← Chapters

ထူးဆန်းစွာ ပြန်လည် ရောက်ရှိလာမှု

Vol. 17 Ch. 237

ထူးဆန်းစွာ ပြန်လည် ရောက်ရှိလာမှု

Vol. 17 Ch. 237

“ချီးပဲ... ကြာလိုက်တာ...”

ထူးဆန်းသော အသံ ဒုတိယ အကြိမ်မြောက် ပျံ့နှံ့ ထွက်ပေါ်လာသည်နှင့် အမျှ အနက်‌ရောင် အပေါက်မှာ ပိုမို ကျယ်ပြန့်လာ၏။  မကြာခင်မှာပင် ၎င်းမှာ လူတစ်ကိုယ်စာ နီးပါး ဝင်နိုင်သည့် စက်ဝိုင်းသဏ္ဌာန် အပေါက် တစ်ခု ဖြစ်သွားခဲ့သည်။ လူတိုင်းသည် ၎င်းအား ကြည့်ရင်း နေရာ ကူးပြောင်းခြင်း အစီအရင်အား ပြေးကာ သတိရလိုက်မိကြသည်။ ထိုအနက်ရောင် စက်ဝိုင်းပေါက်မှာ နေရာကူးပြောင်းခြင်း အစီအရင်များ ဖန်တီးသည့် အနက်ရောင် ဟင်းလင်းပြင်နှင့် အလွန် တူသည်။ သို့သော်လည်း စက်ဝိုင်းသဏ္ဌာန် ခပ်သေး‌သေး နေရာ ကူးပြောင်းခြင်း အစီအရင်ကိုတော့ သူတို့ တစ်မှ မတွေ့ခဲ့ဖူးချေ။

“အဲဒါက သူလား...”

ထို့ပိကျန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ မရေရာခြင်းများနှင့် ပြည့်နှက်သွားသည်။ ထိုအရိုးစုက ဝေ့ဝူယင် ဖြစ်နိုင်ပါ့မလား...။

“နောက်ဆုံးတော့...”

အသံက နောက်ဆုံးအကြိမ် အဖြစ် ထွက်ပေါ်လာ၏။ ယင်းက အလွန် ရှင်းလင်းကာ အနားကပ်၍ ပြောနေသယောင် ထင်ရသည်။ လက်ဖက်သည် အပေါက်ထဲမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ ပခုံးများ၊ မေးစေ့နှင့် ဦးခေါင်းတို့မှာ နောက်မှ တစ်ဆက်တည်း လိုက်ပါလာကြ၏။ မကြာခင်မှာပင် ၎င်းမှာ လုံးဝ ပြီးပြည့်စုံသည့် ပုံရိပ်တစ်ခု ဖြစ်သွားသည်။

“အရိုးစု တစ်ခု...”

လူတိုင်း၏ စိတ်ထဲတွင် မိုးကြိုးတစ်ခု ပေါက်ကွဲသွာ’၏။ သူတို့ မျက်လုံးများကို ပွတ်သပ်ရင်း ၎င်းအား နောက်တစ်ကြိမ် ပြန်လည် ကြည့်လိုက်သည်။ ယင်းက အမှန်အကယ် အဝတ်ဗလာ အရိုးစု တစ်ခု ဖြစ်သည်။

မဟုတ်သေး... လုံးလုံးလျားလျား အရိုးစု ဟူ၍လည်း မဆိုသာချေ။ ၎င်း၏ တလက်လက် တောက်ပနေသော ငွေရောင် မျက်လုံးများက ခုနစ်ရောင်ခြယ် အလင်းများကို ထုတ်လွှတ်နေသည့် ဦးနှောက်နှင့် ချိတ်ဆက်နေဆဲ ဖြစ်သည်။ သို့သော်လည်း မျက်ခွံနှင့် အသားစများ၏ အကာအကွယ် မရှိမှုနှင့် အတူ ၎င်းက အလွန် ကြောက်ဖို့ကောင်းနေသည်။

၎င်း၏ ရင်ဘတ်ထဲတွင် ပုံမှန် လူသားထက် အဆများစွာ ပိုကြီးသော တဒိတ်ဒိတ် ခုန်နေသည့် မီးခိုးရောင် နှလုံး တစ်ခု ရှိသည်။ နဂါး အကြေးခွံများ ဖုံးလွှမ်းနေသည့် ထိုနှလုံး၏ ခုန်သံ တစ်ချက်စီတိုင်းမှာ  ဒဏ္ဍာရီထဲမှ သတ္တဝါကြီး တစ်ကောင်၏ ဟောက်သံနှင့်ပင် ဆင်တူနေသည်။

ထိုအရာများက သူ၏ ခါးအထက် အပေါ်ပိုင်းတွင် ကျန်ရစ်ခဲ့သည့် တစ်ခုစ၊ နှစ်ခုစသော အသားစိုင်များ ဖြစ်သည်။ ထျန်းတျန် တည်ရှိရာ နေရာမှ လွဲ၍ သူ၏ ခြေထောက်များ၊ လက်များ၊ လည်ပင်းနှင့် ဦးခေါင်းတို့မှာလည်း လုံးလုံးလျားလျားပင် အရိုးစုများ ဖြစ်နေကြသည်။  မဟုတ်သေး... တိတိကျကျ ဆိုရလျှင် ထိုအရိုးစု ခန္ဓာထက်တွင် အခြား အင်္ဂါရပ်တစ်ခု ရှိပါသေးသည်။ ၎င်းသည် ၎င်း၏ ပေါင်နှစ်ခုကြားတွင် တည်ရှိကာ အောက်သို့ တန်းလန်းကျလျှက် လှုပ်ယမ်းနေ၏။

အရိုးစုက လှုပ်ရှားသွားကာ သူတို့ အားလုံးမှာ မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ ခြေတစ်လှမ်းဆီ ဆုတ်လိုက်မိကြသည်။ သူတို့သည် ထိပ်တန်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ဘဝတစ်ခုလုံး၌ ထိုကဲ့သို့ ထူးဆန်းသည့် ဖြစ်တည်မှုမျိုးအား မတွေ့ခဲ့ဖူးချေ။

အနက်ရောင် အရိုးစုက ရပ်တန့်လိုက်၏။ ၎င်း၏ ငွေရောင်မျက်လုံးများက တဖျပ်ဖျပ် လက်သွားကာ လူများကို ကြည့်လိုက်သည်။ ထို့နောက် အရိုးစု ဦးခေါင်းက အောက်သို့ ငုံ့ကာ လက်များကို ကြည့်လိုက်၏။ မကြာခင်မှာပင် သူ၏ လက်ရှိ အခြေအနေကို သူ သဘောပေါက်သွားသည်။

“ငါ ဘယ်လိုအသက်ရှင်နေတာလဲ...”

ဝေ့ဝူယင် မသေချာ မရေရာစွာဖြင့် ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိသည်။  ဦးနှောက်၊ နှလုံးသား၊ ထျန်းတျန်နှင့် လိင်အင်္ဂါတို့မှ လွဲ၍ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အသွေးအသား ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေဖြင့် သူ သေဆုံးသွားသင့်သည်။ ထိုအချိန်တွင်ပင် နောက်ကျော၌ ဟာတာတာ ဖြစ်နေသလို သူ ခံစားလိုက်ရ၏။ သူ၏ အရိုးစု ဦးခေါင်းက ၃၆၀ ဒီဂရီ လိမ်သွားကာ နောက်ကျောကို ပြန်လည် ကြည့်လိုက်သည်။

“ငါ့အတောင်ပံတွေ‌ရော... ငါ သူတို့ကို ခံစားမိပါတယ်... ဒါပေမဲ့...”

သူ အနည်းငယ် သံသယ ဖြစ်သွား၏။ မှတ်ဉာဏ်များ အရဆိုလျှင် သူသည် ဟင်းလင်းပြင် တောင်ပံများကို အသက်သွင်းခဲ့သည်။ ထို့နောက်တွင် ဟင်းလင်းပြင် အင်အားကို သုံးကာ နေရာကူးပြောင်းခြင်း အစီအရင် တစ်ခု ဖွဲ့စည်းရန် ကြိုးစားခဲ့သည်။

သူသည် ဖြစ်နိုင်ချေ ရှိ၊ မရှိ အတွေ့အကြုံ အသစ် ရရန် စမ်းသပ်ကြည့်ခဲ့ခြင်းမျှသာ ဖြစ်သည်။ အမှန်တကယ်ကြီး နေရာ ကူးပြောင်းခြင်း အစီအရင် တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သို့သော်လည်း ၎င်းက ဖြစ်ပေါ်လာရုံမျှသာ မက သူ့ကိုပါ စုပ်ယူခဲ့ရသည်။  ထိုအချိန်တိုလေး အတွင်း၌ သူ၏ ခန္ဓာကိုယ်သည် မတူညီသော အပိုင်းအစများ သန်းထောင်နှင့်ချီ၍ ကွဲထွက်သွားကာ သန်းထောင်နှင့် ချီသော အရာများကို တွေ့ကြုံခံစားခဲ့ရသလို ခံစားခဲ့ရသည်။  သူ၏ စိတ်တစ်ခုလုံးမှာ အမျိုးမျိုးသော သတင်းအချက်အလတ်များဖြင့် ပြည့်လျှံနေ၏။  ဧဒင်နှင့် ခရာတိုတို့ ပါဝင်မလာချိန် အချိန်အထိ သူသည် စိတ်ကိုပင် တဒင်္ဂမျှ ဆုံးရှုံးသွားခဲ့ရသည်။

ဟင်းလင်းပြင် တောင်ပံများသည် အကန့်အသတ်မဲ့ စွမ်းအားကို ထုတ်လွှတ်ကာ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်စေသည်။ တစ်ချိန်တည်း၌ ဧဒင်သည် အချက်အလက်များကို လက်ခံ သန့်စင်ပေးကာ သူ၏ စိတ်တစ်ခုလုံးကို ကြည်ရှင်းစေခဲ့သည်။ သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်နိုင်ချိန်၌ ခရာတိုက သူ့အား မိုက်မဲသည်ဟု အပြစ်တင်ကာ တည်နေရာ တစ်ခုကို ဆုံးဖြတ်ရန် အမိန်းပေးခဲ့သည်။

အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင် အမှန်တကယ် သွားချင်သည့် နေရာမှာ သူ့မိခင်၊ ဖခင်၊ အကိုကြီးနှင့် သူ ကိုယ်တိုင်တို့ နေထိုင်ခဲ့ရာ ဝေ့မျိုးနွယ်၏ အထွတ်အမြတ်မြေ ဖြစ်သည်။ သို့သော်လည်း သူ အနန္တဧကရာဇ်ဂိုဏ်းကိုသာ ဆုံးဖြတ်ခဲ့သည်။

ဟူး...

သူ မသိလိုက်ခင်မှာပင် အရှေ့၌ အဖြူ‌ရောင် အစက်အပျောက် တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ခရာတို၏ လမ်းညွှန်မှုနှင့် အတူ သူ ထိုအစက်ကို ဖွင့်လှစ်ရန် ကြိုးစားခဲ့တော့သည်။ ထိုအချိန်များ၌ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံ အချိန်ပင်လျှင် ရာစုနှစ် တစ်ခု ကြာမြင့်သလို သူ ခံစားခဲ့ရသည်။

ထိုအဖြစ်အပျက်များက ထူးဆန်းသည် ဆိုသော ဝေါဟာရထက်ပင် ကျော်လွန်နေ၏။ အဆုံးသတ်၌ သူ အဖြူရောင် အစက်လေးကို လူတစ်ကိုယ်စာ ဝင်နိုင်သော အပေါက်ဖြစ်အောင် ဆွဲချဲ့နိုင်ခဲ့သည်။ ထိုဖြစ်စဥ်ကို ကျော်ဖြတ်ရာ၌ သူ အလွန် နာကျင်ခဲ့ရပါသည်။ သို့သော်လည်း ငရဲ၏ ဒုတိယ ကပ်ဘေးကို ညစဥ်ညတိုင်း အိပ်မက်ထဲ၌ ဖြတ်ကျော်ခဲ့ရသူ တစ်ယောက် အနေဖြင့် ထိုနာကျင်မှုက သူ့အတွက် ပမွှားလောက်သာ ဖြစ်ပေသည်။

အဖြူရောင် အပေါက်ထဲမှ အပြင်သို့ ရောက်ရှိချိန်၌ သူ ဤနေရာကို ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အနန္တဧကရာဇ်ဂိုဏ်း၏ များစွာသော ကျင့်ကြံသူများသည် သူ့အား ဝန်းရံကာ ကြည့်နေကြသည်။ ထို့အပြင် သူသည် အရိုးစု တစ်ခု အနေဖြင့် ရှိနေခဲ့ပေသည်။

ထို့ပိကျန်းမှာ ဝေ့ဝူယင်ကို အချိန် တစ်ခဏ ကြာသည် အထိ ကြောင်အကာ ကြည့်နေမိ၏။ သူ၏ ပေါင်နှစ်ခုကြားတွင် တွဲလောင်းကျနေသည့် မွန်းစတားဆန်ဆန် အရာကို သတိထားမိသော အခိုက်၌ သူ၏ စိတ်က အနည်းငယ် ကတုန်ကယင်ပင် ဖြစ်သွားခဲ့သည်။

“မင်းတို့အားလုံး ပြန်လို့ရပြီ... ဘာကိစ္စမှ မရှိတော့ဘူး”

သူက တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။ အနန္တဧကရာဇ်ဂိုဏ်းသည် စည်းကမ်း တိကျမှုနှင့် အမိန့်နာခံမှုတို့ဖြင့် ကျော်ကြားသည်။ ချက်ချင်းပင် မဟာ အင်ပါယာ သူတော်စင် အဆင့်အောက်ရှိ ကျင့်ကြံသူ အားလုံးမှာ တုန့်ဆိုင်းခြင်း မရှိပဲ ထွက်ခွာသွားကြသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူတို့ အားလုံးကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ထို့ပိကျန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ် အကာအကွယ်တစ်ခုမှာ ဝေ့ဝူယင်၏ ပတ်လည်ကို ခြံရံသွား၏။ ၎င်းက မဟာ အင်ပါယာ သူတော်စင်များ၏ အမြင်အာရုံကိုပင် တားဆီးထားသည်။ အခြားလူများမှာ ထိုလုပ်ရန် အ‌ပေါ် မေးခွန်း မထုတ်ကြချေ။

ထို့ပိကျန်းက ဝေ့ဝူယင် အနားသို့ ချည်းကပ်လာကာ အရိုးစု ဝေ့ဝူယင်ကို အပေါ်အောက် ဆုံချည်၊ ဆန်ချည် ကြည့်လိုက်သည်။

“မင်းက အဲဒီ လုံမပျိုလေးလား..”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အနည်းငယ် လှုပ်ရှားသွား၏။ ထို့ပိကျန်း၏ အကျင့်က သူ့အား တွေ့တိုင်း ခြားနားသော နာမည် တစ်မျိုးစီဖြင့် ခေါ်လေ့ ရှိသည်။ ကောင်လေး၊ ကောင်ငယ်လေး၊ ကောင်စုတ်လေး၊ ကလေး... ထိုမှတဖန် ယခု၌ လုံမပျိုလေး ဖြစ်သွားရပြန်သည်။

ဝေ့ဝူယင် စကားပြောရန် ကြိုးစားလိုက်၏။ သူ၏ မေးရိုးက အနည်းငယ် လှုပ်ရှားသွားသော်လည်း ဘာအသံမှ ထွက်မလာခဲ့ချေ။ ဝေ့ဝူယင် အနည်းငယ် မသေချာ မရေရာ ဖြစ်သွားခဲ့သည်။ မကြာသေးခင်ကပင် သူ စကားလုံး အချို့ကို ပီပီသသကြီး ပြောခဲ့သေးသည်။

ထို့ပိကျန်းမှာ ဝေ့ဝူယင်၏ အခြေအနေကို သဘောပေါက်ဟန် ရ၏။ သူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“မင်းက သူပဲ... ဒါပေမဲ့ ဘယ်လိုဖြစ်ပြီ...”

သူ၏ မျက်လုံးများက ဝေ့ဝူယင်၏ အနောက်ရှိ အနက်ရောင် အပေါက် ရှိရာသို့ ရောက်ရှိသွားသည်။ သူကြည့်နေစဥ်မှာပင် ၎င်းမှာ တဖြည်းဖြည်း ပြန်လည် ကျဥ်းမြောင်းလာကာ အလုံးစုံ ပျောက်ကွယ် သွားသည်။ ထို့ပိကျန်း၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်ကာ မယုံကြည်နိုင်ခြင်း၊ အံ့သြခြင်းတို့နှင့် ပြည့်နှက်နေလေသည်။

အနက်‌ရောင် အစက်အပျောက် ပျောက်ကွယ်သွားသည်နှင့် ဝေ့ဝူယင်၏ အသွေးအသား၊ အရေပြားနှင့် အမျိုးမျိုးသော စွမ်းအင်များမှာ တဖြည်းဖြည်း ပြန်လည် ဖွဲ့စည်းလာ၏။ မကြာခင်မှာပင် သူ၏ မူလ ခန္ဓာကိုယ် အဖြစ် အတိအကျပင် ရုပ်လုံး ပြန်ပေါ်လာခဲ့သည်။ အဝတ်အစားများ ကင်းမဲ့နေဆဲ ဖြစ်သည့်တိုင် သူသည် မူလအသွင်သို့ ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။

“ကျုပ်ပြန်လာပြီ...”

"..."

ထို့ပိကျန်းက မည်သို့မျှ မတုန့်ပြန်ပဲ သူ့အား ထူးဆန်းသော အကြည့်ဖြင့်သာ ကြည့်နေခဲ့၏။ ယင်းက အကြည့်တစ်ခုမျှသာ ဖြစ်သော်လည်း ဝေ့ဝူယင်အား စိတ်မသက်မသာ ဖြစ်စေသည်။

"ဘာကြည့်တာလဲဗျ..."

ဝေ့ဝူယင်က မေးလိုက်၏။ မသိလျှင် ထို့ပိကျန်း ကြည့်နေပုံက သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့နေရသည့် အတိုင်းပင်။

“ကောင်စုတ်လေး... မင်းက မျက်လှည့်လာပြနေတာလား...”

ထို့ပိကျန်းက အရိုးသားဆုံး လေသံဖြင့် မေးလိုက်၏။ ဝေ့ဝူယင်၏ မျက်နှာက အနည်းငယ် မှောင်မည်း သွားခဲ့လေည်။

***

All Chapters