ဟင်းလင်းပြင် မူမမှန်မှု
Vol. 17 Ch. 236
၎င်းမှာ အလွန် ထူးဆန်းကာ မည်သူမှ မကြားဖူးသည့် အသံတစ်ခုဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်းတွင် ထိုကဲ့သို့ အသံကို ဖြစ်ပေါ်စေနိုင်သည့် ရုပ်ဝတ္ထု တစ်ခုမျှပင် မရှိချေ။ ထိုအရာက ပွက်ပွက်ပွက်ဆူနေသော လေများ ပြည့်နှက်နေသကဲ့သို့ ထင်ရသော်လည်း တစ်ချိန်တည်း၌ ပျော့ပျောင်း နိမ့်ပါးလှကာ ပစ္စုပ္ပန်ကိုပင် နားလည်ရန် ခက်ခဲလှသည်။
ထိုအသံကို အားလုံး ကြားလိုက်ရသည့်တိုင် မဟာ အင်ပါယာ သူတော်စင် ငါးပါး၊ ကောင်းကင် ဗိုလ်ချုပ်များ၊ မူလ အင်ပါယာ သူတော်စင်များ၊ အင်ပါယာ သူတော်စင်များ၊ ကောင်းကင်ဧကရာဇ် အဆင့် တပည့်များ သာလျှင် ထူးခြား ဆန်းပြားမှုကို သတိထားမိကြသည်။ သူတို့၏ ကြယ်တာရာ ဝိညာဥ်များမှာ တုန်ရီသွားကာ ကျင့်ကြံခြင်း အခြေခံများ ပင်လျှင် ကပြောင်းကပြန် ဖြစ်သွားကြသည်။
အနန္တဧကရာဇ်ဂြိုဟ် အနှံ့အပြားရှိ ကြယ်တာရာ အမြုတေ အဆင့်လေးကို ကျော်လွန်နေသည့် ပုဂ္ဂိုလ်များမှာ တစ်ပြိုင်နက်တည်း မျက်လုံးဖွင့်ကာ တူညီသော အရပ်မျက်နှာ တစ်ခုသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူတို့ အားလုံးမှာ မူလနေရာများမှ ပျောက်ကွယ်သွားကြ၏။ ထိုအထဲ၌ တံခါးပိတ် ကျင့်ကြံခြင်း ပြုနေကြသည့် ကျင့်ကြံသူများ ပင်လျှင် ချွင်းချက် မဟုတ်ချေ။
နှစ်စက္ကန့်မျှသော အချိန်တိုလေး အတွင်းမှာပင် များစွာသော အဆင့်မြင့် ပုဂ္ဂိုလ်များမှာ အနန္တဧကရာဇ်ဂိုဏ်း အတွင်းရှိ နေရာတစ်ခု၌ ဆုံစည်းနေမိကြပြီ ဖြစ်သည်။
ထိုနေရာကာ ဧကရာဇ်တောင်ထွတ် ပထမ အလွှာရှိ ဂိတ်တံခါး အနားပင် ဖြစ်၏။ သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲ လီလန်းသည် ရုတ်ရုတ်သဲသဲ အသံများကြောင့် အပြင်သို့ ထွက်လာကာ အကဲခတ်လိုက်၏။ သူမ စောင့်ရှောက်ရသည့် ဂိတ်တံခါးနားတွင် ဂိုဏ်း၏ အရေးအပါဆုံးဟု ဆိုနိုင်သည့် ကျင့်ကြံသူပေါင်းများစွာ စုစည်းနေသည်ကို မြင်တွေလိုက်ရရာ သူမ၏ နှလုံးသားများက တဒိတ်ဒိတ် ခုန်သွားသည်။
ထို့ပိကျန်းနှင့် အခြား မဟာ အင်ပါယာ သူတော်စင် လေးဦးသည် ဟင်းလင်းပြင် ဂိတ်တံခါး၏ အထက်၌ မြောလွင့်နေကြ၏။ သူတို့သည် ဟင်းလင်းပြင် ဂိတ်တံခါးကို ပြီးပြည့်စုံသော ပဥ္စဂံ ဝင်္ကပါဖြင့် ဝန်းရံထားသည်။ သူတို့ အားလုံး၏ အမူအရာများက နက်မှောင်ကာ အကြည့်များမှာ အနည်းငယ် တင်းမာနေ၏။
ကြယ်တာရာ အမြုတေ အဆင့်ငါးများမှာ ဒုတိယမြောက် ဝင်္ကပါ အနေဖြင့် ထို့ပိကျန်းတို့၏ အပြင်ဘက်မှ ဝန်းရံနေသည်။ သူတို့၏ အပြင်ဘက်တွင်ပင် ကြယ်တာရာ အမြုတေ အဆင့်များက တတိယမြောက် ဝင်္ကပါကို ဖော်ဆောင်ထား၏။
ပိုကေသည်လည်း ထိုအထဲ၌ ပါဝင်နေသည်။ သူသည် ခန္ဓာကိုယ်မှာ နတ်ဆိုး လေအင်အားဖြင့် လွှမ်းခြုံထားကာ ခရမ်းရောင်နှင့် အစိမ်းရောင် မုန်တိုင်းများမှာ သူ၏ ပတ်လည်၌ တိုက်ခတ်နေ၏။
“ဘာဖြစ်နေတာလဲ...”
သူ အနည်းငယ် ရင်တုန်ပန်းတုန် ဖြစ်နေခဲ့၏။ ယခုကဲ့သို့ အဖြစ်အပျက်မျိုးကား အလွန် ရှားပါးလှသည်။ သူ အသံကြားကြားချင်း ဤနေရာသို့ အပြေးအလွှား လာခဲ့သော်လည်း မဟာ အင်ပါယာသူတော်စင်များ၊ မူလ အင်ပါယာ သူတော်စင်များနှင့် ကောင်းကင် ဗိုလ်ချုပ်များမှာ ကြိုတင် ရောက်နှင့်ကြပြီး ဖြစ်သည်။ သို့ဖြစ်ရာ ထိုအသံက အနည်းငယ် ထူးဆန်းနေတာတော့ သေချာသည်။
သူ မျက်တောင်ပင် မခတ်ရဲပဲ ဟင်းလင်းပြင် ဂိတ်တံခါးကိုသာ စူးစိုက်ကြည့်နေလိုက်၏။ မကြာခင် တစ်ခုခု ထူးခြားလာမည်တော့ သေချာပေသည်။
သို့သော်လည်း ယခုအခိုက်အတန့်တွင်မူ ၎င်း၏ ဝက်ဝိုင်းခြမ်းသဏ္ဌာန် အမှန်အသားနှင့် သင်္ကေတများမှာ မပြောင်းမလဲ ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်းတွင်မူ အလွန် သေးငယ်သည့် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်နေကြောင်း လူတိုင်း ခံစားနိင်သည်။ ထိုအပြောင်းအလဲမှာ စက်ဝိုင်းခြမ်း၏ ဗဟို၌ တည်ရှိနေကာ တစ်စုံတစ်ခုကို ဖော်ဆောင်နေသည်။
"မင်းတို့ မြင်ကြလား..."
ကျိချင်းကောင်းက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ မေးလိုက်၏။ ထိုမေးခွန်းက မဟာ အင်ပါယာ သူတော်စင်များမှ လွဲ၍ အခြားမည်သူ့ကိုမျှ ရည်ညွှန်းခြင်းမရှိသောကြောင့် သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ နှလုံးသားများမှာမူ ပြင်းထန်စွာ ပြေးလွှားနေခဲ့၏။ သူတို့ မည်သည်ကို မြင်ခဲ့သနည်း။
“ ...”
မဟာ အင်ပါယာ သူတော်စင် လေးယောက်မှ တိတ်ဆိတ်နေကြသည်။ သို့သော်လည်း သူတို့၏ မျက်လုံးများ ထဲတွင်မူ ထူးဆန်းသော အလင်းရောင်များက အဆက်မပြတ် အဆုံးမဲ့စွာ တောက်ပနေခဲ့ကြ၏။ သူတို့သည် အမြင်အာရုံနှင့် သက်ဆိုင်သည့် ဝိညာဥ်ကျင့်စဥ်များကို သုံးကာ စက်ဝိုင်းခြမ်း အတွင်းရှိ အပြောင်းအလဲကို အကဲခတ်နေခဲ့ကြခြင်း ဖြစ်သည်။
“ဟင်းလင်းပြင် မူမမှန်မှု တစ်ခု ရှိနေတယ်...”
ဇင်က လိပ်ခွံထဲမှ ခါးကို ဆန့်တန်းရင်း ဖြေလိုက်၏။ သူမ၏ အသံက နှေးကွေး ပျော့ပျောင်းသည့်တိုင် မူလ အင်ပါယာ သူတော်စင်များ၊ ကောင်းကင် ဧကရာဇ်များနှင့် ကောင်းကင်ဗိုလ်ချုပ်များကို အံ့သြထိတ်လန့် သွားစေသည်။
အနန္တဧကရာဇ်ဂိုဏ်းသည် အလွန်တရာ များပြားသည့် အစီအရင်များ၏ ကာကွယ်မှု အလယ်၌ တည်ရှိနေသော နေရာတစ်ခု ဖြစ်သည်။ ထိုအစီအရင်များမှာ သူတို့ခေတ်မှသာ တည်ဆောက်ထားခြင်း မဟုတ်ပဲ မဟာ ဧကရာဇ် ဝူယု၏ ခေတ်ကတည်းက လက်ကျန် အစီအရင်များ ဖြစ်သည်။ ၎င်းတို့မှာ လျှို့ဝှက် ဆန်းကြယ်ကာ ကြယ်တာရာ အမြုတေ အဆင့်ကိုပင် ကျော်လွန်သည်။
ထိုကဲ့သို့သော နေရာတွင် အဘယ်ကြောင့် ဟင်းလင်းပြင် မူမမှန်မှု တစ်ခု ဖြစ်ပေါ်လာရသနည်း။ လူတိုင်း၏ သတိထားမှုက အမြင့်ဆုံး အဆင့်တစ်ခု အထိ ရောက်ရှိသွား၏။ မသေချာ မရေရာမှုနှင့် ကြောက်ရွံ့မှု အတွေးများက သူတို့ အားလုံး၏ စိတ်ထဲတွင် ဖြတ်ပြေးသွားကြသည်။
ထို့ပိကျန်း၏ မျက်လုံးများက ကျဥ်းမြောင်းနေ၏။ သူက လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရင်း ကြယ်တာရာ အင်အားကို စတင် ဖြန့်ကျက်လိုက်သည်။ သူ၏ လက်များမှ ထွက်လာသည့် ထိုစွမ်းအင်များမှာ ဒါဇင်နှင့်ချီသည့် ကမ္ဘာပြား မြောက်များစွာကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ စက်ဝိုင်းခြမ်း အတွင်းရှိ မူမမှန်မှုသည် တုန်ရီကာ စတင် ပြန့်ကားလာ၏။
“အရှင်ထို့ လျှောက်မလုပ်နဲ့...”
ဇင်က အော်ဟစ်လိုက်၏။ သူမသည် ထို့ပိကျန်း၏ အတွေးများကို သဘောပေါက်ကာ ရပ်တန့်ရန် အလျှင်အမြန် တိုက်တွန်းလိုက်သည်။
မဟာ အင်ပါယာ သူတော်စင် ငါးပါးအနက် ထို့ပိကျန်းသည် အသက် အကြီးဆုံး ဖြစ်သလို အမြင့်မားဆုံးသော ကျင့်ကြံခြင်း အခြေခံနှင့် စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည်။ သူသည် လူသားမျိုးနွယ်ဝင် မဟာ အင်ပါယာ သူတော်စင် ဖြစ်ရုံသာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံး၏ အဆင့်တူများထဲ၌လည်း အသန်မာဆုံး လူသား ဖြစ်သည်။ အခြားလူများနှင့် ခြားနားစွာပင် သူသည် အဂ္ဂိရတ် အင်ပါယာ တစ်ပါးလည်း ဖြစ်သေးရာ သူ့အတွက် လိုအပ်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်နိုင်ပေသည်။ ပါးစပ်ဖြင့် ဖွင့်ဟဝန်ခံရန် မလိုအပ်သည့်တိုင် ထို့ပိကျန်းသည် မဟာ အင်ပါယာ သူတော်စင် ငါးယောက်ထဲတွင် ခေါင်းဆောင် သဖွယ် ဖြစ်ပေသည်။
ဇင်၏ တားမြစ်ခြင်းကို ခံရသည့်တိုင် ထို့ပိကျန်းမှာ မရပ်ချေ။ သူ တစ်စုံတစ်ရာကို နားလည် သဘောပေါက်နေဟန် ရကာ ကြယ်တာရာ အင်အားများကိုသာ တိုး၍ ထုတ်လွှတ်လိုက်၏။ ဟင်းလင်းပြင် မူမမှန်မှုဟု ဇင် ခေါင်းစဥ်တပ်ထားသည့် တစ်စုံတစ်ရာသည် အဆုံးမဲ့ တွင်းနက်ကြီး တစ်ခုအလား သူ့ထံမှ ကြယ်တာရာ အင်အားများကို ရူးသွပ်စွာ စုပ်ယူနေ၏။
ယောင်ကျန်း၊ ကျိချန်းကောင်းနှင့် ချင်းရိုင်တို့၏ မျက်နှာများက ဖြူရော်သွားကြသည်။ သူက ဘာကို လုပ်ရန် ကြံစည်နေသနည်း။ သူတို့က ချက်ချင်းပင် စွမ်းအင်များကို ဖြန့်ကျက်လိုက်ရရာ အနန္တဧကရာဇ်ဂြိုဟ် တစ်ခုလုံးမှာ ငလျင်လှုပ်သည့် အလား တုန်ရီသွား၏။ သူတို့သည် အနည်းငယ် နောက်ဆုတ်လိုက်ရင်း တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထားကြပြီး ဖြစ်သည်။
“အရှင်ထို့... ရပ်လိုက်...”
ဇင်က နောက်တစ်ကြိမ် အော်ဟစ်လိုက်၏။ သူမ၏ နှလုံးသားအိုကြီးက တဒိတ်ဒိတ် လှုပ်ခါနေသည်။ သူမမှာ လောင်းကြေးထပ် စွန့်စားရသည်ကို မနှစ်သက်ပဲ အရာရာအား အကွက်ချကာ စီစဥ်တတ်သည့် စရိုက်ပိုင်ရှင်မျိုး ဖြစ်ရာ ထို့ပိကျန်း၏ လုပ်ရပ်ကို အလွန် အန္တရာယ်များသည်ဟု ယူဆထားသည်။
ထို့ပိကျန်း၏ မွဲခြောက်သော မီးခိုးရောင် ဝတ်စုံက တဖျပ်ဖျပ် လွင့်နေ၏။ ဒဏ္ဍာရီများထဲမှ မသေမျိုး တစ်ယောက် အလား အဆုံးမဲ့သော အလင်းများမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးများကမူ တည်ငြိမ်ရာ စိတ်ပိုင်းဖြတ်ပြီးဟန် ရ၏။ ထိုအခိုက်၌ သူ၏ အာရုံအလုံးစုံကို စိုးမိုးထားသည့် တစ်ခုတည်းသော အရာက အနန္တဟင်းလင်းပြင် ဂိတ်တံခါးပင် ဖြစ်လေသည်။
ဇင်မှာ ထို့ပိကျန်း သူမစကားအား နားမထောင်မှန်း သိလိုက်ရာ သက်ပြင်းချလိုက်မိ၏။ သူမ တစ်စုံတစ်ရာ ပြုလုပ်ရန် ဟန်ပြင်လိုက်စဥ်တွင်ပင် အသံတစ်ခုမှာ လောကကို ဖြတ်၍ ပျံ့နှံ့လာသည်။ ၎င်းသည် ပထမ သူတို့ ကြားလိုက်ရသည့် အသံနှင့် ဆင်တူသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြီးပြည့်စုံသည့် စာကြောင်း တစ်ခု ဖြစ်ပေသည်။
“ဘာလို့ အမြဲတမ်း ဒီလိုချည်းပဲ ဖြစ်နေရတာလဲ...”
ထိုအသံက အနန္တဟင်းလင်းပြင် ဂိတ်တံခါးထဲမှ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ ဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်ဆီးရန် အဆင်သင့် ဖြစ်နေဟန် ရသည့် ထို့ပိကျန်း၏ မျက်လုံးများက မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွားသည်။ အဘယ်ကြောင့်နည်း။ ထိုအသံပိုင်ရှင်ကို သူ ကျိန်းသေ သိရှိထားသောကြောင့် ဖြစ်သည်။
ဝှစ်...
သူ၏ စွမ်းအင်များက ချက်ချင်း ကျဆင်းသွားကာ အနန္တဟင်းလင်းပြင် ဂိတ်တံခါးရှေ့သို့ တဒင်္ဂအတွင်း ရောက်ရှိသွား၏။ အခြားသော မဟာ အင်ပါယာ သူတော်စင်များကလည်း တုန်လှုပ်သွားကြသည်။ သူတို့လည်း ထိုအသံကို မှတ်မိကြသည်။ ၎င်းက အရှက်ကင်းစွာ လာဘ်ထိုးသည့် ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
သူတို့ လျှင်မြန်စွာဖြင့် ထို့ပိကျန်းနောက်သို့ လိုက်သွားလိုက်ကြ၏။ ထိုအချိန်တွင်ပင် ဟင်းလင်းပြင် ဂိတ်တံခါး၏ အလယ်တွင် အနက်ရောင် အစက်တစ်ခု ဖွဲ့စည်းထားသည်။ ထိုအစက်သည် လျှို့ဝှက် ဆန်းကြယ်ကာ စကျင်ကျောက်တစ်လုံး၏ အရွယ်အစား ရှိသည်။ ၎င်းထံမှ မည်သည့် ထူးဆန်းသော ရောင်ဝါမှ ထွက်ပေါ်နေခြင်း မရှိချေ။ ထို့ပိကျန်း အပါအဝင် လူတိုင်းမှာ ထိုအစက်ကို ကြည့်ကာ အံ့အားသင့် နေကြသည်။ ၎င်းက ပုံမှန် သူတို့ မြင်ဖူးသည့် အရာများနှင့် မတူပဲ ထူးဆန်းသည်ဟု သူတို့ခံစားမိကြသည်။ မည်သည့်အရာ ဖြစ်ကြောင်း မဆုံးဖြတ်နိုင်ခင်မှာပင် မီးခိုးရောင်အရာတစ်ခုမှာ ထိုအနက်ရောင်အစက်မှ ထွက်ပေါ်လာကာ နာကျင်မှု၏ ညည်းတွားသံက ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ထိုမီးခိုးရောင် အရာက အလွန် ချောမွေ့ကာ အထဲ၌ မရေမတွက်နိုင်သော လှိုင်းဂယက်များ ပါဝင်နေဟန် ရှိသည်။ ကြည့်ရသည်က ၎င်းမှာ...
"ဒါက လက်ချောင်း တစ်ချောင်းရဲ့ ထိပ်လား..."
ယောင်ကျန်းမှာ ထိုမီးခိုရောင်အရာ၏ ပုံသဏ္ဍာန်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ လူသားသတ္တဝါများ၏ ခန္ဓာဗေဒအရ ဤသည်မှာ လက်ညိုး၏ ထိပ်ဖျား ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် အသား၊ အရေပြားနှင့် သွေးကြောများ ချို့တဲ့နေကာ အရိုးပိုင်းမျှသာဖြစ်သည်။
ဝှစ်...
အားလုံး ကြည့်နေကြစဥ်မှာပင် အနက်ရောက် အစက်မှာ ပိုမို ကျယ်ပြန့်လာ၏။ ၎င်းက လက်တစ်ချောင်းမှ နှစ်ချောင်းအထိ ပိုမို တိုးလာသည်။ ၎င်းတို့သည် လှုပ်ရှားနေကာ အနက်ရောင် အပေါက်ကို ချဲ့ထွင်ရန် ကြိုးစားနေကြဟန် ရသည်။
“ဘာလဲ...”
သုံးချောင်းမြောက်၊ လေးချောင်းမြောက်၊ ငါးချောင်းမြောက် လက်ချောင်းများ ထွက်ပေါ်လာခြင်းနှင့် အတူ မကြာခင်မှာပင် အနက်ရောင် အစက်မှာ လက်တစ်ဖက်စာ တိုးထွက်နိုင်သည် အထိ ကျယ်ပြန့်လာ၏။ ထိုမြင်ကွင်းက လူအားလုံး၏ မျက်လုံးများကို လပြည့်ဝန်းများ ကဲ့သို့ ပြူးသွားစေသည်။ မီးခိုးရောင် အရိုးစုလက်သည် အနက်ရောင် အပေါက်ကို ချဲ့ထွင်ကာ အပြင်သို့ တိုးထွက်ရန် ကြိုးစားနေ၏။ ထို့အပြင် ၎င်း၏ လက်ခလည် လက်ချောင်း၌ သိုလှောင်လက်စွပ် တစ်ကွင်း ရှိနေပေသည်။
***