှစ်ပေါင်း သုံးဆယ် ကြာမြင့်ခဲ့သော ထိုစစ်ပွဲကြီး၌ အနန္တဧကရာဇ်ဂိုဏ်းသည် ရှေးဟောင်းခေတ်မှ ဝှက်ဖဲပေါင်း များစွာကို ထုတ်သုံးခဲ့ရကာ များစွာသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
နောက်ဆုံးသော အခိုက်အတန့်၌ အနန္တဧကရာဇ်ဂိုဏ်းသည် အသန်မာဆုံးသော ဝှက်ဖဲကို သုံးကာ အင်အားစု သုံးခုကို အမြစ်ဖြုတ်ပစ်ရန် စီစဥ်ခဲ့သည်။ ထိုကဲ့သို့သော အခြေအနေတွင်ပင် စန်းမျိုးနွယ်မှာ စစ်ပွဲအတွင်း ကြားနေ အဖြစ် ဝင်ရောက်လာခဲ့သည်။
အကယ်၍ သူတို့သာ ဝင်မပါခဲ့ပါက ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ အပျက်အစီးပုံ အဖြစ်သာ ကျန်ရှိပေလိမ့်မည်။ မဟာ ဂိုဏ်းကြီး ငါးဂိုဏ်းသည် တစ်ခုမှ လျှော့တွက်၍ မရသော အင်အားစုများ ဖြစ်ကြပြီး အလွန် ပြင်းထန်သော အဖျက်စွမ်းအားများကို ကိုယ်စီပိုင်ဆိုင်ထားကြသည်။ အနန္တဧကရာဇ်ဂိုဏ်းသည် ကြယ်တာရာ နယ်မြေတစ်ခုလုံးကို အုပ်စိုးခဲ့သည့် ဂိုဏ်းကြီး ဆိုသော်လည်း အခြားဂိုဏ်းသုံးဂိုဏ်း ပေါင်းစပ်ထားသော အင်အားမှာလည်း ထိုထက် အနည်းငယ်မျှပင် လျော့နည်းလိမ့်မည် မဟုတ်ပါချေ။
အကျဥ်းချုပ်ပြောရသော် စန်းမျိုးနွယ်၏ ညှိနှိုင်းမှုနှင့် အတူ အင်အားစု လေးခုလုံးမှာ သုံးလွှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို မျက်နှာစုံညီ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ စန်းမျိုးနွယ်သည် သဘာပတိ အဖြစ် ဆောင်ရွက်ကာ ထိုသဘောတူညီချက်ကို ချိုးဖောက်သူများအား ပြစ်ဒဏ်ပေးမည်ဖြစ်သည်။ ဤသို့ဖြင့် စစ်ပွဲကြီး ပြီးဆုံးကာ ငြိမ်းချမ်းသော ခေတ်တစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
သို့သော်လည်း စစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် အနန္တဧကရာဇ်ဂိုဏ်းမှာ တဖြည်းဖြည်း အင်အား လျော့ကျလာခဲ့သည်။ သူတို့သည် စစ်ပွဲအတွင်း၌ မရေမတွက်နိုင်သော ပါရမီရှင်များ ထိပ်သီး ကျင့်ကြံသူများကို ဆုံးရှုံးခဲ့ရပြီး ထိုအရာကပင် မျိုးဆက် ပြတ်တောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း အနန္တဧကရာဇ်ဂိုဏ်း၏ စည်းကမ်းများမှာ တိကျပြတ်သားကာ မျိုးဆက်သစ်ပေါင်း များစွာကို မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။ ယခုအချိန်ကာလ၌ မဟာဂိုဏ်းကြီး ငါးဂိုဏ်းတွင် အင်အား အနည်းဆုံးဂိုဏ်း အဖြစ် ရည်ညွှန်းခံနေရသည့်တိုင် လုံလောက်သည့် အချိန်တစ်ခုကို ဖြတ်ကျော်ပြီးသည်နှင့် ခေါင်းဆောင် နေရာသို့ သူတို့ ပြန်လည် ရောက်ရှိမည်မှာ သေချာပေသည်။
“ကြယ်တာရာ အမြုတေ အဆင့်သုံးနဲ့ အထက် ကျင့်ကြံသူတွေ အနေနဲ့ ကမ္ဘာပြားတွေကို ကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရဘူးလို့ပဲ သုံးလွှာ ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာ ပါဝင်တယ်... ကျန်းလန်လန်က အဆင့်နှစ်မှာပဲ ရှိသေးတယ်... ဒါကြောင့် သူတို့က ဘာသဘောတူညီချက်ကိုမှ ဖောက်ဖျက် မထားဘူး”
စစ်တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ကျိချန်းကောင်းက ပြောလိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်နေသည့်တိုင် မျက်လုံးများထဲတွင်မူ မကျေနပ်မှု အရိပ်အယောင် အချို့ ရှိနေခဲ့သည်။ သို့သော်လည်း ကျန်းလန်လန်မှာ သဘောတူညီချက် အတိုင်းသာ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ရာ သူတို့ ဘာတတ်နိုင်မည်နည်း။
အားလုံး တစ်ခဏမျှ တိတ်ဆိတ်နေစဥ်တွင်ပင် တည်ငြိမ် အေးဆေးသည့် အသံတစ်ခုက ချိုးဖျက် ထွက်ပေါ်လာ၏။
“ကျန်းဖေးလန်က တမန်တော် တစ်ယောက်ကို လွှတ်ပြီး သဝဏ်လွှာ ပါးလိုက်တယ်...”
စကားပြောလိုက်သူကား အဘွားအို တစ်ယောက် ဖြစ်သည်။ သူမသည် အကြေးခွံ မျက်နှာနှင့် တွားသွား သတ္တဝါ ကဲ့သို့ မျက်လုံးများက ပိုင်ဆိုင်ထား၏။ သူမ၏ ကျောထက်တွင်မူ စိမ်းပြာရောင် လိပ်ခွံတစ်ခု ရှိနေကာ တည်ငြိမ်သော မျက်လုံးများမှာ ဉာဏ်ပညာရှိခြင်းများနှင့် ပြည့်နှက်နေသည်။ သူမသည် ရှေးဟောင်း လိပ်မျိုးရိုးမှ ဆင်းသက်လာသည့် ရှို့ရန် မျိုးနွယ်ဝင် တစ်ယောက်ပင် ဖြစ်သည်။ သို့သော်လည်း သူမ၏ အသက်က ထို့ပိကျန်းလောက်တော့ ကြီးခြင်း မရှိသေးပါချေ။ သူ့နာမည်က ဇင် ဟူ၍ ဖြစ်၏။
ဇင်၏ စကားလုံးများက အားလုံးသော လူများ၏ အကြည့်များကို ဆွဲဆောင်သွား၏။ ကျန်းဖေးလန်သည် အထွတ်အမြတ် အလင်း နန်းတော်၏ သခင် ဖြစ်သည်။ အထွတ်အမြတ် အလင်း နန်းတော်သည် အယ်ဗန်မှင်စာမျိုးနွယ် ကြီးစိုးသည့် ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ပြီ ထာဝရ ဧကရာဇ်ခေတ် ကုန်ဆုံးလုပြီး နောက်တွင် အထွတ်အမြတ် အယ်ဗန် ဧကရီက တည်ထောင်ခဲ့သည်။
ကျန်းဖေးလန်သည် ကျင့်ကြံခြင်း အရာတွင် မည်သို့မျှ အထင်သေး၍ မရသည့် ပုံရိပ် တစ်ခု ဖြစ်သည်။ သူမသည် အဆင့်ခုနစ် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ကာ နယ်မြေသခင် ဖြစ်လာရန် ဖြစ်နိုင်ချေ အရှိဆုံး ပုဂ္ဂိုလ် သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်း၏ အသက်အငယ်ဆုံး မဟာ အင်ပါယာ သူတော်စင် ယောင်ကျန်းမှာလည်း ထိုစာရင်းထဲ၌ ပါဝင်နေသည်။
ဇင်က တစ်ခဏမျှ အချိန်ယူလိုက်ပြီးနောက်မှ ဆက်ပြောလိုက်သည်။
“ကျန်းဖေးလန်ရဲ့ သဝဏ်လွှာထဲမှာ သူ့သမီးဟာ အတွေ့အကြုံ မပြည့်ဝမှုကြောင့် မိုက်မှားမိတယ် လို့ ရေးသားထားတယ်... နောက်ပြီး ကျန်းလန်လန်ကို ပြန်ခေါ်ဖို့ ဆက်သားလွှတ်လိုက်မယ် ဆိုတဲ့ အကြောင်းနဲ့ သူကိုယ်တိုင် အပြစ်ပေးမယ် ဆိုတဲ့ အကြောင်းလည်း ပါတယ်”
“ဘာ...”
ယောင်ကျန်းက ဒေါသတကြီး ထအော်လိုက်၏။ တည်ငြိမ်သည့် ကျိချန်းကောင်း ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။ အလွန်ထက်ရှသည့် ဓားနှင့် ဆေဘာ အရောင်အဝါများမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူတို့ မျှော်လင့်ထားသည်က တောင်းပန်မှုနှင့် လျော်ကြေး အကြောင်း စကားလုံးများ ဖြစ်သည်။ ထိုအမှိုက်ထုပ် မဟုတ်ချေ။
“ဟမ့်... တကယ်ဆို ကောင်းကင်ဧကရာဇ်ဝေ့က သူ့သမီးကို နေရာမှာတင် ကွပ်မြက်ပြစ်လိုက်သင့်တာ...”
ချင်းရိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ကျန်းဖေးလန်ထံမှ သဝဏ်လွှာမှာ ပေါ့တီးပေါ့ပျက် နိုင်လွန်းပြီး တာဝန်ယူမှု တစ်ခုတစ်ပင် မပါဝင်ချေ။ ထိုမှင်စာမက အနန္တဧကရာဇ်ဂိုဏ်းကို ဘာထင်နေသနည်း။
“ငါတို့ရဲ့ ကုန်းမြေတိုက်ကြီး တစ်ခုနဲ့ သိန်းချီတဲ့ ပြည်သူတွေရဲ့ အသက်က အဲဒီလောက်ထိ စျေးပေါတာလား... ကြည့်ရတာ သူတို့က ငါတို့ကို အထင်သေးနေပုံပဲ... စစ်ပွဲက လွဲပြီး အခြား ရွေးစရာ မရှိတော့ဘူး”
ယောင်ကျန်းက လက်သီးကို တင်းတင်း ဆုပ်ရင်း အော်ဟစ်လိုက်၏။ သူ့မျက်လုံးများထဲတွင်မူ ခရမ်းရောင် မီးတောက်များက ရိုင်းစိုင်းစွာ ပေါက်ကွဲနေခဲ့လေတော့သည်။
"စစ်ပွဲ...”
ချင်းရိုင်ကလည်း လိုက်လံ ရေရွတ်လိုက်၏။ သူမ၏ အသံက တေးဂီတသံလို သာယာလှသည့်တိုင် သူမ၏ မျက်လုံးများကတော့ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် တလက်လက် တောက်ပနေခဲ့တော့သည်။
***