ဂိတ်တံခါး
Vol. 17 Ch. 238
ဂိတ်တံခါး အတွင်းမှ အရိုးစု တစ်ခု ထွက်လာည် ဆိုသော သတင်းက မူလ အင်ပါယာ သူတော်စင်များမှ တစ်ဆင့် ဂိုဏ်းတစ်ခုလုံးကို လျှင်မြန်စွာပင် ပျံ့နှံ့သွား၏။ မကြာခင်မှာပင် ဂိုဏ်းအတွင်းရှိ လူအားလုံး လိုလိုမှာ ထိုအကြောင်းကို သိရှိသွားကြပြီ ဖြစ်သည်။ ယခုအချိန်ထိ ထိုဖြစ်ရပ်၏ အသေးစိတ် အချက်အလက်များမှာမူ လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း အနန္တဧကရာဇ်ဂိုဏ်းက ပွင့်လင်းမြင်သာမှု စည်းမျဉ်းကို ကိုင်ဆွဲထားရာ မကြာခင်မှာပင် အားလုံး သိရအောင် ထုတ်ပြန်ပေလိမ့်မည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာမူ မဟာ အင်ပါယာ သူတော်စင်များ တွေ့ဆုံရာ အဆင့်ရှစ် အလွှာရှိ ကောင်းကင်နန်းတော်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
...
မဟာ အင်ပါယာ သူတော်စင်များမှာ တစ်နေ့ထဲတွင် ဒုတိယ အကြိမ်မြောက် အဖြစ် ပြန်လည် ဆုံတွေ့မိကြပြန်ပြီ ဖြစ်သည်။ ပထမ တစ်ကြိမ်ကနှင့် ခြားနားသည်က ယခုတစ်ကြိမ်၌ သူတို့ ငါးယောက်သာလျှင် မက ဝေ့ဝူယင်ပါ ပါဝင်နေခြင်း ဖြစ်သည်။ သူသည် ဖန်တီးခြင်း တောင်ထွတ်၏ အနက်ရောင် ကောင်းကင်ဧကရာဇ် ဝတ်စုံကို ဆင်မြန်းထား၏။
မဟာ အင်ပါယာ သူတော်စင်များမှာ ဝေ့ဝူယင်ကို ဝိုင်းကာ အကဲခတ်နေကြ၏။ သူတို့၏ စိတ်များကမူ အမျိုးမျိုးသော မေးခွန်းများနှင့် ပြည့်နှက်နေသည်။
“သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှာ ရှေးဟောင်း ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုကို ကျုပ် ရှာဖွေ တွေ့ရှိခဲ့ပါတယ်... ဟင်းလင်းပြင် ဂိတ်တံခါး တည်ဆောက်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြာမယ် ဆိုတာ သိပြီးနောက် ကျုပ် ကိုယ့်နည်းကိုယ့်ဟန်ကို သုံးပြီး အနန္တဟင်းလင်းပြင် ဂိတ်တံခါးနဲ့ ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်... ဘယ်လို ဖြစ်သွားမှန်း မသိပေမဲ့ အဲဒီ အရိုးစုက ကျုပ် အစစ်ပါပဲ”
ဝေ့ဝူယင်က မတူညီသော အကြောင်းအရာ နှစ်ခုကို ချိတ်ဆက်ကာ ပြောလိုက်သည်။ သို့သော်လည်း သူ့စကားလုံးများထဲတွင် ညာသည့် စကားလုံး တစ်လုံးမျှ မပါချေ။ မဟာ အင်ပါယာ သူတော်စင်များမှာ သူ့အား တစ်ချိန်တည်း စောင့်ကြည့် အကဲခတ်နေကြပြီး အကယ်၍ သူ ညာရန် ကြိုးစားပါက သူတို့ တန်း၍ သိရှိကြလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူ မညာရဲချေ။
မဟာ အင်ပါယာ သူတော်စင်များက တိတ်တဆိတ်နှင့် ခေါင်းညိတ်လိုက်ကြ၏။ ဝေ့ဝူယင် မညာချေ။ သို့သော်လည်း သူ့စကားလုံးများထဲ၌ များစွာသော အသေးစိတ် အချက်အလက်များကိုတော့ ချန်လှပ် ထားခဲ့ပေသည်။ သူတို့ သိရှိချင်ကြသည့်တိုင် နောက်ဆုံး၌ မမေးတော့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ဝေ့ဝူယင်သည် သူတို့၏ ဂိုဏ်းသား တစ်ယေက်ဖြစ်ပြီး ဂိုဏ်းအပေါ် များစွာသော အကျိုးအမြတ်များနှင့် ထောက်ပံ့ပေးနေသူ ဖြစ်သည်။ ထို့အပြင် သူသည် ထာဝရ ဧကရာဇ်၏ နေရာကို ဆက်ခံနိုင်မည့် အရည်အချင်း ရှိသည့် ထိပ်သီး ပါရမီရှင် တစ်ဦးလည်း ဖြစ်ပေသည်။
သွေးပန်းပဲ ကုန်းမြေတိုက်ကြီးတွင် ဖြစ်ပွားခဲ့သည့် ဝေ့ဝူယင်၏ တိုက်ပွဲ အကြောင်းကို သူတို့ ကြားခဲ့ရသည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့ပြီး ဖြစ်သည့်အပြင် ဝိညာဥ်ဆင်းတုများနှင့်ပင် ယှဥ်နိုင်သည့် တိုက်ခိုက်ရေး စွမ်းအင်ကို ထုတ်ဖော်ပြသခဲ့သည်။ သူကား အဂ္ဂိရတ် လမ်းစဥ်တွင်သာ မက တိုက်ခိုက်ရေး လမ်းစဥ်တွင်လည်း ထိပ်တန်း ပါရမီကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားလှသည်။
ထို့အပြင် သူသည် သူတို့အား ကြယ်တာရာ ပင်လယ်ဆေး ဆယ်လုံးနှင့် အခြား အဆင့်မြင့်ဆေးလုံး ဆယ်လုံးစီကိုပါ ပေးအပ်ခဲ့သေးသည်။ သူနှင့် နီးကပ်စွာသာ ဆက်ဆံနိင်ပါက အနာဂတ်တွင် ထိုထက် ပိုမိုသော အကျိုးအမြတ် များစွာကိုပါ ရရှိနိုင်သည်။ ထို့ကြောင့်ပင် မလိုအပ်သော မေးခွန်းများကို နှိုက်နှိုက်ချွတ်ချွတ်မေးကာ သူတို့ အကြားမှ ဆက်ဆံရေးအား မဖျက်ဆီးရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။
ဝေ့ဝူယင် လုံခြုံနေပြီ ဖြစ်ရာ ထိုထက် ပိုအရေးကြီးသော အရာ မရှိတော့ချေ။ သို့သော်လည်း ဝေ့ဝူယင်၏ တိုးတက်မှုကိုတော့ သူတို့ မအံ့သြပဲ မနေနိုင်အောင် ဖြစ်ရသည်။ လေးနှစ်ဆိုသော အချိန်တို အတွင်းမှာပင် သူသည် သာမန် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူလေး အဖြစ်မှ ကြယ်တာရာ အမြုတေ အဆင့်သုံးများကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည် အထိ သန်မာလာခဲ့ပြီ ဖြစ်သည်။
“ကောင်းကင် ဧကရာဇ်ဝေ့ကို အကြံတစ်ခုလောက် ပေးချင်တယ်... ဂိုဏ်းကို ပြန်လာဖို့ သုံးခဲ့တဲ့ အဲဒီ နည်းလမ်းကိုတော့ သေချာ သန့်စင်ပြီး ပြင်ဆင်သင့်တယ်... အဲဒီနည်းလမ်းကိုသာ ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်သွားရင် ဒီကမ္ဘာမှာ နင်မသွားနိုင်တဲ့ နေရာ ရှိတော့မှာ မဟုတ်ဘူး”
ဇင်၏ စကားလုံးများက အားလုံး၏ အတွေးများကို မိုးခြိမ်းသံ ကဲ့သို့ မြည်ဟည်း သွားစေသည်။ ဝေ့ဝူယင်သည် ဟင်းလင်းပြင်ကို ချိုးဖျက်ကာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခုဖြင့် ပြန်လာခဲ့သည်။ အကယ်၍ သူသာ ထိုနည်းလမ်းကို တီထွင်နိင်ပါက ယင်းမှာ အလွန် အဖိုးမဖြတ်နိုင်သည့် ကျင့်စဥ် တစ်ခု ဖြစ်လာပေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူတို့သည် ဝေ့ဝူယင်ထံမှ ထိုနည်းလမ်းကို တောင်းဆိုရန် အတွက်တော့ စိတ်မဝင်စား ကြပါချေ။
“ကျုပ် ကြိုးစားကြည့်ပါ့မယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ အကယ်၍ ဇင်က အကြံမပေးလျှင်ပင် သူ ထိုအရာကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အကယ်၍ အောင်မြင်ပါက ၎င်းမှာ “ပြင်ပနှလုံးသား”၊ “ပြင်ပဝိညာဥ်” ကျင့်စဥ်များ ကဲ့သို့ သူ၏ ကိုယ်ပိုင် ကျင့်စဥ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ပိကျန်းက ချောင်းတစ်ချက် ဟန့်လိုက်၏။
“ဝေ့ဝူယင် ပြန်လာတာနဲ့ စောစောက ဆွေးနွေးနေတဲ့ ကိစ္စတောင် ဘယ်ရောက်သွားလဲ... ဂိတ်တံခါး အကြောင်း ငါတို့ ပြောနေကြတာ မလား...”
ဝေ့ဝူယင် ရောက်ရှိနေသည် ဆိုသော်လည်း ထိုအရာက လျှို့ဝှက် ကိစ္စတစ်ခု မဟုတ်ချေ။ ပြောရရလျှင် ထိုဂိတ်တံခါးမှာ ဂိုဏ်းသား အားလုံးနှင့် သက်ဆိုင်နေသည့် အကြောင်းအရာ ဖြစ်သည်။
ချင်းရိုင်နှင့် ကျိချန်းကောင်းတို့၏ မျက်လုံးများက တစ်ပြိုင်နက်တည်း တောက်ပ သွားကြ၏။ ထိုအကြောင်းအား ဆွေးနွေးရန် အတွက် သူတို့သည် အလွန်တက်ကြွနေပုံရသည်။ ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများသည် ချင်းရိုင်ထံသို့ ရွေ့လျားသွား၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများသည် အကာအကွယ် မြူနှင်းလွှာကို ဖြတ်ကာ သူမ၏ ပြီးပြည့်စုံလှသည့် မျက်နှာကို တွေ့မြင်လိုက်ရသည်။
ပြေရလျှင် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖွဲ့စည်းပုံက ချင်ချူမူနှင့် တူသည်။ သူမ၏ မျက်လုံများက ရင့်ကျက်ဟန် ရသည့်တိုင် အသားအရေနှင့် မျက်နှာမှာမူ ဆယ်ကျော်သက် တစ်ယောက် ကဲ့သို့ လှပ ပြေပြစ်နေဆဲ ဖြစ်သည်။ သူမကား ပန်းချီကားများထဲမှ နတ်မိမယ်လေးနှင့်ပင် ဆင်တူကာ သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ယင်စွမ်းအင်များက သွေးကြောသုံးခု ပိုင်ရှင် နာ့ရှင်းရီထက်ပင် ကျော်လွန်နေသည်။
ဝေ့ဝူယင် တည်ငြိမ်စွာပင် သူ၏ အကြည့်များကို ချင်းရိုင်ထံမှ ထို့ပိကျန်း ထံသို့ ရွေ့လျားလိုက်၏။
“အရှင်ထို့... ကျေးဇူးပြုပြီး ဆက်ပါဦး... ကျုပ် အဲဒီ ဂိတ်တံခါး အကြောင်း စိတ်ဝင်စားနေမိပါတယ်”
ဇင်၊ ယောင်ကျန်းနှင့် ကျိချန်းကောင်းတို့မှာ ဝေ့ဝူယင်ကို ကြည့်ကာ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ကျိချန်းကောင်း... သူသည် ချင်းရိုင်ကို စတင် ဆုံတွေ့သည့် နေ့၌ အသိစိတ်ပင် ဆုံးရှုံးတော့မလို ဖြစ်သွားခဲ့ကာ ထို့ပိကျိန်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ တရားဝင် မဟာ အင်ပါယာ သူတော်စင် တစ်ယောက် ဖြစ်သည့်တိုင် သူသည် ချင်းရိုင်၏ လှပမှု၌ ရုန်းမထွက်နိုင်ခဲ့ချေ။ သို့သော်လည်း ထိုကလေးကမူ တည်တည်ငြိမ်ငြိမ်နှင့်ပင် မျက်နှာ လွှဲနိုင်ခဲ့သည်။
ထို့ပိကျန်း ဘာမှ မပြောရသေးခင်မှာပင် ဇင်က ရှင်းပြလိုက်၏။
“ငါတို့ဂိုဏ်း ကြယ်တာရာ ပိုင်နက်ရဲ့ နယ်စပ်တစ်နေရာမှာ အော်ရစ်ပင်လယ် ဆိုတာ ရှိတယ်... အဲဒီနေရာမှာ ရှိတဲ့ ငါတို့ဂိုဏ်းခွဲ တစ်ခုက ဂိတ်တံခါး တစ်ခုကို ရှာတွေ့ခဲ့တယ်”
ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် လှုပ်ခါသွား၏။ ဂိတ်တံခါး ဆိုသည်က အာကာသ ဝင်ပေါက်များကို မှည့်ထားသည့် နာမည် ဖြစ်သည်။ ၎င်းတို့သည် လျှို့ဝှက်နယ်မြေများကို ခေါ်ဆောင်သွားနိုင်သည်။ နယ်မြေသခင် အဆင့် ရှိသူများသည် အာကာသကို ထက်ပိုင်းပိုင်းကာ ခြားနားသည့် ကမ္ဘာအလွှာများကို ဖွဲ့စည်းနိုင်ကြသည်ဟု ဆိုသည်။ ထိုကမ္ဘာငယ်များကို လျှို့ဝှက်နယ်မြေများဟု ရည်ညွှန်းကြသည်။ များသော အားဖြင့် လျှို့ဝှက် နယ်မြေများမှာ နယ်မြေသခင်များ၏ တည်နေရာများ ဖြစ်ကြပြီး သူတို့၏ ရတနာများကို သိုလှောင်ထားလေ့ ရှိကြသည်။
အနန္တဧကရာဇ်ဂိုဏ်းတွင်လည်း ဝူယုနှင့် အခြား မဟာ ဧကရာဇ်များ ချန်ရစ်သည့် ဂိတ်တံခါး အနည်းငယ် ရှိပေသည်။ ထိုလျှို့ဝှက် နယ်မြေများတွင် ဂိုဏ်း၏ အရေး အကြီးဆုံး ရတနာများနှင့် အမွေအနှစ်များကို ထည့်သွင်းထားသည်။ အကယ်၍ တစ်နေ့တွင် ဂိုဏ်းဖျက်ဆီးခံရပါက သူတို့ အနေဖြင့် ထိုနယ်မြေများသို့ ဆုတ်ခွာကာ ပြန်လည် တည်ဆောက်ရေးကို လုပ်ဆောင်နိုင်ပေသည်။
ထို့ကြောင့်ပင် ဂိတ်တံခါး တစ်ခု ရှာဖွေ တွေ့ရှိခြင်းမှာ အလွန် အရေးပါသော ကိစ္စတစ်ရပ်ဟု ဆိုနိုင်သည်။ ထိုအရက လျှို့ဝှက် နယ်မြေတစ်ခု ဖြစ်သည် ဖြစ်စေ၊ လောကနယ်မြေ တစ်ခုသို့ ဦးတည်နေသည် ဖြစ်စေ... အကျိုးအမြတ်ကတော့ ဘယ်လိုမှ လျော့နည်းမည် မဟုတ်ချေ။
ထို့ကြောင့်ပင် ကျိချန်းကောင်းနှင့် ချင်းရိုင်တို့မှာ ထိုမျှ အထိ စိတ်လှုပ်ရှားနေကြခြင်း ဖြစ်ပေသည်။ ယင်းက ဝေ့ဝူယင်ကဲ့သို့ အလွန်အမင်း ကြွယ်ဝသူ တစ်ဦးကိုပင် ဆွဲဆောင်နိုင်ပေသည်။
သုံးရက် ဟူသော အချိန်ကာလက လျှင်မြန်စွာပင် ဖြတ်ကျော်သွား၏။ ထိုအတောအတွင်း၌ အနန္တ ဧကရာဇ်ဂိုဏ်းက ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ထဲ၌ အစောပိုင်းက ဖြစ်ပွားသွားခဲ့သော ရုတ်ရုတ်သဲသဲ ကိစ္စမှာ ဝေ့ဝူယင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်းနှင့် အရာအားလုံး မထိမခိုက် ရှိနေကြောင်း ပါဝင်သည်။
ထိုကြေညာချက်က မရေမတွက်နိုင်သော လူများကို ထိတ်လန့် အံ့သြသွားစေခဲ့သည်။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ပိတ်မိနေရာမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်လာခဲ့ခြင်း... ထာဝရ မင်းသားလေးကား အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက် လွန်းသည်။ သူ၏ အရည်အချင်းကား ရေတွက်၍ပင် ရတော့မည့်ပုံ မရချေ။
ထိုအချိန် စစ်တောင်ထွတ်၏ စတုတ္ထအလွှာတွင် အနက်ရောင် ကျောက်များဖြင့် တည်ဆောက်ထားသည့် နန်းတော်တစ်ခု တည်ရှိ၏။ အမျိုးမျိုးသော အစီအရင်များက နန်းတော်၏ ပတ်လည်၌ ဝန်းရံကာ အမတေများကို အတွင်းသို့ ထောက်ပံ့ပေးနေသည်။ ထိုနန်းတော်ကား ကမ္ဘာ့ရွေးချယ်ခံ တပည့်များကို ပေးအပ်ထားသည့် ချီးမြှင့်မှု တစ်ခုပင် ဖြစ်သည်။
နန်းတော်အတွင်းတွင်မူ... လူငယ် နှစ်ယောက်နှင့် လှပသော မိန်းကလေးများမှာ စုစည်းနေကြ၏။ သို့သော်လည်း သူတို့အား ခေါင်းဆောင်နေသူကတော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ကာ အနက်ရောင် ဓားကို လွယ်ထားသည့် လူငယ် တစ်ယောက် ဖြစ်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက အလွန် တောက်ပြောင်ကာ အားလုံးထဲ၌ ထင်ရှားလှသည်။ သူကား လုံချန်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
***