နာ့ရှင်းရီ၏ ရွေးချယ်မှု
Vol. 18 Ch. 239
ထုံးစံအတိုင်းပင် လုံချန်၏ ဘေးပတ်လည်၌ မိန်းကလေး အချို့ မှာ ဝန်းရံနေခဲ့၏။ ပထမဆုံး တစ်ယောက်က ဝူပိုင်ကျိုး.. သူမ၏ ကျင့်ကြံခြင်း အခြေခံက တည်ငြိမ်နေကာ မျက်လုံးများမှာ ဉာဏ်ရည်ဉာဏ်သွေးဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်က အနန္တကုန်းမြေတိုက်ကြီးမှာထက် စာလျှင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ထိတွေ့ခဲ့ပြီး ဖြစ်သည့်အပြင် ချီအမတေ အမှုန်အမွှား သုံးဆယ်ကျော်ကိုပါ မွေးဖွားခဲ့ပြီး ဖြစ်သည်။
တစ်ချိန်တည်း၌ လျဲ့ယု၏ ကိုယ်ရောင်ကိုယ်ဝါက ရေဆေး ပန်းချီကား တစ်ချပ်ထဲရှိ ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေ၏။ သူမ၏ နီလာရောင် မျက်ဝန်းများက ရေ၏ နူးညံ့သိမ်မွေ့မှုတို့နှင့် အတူ အနည်းငယ် လှိုင်းထနေသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံသည် ချီပျစ်ခဲခြင်း အဆင့်ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ချီအမတေ အရာတွင်လည်း ဝူပိုင်ကျိုးထက် လျော့နည်းခြင်း မရှိချေ။
ဟုန်ယုနှင့် ရှောင်ပင်းတို့မှာ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေကြသည်။ ကမ္ဘာရွေးချယ်ခံ တပည့်များ အနေဖြင့် သူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို ဝင်ရောက်ကြပြီး ဖြစ်သည်။ သူတို့သည် လျဲ့ယု၊ ဝူပိုင်ကျိုးတို့နှင့် သက်တူရွယ်တူများ ဖြစ်သည့်တိုင် ကျင့်ကြံခြင်း အခြေခံတွင်မူ အဆပေါင်း မြောက်များစွာ သာလွန်ခဲ့ပြီး ဖြစ်သည်။
လုံချန်အပြင် ထိုအုပ်စုထဲ၌ အခြား ယောက်ျားလေး တစ်ယောက်လည်း ရှိနေခဲ့၏။ ထိုလူငယ်မှာ ဝဝကစ်ကစ် ခန္ဓာကိုယ်နှင့် ကလေးမျက်နှာကို ပိုင်ဆိုင်ထားကာ လုံးဝန်းသော ဝမ်းဗိုက်သားများမှာ ဝတ်ရုံအောက်မှပင် တိုးကာ ထွက်ပေါ်နေသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်း အခြေခံမှာမူ အထင်သေး၍ မရပဲ ကြယ်တာရာ အမြုတေ အဆင့်ကိုပင် ရောက်ရှိနေသည်။
လုံချန်အပါအဝင် လူငယ်နှင့် မိန်းမငယ်များသည် အခန်းတစ်ခုတည်း၌ စုစည်းနေကြခြင်း ဖြစ်ပြီး သူတို့ အားလုံး၏ မျက်လုံးများက ကျောက်စိမ်း ခုတင်ပေါ်တွင် လှဲလျောင်းနေသည့် မိန်းမပျို တစ်ဦးထံ၌ စုစည်းနေကြသည်။ သူမ၏ မျက်လုံးများက မီးခိုးရောင် မှိန်ဖျော့ဖျော့ဖြင့် အားနည်းနေကာ သူမ၏ အရေပြားမှာလည်း ခြောက်သွေ့ အက်ကွဲနေ၏။ ထို့နည်းတူစွာပင် သူမ၏ အညိုရောင် ဆံနွယ်ဆံသား တစ်ခုချင်းစီမှာလည်း တောက်ပခြင်း အလျင်း ကင်းမဲ့ကာ မွဲခြောက်ခြာက် ဖြစ်နေခဲ့လေသည်။
သူမကား နာ့ရှင်းရီပင် ဖြစ်လေသည်။
“သူ ဘာဖြစ်သွားတာလဲ...”
ဝတုတ်တုတ် လူငယ် လုဖန်းက ထိတ်လန့်တုန်လှုပ်ဟန်ဖြင့် မေးလိုက်၏။ သူ၏ စကားလုံးများက လုံချန်၏ အမူအရာကို အနည်းငယ် နက်မှောင်သွားစေကာ မျက်လုံးထဲမှ အပြစ်ရှိမှု အရိပ်အယောင်များ ထွက်ပေါ်လာစေသည်။
အခြား မိန်းကလေးများမှာ တိတ်ဆိတ်ငြိမ်သက်နေကြသည့်တိုင် နာ့ရှင်းရီ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရသည်ကို သိလိုနေကြဟန် ရသည်။ ဝူပိုင်ကျိုး တစ်ယောက်တည်း၏ မျက်လုံးများသာလျှင် ဝမ်းနည်းမှုများနှင့် ပြည့်လျှံနေ၏။
နာ့ရှင်း၍က သူမ၏ အားနည်းနေသည့် မျက်ခွံများကို ပင့်တင်ရင်း အခန်းထဲရှိ လူများကို ကြည့်လိုက်သည်။ လုံချန်အား တွေ့သောအခိုက်၌ ထိုမျက်လုံးများက မဆိုသလောက်လေး တောက်ပသွားသည်။ ထို့နောက်တွင် ညင်သာ နူးညံ့သော အပြုံးတစ်ခုမှာ သူမ၏ နှုတ်ခမ်းများတွင် နေရာယူလာခဲ့လေ၏။
“စိတ်မပူကြပါနဲ့... ငါ့ဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့တာပါ...”
သူမ၏ အသံ အားနည်းစွာ ထွက်ပေါ်လာချိန်၌ လုံချန်၏ မျက်နှာထက်ရှိ အပြစ်ရှိမှုက ပိုမို ထင်ရှားသွားသည်။
“ကျွန်တော် ကူညီနိုင်တာ ရှိလား... မမရှင်းရီ”
လုဖန်းမှာ နာ့ရှင်းရီ နာကျင်ခံစားနေရသည့် ပုံကို ကြည့်ကာ နာကျင်နေပုံ ပေါ်သည်။ လုံချန်နှင့် မိတ်ဆွေဖြစ် ကတည်းက သူသည် ထိုအသိုင်းအဝိုင်းနှင့် စတင် ဆက်ဆံလာရပြီး ထိုအထဲ၌ နာ့ရှင်းရီ၊ လျဲ့ယုတို့နှင့် အထူး ခင်မင်ခဲ့သည်။ ထိုမိန်းကလေး နှစ်ယောက်သည် သူ့အပေါ်တွင် အမကြီးများ သဖွယ် ကြင်နာစွာ ဆကဆံခဲ့ကြသည့် အပြင် အခြား မိန်းမကလေးများ ကဲ့သို့ သူ၏ ရုပ်ရည်သွင်ပြင်ကို လှောင်ပြောင်းခြင်း၊ အထင်သေးခြင်းများ မပြုလုပ်ခဲ့ကြချေ။
“ ... “
လုံချန်က အံကို တင်းတင်းကြိတ်ရင်း လက်သီးကို ဆုပ်လိုက်၏။ နာ့ရှင်းရီက ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမက ဖြူရော်ကာ နူးညံ့ပျော့ပျောင်းသည့် လက်ကလေးများကို ဆန့်ထုတ်ရင်း လုံချန်၏ မျက်နှာကို ထိတွေ့လိုက်သည်။
“လုလေး... မင်းရဲ့ အကိုကြီး လုံချန်က တစ်စုံတစ်ရာကို လိုအပ်နေတယ်... အဲဒီတစ်စုံတစ်ရာကို အမ ပေးလိုက်တယ်... အဲဒါကြောင့်ပဲ အမ ခုလို ဖြစ်နေတာ... ဒါပေမဲ့ ယာယီသဘောပါပဲကွယ်... မကြာခင် ပြန်ကောင်းလာမှာပါ”
လုဖန်းက နာ့ရှင်းရီ၏ ဖြူဖပ်ဖြူရော် မျက်နှာကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သို့သော်လည်း အခြေအနေက ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးကြောင်း သူ နားလည်သွားသည်။
လုံချန်က အားတင်းကာ ပြုံးရင်း သူမ၏ လက်ကလေးကို သူ၏ ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ သူတို့ နှစ်ယောက်၏ မျက်လုံးများက တစ်ယောက် မျက်နှာကို တစ်ယောက် စိုက်ကြည့်နေကြ၏။ တစ်ခဏကြာပြီးသည့်နောက် နောက်နားမှ ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“သူ အနားယူသင့်ပြီ...”
ပြောလိုက်သူက လျဲ့ယုဖြစ်သည်။ ဟုန်ယု၊ ရှောင်ပင်၊ ဝူပိုင်ကျိုးနှင့် လုဖန်းတို့မှာ လျဲ့ယု ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်က ထွက်ခွာသွားခဲ့ကြသည်။ လုံချန် တစ်ယောက်တည်းသာလျှင် မူလ နေရာ၌ ဆက်လက် ထိုင်နေကာ နာ့ရှင်းရီ၏ ဖြူဖပ်ဖြူရော် မျက်နှာလေးကို တရှိုက်မက်မက် စိုက်ကာ ကြည့်နေခဲ့၏။
“ရှင်လည်းပါတယ်...”
လျဲ့ယုက ဆိုလိုက်၏။ လုံချန်က ညင်သာစွာ ခေါင်းညိတ်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် သူက ထိုင်ရာမှ ထရပ်ရင်း နာ့ရှင်းရီ၏ နဖူးကို အနမ်းတစ်ပွင့် ပေးလိုက်သည်။
“မင်းကို ကုသပေးဖို့ ငါနည်းလမ်း တစ်ခု ရအောင် ရှာမှာပါ... ငါကတိပေးပတယ်...”
ထို့နောက်တွင် မကြာခင်မှာပင် သူ တိတ်တဆိတ် ထွက်ခွာသွား၏။ သူ၏ ခြေလှမ်းများက တည်ငြိမ်ကာ သူ့နောက်ကျောမှာ သန်မာခြင်းတို့နှင့် ပြည့်နှက်နေခဲ့လေသည်။
အခန်းထဲ၌ လူအားလုံး ရှင်းသွားပြီးနောက် လျဲ့ယုက နာ့ရှင်းရီ နံဘေးသို့ လျှောက်လာခဲ့သည်။ နာ့ရှင်းရီ၏ မျက်လုံးများက ဝေဝါးကာ သူမ၏ ခန္ဓာကိုယ်က မသိမသာ တုန်ရီနေ၏။ မျက်လုံးများဖြင့် မမြင်နိုင်သည့်တိုင် သူမ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ အားလုံးထဲတွင်မူ နာကျင်မှု တစ်ခုမှာ မခံမရပ်နိုင်အောင် ဖြစ်ပေါ်နေခဲ့သည်။ သူမ၏ နှုတ်ခမ်းများမှာ ယခင်ကထက် ပိုမို ခြောက်သွေ့ကာ ဖြူရော်လာခဲ့ပုံရ၏။
လျဲ့ယုက လုံချန်ထိုင်ခဲ့သည့် ထိုင်ခုံတွင် ထိုင်လိုက်ရင်း သူမ၏ လက်ကလေးများကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။
“ငါ့ရဲ့ ရေဒြပ်စင် ပြန်လည် ကုသခြင်း ကျင့်စဥ်က နင့်ကို မကူညီနိုင်တော့ဘူး...”
သူမက ဝန်ခံလိုက်သည်။ သို့သော်လည်း နာ့ရှင်းရီ၏ မျက်နှာရှိ အမူအရာက ပြောင်းလဲခြင်း မရှိချေ။ သူမသည် ထိုအရာကို အစောကတည်းကပင် ကြိုတင် သိရှိပြီး ဖြစ်ပုံ ပေါ်သည်။
နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရင်း လျဲ့ယုမှာ သူမကို မကူညီနိုင်သည့် အပေါ် စိတ်မကောင်း ဖြစ်နေပုံ ပေါ်သည်။
“နင် အဲဒီလို မလုပ်သင့်ခဲ့ဘူး...”
သူမ၏ စကားလုံးများက နာကျင်ခြင်း၊ ဝမ်းနည်းခြင်းများနှင့် ပြည့်နှက်နေ၏။ သို့သော်လည်း နာ့ရှင်းရီမှာမူ လေငြိမ်သော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူမ၏ အတွေးထဲတွင်မူ အကြောင်းအရာ အချို့မှာမူ ဖြတ်ပြေးနေ၏။ ကွပ်မြက်ခြင်း စင်မြင့်ထက်မှ အဖြစ်အပျက်များ အပြီးတွင် လုံချန်၏ သန်မာလိုသော ဆန္ဒက ပိုမို ကြီးထွားလာခဲ့သည်။ သူသည် ကျင့်ကြံခြင်း အပေါ် အလွန်အမင်း ရူးသွပ်ကာ ကြယ်တာရာ အမြုတေ အဆင့်ကို ခြေချလိုလာသည်။ သို့မှာသာ သူ ဂိုဏ်း၏ အစစ်အမှန် တပည့် တစ်ယောက် ဖြစ်လာကာ ချစ်ခင်ရသူများကို ကာကွယ်ပေးနိုင်သည့် ခွန်အားနှင့် သြဇာအာဏာကို ပိုင်ဆိုင်လာမည် ဖြစ်သည်.
သူ၏ အားနည်းမှုကြောင့်သာလျှင် နာ့ရှင်းရီ၏ ကျင့်ကြံခြင်း ဖျက်ဆီးခံခဲ့ရသည်။ ချင်ချူးမူနှင့် လုံထျန်းယုတို့ ကွပ်မြက်ခံရမလို ဖြစ်ခဲ့သည်။ ထိုအရာအားလုံးက သူ့အမှား မဟုတ်သည့်တိုင် သူနှင့်တေ့ တိုက်ရိုက် သက်ဆိုင်နေသည်။
ထို့ကြောင့်ပင် သူ သန်မာလိုသည်။ သန်မာရန် အခွင့်အရေး ရှိသည့် တိုက်ပွဲတိုင်းကို သူ တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ တိုက်ခိုက်ရင်း မမျှော်လင့်စွာပင် ဟုန်ဖူမျိုးနွယ် လူငယ်မျိုးဆက်နှင့် ပဋိပက္ခတစ်ခုမှာ စတင်လာခဲ့လေသည်။ ဟုန်ဖူမျိုးနွယ်သည် အဂ္ဂိရတ် ဧကရာဇ်တစ်ပါး၏ ပံ့ပိုးမှုကို ရရှိထားရာ မျိုးနွယ်ဝင် တစ်ယောက်ချင်းစီတိုင်းမှာ ပျမ်းမျှထက်ပိုသည့် ခွန်အားနှင့် ပါရမီတို့ကို ပိုင်ဆိုင်ထားသည်။
မကြာသေးခင် ကာလတစ်ခု၌ သူသည် ဟုန်ဖူမျိုးနွယ်၏ ကြယ်တာရာ အမြုတေ အဆင့်နှစ် တစ်ယောက်ကို စိန်ခေါ်ခဲ့မိသည်။ ထိုအရာက ချီပျစ်ခဲခြင်း အဆင့်ရှစ် တစ်ယောက် မည်သို့မျှ ရင်ဆိုင် အနိုင်ယူရန် မဖြစ်နိုင်သည့် တိုက်ပွဲ ဖြစ်သည်။ သံသယ ရှိစရာ မလိုအောင်ပင် သူ ရှုံးမည်မှာ သေချာပေသည်။
အကယ်၍ လုံချန်သာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်နောက်ကို ရူးသွပ်စွာ မလိုက်ပဲ ကြယ်တာရာ အမြုတေ အဆင့်ကို ခြေချလိုက်ပါက ထိုကျင့်ကြံသူကို အနိုင်ယူကောင်း အနိုင်ယူနိုင်ပေလိမ့်မည်။ သို့သော်... သေမျိုး မျိုးကုပ်စက်ဝိုင်း အဆင့်ကို မရောက်ပဲ ကြယ်တာရာ အမြုတေ အဆင့်ကို သူ ဘယ်တော့မှ တက်လှမ်းမည် မဟုတ်ချေ။ နာ့ရှင်းရီမှာ ထိုအကြောင်းကို သိသည်။ ပြောရလျှင် လုံချန်နှင့် ပတ်သက်နေသည့် လူအားလုံး ထိုအကြောင်းကို သိကြပေသည်။
နာ့ရှင်းရီသည် သူမကိုယ် သူမ ပေးဆပ်ရန် ဆုံးဖြတ်ခဲ့၏။ သူမသည် အလွန် ရှားပါးသော ခန္ဓာကိုယ် တစ်မျိုး ဖြစ်သည့် ယင်ဆုံးမှတ် သုံးခုခန္ဓာ ပိုင်ရှင် ဖြစ်သည်။ ပထမဆုံးသော မူလယင်မှာ ဝေ့ဝူယင်နှင့် အတူ အိပ်စက်ချိန်၌ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည့်တိုင် ကျန်ရှိသည့် မူလယင် နှစ်ခုမှာ မရေမတွက်နိုင်သည့် ဣတ္ထိယများစွာထက် သာလွန်နေဆဲ ဖြစ်သည်။
၎င်းတို့သည် မည်သည့် ကျင့်ကြံခြင်း စွမ်းအင် အမျိုးအစားကို မဆို များစွာ အကျိုးပြုနိုင်သည်။ လုံချန်အနေဖြင့် သင့်လျော်သည့် နည်းလမ်းတစ်ခုကို အသုံးပြုကာ ထိုယင်စွမ်းအင်များကို သေမျိုးမိုးကုပ်စက်ဝိုင်း အဆင့်သို့ တက်လှမ်းရန် လိုအပ်သည့် အမတေ အမှုန်အမွှားများ အဖြစ် သန့်စင်နိုင်သည်။ ထိုနည်းဖြင့် သူသည် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းကာ ပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူမ သူနှင့်တော့ အတူ မအိပ်ချေ။ ထို့အစား တိုက်ရိုက်ဆန်သည့် နည်းလမ်းကို အသုံးပြုခဲ့ကာ အသန့်စင်ဆုံးသော မူလယင် နှစ်ခုကို လုံချန်အား ပေးအပ်ခဲ့သည်။ အကျိုးဆက် အနေဖြင့် သူမ၏ သွေးကြောမကြီးများမှာ ကြီးမားစွာ ထိခိုက်ခဲ့ကာ သူမ၏ ခန္ဓာကိုယ်နှင့် အသက်ဓာတ်မှာလည်း ယင်စွမ်းအင် ခမ်းခြောက်မှုကြောင့် စတင် ယိုယွင်းလာခဲ့သည်။ သဘုာဝက လက်ဆောင်ပေးထားခဲ့သည့် သူမ၏ ယင်ဆုံမှတ်သုံးခု ခန္ဓာကိုယ်သည် မူလယင်သုံးခုကို ထိန်းသိမ်းနိုင်စွမ်း ရှိခဲ့သော်လည်း ယခုတွင်မူ အကုန်လုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်၌ လုံချန်ကမူ အချိန်တိုအတွင်း အောင်မြင်မှုများစွာကို ရရှိခဲ့သည်။ ဝူယုနှင့် အနန္တဧကရာဇ် ပရပိုက်တို့၏ အကူအညီနှင့် အတူ သူသည် ဇာတိဝိညာဥ် နှစ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ အထွတ်အမြတ် အယ်ဗန် ဧကရီ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းပေါ် ခြေချနိုင်ခဲ့သည်။ အကျိုးဆက် အနေဖြင့် သူသည် ဟုန်ဖူမျိုးနွယ်၏ လူငယ်မျိုးဆက်များနှင့် ထိပ်တန်း ပါရမီရှင် အားလုံးကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။ ဂိုဏ်းအတွင်း ကြယ်တစ်ပွင့် ကဲ့သို့ စတင် တောက်ပလာခဲ့သည်။
နာ့ရှင်းရီ နောင်တရသလော။ သူမ နောင်တ မရချေ။ အနာဂတ်တွင် သူမ၏ အနစ်နာခံမှု မှန်မျှကို လုံချန်က ဆယ်ဆ ပြန်လည် ပေးဆပ်ပေလိမ့်မည်။ သူ့အပေါ် သူမ၏ ယုံကြည်ချက်က ခိုင်မာလှပေသည်။
“နင် ဘာလို့ ပုံမှန်နည်းလမ်းကို အသုံးမပြုခဲ့တာလဲ”
လျဲ့ယုက မေးလိုက်၏။ အကယ်၍ နာ့ရှင်းရီသာ လုံချန်နှင့် အတူ အိပ်ခဲ့မည်ဆိုပါက သူမ၏ ခန္ဓာကိုယ်မှာ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာ ရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် လုံချန်၏ မြင့်မားသော ကျင့်ကြံခြင်း အခြေခံထံမှ အကျိုးအမြတ် အချို့ပင် ပြန်လည် ရရှိနိုင်သေးသည်။
နာ့ရှင်းရီက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သူမ မဖြေချေ။ အဘယ်ကြောင့် ဆိုသော ထိုမေးခွန်း၏ အဖြေကို သူမ တွေးပင် မတွေးချင်ပေ။
သို့သော်လည်း သူမ၏ စိတ်ထဲ၌ ဖြစ်ပေါ်နေခဲ့သည့် အနက်ရှိုင်းဆုံးသော အတွေးများကို လျဲ့ယုမှာ တွေ့မြင်နေရပါသည်။
“သူ့ကြောင့်မလား...”
သူမ၏ စကားလုံးများက ညင်သာသည်။ သို့သော်လည်း နာ့ရှင်းရီ၏ ခန္ဓာကိုယ်ကို မိုးကြိုးပစ်ချလိုက်သည့် အလား တုန်လှုပ်သွားစေ၏။
***