← Chapters

မဟာ အင်ပါယာ သူတော်စင်များ ဆုံစည်းမှု (၂)

Vol. 17 Ch. 235

မဟာ အင်ပါယာ သူတော်စင်များ ဆုံစည်းမှု (၂)

Vol. 17 Ch. 235

ကျိချန်းကောင်းမှာ ဘာစကားမှ မဆိုချေ။ သို့သော်လည်း သူ၏ မျက်လုံးနှင့် အယောင်အဝါတို့ကမူ ယောင်ကျန်း၏ စကားကို ထောက်ခံကြောင်း ဖော်ပြနေသည်။ အနန္တဧကရာဇ်ဂိုဏ်းသည် ခေတ်အဆက်ဆက် သမိုင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကာ အဆုံးစွန်ထိ တိုက်ခိုက်ခဲ့သည်။ မိမိနှင့် ရန်သူတို့၏ သွေးများကို ပင်လယ်များ ကဲ့သို့ စီးဆင်းစေခဲ့သည်။ အမြင့်အားဆုံးသော မောက်မာမှုနှင့် မိမိကိုယ်ကို လေးစားမှုတို့မှာ သူတို့၏ အသွေးအသားထဲ၌ မှတ်ကျောက်တင်အောင် စွဲထင်နေပေသည်.

“ငါတို့ တိုက်ခိုက်လို့ မဖြစ်ဘူး...”

ထို့ပိကျန်းက ဆိုလိုက်၏။ အခြားလူများနှင့် ခြားနားစွာပင် သူ၏ ကိုယ်ရောင်ကိုယ်ဝါက သာမန် အဘိုးအို တစ်ဦး ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

“ဘာလို့လဲ...”

ယောင်ကျန်းက မေးလိုက်၏။ သူ၏ လေသံက ပထမကနှင့် မတူပဲ အနည်းငယ် ပျော့ပျောင်းနေသည်။ သူသည် ထို့ပိကျန်း အပေါ်တွင် အမြင့်မားဆုံးသော လေးစားမှုကို ဆွဲကိုင်ထား၏။ အကယ်၍ ထိုအဘိုးအိုကြီး၏ လမ်းညွှန်မှုနှင့် ကြင်နာမှုတို့ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဤအဆင့်ကို ရောက်ရှိရန်မှာ မဖြစ်နိုင်လုနီးပါး ဖြစ်သည်။

“သူပြောတာ မှန်တယ်... သုံးလွှာ ငြိမ်းချမ်းရေး သဘောတူညီချက်က မကျိုးပေါက်သေးဘူး... ငါတို့ စစ်ပွဲကို စလိုက်တာနဲ့ စန်းမျိုးနွယ်နဲ့ အခြား အင်အားစုတွေဟာ အဘက်ဘက်ကနေ ဝင်လာလိမ့်မယ်... အနန္တဧကရာဇ်ဂိုဏ်းက ဘယ်ရန်သူကိုမှ မကြောက်ဘူး ဆိုပေမဲ့ ချွင်းချက် အနေနဲ့ စဥ်းစားချင့်ချိန်ရမှာတွေတော့ ရှိသေးတယ်”

ဇင်၏ စကားလုံးများက လေးနက်သော အဓိပ္ပာယ်များနှင့် ပြည့်နှက်နေသည်။ အကယ်၍ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့် အချိန်တွင် ဆိုပါက သူတို့ ဘာကိုမှ မစဥ်းစားပဲ ထိုကျန်းဖေးလန်၏ ဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မှု အနေအခြေများက ခြားနားခဲ့လေပြီ။ ဝန်ခံရန် ခက်ခဲသည့်တိုင် ထိုအရာက အမှန်တရား ဖြစ်သည်။

“အနည်းဆုံး လျော်ကြေးရဖို့တော့ ငါတို့ တောင်းဆိုသင့်တယ်”

ကျိချန်းကောင်းက ပြောလိုက်သည်။ ထိုအရာက သူ လျှော့နိုင်သည့် နောက်ဆုံး အတိုင်းအတာ ဖြစ်သည်။ အကယ်၍ ကျန်းဖေးလန် သဘောမတူပါက သူ ကိုယ်တိုင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ သွားကာ ကျန်းလန်လန်ကို သတ်ပစ်မည် ဖြစ်သည်။

“ဒါပေါ့...”

ထို့ပိကျန်းက ခေါင်းညိတ်လိုက်၏။ ထိုလုပ်ကြံမှုက အနန္တဧကရာဇ်ဂိုဏ်းအား သွေးတိုးစမ်းမှု တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ ယခုတစ်ကြိမ် ကြည်ကြည်ဖြူဖြူ အလျှော့ပေးလိုက်ပါက နောက်အခါတွင် ယခုထက် ပိုမို ရဲတင်းသည့် အပြုအမူများနှင့် ရင်ဆိုင်ရနိုင်သည်။

“ဟိုကောင်လေးကတော့ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှာပဲ ပိတ်မိနေတုန်းပဲ”

ထို့ပိကျန်းက ဆက်ပြောလိုက်၏။ သူပြောသည့် ထိုကောင်လေးက ဝေ့ဝူယင်ကို ရည်ညွှန်းမှန်း အခန်းအတွင်းရှိ လူတိုင်း သိရှိကြပေသည်။

လွန်ခဲ့သည့် လေးနှစ်အတွင်း၌ ဝေ့ဝူယင်သည် အနန္တဧကရာဇ်ဂိုဏ်းကို နတ်ဘုရား တစ်ပါး ကဲ့သို့ လှုပ်ခါစေခဲ့သူ ဖြစ်သည်။ ထိုအတောအတွင်း၌ သူသည် ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးပြားပေါင်း သောင်းနှင့်ချီ၍ ဂိုဏ်းကို ထောက်ပံ့ပေးခဲ့သည်။ ထိုဆေးပြားများမှာ အဆင့်ခုနစ် အဆင့်နိမ့်တွင်သာ ရှိသည့်တိုင် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ သေမျိုးအဆင့် တည်ဆောက်ရာ၌ အလွန် အရေးပါသည်။

အကယ်၍ သူသာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ပိတ်မိနေပါက ထိုအရာက ဂိုဏ်းအတွက် ဆယ်စုနှစ်ချီ ဆုတ်ယုတ်မှု ဖြစ်ပေလိမ့်မည်။

ယောင်ကျန်းမှာ မျက်မှောင်ကြုတ်နေ၏။ လွန်ခဲ့သည့် ခြောက်လခန့်က အခြားလူများ မသိအောင် သူ အလဲအလှယ် တစ်ခုကို လက်ခံခဲ့သည်။ အရိုးသားဆုံး ဝန်ခံရလျှင် ထိုအရာက လာဘ်ပေးလာဘ်ယူမှုပင် ဖြစ်သည်။ ကြယ်တာရာ ပင်လယ် ဆေးလုံး ဆယ်လုံးနှင့် နတ်ဆိုးပင်လယ် ဆေးလုံး ဆယ်လုံးအတွက် သူ မသိချင်‌ယောင် ဆောင်ကာ ဝေ့ဝူယင်ကို အနန္တဧကရာဇ်ဂိုဏ်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

ထိုအရာမှာ လျှို့ဝှက်ကိစ္စ တစ်ခုဖြစ်ပြီး မည်သူမှ မသိသည်က အကောင်းဆုံး ဖြစ်သည်။

ကျိချန်းကောင်းမှာ မျက်မှောင်ကြုတ်နေ၏။ လွန်ခဲ့သည့် ခြောက်လခန့်က အခြားလူများ မသိအောင် သူ အလဲအလှယ် တစ်ခုကို လက်ခံခဲ့သည်။ အရိုးသားဆုံး ဝန်ခံရလျှင် ထိုအရာက လာဘ်ပေးလာဘ်ယူမှုပင် ဖြစ်သည်။ ကြယ်တာရာ ပင်လယ် ဆေးလုံး ဆယ်လုံးနှင့် ကြယ်တာရာသွေး သန့်စင်ခြင်း ဆေးလုံး ဆယ်လုံး အတွက် သူ မသိချင်‌ယောင် ဆောင်ကာ ဝေ့ဝူယင်ကို အနန္တဧကရာဇ်ဂိုဏ်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

ထိုအရာမှာ လျှို့ဝှက်ကိစ္စ တစ်ခုဖြစ်ပြီး မည်သူမှ မသိသည်က အကောင်းဆုံး ဖြစ်သည်။

ချင်းရိုင်မှာ မျက်မှောင်ကြုတ်နေ၏။ လွန်ခဲ့သည့် ခြောက်လခန့်က အခြားလူများ မသိအောင် သူ အလဲအလှယ် တစ်ခုကို လက်ခံခဲ့သည်။ အရိုးသားဆုံး ဝန်ခံရလျှင် ထိုအရာက လာဘ်ပေးလာဘ်ယူမှုပင် ဖြစ်သည်။ ကြယ်တာရာ ပင်လယ် ဆေးလုံး ဆယ်လုံးနှင့် ဒြပ်စင်ကိုးမျိုး ပေါင်းစပ်ခြင်း ဆေးလုံး ဆယ်လုံး အတွက် သူမ မသိချင်‌ယောင် ဆောင်ကာ ဝေ့ဝူယင်ကို အနန္တဧကရာဇ်ဂိုဏ်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

ထိုအရာမှာ လျှို့ဝှက်ကိစ္စ တစ်ခုဖြစ်ပြီး မည်သူမှ မသိသည်က အကောင်းဆုံး ဖြစ်သည်။

ဇင်မှာ မျက်မှောင်ကြုတ်နေ၏။ လွန်ခဲ့သည့် ခြောက်လခန့်က အခြားလူများ မသိအောင် သူ အလဲအလှယ် တစ်ခုကို လက်ခံခဲ့သည်။ အရိုးသားဆုံး ဝန်ခံရလျှင် ထိုအရာက လာဘ်ပေးလာဘ်ယူမှုပင် ဖြစ်သည်။ ကြယ်တာရာ ပင်လယ် ဆေးလုံး ဆယ်လုံးနှင့် သမုဒ္ဒရာ ကောင်းချီး ဆေးလုံး ဆယ်လုံး အတွက် သူ မသိချင်‌ယောင် ဆောင်ကာ ဝေ့ဝူယင်ကို အနန္တဧကရာဇ်ဂိုဏ်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

ထိုအရာမှာ လျှို့ဝှက်ကိစ္စ တစ်ခုဖြစ်ပြီး မည်သူမှ မသိသည်က အကောင်းဆုံး ဖြစ်သည်။

“ငါတို့ အနေနဲ့ စစ်ပွဲထက် စာရင် ကောင်းကင်ဧကရာဇ်ဝေ့ ပြန်လာနိုင်ရေးကိုပဲ ဦးစားပေးသင့်တယ်... သူက ငါတို့ဂိုဏ်း အတွက် မရှိမဖြစ် အရေးပါတယ်...”

ဇင်က ဆိုလိုက်၏။

“သဘောတူတယ်...”

ယခုတစ်ကြိမ်တွင်တော့ ကျိချန်ကောင်း၊ ချင်းရိုင်နှင့် ယောင်ကျန်းတို့မှာ တစ်ညီတစ်ညွှတ်တည်း ထောက်ခံလိုက်ကြသည်။

"..."

ထို့ပိကျန်းမှာ မဟာ အင်ပါယာ သူတော်စင်များ၏ အမူအရာများကို ကြည့်ရင်း တစ်ခုခု မူမမှန်သလို ခံစားလိုက်ရ၏။ သူ အနည်းငယ် ပြုံးကာ ခေါင်းခါလိုက်မိ၏။

ထိုကလေးသည် ကောင်းကင်ဘုံ နတ်မျက်လုံးကို အောင်မြင်ခဲ့သည့် အပြင် အနန္တဧကရာဇ် ဂိုဏ်းတစ်ဝက် နီးပါးကိုပါ အိတ်ကပ်ထဲ ထည့်ထားနိုင်သူ ဖြစ်သည်။ ကြည့်ရသည်က မဟာ အင်ပါယာ သူတော်စင်များပင်လျှင် သူနှင့် လွတ်ကင်းနိုင်ပုံ မရချေ။ လေးနှစ်တာ ဆိုသည့် အချိန်တို အတွင်း သူ၏ လုပ်ဆောင်ချက်များက အလွန် သေသပ်ပိရိကာ အထင်ကြီးစရာ ကောင်းလွန်းသည်။

မကြာခင်မှာပင် သူတို့၏ ဆွေးနွေးမှုက ကျန်းလန်လန် ဆိုသော ခေါင်းစဥ်သို့သာ ပြန်လည် ရောက်ရှိလာသည်။ သူတို့ ငါးယောက်သည် တောင်းဆိုမည့် လျော်ကြေး ပမာဏကို သေချာစွာ ညှိနှိုင်း၍ ဆုံးဖြတ်ခဲ့ကြသည်။ ထိုပမာဏက နှစ်ဖက် စလုံးအတွက် သင့်တင့်သည့် ပမာဏ ဖြစ်သည်။ အကယ်၍ အထွတ်အမြတ် အလင်း နန်းတော်က ငြင်းပယ်ရန် ကြိုးစားလျှင် သူတို့ ကျန်းလန်လန်ကို သတ်ဖြတ်ကာ စစ်ပွဲကို စတင်မည် ဖြစ်သည်။

မကြာခင်မှာပင် သူတို့ ငါးယောက် အကြား၌ သဘောတူညီမှု ရရှိသွား၏။ ပထမ ဦးစားပေး အနေဖြင့် ဝေ့ဝူယင် ပြန်လာဖို့ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု တည်ဆောက်မည်။ ဒုတိယ ဦးစားပေး အနေဖြင့် အထွတ်အမြတ် အလင်း နန်းတော်ကို လျော်ကြေး တောင်းခံမည်။ သို့ဖြစ်ရာ သူတို့ စုဝေးရသည့် အဓိက ရည်ရွယ်ချက်က ပြီးသွားပြီဟု ဆိုနိုင်ပေသည်။

“ကျွန်မတို့ ငါးယောက်လုံး ခုလို တွေ့ဖို့က ရှားတယ်... ကြုံတုန်းကြုံခိုက် အခြား ကိစ္စတွေ အကြောင်းပါ ထပ်ဆွေးနွေးကြမလား...”

ချင်းရိုင်က မေးလိုက်၏။ လူတိုင်း၏ မျက်ခုံးများက အနည်းငယ် အပေါ်သို့ မြင့်တက်သွားကြသည်။ သူတို့ ငါးယောက် ယခုကဲ့သို့ ဆုံစည်းဖို့က အလွန် ရှားသည်။ များသောအားဖြင့် သူတို့သည် ကိုယ်ပွားများ၊ ဆက်သွယ်ရေး သလင်းကျောက်များမှ တစ်ဆင့်သာ ဆက်သွယ် ပြောဆိုလေ့ ရှိကြသည်။ အရေးတကြီး ဆွေးနွေး ဆုံးဖြတ်ရန် လိုအပ်သည့် ကိစ္စများ အတွက်သာ ယခုကဲ့သို့ တွေ့ဆုံလေ့ ရှိသည်။

“ကောင်းသားပဲ...”

အခြားလူများမှာ ထွက်ခွာရန် ဟန်ပြင်ပြီးခါမှ စိတ်ဝင်စားဟန်ဖြင့် ပြန်လည် ထိုင်လိုက်ကြသည်။ ကျိချန်ကောင်းက မေးလိုက်၏။

“မင်းမှာ သတင်းထူး တစ်ခုခု ရှိလို့လား မဟာ သူတော်စင်ချင်း...”

ချင်းရိုင်က ခေါင်းညိတ်လိုက်သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း လုံချန်နဲ့ မူလ အင်ပါယာ သူတော်စင် ဟုန်ဖူဝမ်ကူးနဲ့ လုံချန်တို့ အကြားမှာ ပဋိပက္ခ တစ်ချို့ ဖြစ်သွားခဲ့တယ်...”

သူမ၏ စကားလုံးများက အားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ လူတိုင်း၏ မျက်လုံးများက ထို့ပိကျန်းထံသို့ ရောက်ရှိသွား၏။ ထို့ပိကျန်းက မပြောင်းလဲသော အမူအရာနှင့် ခေါင်းခါလိုက်သည်။

မူလ သူတော်စင် ဟုန်ဖူဝမ်ကူးသည် ဖန်တီးခြင်း တောင်ထွတ်၏ အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သည့် လပိုင်းက ဟုန်ဖူ မျိုးနွယ်၏ မျိုးဆက်သစ်များနှင့် လုံချန်တို့ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သူတို့ ကြားခဲ့ရသေးသည်။ ကြည့်ရသည်က ထိုမီးမှာ တဖြည်းဖြည်းဖြင့် ဟုန်ဖူဝမ်ကူး အထိ ပျံ့နှံ့လာခဲ့ပုံ ရသည်။

လုံချန်သည် မကြာသေးခင်ကပင် အထွတ်အမြတ် အယ်ဗန် ဧကရီ ကဲ့သို့ ပေါင်းစပ်ထားသော ကြယ်တာရာ ဝိညာဥ်ဖြင့် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့သည်။  ထိုအရာက သူ့အား အလွန်အမင်း ကျော်ကြားစေကာ အယ်ဗန် ဧကရီ ကဲ့သို့ ကျင့်ကြံခြင်း၏ အကန့်အသတ်များကို ချိုးဖျက်မည့် လူတစ်ယောက်ဟု မရေမတွက်နိုင်သော လူများ၏ ထင်ကြေးပေးမှုကို ခံခဲ့ရသည်။ ထိုထင်ကြေးပေးမှုများနှင့် ထိုက်တန်စွာပင် သူ၏ အင်ပါယာ သတ်ဖြတ်သူ ဓားကြယ်တာရာ ဝိညာဥ်မှာ ကြောက်ခမန်းလိလိ သန်မာလှသည်။

လွန်ခဲ့သည့်လက ကျင်းပသည့် ဂိုဏ်းတွင်းပြိုင်ပွဲတွင် လုံချန်သည် ကြယ်တာရာ အမြုတေ အဆင့်နှစ် အထွတ်အထိပ်များနှင့်ပင် တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်ပြသကာ  ဟုန်ဖူမျိုးနွယ် လူငယ်များကို ဆက်တိုက် အနိုင်ယူခဲ့သည်။ သူ၏ အားထုတ်မှုနှင့်  တိုက်ပွဲစွမ်းရည်တို့က အထူးကျော်ကြားလာကာ ဂိုဏ်းကပင် ချွင်းချက် အနေဖြင့် သူ့အား ကမ္ဘာရွေးချယ်ခံ တပည့် အဖြစ် သတ်မှတ်ပေးခဲ့သည်။

အနန္တဧကရာဇ်ဂိုဏ်း အနေဖြင့် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို မည်ကဲ့သို့ လျစ်လျူနိုင်ပါမည်နည်း။ ယင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီ ကတည်းက ပျောက်ကွယ် တိမ်မြုပ်သွားသည့်တိုင် လုံချန်က ပြန်လည် ဖော်ထုတ် ပြသခဲ့သည်။ ဂိုဏ်း၏ အခြေခံစည်းမျဉ်းများအရ ဆိုလျှင် သူသည် နောက်လာမည့် မဟာဧကရာဇ်ပင် ဖြစ်ဖွယ်ရှိသည်။

သို့သော်လည်း လုံချန်မှာ မောက်မာကာ ရက်စက်သည့် ဗီဇမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူသည် မည်သည့် အကျိုးဆက်ကိုမျှ ထည့်မစဥ်းစားပဲ စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ ကြားရသလောက်ဆိုလျှင် ထိုလုံချန်မှာ ဝေ့ဝူယင်ကိုပင် သတ်ဖြတ်ရန် ကျိန်ဆိုထားသည်ဟု ဆိုသည်။

“ဒီကိစ္စကို ငါတို့ ဝင်ပါဖို့ မလိုဘူးလို့ ငါထင်တယ်... သူစတဲ့ ပြဿနာကို သူ့ဘာသာသူ ဖြေရှင်းသင့်တယ်... တကယ်လို့ ဒီပြဿနာလေးလောက်ကို မဖြေရှင်းနိုင်ဘူး ဆိုရင် အနာဂတ်မှာ ဘယ်လိုလုပ်ပြီး မဟာ ဧကရာဇ်နေရာကို ဆက်ခံနိုင်မှာလဲ”

ထို့ပိကျန်းက ထူးမခြားနားဟန်နှင့် ဆိုလိုက်၏။ ကျိချန်းကောင်းက ခေါင်းညိတ် ‌ထောက်ခံလိုက်သည်။ ချင်းရိုင်နှင့် ဇင်တို့မှာမူ တိတ်ဆိတ်နေ၏။

တစ်ချိန်တည်း၌ ယောင်ကျန်းမှာ မျက်မှောင်ကြုတ်နေ၏။ သူ၏ အတွေးများက အနည်းငယ် ရှုပ်ထွေးနေသည်။ သူ၏ သားဖြစ်သူသည် လုံထျန်းယုကို ချစ်ခင်နှစ်သက်ကာ လိုက်ရန် ကြိုးစားနေသည်။ လုံချန်နှင့် လုံထျန်းယုတို့မှာ မွေးစား မောင်နှမများဟု ဆိုသော်လည်း သူ့နှလုံးသားထဲ၌ မသေချာ မရေရာမှု အချို့ကို ခံစား နေရဆဲ ဖြစ်သည်။ သူသည် ဖြစ်နိုင်လျှင် သားဖြစ်သူ အတွက် လုံချန်ကို ရှင်းလင်း ပစ်ချင်နေသည်။

သို့သော် အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း လုံချန်မှာ  အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံနေသူ ဖြစ်သည်။ သူသည် နှစ်ပေါင်းထောင်ချီ စောင့်စားပြီးနောက်မှ ပေါ်လာသည့် တစ်ဦးတည်းသော မဟာ ဧကရာဇ် အမွေအနှစ် ဆက်ခံသူ ဖြစ်သည်။

“သူ့အကြောင်း ထားလိုက်ပါလေ... နယ်စပ်ဒေသနားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဂိတ်တံခါး အကြောင်းက ပိုပြီး အရေးကြီးတယ်... ဒြပ်စင် ကောင်းကင်နန်းတော်က အဲဒါကို ဝင်ပြိုင်ချင်နေတဲ့ပုံပဲ”

ဇင်က စကားလမ်းကြောင်း ပြောင်းလိုက်၏။ သူမ၏ စကားလုံးများက ချီချန်းကောင်းနှင့် ချင်းရိုင်တို့၏ အမူအရာများကို တောက်ပသွားစေသည်။ ကြည့်ရသည်က သူတို့မှာ ထိုကိစ္စကို စိတ်ဝင်စား နေကြဟန် ရသည်။

"ငါ...”

ယောင်ကျန်းက သူ၏ ထင်မြင်ချက်ကို ဝင်ရောက် ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာင် ထူးဆန်းသောအသံတစ်ခုက တစ်ကမ္ဘာလုံးကို ပဲ့တင်ထပ်သွားသည်။ ယင်းမှာ အလွန် တိုးလျလွန်းလှကာ လေတိုးသံလိုလို ထင်ရသော်လည်း ကမ္ဘာမြေပေါ်ရှိ သက်ရှိတိုင်းမှာ တပြိုင်နက်တည်း ကြားလိုက်ရသည်။

ဝှစ်... ဝှစ်...

ရုတ်ချည်းပင် မဟာ သူတော်စင် ငါးယောက်၏ အမူအရာများက ပြောင်းလဲသွားကာ မူလနေရာများမှ အစီအရီ ပျောက်ကွယ်သွားကြ၏။

***

All Chapters